ထိုလျှိုမြောင်ကို ဖြတ်တိုင်း စိတ်ထဲကတင်မက အသွေးအသားထဲကပါ စိမ့်လာမြဲ။ ကြောက်တတ်သူ မဟုတ်သော်လည်း မွှေးညှင်းလေးများ ထောင်ထသည်အထိ ဖြစ်လာသော ခံစားချက်ကို ဖာသာသိလျက် ခြေလှမ်းသွက်သွက် လှမ်းတတ်ခဲ့သည်.....
အဆိုပါလျှိုမြောင်ကို တနေ့တခေါက်တော့ အနည်းဆုံး ဖြတ်သည်။ အပြေးခြေလှမ်းမဟုတ်သည့်တိုင် လက်ထဲတွင် ဝါးလုံးတချောင်းကို ကျစ်ကျစ်ဆုပ်မြဲ။ လျှိုမြောင်ငယ်မို့ အကောင်မျိုးစုံနဲ့တွေ့တတ်သည်။ ထိုနေ့က တွေ့သည်ကတော့ လိပ်ပြာတကောင်။ အကောင်ကငယ်ငယ် ချစ်စဖွယ်မို့ သူ မညှို့ပါပဲ ကိုယ်က အနားရောက်ခဲ့။
အနားကပ်သွားသည်တိုင် ပျံထွက်မသွားသော လိပ်ပြာငယ်ကို ငေးမိသည်။ အသွေးအရောင်ကို ကျက်ရင်း တဖြည်းဖြည်း တိုးကပ်သွားတဲ့အခါ တိတ်ဆိတ်တဲ့ လျှိုမြောင်ကြားမှာ သူနဲ့ကိုယ်ရဲ့ ရင်ခုန်သံနှစ်ခုသာ။ တောင်ပံနှစ်ဖက်ကို ဖွဖွကိုင်တော့ ငြိုငြင်ဟန်မရှိ။ နှာမောင်းပုံစံ နှစ်ခုကို တို့ထိကြည့်သည်။ ရယ်သံသဲ့သဲ့ ကြားသည်ထင်ရဲ့.......
ကျောပြင်လှလှ အကွက်များကို လက်ညှိုးဖြင့် အသာ ရေးဆွဲကြည့်သည်။ တွန့်ထွက်မသွားသည့် အပြင် အလိုက်အလျားသင့် ဖြစ်နေသော လိပ်ပြာသည် ကျနော့ကို တဖြည်းဖြည်း ဆွဲငင်နေပြီ။ မွှေးညှင်းနုနုများဖြင့်တမျိုး၊ နူးညံ့သော အထိအတွေ့များဖြင့် တဖုံ နည်းမျိုးစုံဖြင့် ငင်နေလေပြီ....
လက်ဖြင့်ဆွဲညှစ်မိလျှင် ကျိုးကြေသွားနိုင်သော အတောင်နှစ်ဖက်ကို ရွရွကြင်နာမိပြန်သည်။ တပ်မက်ခြင်းဆိုသော စိတ်အစုံသည် ပိုင်ဆိုင်ခြင်းဟူသော လောဘကို တစစ မွေးမြူသည်။ လွတ်လပ်ခြင်းဟူသော တံခါးကို ပိတ်နှောင်လိုသည်။ ရယူခြင်းဟူသော တဖက်သတ် ရမ္မက်တို့ဖြင့် လောင်မြိုက်စပြုလာသည်......
