ဒီနေ့ခရီးက ခရီးစဉ်တလျောက်လုံးမှာ အကြာဆုံးကားစီးရတာပဲဖြစ်တယ်။ ဗာရာဏသီကနေ သာဝတ္ထိကို ကိုးနာရီကြာ ညောင်းနေအောင်စီးပေရော့။ ဒါကြောင့်တချို့က လူသက်သာအောင် ဗာရာဏသီကို ပြည်တွင်းလေကြောင်းနဲ့လည်း လာခြင်းဖြင့် အရှေ့ရက်က ကားစီးချိန်ကို လျော့ချတယ်။
အသွားလမ်းတလျှောက်မှာ အိန္ဒိယရဲ့ မြို့ပြပိုင်းကို ကြည့်မိတယ်။ အိမ်အတော်များများဟာ ဆောက်လုပ်ပြီးစီးတဲ့ ပုံစံမဟုတ်ပဲ တိုးလို့တန်းလန်း ကျန်နေတာ တွေ့ရတယ်။ မမိုးက အိမ်တခုလုံး အချောသပ်ပြီးစီးသွားရင် အခွန်အခပေးရတာမို့ အခွန်ရှောင်တဲ့သဘောနဲ့ အဲ့လိုမပြီးမစီး သေချာဆောက်ထားခဲ့တာလို့ ရှင်းပြတယ်။ ပြီးတော့ ဂါယာရှိနေတဲ့ ဘီဟာပြည်နယ်ဟာ အိန္ဒိယမှာ အဆင်းရဲဆုံးလို့လည်းသိရတယ်။ တခုကောင်းတာကတော့ ဘီဟာပြည်နယ်မှာ အရက်သေစာ ရောင်းချသုံးစွဲခွင့် လုံးဝမပြုပါဘူး။ ဗာရာဏသီရှိတဲ့ ဥတျာပရာ့ဒစ်ရှ်မှာတော့ အရက်သေစာ ဝယ်လို့ရပါသတဲ့။
နေ့လည်စာကိုတော့ ရာမဇာတ်တော်ထဲက ရာမမင်းသားရဲ့မြို့တော်ဟောင်းတဖြစ်လဲ လက်ခနောင်မြို့မှာ ဝင်စားတယ်။ ဒီမြို့ရဲ့နာမည်ကျော်အစားအသောက်က ဒန်ပေါက်နဲ့ ဆိတ်သားခပတ် ပါ။ မမိုးက ဒါတွေကို ကြိုပြင်ဆင်ထားခဲ့တာမို့ စမ်းသပ်ခွင့်ရခဲ့တယ်။ စားနေကြ ဒန်ပေါက်မျိုးမဟုတ်ပါဘူး။ ဗိုက်တွေလည်း အတော်ဆာနေတာမို့ မြိန်မြိန်ယှက်ယှက်စားခဲ့ကြတယ်။ ဗိုက်ပြည့်မှ အနားက ပွဲစျေးတန်းကို ပတ်ကြတယ်။ အဆိုပြိုင်ပွဲဆိုတာလည်း ငေးရင်း ပွဲစျေးကိုလည်းလျှောက်ရင်း နတ်ကရာ ကျီးမော့ကြပြန်တယ်။ လက်ခနောင်က ဒီပြည်နယ်ရဲ့ မြို့တော်လည်းဖြစ် ဆယ့်လေးခုမြောက် လူဦးရေအထူထပ်ဆုံးလည်းဖြစ်တဲ့ မြို့ပါ။ အဝေးပြေးကားလမ်းမပေါ်ကနေ စက်ဘီးနဲ့ ခရီးသွားသူတွေကိုလည်း ကားပေါ်မတက်ခင် မှတ်တမ်းတင်ဖြစ်တယ်။
သာဝတ္ထိကိုရောက်တော့ မိုးအတော်ချုပ်နေပြီ။ ဟိုတယ်က Lotus Nikko ဖြစ်ပြီး ဂျပန်ပိုင်ဖြစ်ပါတယ်။ ဒီဘုရားဖူးခရီးစဉ်တွေအတွက် အစောဆုံး စတင်ဖွင့်လှစ်တဲ့ ဟိုတယ်တွေဖြစ်ပြီး ဝန်ဆောင်မှု စနစ်ကျတာ အခန်းသေသပ်သန့်ရှင်းတာတွေအတွက် နာမည်ကျော်ပါတယ်။ ဟိုတယ်မှာ ညစာစားပြီးတာနဲ့ အားလုံး ပင်ပန်းပြီး အခန်းပြန်အိပ်ကြတယ်။ ရေချိုးကန်ထဲမှာ ရေနွေးစိမ်ရင်း တနေ့လုံး ညောင်းသမျှကို ကော်ဖီတခွက်နဲ့ ပြန်ဖြည်လျေ့ာ့တယ်။ မနက်ကို အစောကြီးထကြမယ်လို့ မမိုးက နှိုးဆော်တယ်။
