31 July 2019

အလွဲများနဲ့တော့စကားနား

တော့စကားနား နယ်မြေထဲကို တိုးဝင်သွားကြဖို့ စီစဉ်ထားတယ်။ အလာလမ်းအတိုင်း ချင်းဂွေ့ကနေ ဖီရန့်ဇေကိုပြန် ဖီရန့်ဇေကနေ ကားငှားပြီး စပျစ်ခင်းတွေ၊ တောင်ကုန်းတွေရှိတဲ့ တော့စကားနားနယ်မြေထဲကို သွားဖို့ပါ.

ဖီရန့်ဇေကို ရောက်တော့ တရုတ်ဆိုင်မှာ ထမင်းသွားစားကြတယ်။ အဲ့ဒီကနေ တက္ကစီနဲ့ ကားငှားတဲ့ လေဆိပ်နားကို သွားတယ်။ ကားကငှားထားပြီးသားဆိုတော့ ဂိတ်မှာ စာရွက်စာတမ်းတွေ ပေးပြီး ငှားဖို့လုပ်တယ်။ အဲ့ဒီမှာ ပြဿနာကစတယ်။ ကားငှားမယ်ဆို ကားလိုင်စင်၊မှတ်ပုံတင်နဲ့ Credit Card ပေးရတယ်။ ပေးတဲ့ အရာတိုင်းမှာ နာမည်ဟာ တခုတည်းဖြစ်ရမယ်။ သူငယ်ချင်းရဲ့ Card မှာ နာမည်မပါတာကြောင့် ပေးမငှားဘူး။ ကျနော့ ကဒ်ကို သုံးမယ်ဆိုတော့လည်း အသုံးမခံဘူး။ ကျနော့မှာ လိုင်စင်မရှိတာကြောင့် အချက်သုံးချက်နဲ့ မကိုက်ပြန်ဘူး။ ဘူးဆိုဖရုံမသိဘူးဆိုတော့ ခက်ကုန်တယ်။ တော့စကားနားမှာ ကိုယ်တိုင်ကားမမောင်းရင် သွားရေးလာရေး ခက်ပါတယ်။

တခြားကားငှားတဲ့ နေရာတွေကလည်း အတူတူပဲဆိုတော့ လေဆိပ်ကို ဖယ်ရီနဲ့ လိုက်သွားတယ်။ လေဆိပ် တိုးရစ်ဝန်ဆောင်မှုမှာ မေးတဲ့အခါ အဖြေဟာ အတူတူပဲထွက်တယ်။ ဒီတော့ မတတ်သာတဲ့အဆုံးကားငှားသွားဖို့ စီစဉ်တယ်။ ကားငှားမယ်ဆို ကားသမားကဖီရန့်ဇေကပဲ နေတိုင်းလာမယ် ကားခကိုလည်း ဖီရန့်ဇေကနေပဲ တွက်ယူမယ်ဆိုတော့ မတန်တဆတွေဖြစ်ကုန်တယ်။ လောလောဆယ်တော့ ရှန်တီကို သွားဖို့ ငှားတယ်။ ဝန်ဆောင်မှုပေးတဲ့ အန်တီက အရမ်းချစ်ဖို့ကောင်းတယ်။ ကော်ဖီဆိုင်မှာပဲ စောင့်နေ ကားသမားလာရင် သူလာခေါ်မယ်တဲ့။ မိနစ်လေးဆယ်လောက်ကြာတယ်ထင်တယ်။ 

ကားကအပျံစား။ ကားသမားကလည်း မင်းသားလိုမျိုးပဲ စမတ်ဂွမ်နေတယ်။ ဖီရန့်ဇေမြို့စွန်မှာ ဂူချီတို့ဘာတို့စက်ရုံတွေပြတယ်။ ကျနော်တို့က သစ်တောတွေကို ငေးနေကြတယ်။ မိုးလည်း နည်းနည်းရွာတယ်။ ရှန်တီမှာ ကျနော်တည်းဖို့လုပ်ထားတာက ရဲတိုက်မှာ။ မြို့တွေနဲ့ မနီးမဝေး တသီးတသန့်နေရာမှာ။ ဖီရန့်ဇေကနေ တနာရီလောက်မောင်းရတယ်။ ကားသမားနေရာ မသိတာမို့ ကျော်သွားသေးတယ်။