အေးမြနေသောလျှိုထဲမှာပင် အလျှံညီးသော ကာမတဏှာကြောင့် လက်ဖဝါးတို့ပင်လျှင် ပူနွေးလာခဲ့ပြီ။ ကိုယ်ခန္ဓာအတွင်းရှိ လောဘသက္ကာယတို့သည် မည်းမှောင်ခြင်း၏ အစွန်းတဖက်ကို သူ့ထက်ငါ တွန်းပို့ကြသည်။ ခပ်စောစောက ရှိသော လျှိုမြောင်ငယ်ကို ကြောက်ရွံ့သော စိတ်သည် နောက်တွင် မသိမသာ ချန်ခဲ့ပြီဖြစ်သည်။
တောင်ပံနှစ်ဖက်ဆီမှသည် ကိုယ်ခန္ဓာ အပိုင်းကို ဖမ်းဆုပ်မည်ဟု စိတ်ကရည်သည်။ လူကိုပါ ရှေ့သို့တိုးရင်း ရပ်နေရာမှ အနေအထား အားလုံးကိုပြင်လိုက်သည်။ ဆုပ်ကိုင်ထားသော တောင်ပံနှစ်ဖက်ကို လွှတ်လိုက်သော ခဏတွင် ချစ်သော လိပ်ပြာ ကောင်းကင်ယံသို့ ပျံတက်သည်...
ဟိုးအဝေးက သူ့လိပ်ပြာရှင်ဆီ ပျံတော့မည် ဆိုသည်။ နေပါဦး နားပါဦးဟု နှလုံးကွဲမတတ် တားမြစ်ခဲ့သည်။ အချိန်တန်ရင် အိမ်ပြန်ရစမြဲလို့ တရားချသော သူတို့ကို အားမနာပ တအားဆဲဆိုချင်သည်။ တကယ်ဆို လေးငါးဆယ်ရက် နေပါဦးတော့လားလို့ အထွန့်တက်လိုလှသည်။ တကတည်း လက်ထဲမှ တရက်ပြည့်အောင် မကိုင်လိုက်ရလို့ ဆန္ဒတွေက အညှောင့်တလူလူ.....
ပြန်လည်း မဖမ်းနိုင်တော့မယ့် အတူတူ ပျံတက်သွားတာကို လမ်းအဆုံးထိ ကြည့်ချင်ခဲ့။ သူထားခဲ့သော အတွေ့အထိကို မေ့ပစ်နိုင်ပါမည်လား လိပ်ပြာငယ်....
စွဲမက်အောင် တမင်ပြုခဲ့သည်ဟု နောက်ဆုံး ပြုံးမပြခင်မှာ ပြောကြားသွားပြီ။ သို့သော် မှောင်မိုက်သော စိတ်က တောင်စဉ်ရေမရ။ ကာယကံရှင်က ဝန်ခံသည့်တိုင် ပြစ်ချက်ကို ဖေါ့ဖျက်လိုလှသည်။ ဘုရား ဘုရား မိုက်ဖက်ကို လုံးလုံးပါနေပါရောလား..........
တဖတ်သက်ပဲဆိုဆို ငါ့ကိုတော့ မမေ့နဲ့လို့ သံကုန်ဟစ်လို့ မှာကြားလိုက်သည်။ သို့သည် ကြားအံ့မထင်။ သူပျော်သော သူ့တောမှာ သူ့အရှင်နဲ့ ကြင်နေလောက်ပြီ။
အရင်က တနေ့တခေါက်ရောက်သော လျှိုသည် ယခုအခါ ချောင်းပေါက်လုပြီ။ တမှိုင်မှိုင်တငူငူနှင့် ထိုင်နေတတ်သော သူတယောက်ကို သူရူးပမာ တွေ့မြဲဖြစ်သည်။ လိပ်ပြာရယ်လို့ မြင်တိုင်း တမေ့တမော ငေးရင်း ခေါင်းကို ခါမြဲ။ တရက် တပတ် တလ တနှစ်မှသည် မည်မျှ ကြာအံ့ထင်သနည်း..........
မျှော်လင့် လိပ်ပြာ ပြန်လာအံ့လော သူတွေးတော နေမိသည်။ လိပ်ပြာ အရှင် အကြင်သူသည် သနားတတ်ကောင်း ထင်မိသည်...........