20 November 2009

ဆေးအလှူတော်


မနေ့က ဦးဇင်း ဦးဝိမုတ္တိသုခ ဆီကနေစာလာပါတယ်။ စာရရခြင်း စိတ်မကောင်းကြီးစွာဖြစ်မိတယ်။ ကျနော် မဟာစည်မှာ ကိုရင်ဝတ်စဉ်ကာလအတွင်း ဆရာတော်ရဲ့ တရားတော်များကို ဖလ်ယဉ်ဓမ္မာရုံမှာ နေ့စဉ်နာကြားခဲ့ရပါတယ်။ ဆရာတော်ရဲ့ တရားတော်များကို နှစ်သက်မိလို့ ကိုရင်လူထွက်တော့ တရားတော်အခွေများကို မိဘတွေအတွက် ၀ယ်ယူပူဇော်မိတဲ့အထိပါပဲ။

ယနေ့ကိုညီညီလွင်နဲ့ စကားပြောရတဲ့အခါ ဆရာတော်ကို မြန်မာပြည်ပြန်ပင့်ဖို့ စီစဉ်နေကြောင်း ကြားသိရပါတယ်။ မြန်မာပြည်မှာ ကုသဖို့ အတွက် ဆွေးနွေးနေကြောင်း နှင့်အတူ စင်္ကာပူမှ ဆေးအလှူဒါန ပြုလိုသူများအတွက် ကိုညီညီက အလှူလက်ခံပြီး လှူဒါန်းပေးမယ်လို့ ပြောပါတယ်။

ကိုညီညီရဲ့ ဘဏ်အကောင့်က - POSB saving 245-68617-0
ဆက်သွယ်ရန် မေးလ်က - unyinyilwin@gmail.com
ဖုံးနံပါတ်က - ၉၀၀၉၆၈၂၀

အလှူငွေ လွှဲပြီးပါက မေးလ်ကို ဆက်သွယ်ပြီး မိမိ အလှူငွေ ဘယ်လောက်လွှဲထားကြောင်း အကြောင်းကြားပေးစေလိုပါတယ်။

ဆရာတော်ဘုရား ကျန်းမာရွှင်လန်းပြီး သာသနာ့အကျိုး ဆထက်ပိုးသယ်ရွက်နိုင်ဖို့ ဆန္ဒပြုပါတယ်……


ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....


ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်

ဝိမုတ္တိသုခ
------------------------------------------------------------------------------------------------------------
ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း


ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေပါသည်။


ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။


ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီဖြစ်ပါသည်။


သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


ထိုင်းနိုင်ငံ
ံဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀


မြန်မာနိုင်ငံ
ံဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသအကျိုးတော်ဆောင်အဖွဲ့ -ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄

19 November 2009

မှန်များနှင့်

မနေ့ညက အိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ အခန်းတစ်ခုထဲ တစ်ယောက်တည်း ရောက်နေတဲ့ ကိုယ့်ကိုကိုယ့် တွေ့လိုက်ရတယ်။ ထူးဆန်းလွန်းစွာ အဲ့ဒီအခန်းတစ်ခုလုံး မှန်တွေနဲ့ ပြည့်နှက်နေခဲ့တာ။ သေချာတာတစ်ခုကတော့ မှန်ရောင်းတဲ့ အရောင်းဆိုင် တစ်ခုမဟုတ်ဘူးဆိုတာပါပဲ။ ဒါဆို ဒီအခန်းထဲက မှန်တွေက………