ရဲတိုက်က သိပ်လှတယ်။ သိပ်လှသလို ဓါတ်လှေခါးဘာညာမရှိတော့ အိတ်တွေနဲ့ လှေခါးကနေတက်ရတာ အဆင်မပြေပါ။ အခန်းကလည်း အပေါ်ထပ်ဆိုတော့ အထုတ်တွေဆွဲပြီး တက်ပေတော့ပဲ။ ဥရောပလာရင် အထုတ်တွေ အကြီးကြီး မသယ်လာဖို့ဆိုတာ ဒါကြောင့်ပါ။






အခန်းက အပျံစားပါ။ သစ်သားတွေနဲ့ဆိုတော့ အကြိုက်ပဲလေ။ ပြတင်းပေါက်ကနေ စပျစ်ခင်းတွေကို ငေးရတယ်။ ခြေလက်ခဏဆန့်ပြီးတာနဲ့ အောက်ကိုဆင်း ဓါတ်ပုံရိုက်ကြတယ်။ နွေရာသီဆို ရေကူးကန်သေးသေးလေးပါရှိတာမို့ အတော်လေး အဆင်ပြေတယ်။ Call me by your name ဇာတ်ကားကိုတောင် သတိရမိသေးတယ်။

မိုးနည်းနည်းကျလာတာနဲ့ ခဏအပေါ်တက် ရေမိုးချိုးကြတယ်။ ဟိုတယ်က စားသောက်ဆိုင်မှာပဲ ညစာစားကြမယ်။ သူတို့ ဒေသထွက် အစားအစာတွေပဲ။ ပေါင်မုန့် ချိစ်နဲ့ ဆလာမီတွေပဲ။ အဆုံးသတ်ကိုတော့ တီယာမိဆုလေးနဲ့ အချိုတည်းတယ်။











ပင်ပန်းနေတော့ အိပ်တာနဲ့ တချိုးတည်းပျော်တယ်။ အိပ်ရာနိုးတာနဲ့ အနားက တောအုပ်ကို ဆင်းကြတယ်။ အရောင်တွေ ပြောင်းစပြုနေတဲ့ သစ်ပင်တွေဟာ နောက်တလလောက်နေရင် အရမ်းကို လှတော့မယ်ဆိုတာ သိသာစေတယ်။ အောက်ခြေအထိ မဆင်းဖြစ်တော့ပဲ မနက်စာစားဖို့ ပြန်တက်လာကြတယ်။ မနက်စာဟာ ပြည့်စုံလုံလောက်တဲ့ အတိုင်းအတာပဲ။


မနက်စာစားပြီးတာနဲ့ ကားငှားဖို့ ပြောဖြစ်တယ်။ ရှုခင်းကောင်းတဲ့ လမ်းကနေ ဆီယမ်နာကို မောင်းဖို့၊ လမ်းမှာ ကားရပ်ပေးဖို့ သေချာပြောပေးပါလို့။ ကားမလာခင်မှာ ရဲတိုက်အပေါ်ထပ်ကို တက်ကြတယ်။ လေက ဟူးဟူးရားရားနေအောင်တိုက်နေပြီ။ မကြာခင် မိုးလာတော့မယ်။ ၃၆၀ထောင့်စုံအောင် လှည့်ပြီး ဓါတ်ပုံရိုက်ကြတယ်။





ခေါ်ထားတဲ့ကားလာတာနဲ့ ဆီယမ်နာကို ဦးတည်ရပြန်တယ်။ ကားသမားက သဘောအတော်ကောင်းပါတယ်။ ရှုခင်းကောင်းတဲ့ လမ်းက မောင်းလာပြီး စပျစ်ခြံတွေ စပျစ်ခင်းတွေနားမှာ သေချာရပ်ပေးပါတယ်။ ကောင်းကင်က မှောင်နေတာမို့ နေလေးများလင်းလာခဲ့ရင် သိပ်လှမှာလို့ တဖျစ်တောက်တောက်ရွတ်နေရင်းက ဓါတ်ပုံတွေဆက်တိုက်ရိုက်နေမိတော့တယ်။