မနက်အားလုံးကိုနှိုးပြီး မနက်စာ မုန့်ဟင်းခါး ကျွေးတယ်။ ပြီးတာနဲ့ မြတ်စွာဘုရား တာဝတိံဿာနတ်ပြည်သို့ ကြွချီတော်ရာ သရက်ဖြူကုန်းကို ချီတက်တယ်။ အတော်လေးအေးပြီးမြူတွေဆိုင်းနေတာမို့ အောက်မှာ ဆရာတော်ရဲ့ တရားကို အရင်နာကြတယ်။ တက်နိုင်တဲ့သူတွေအပေါ်ကိုတက်ပြီး ကြည့်ကြတယ်။ တကယ်က အုတ်ရိုးပဲ ကျန်တော့တယ်။ ကျနော်တို့နဲ့အတူ ထိုင်းဘုရားဖူးအဖွဲ့တွေလည်း အပေါ်ကိုတက်ပြီး ပူဇော်ကြတယ်။ သူတို့အားလုံး အဖြူဆွတ်ဆွတ်ချည်း ဝတ်ထားတာမို့ သီရိလင်္ကာက လူတွေကိုသွားသတိရမိတယ်။
သရက်ဖြူကုန်းကနေ သာဝတ္ထိရဲ့ အုတ်မြို့တံခါးဟောင်းရယ် အနာထဘိဏ်သူဌေးရဲ့ သုဒတ္တစေတီတော်၊ လက်ညိုးပေါင်းတထောင်ပိုင်ရှင် အင်္ဂုလိမာလစေတီတော်တို့ကို ဝင်ကြည့်ကြတယ်။ သုဒတ္တစေတီတော်က အတော်လေး မြင့်ပြီး အုတ်အခိုင်အမာကျန်ရစ်တာမို့ ရှေးတုန်းကဆို ဘယ်လောက်ကြီးကျယ်ခမ်းနားမလဲ မှန်းဆနိုင်တယ်။
မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်းတော်ကို သွားရောက်ဖူးမျှော်ကြတယ်။ ဘုရားဖူးအများအပြားရှိပြီးသင်္ဃန်းခြုံအလှူခံတွေလည်း ရှိပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် နှစ်ဆယ့်ငါးနှစ်တိုင် ဝါဆိုတော်မူသော ဇေတဝန်ကျောင်းတော်ဝန်းအတွင်းလှည့်လည်ပူဇော်ကြတယ်။ ရေသန့်သပ်ရာ ရေတွင်း၊ ဘုရားရှင် သီးတင်းသုံးတော်မူရာ ကျောင်းတော်ရာနဲ့ အာနန္ဒာမဟာဗောဓိပင်တို့ကို ဖူးမျှော်ရတယ်။ ဗောဓိညောင်ရွက် ရောင်းသူတွေ အလှူခံတွေနဲ့ ပြည့်နှက်နေတာမို့ သတိထားသွားလာကြဖို့ မမိုးက သတိပေးပါတယ်။
လိုက်လံရှင်းပြ တရားဟောပေးတဲ့ ဆရာတော်ရဲ့ ကျောင်းကိုဝင် တခေါက်နားရင်း ကျောင်းရဲ့ ဝေယျာဝစ္စအတွက် အလှူပြုကြ ဆရာတော်ရဲ့တရားစာအုပ်တွေ ဝယ်ယူပူဇော်ကြတဲ့အပြင် ကျောင်းရှေ့က အစေ့အဆန်များနဲ့ ဒေသထွက်စားသောက်ကုန်တွေကို မြည်းစမ်းရင်း ပျော်ရွှင်စွာဝယ်ယူကြပါတယ်။ မြန်မာဘုရားဖူးအသွားအလာများတာမို့ တော်တော်များများ မြန်မာလို ပြောဆိုရောင်းချနေတာကို တွေ့ရပါလိမ့်မယ်။
ဟိုတယ်မှာ ရေမိုးချိုးခဏနား နေ့လည်စာစားပြီး အထုတ်တွေ ကားပေါ်တင် တခေါက်ပြန်ထွက်ကြပြန်တယ်...