စ,စချင်းမှာတော့ ပျော်ရွှင်သွားမိတယ်။ ကိုယ်ပြုံးရင် ပြန်ပြန်ပြုံးပြတတ်တဲ့ ဒီမှန်တွေကို ချစ်ကြည်နူးစွာ စွဲလန်းစိတ်နဲ့ပါ။ စူးစမ်းလိုစိတ်၊ စိတ်ဝင်စားမှုပေါင်းများစွာနဲ့ ဒီမှန်အခန်း တစ်ခုလုံးကို အနု(ဏု)လုံ ပဋိလုံ လှည့်ကြည့်နေခဲ့မိတယ်။ မှန်ဘီလုံးခုံးဆိုလား မှန်ဘီလူးခွက်ဆိုလား ပြန်စဉ်းစားနေမိသေးတာပေါ့။ တီချယ် ဒေါ်ပို သင်တဲ့ Laws of reflection လား laws of refraction လား။ ပုံရိုက်ဒေါင့် ဖိုကယ်လန့် ဆိုတာတွေနဲ့ ငယ်တုန်းက အသေအလဲမှတ်ခဲ့ရတဲ့ ပုံရှစ်ပုံကိုတွေးပြီး တစ်ချက်ရီမိသွားတယ်။ အသံထွက်အောင်ရီမိပေမယ့် မှန်တွေထဲက ပုံမှာ အသံတွေပါမနေခဲ့ဖူး။ နောက်တော့ နှစ်တန်း (ဒုတိယနှစ်)မှာ တီချယ်ဒေါ်သီတာနဲ့အတူ ပုစ္ဆာတွေကို ပုံဆွဲတွက်ခဲ့ဖူးတာမြင်ယောင်မိတယ်။ သားကနယ်ကမို့ သားကို အတန်းတစ်ခုပေးမယ်နော် ဆိုတဲ့ ချစ်စဖွယ်တီချယ့်ကို သတိရသွားမိပြန်ရော။ တီချယ်ဒေါ်အေးလှအတန်းတွေမှာ ကျနော်ဝင်လို့ မရခဲ့တာ နယ်အိမ်က ပြန်လာတာ နောက်ကျနေတာမို့လေ။ ပြီးတော့ တီချယ်လဲ့ရဲ့ မင်္ဂလာပွဲ။ ယူနီဖောင်းနဲ့ တီချယ့် အမျိုးသားကို ကြည့်ရင်း စာသင်ကောင်းတဲ့ တီချယ်လဲ့ကို ပြန်မြင်ယောင်မိပြန်ရော။ မှန်တွေနဲ့ အလင်းတွေဆက်စပ်ပြီး တီချယ်တွေကို သတိရနေတဲ့ အဖြစ်တွေကို မှန်တွေထဲမှာ ပြန်ကြည့်နေမိတယ်။ ပြန်စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကလွဲရင် မှန်တွေထဲမှာ ဘာကိုမှ မတွေ့ခဲ့ရပြန်ဘူး။

နောက်တော့ အလုပ်ခွင်ဖယ်ရီကားပေါ်က မှန်တစ်ချပ်နဲ့ အမြဲအလုပ်ရှုပ်နေတတ်တဲ့ အပျိုကြီးတစ်ယောက်ကို စနောက်နေကျဆိုတာ တွေးမိသွားပြန်တယ်။ ဖယ်ရီပေါ်ရောက်မှ တို့ဖတ်လေးရိုက် ဘာလေးညာလေး လုပ်တတ်တဲ့အပျိုလေးတွေထက် သာလွန်စွာ မနက်ခင်းတိုင်း ဖယ်ရီပေါ်မှာ အလှပြင်နေကျ သူကတစ်မူထူးခြားလွန်းတယ်လေ။ ဒီတစ်ခါတော့ စိတ်မထိန်းနိုင်စွာ ကျနော်ရီနေကျ ထုံးစံအတိုင်း တဟားဟား အော်ရီမိတော့တယ်။ အရုပ်တွေကို ပြန်လည် ဖော်ပြပေးနိုင်တဲ့ မှန်တွေက မတုန်မလှုပ် ဒီအတိုင်း တည်ရှိနေပြန်တယ်။ လှုပ်ရှားမှုသိပ်ပြင်းရင်တော့ မှန်တွေတည်ရှိနေတဲ့ နံရံတွေကြောင့် မှန်တွေလှုပ်ကောင်းလှုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အသံတွေတော့ မပြန်နိုင်တာ သေချာလွန်းပါလား။