ဆီယမ်နာကို ရောက်တဲ့အခါ မိုးတွေရွာလာပြီ။ တည်းမယ့်ယာတောအိမ်က  တံခါးဖွင့်ပေးတယ်။ တကယ်က ဆယ့်နှစ်နာရီမှ ဝင်ခွင့်ပေးမှာဖြစ်ပေမယ့် မိုးတွေရွာနေတာရယ် အခန်းကလွတ်နေတာရယ်ကြောင့် အခန်းကိုဖွင့်ပေးတယ်။ အခန်းထဲဝင်တာနဲ့ အိပ်ရာခင်းနဲ့တင်ကြွေရတယ်။ အခန်းပြတင်းပေါက်နေ မြင်ရတဲ့ အောလစ်ပင်တွေကို ငေးရင်းမိုးတိတ်တာကိုစောင့်နေရတယ်။ မိုးနည်းနည်းစဲတာနဲ့ အခန်းအပြင်ကိုထွက်ကြည့်တဲ့အခါ သက်တံ့တွေ နှစ်ခုထပ်နေတဲ့ကြားက တော့စကားနားရဲ့ အလှကိုမြင်ရတယ်။









မိုးစဲပြီဆိုတာနဲ့ အိမ်ရှင်ကို အကူအညီတောင်းပြီး ကားငှားတယ်။ သူတို့ဆီမှာ ကားငှားရင် စထွက်လာတဲ့ဆီကနေ မီတာစမှတ်တယ်။ အဲ့ဒီတော့ နှစ်ကြောင်းစာ ခရီးခပေးရတာပေါ့။ ကားနဲ့ မြို့ထဲကိုပဲ ထွက်လာခဲ့တယ်။ မြို့လယ်က မြင်းတွေနဲ့ လျှောက်တဲ့ နေရာကိုသွားကြည့်ကြမယ်။ လမ်းက မုန့်ဆိုင်တခုမှာ မုန့်ဝယ်စားပြီး နေ့လည်စာကို ငြိမ်းလိုက်ကြတယ်။ တွက်ရေးက စက်သူဌေး တွက်ကြည့်တော့ စက်မရှိဆိုတာ တကယ်ပါပဲ။ မြို့ထဲရောက်ပြီး သိပ်မကြာဘူး မိုးရောလေရော ကျလာတယ်။ ခဏမိုးခိုဖို့ ကော်ဖီဆိုင်ဝင်ပြီးတဲ့အခါမှ ဒီနေ့မုန်တိုင်းကျတာဆိုတာ သတင်းမှာ ကြေငြာတယ်။ ကော်ဖီဆိုင်ပြတင်းပေါက်ကနေ အပြင်က မုန်တိုင်းဆိုတာကို ငေးကြည့်နေရတယ်။


ခဏနေ မိုးရပ်သွားတာနဲ့ မုန့်ဆိုင်ကို ပြန်သွား၊ မုန့်ဆိုင်ကို အကူအညီတောင်း ကားငှားပြီး အိမ်ပြန်လာကြတယ်။ အိမ်မှာပဲ ရုပ်ရှင်ကြည့်ကြမယ်ဆိုပြီးပြန်လာတာ ခပ်ကောင်းကောင်း။ ခဏနေ ဆီယမ်နာ တမြို့လုံး မီးပျက်သွားတယ်။ ရန်ကုန်မှာ မီးပျက်တာ အားမရလို့ အီတလီအထိ လိုက်လာတာပဲ။

တညလုံးမီးပြန်မလာတာနဲ့ ခပ်စောစောအိပ်လိုက်ကြတယ်။ မနက်အထိ မလာသေးဘူး။ အရမ်းကိုရောက်ဖူးမြင်ဖူးချင်တဲ့ တော့စကားနားဟာ အမှတ်တရ ခရီးမဖြစ်ဖြစ်အောင် အလွဲတွေနဲ့ အခုလိုပဲ စတင်ခဲ့ပါတယ်....