နောက်တော့ ဒီမှန်အခန်းတစ်ခုလုံးမှာ ကျနော်တစ်ယောက်တည်းဆိုတာ စဉ်းစားမိလာတယ်။ ပတ်ပတ်လည် မှန်တွေကြားမှာ ကိုယ်တစ်ယောက်တည်း။ အရှေ့တုန်းက ရီနေမိပင်မယ့် အခုတော့ သွေးပျက်စွာ ခြောက်ခြားစ ပြုလာခဲ့ပြီ။ ကျနော်ရီရင် မှန်အချပ်တိုင်းက လိုက်ရီနေတော့တာ။ သူတို့တွေ ကျနော့ကို လှောင်ပြောင်နေကြတာလား။ မှန်ချပ်တွေရဲ့ အမှန်တရားက ဘာတဲ့လဲ။ တည့်မတ်စွာ ပြန်လည်ပြသနေတာ အမှန်လား။ ဒါဆိုမှန်တွေရဲ့ နောက်ကွယ်မှာကော။ တကယ်တမ်းက ကျနော့မှာ ကြောက်လန့်တတ်တဲ့စိတ် ရှိမနေတတ်ပင်မယ့် မှန်တွေရဲ့နောက်ကွယ်က အကြောင်းတရားတွေကြောင့် ကျနော့လက်ဖျားတွေ အေးစက်လာပါတယ်။ ii နဲ့ ii’ မှာ ကျနော်မြင်နေရတာက ဘယ်အရာလဲ မသဲကွဲတော့ပါဘူး။ မျက်စေ့ကို အသေအချာပွတ်ပေမယ့် မှန်တွေရဲ့ နောက်ကွယ်ကို ကျနော်သွားလို့ မရတဲ့နောက် အတည့်အတိုင်းမြင်နေရတာလားဆိုတာ ကျနော် မဆုံးဖြတ်နိုင်တော့ပါဘူး။

မှန်တစ်ချပ်နောက်ကို သွားဖို့ ကျနော်အပြင်းအထန်ကြိုးစားမိပါတယ်။ ဒါပေမယ့် ကျနော်သွားလို့ မရပါဘူး။ မှန်တွေက အချင်းချင်းပိတ်ဆို့ထားကြတယ်ထင်ပါတယ်။ သူတို့တွေအလစ်ကို ကျနော်စောင့်ကြည့်တယ်။ ဒါပေမယ့် မရဘူးဗျာ။ သိချင်စိတ်နဲ့အတူ ဇောချွေးတွေ စို့လာမိတယ်။

မှန်တစ်ချပ်ကို ကျနော်ချခွဲကြည့်သင့်သလား။ အနီးဆုံးမှန်တစ်ချက်ကို ကျနော် လက်သီးနဲ့ ထိုးခွဲချလိုက်တယ်။ ဘယ်တော့မှ အသံပြန်မကြားရတတ်တဲ့ မှန်တွေဆီက ခွမ်းဆိုတဲ့အသံနဲ့အတူ ကျနော့လက်က ပူခနဲဖြစ်သွားတယ်။ နောက်တော့ သွေးတွေဖြာနေတဲ့ လက်ဖမိုးတစ်ခုကို မှန်ချပ်တိုင်းမှာ မြင်ရပြန်တယ်။ ကွဲသွားတဲ့မှန်ကို ကျနော်မတွေ့ရပေမယ့် အခန်းထဲမှာ သွေးစက်တွေက အတိုင်းသား…….

နာကျင်မှုတွေကြောင့် ဒီအိပ်မက်ကနေ နိုးထဖို့ ကြိုးစားတယ်။ ကျနော် မြင်နေရတဲ့ မှန်ချပ်တွေက ကျနော့ အသိမိတ်ဆွေတွေ ဖြစ်သွားကြတယ်။ ပြီးတော့ ကျနော် မရီပါပဲ ကျနော့ကို ၀ိုင်းပြီး ဟားတိုက်ရယ်မောနေကြတယ်။ ဟင့်အင်း မှန်တွေပါ မင်းတို့တွေ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ ရီနေကြတုန်း………..

ဒီမနက် ကျနော် အိပ်မက်ကဘယ်လိုနိုးခဲ့သလဲ မသိတတ်တော့ ။ မျက်နှာသစ်ရင်း မှန်ကို ကြည့်တော့ လက်ဖမိုးက အမွှေးတွေထောင်လာတယ်။ ဒါဆို………ကျနော် မှန်ကြောက်နေပြီလား……………………..ခက်ပြီ………….

16 November 2009

ခရုခွံအခန်းလေးထဲက ဘယ်နဲ့ညာ

တစ်စုံဆိုတာနဲ့ ဘယ်နဲ့ညာ ဒါမှ မဟုတ် အရာဝတ္ထု နှစ်ခုပေါ့…

ဒီနိုင်ငံမှာစရောက်ကာစက ခရုခွံဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ကို ဖော်ဝပ်မေးကနေ ရဖူးတယ်။ အခုတွေးနေမိတာက အဲ့ဒီခရုခွံအခန်းလေးထဲက ဘယ်နဲ့ညာလေးတွေ အကြောင်းပါ………….

ဒီမှာနေစရိတ်ကသိပ်ကြီးလွန်းတယ်။ အခန်းတွေအလိုက် နေရာအနီးအဝေးအလိုက် လူစည်ကားတဲ့ဒေသအလိုက် ဈေးတွေကလည်း များမှများဗျာ။ တစ်ခန်းလုံးကို တစ်ယောက်တည်း နေဖို့အရေးက တကယ့် သူဌေးသူကြွယ်လို။ ခရုခွံထဲက အခန်းလေးထဲမှာတောင် ဘယ်တစ်ကန့် ညာတစ်ကန့် နေရတဲ့ဘ၀တွေပါလေ။

ညာဖက် - ညဖက်မီးမမှိတ်ရင် မအိပ်တတ်ဘူး
ဘယ်ဖက်- မီးပိတ်ရင် သရဲကြောက်တယ်
ညာဖက်-အိပ်ရင် အသံမဆူမှ အိပ်တတ်တယ်
ဘယ်ဖက်-အိပ်လိုက်တိုင်းဟောက်သံတွေညံလို့
ညာဖက်-ဖုံးပြောရင် တိုးတိုးသက်သာ မပြောဘူး
ဘယ်ဖက်-ဒီအချိန်လေးပဲ လွတ်လွတ်လပ်လပ်ပြောရတာနော်
ညာဖက်-သန်ရှင်းရေး ဆိုတာဘာလဲဟင်
ဘယ်ဖက်-သန့်သန့်ရှင်းရှင်း ရောဂါကင်း
ညာဖက်-ပစ္စည်းတွေ ညာဖက်လာမထားနဲ့နော်
ဘယ်ဖက်-ဒီအခန်းကျဉ်းလေးထဲမှာ ဘယ်လိုထားမလဲ
ညာဖက်-မနက်အလုပ်စောစောသွားရမှာ စောစောအိပ်မှ
ဘယ်ဖက်-chatting တက်မယ် game ကစားမယ် ညလုံးပေါက်
ညာဖက်- အဲယားကွန်းနဲ့မှ အိပ်တတ်တယ်
ဘယ်ဖက်-နှာခေါင်းပိတ်နေကျမို့ အဲယားကွန်းမကြိုက်ပါဘူး
ညာဖက်-သီချင်းသံနဲ့ မအိပ်တတ်ပါဘူးဆို
ဘယ်ဖက်-ရုပ်ရှင်ကားကို အသံကျယ်ကျယ်နဲ့ ကြည့်မှနားလည်မှာ
ညာဖက်-စကားပြောတာကိုက အပေါ်စီးက
ဘယ်ဖက်-ကြိုက်ရင်ကြိုက် မကြိုက်ရင်နေ ကိုယ်ကတော့ ဒီလိုပဲနေတတ်ပြောတတ်တယ်
ညာဖက်-မစပ်စုရရင်ကို မနေနိုင်တာ
ဘယ်ဖက်-ကိုယ့်အကြောင်းတွေ သူများ ပြောစရာလား
ညာဖက်- အမြင်မတော်လို့ပြောတာပါ ဆရာလုပ်တယ်မထင်နဲ့နော်
ဘယ်ဖက်-သူက ဘာမို့လို့လဲ လစာဘယ်လောက်ရသလဲ အတူတူချင်းကို တစ်လုံးပိုမရှူချင်ပါနဲ့
ညာဖက်-တို့က အကောင်းစား Branded မှ ၀တ်တာစားတာ
ဘယ်ဖက်-ဒါကြောင့် လမကုန်ခင် ပိုက်ဆံကုန်တာ
ညာဖက်….
ဘယ်ဖက်….
ညာဖက်….
ဘယ်ဖက်…

အစကတည်းက ညာဖက်ချည်းမရှိခဲ့ဘူးလေ။ ဘယ်တစ်ဖက် ညာတစ်ဖက်ပေါ့။ ဘယ်ဖက်နဲ့ ညာဖက်ဆိုကတည်းက ထပ်တူကျဖို့ မရှိတော့။ ညာကလည်း ညာအလျှောက် ဘယ်ကလည်း ဘက်အလျှောက်။ ဘယ်နဲ့ညာကို ထပ်တူကျဖို့ မဖြစ်နိုင်ပေမယ့် ဘယ်ရော ညာရော ညီညီညာညာ လျှောက်ရင် လိုရာခရီးရောက်နိုင်ပါတယ်။

အရာအားလုံး မိမိစိတ်တိုင်းကျချည်း မဖြစ်နိုင်ပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်တောင် စိတ်တိုင်းကျဖို့က ခဲယဉ်းသား။ သူတစ်ပါးလည်း ထိုနည်းလည်းကောင်း ဖြစ်မှာပါပဲ။ အဲ့ဒီတော့ ဘယ်က ဘယ်ဖက်ကိုပဲ လျှောက်မယ် ညာကလည်း ညာဖက်ကိုပဲ လျှောက်မယ်ဆို ကို့ယိုးကားယားနိုင်ပါလိမ့်မယ်။

ဒီရောက်စကတည်းက အဲ့ဒီ ညာဘယ်ကိစ္စတွေကို ကြားနေနှင့်တာ။ တစ်ချို့ညာဘယ်လေးတွေဆို အခုဆို အဝေးတစ်နေရာစီမှာ။ လမ်းမှာတွေ့ရင်တောင် မေးမငေါ့ ခြေမထိုး ပါးစပ်မဟတော့ဘူး။ ကျောင်းတုန်းက အချစ်ဆုံးဘယ်ညာလေးတွေတောင် အဲ့လို ကတ္တီပါလမ်းခွဲတွေလုပ်လာကြတယ်တဲ့။

ဒီမှာက Pressure များတယ်။ အိမ်မှာပဲ နားနားနေနေ နေချင်တာ။ အခန်းဖော်က ဘယ်လို ဘယ်ချမ်းသာ စသည် စသည် အသံလေးတွေက ဟိုတစ်စ ဒီတစ။ မိဘအိမ်မဟုတ်သလို ကိုယ့်ရဲ့ မိသားစုနဲ့နေကြရတာမဟုတ်ပါဘူး။ အလုပ်ထဲက ပင်ပန်းသမျှတွေအတွက် အိမ်ပြန်ရောက်ရင် ပျော်ပျော်ရွှင်ရွှင်နေကြရဖို့ပါ။ တနေ့ကို မတွေ့ဘူးဆိုရင်တောင် အနည်းဆုံးတော့ သုံးလေးခေါက်လောက် မျက်နှာချင်းဆိုင်ဖို့များတဲ့ ဒီညာဖက်နဲ့ ဘယ်ဖက် တည့်တည့်မှတ်မှတ် မရှိ လုပ်သမျှအပြစ်မြင် ပြောသမျှ မကောင်းထင်နေရင် ဘယ်လိုလုပ် ပျော်ရွှင်စရာကောင်းတော့မှာလဲ။

ကျနော့သူငယ်ချင်းတစ်ယောက်က တစ်ယောက်တည်းနေပါတယ်။ လွတ်လပ်မှု privacy အပြည့်နေလို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ပျင်းရိငြီးငွေ့စရာကောင်းတယ်တဲ့။ သူရဲ့ ညာဖက် ဒါမှမဟုတ် ဘယ်ဖက် သူငယ်ချင်း အဖော်တစ်ယောက်လောက်နဲ့ဆို ပျော်စရာကောင်းမယ်နော်လို့ ပြောပါတယ်။

ကျနော့မှာတော့ ဘက်ဖက်ကလေးရှိပါတယ်။ ကျနော့ဘယ်ဖက်ကလေးနဲ့ တစ်နှစ်ကျော်ကာလအထိ နေခဲ့ဖူးပြီ။ ကျနော်တို့ကြားမှာ တိုက်ဆိုင်တာရှိသလို အကြိုက်မတူတာတွေလည်းရှိပါတယ်။ ဒါပေမယ့် မျက်နှာချင်းမဆိုင်ချင် ဖြစ်ရလောက်အောင်အထိ မရှိခဲ့ဖူးဘူး။ သေးသေးမွှားမွှားလေးတွေကိုတော့ မသိချင်ယောင်ဆောင် ဒါမှမဟုတ် ဥပေက္ခာပြုထားလိုက်တယ်။ တစ်ချို့အကြောင်းအရာတွေကို အရမ်းမကြိုက် မနှစ်သက်ဖူးဆို မကြိုက်တဲ့အကြောင်း ပြောဖြစ်တယ်(ကျနော်ပဲ ပြောတာဖြစ်မယ်၊ ဘယ်ဖက်က ကျနော့ထက်အသံတိတ်တယ်)။

ကိုယ်ကိုတိုင်တောင် ကိုယ့်ကိုကိုယ် တစ်ခါတစ်လေ မကျေနပ်နိုင်တာ။ အရာအားလုံးကိုယ့်အကြိုက်ဖြစ်ဖို့က ခက်ပါတယ်။ တစ်ချို့အကြောင်းအရာတွေကို ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အလိုက်သင့် အလျားသင့် နေထိုင်သင့်တယ်ထင်ပါတယ်။

ရေခြားမြေခြားမှာ ခရုခွံလေးထဲက အခန်းငယ်လေးမှာ နေရတာပါ

ဦးတည်ချက် ယုံကြည်ချက် တစ်ခုခုအတွက် ရပ်တည်လုပ်ကိုင်နေကြတာပါ

ဘ၀သက်တမ်းတိုတိုလေးအတွင်းမှာ အချိန်ရသခိုက် အခွင့်အရေးရတုန်းလေး ဘယ်ညာ ညီညီလျှောက်ပြီး ပန်းတိုင်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်ကြတယ် မဟုတ်လားခင်ဗျာ..


13 November 2009

စွန်များနဲ့ ညနေ

ညနေခင်းတခု…

ဘာရယ်မဟုတ်ပေမယ့် ကောင်းကင်ပြင်မှာ စွန်တွေ တွေ့ခဲ့ရသည်။ စွန်လွှတ်တမ်း ကစားနေကြသည်လား သို့မဟုတ် စွန်လွှတ်ခြင်းဖြင့် စိတ်အဆာဖြေနေကြသည်လား ကျနော် မခွဲခြားတတ်ပါ။ ကောင်းကင်တွင် ပျံဝဲနေသော စွန်တွေကို ကြည့်နေရင်း ကျနော် စွန်မလွှတ်တတ်ပါလားဆိုသည်ကိုတော့ တခဏတွေးတောမိသွားပါတော့သည်။

စွန်လွှတ်တာများလွယ်လွယ်လေး..အင်း ပြောအားရှိသူများ ပြောနိုင်ကြပါလိမ့်မည်။ ကျနော့အတွက်တော့ စွန်လွှတ်ခြင်းအတတ်ပညာကို ယခုအချိန်အထိ (ယခုအသက်အရွယ်အထိ ဆိုရင် ပိုမှန်မည်ထင်ပါသည်) တတ်မြောက်နိုင်ခြင်းမရှိသေးပါ။

စွန်လွှတ်ရန် စွန်တစ်ခု ရစ်ဘီးတစ်ခု ထို့အတူ စွန်လွှတ်မည့်သူနှင့် စွန်ကို ဆက်သွယ်ရန် ကြိုးတစ်ချောင်း မရှိမဖြစ်လိုအပ်ပါသည်။ စွန်ကို အမြင့်သို့ပင့်တင်ပေးရန် လေကြောင်းတစ်ခုသည်လည်း ထိုပတ်ဝန်းကျင်တွင် ရှိကိုရှိနေရပါမည်။ ထိုအရာများ မပြည့်စုံပါက စွန်လွှတ်ခြင်း အထမြောက်မည် မဟုတ်သည်တော့ သေချာလှပါသည်။

ထို့နောက်တွင်မူ အမြင့်သို့ တဖြည်းဖြည်းလွှတ်ရမည်ဖြစ်ပါသည်။ လွှတ်တင်ရာတွင်လည်း ဆက်သွယ်ထားသောကြိုးကို အစွမ်းကုန် လျှော့ပေးခြင်းဖြင့်လည်းကောင်း၊ မိမိစွန်ပါသွားမည်စိုးသဖြင့် ကြိုးကို အတင်းဆွဲကိုင်ထားခြင်းဖြင့်လည်းကောင်း စွန်ကို အမြင့်ရောက်စေမည်မဟုတ်ပါ။ အဆိုပါနည်းများသည် စွန်လွှတ်သူနှင့်စွန်ကို ဝေးကွာအောင်လုပ်သည်နှင့် တူလှပါသည်။

သို့ဖြစ်ရာ စွန်နှင့်လေကြောင်း ထပ်တူကျရန် စွန်လွှတ်ခြင်း အတတ်ပညာသည် အဓိက ကျနေပြန်၏။ လေကြောင်း အတိုင်း မိမိစွန်ငယ် ထောင်လျက်တက်သွားသည်ကို ကြည်နူးစွာ ရှုမြင်ရခြင်းသည် စွန်လွှတ်ရသည့် အနှစ်သာရပင်လော။

တွေးနေတုန်းအခိုက်မှာပင် ကျနော့ရှေ့ရှိစွန်ငယ် သည် တစ်ခြား စွန်ငယ်နဲ့ သွားရောက် ငြိတွယ်နေပြန်သည်။ စွန်လွှတ်သူနှစ်ယောက် တစ်ယောက်စွန်ကို တစ်ယောက် ထိန်းချုပ်မောင်းနှင်ရင်း ကြိုးနှစ်ချောင်းရှုပ်ထွေးစွာ ပူးမသွားဖို့ ကြိုးစားနေကြသည်မှာလည်း စိတ်ဝင်စားစရာကောင်းနေပြန်သည်။

စွန်ဖြတ်ခြင်း ဆိုသော ဝေါဟာရနှင့်အတူ ငယ်ငယ်တုန်းက တိုက်ခေါင်မိုးပေါ်မှ စွန်ဖြတ်ပွဲများဆီ သတိရသွားမိပြန်သည်။ ကြိုးကို မှန်စာတိုက်၍ မိုးကောင်ကင် စွန်တိုက်ပွဲများ…………………….စွန်လွှတ်ခြင်းတစ်ခုတည်းဖြင့် မပြည့်စုံ ပြန်သေးပါကလား။ ကျုးကျော်သူ စော်ကားအနိုင်ကျင့်သူများသည် စွန်များတွင်လည်း ပါနေပြန်၏။ ထိုအခါ ကာကွယ်ခြင်း ထိန်းသိမ်း စောင့်ရှောက်ခြင်း များလည်း ပူးတွဲပါလာသည်ကောလေ။

နောက်တော့ စွန်အလှလွှတ်နေသူတစ်ဦးကို အာရုံရောက်သွားပြန်သည်။ ကြိုးတစ်လျှောက် အကွာအဝေးတစ်ခုနှင့်တစ်ခုကြားတွင် မီးလုံးငယ်လေးများ မှိတ်တုတ် မှိတ်တုတ်ဖြင့် ထိုသူ၏ ခံစားမှုကိုလည်း ကျနော် ချောင်းကြည့်ခဲ့မိပြန်သည်။ သူကိုင်သောရစ်ဘီးမှာ ကျနော်တို့ဆီကလို မဟုတ်ပဲ လက်ချောင်းလေးများထိုး၍ သက်တောင့်သက်သာဖြစ်စေသော လှပသော ရစ်ဘီးတစ်ခုလည်း ဖြစ်နေပြန်သေးသည်။

ကောင်းကင်ပြင်တွင် စွန်ရောင်စုံများဖြင့် လှပနေကြသည်။

စွန်တစ်ခုမျှ ကျနော်နှင့် မသက်ဆိုင်ပါ။ အကြောင်းအရင်းမှာ ကျနော်စွန်မလွှတ်တတ်သောကြောင့် ဖြစ်ပါလိမ့်မည်။

မှောင်စပျိုးလာသဖြင့် တက်နေသောစွန်ကို ဖြည်းဖြည်းချင်း ပြန်ချနေကြသည်။ ကြိုးကို ရစ်ဘီးတစ်လျှောက် အလိုက်သင့် ရစ်သိမ်းရင်း စွန်ကိုပါ ခေါက်သိမ်းနိုင်သည်ကို တွေ့ခဲ့ရသည်။

စွန်မလွှတ်တတ်သော ကျနော်သည် ကျနော့စိတ်အစဉ်ကို စွန်တွေနဲ့အတူ လိုက်လွှတ်နေခဲ့မိသည်။ အခု ကျနော်လည်း စိတ်စွန်ကို ပြန်သိမ်းဖို့ကြိုးစားကြည့်သည်။ ဘယ်စွန်နဲ့ ငြိလေသည်လည်း မသိ။ ဆက်သွယ်ထားသောကြိုးကို ထိန်းရန် ကျနော် ရစ်၍ မရ။


ထိုညနေမှစ၍ ကျနော်လွင့်သွားခဲ့ပါသည်………………….