နယ်ခံ လိုက်ပို့ပေးတဲ့သူက ဘယ်တွေသွားချင်သလဲ မေးတဲ့အခါ ကျနော်တို့ ဖြေတာက တောင်တွေ ရေကန်တွေကို ကြည့်ချင်တယ်လို့ ဖြေကြတယ်။ ဒုတိယနေ့ကိုတော့ တောင်တွေနဲ့ တွေ့ဖို့ ခရီးစတယ်။ ရေခဲနေတဲ့ အစိတ်အပိုင်းတွေလည်း ရှိတော့ အဝတ်တွေနှစ်ထပ်သုံးထပ်ဝတ်၊ ဖိနပ်တွေ၊ ဦးထုပ်တွေ၊လက်အိတ်တွေပါ ထည့်တယ်...
တောင်ပေါ်ခရီးမစခင် အီတလီလူမျိုးတွေရဲ့ ဓလေ့စရိုက်ကိုပါ တစေ့တစောင်းလေ့လာခွင့်ရတယ်။ သူတို့ရဲ့ မိသားစုတွေအတွက် သင်္ချိုင်းမြေနေရာ ဝယ်ထားပြီး စနစ်တကျ ထားတဲ့အလေ့အကျင့်ပါ။ ပြီးတော့ ကျန်ရစ်သူတွေက နှစ်ရက်ခြားတခါ၊ ခရီးဝေးသွားခါနီးတခါ ခဏခဏလာကြည့် ဂရုစိုက်ကြတာမျိုးပါ။ ပန်းခြံလိုမျိုးလုပ်ထားတဲ့ သင်္ချိုင်းနေရာမို့ အတော်လေးကို သာယာပါတယ်။
သင်္ချိုင်းနားက သစ်ပင်အုပ်ဆိုင်းဆိုင်းမှာ မြူတွေဟာ ပိန်းပိတ်နေတယ်။ အရွက်တချို့ အရောင်စပြောင်းပြုနေခဲ့ပြီ။ အဲ့ဒီကနေ ကျနော် ဓါတ်ပုံရိုက်ချင်တယ်ဆိုတဲ့ သစ်ပင်တန်းကိုလိုက်ပို့ပေးတယ်။ အရောင်တွေပြောင်းနေခဲ့ရင် သိပ်လှမယ့်လမ်းကလေးပါ။ အစိမ်းရောင်လမ်းကလေးဟာ ခုတော့ ပြန်ကြည့်တိုင်း လွမ်းနေရမယ့်လမ်းလေး ဖြစ်နေခဲ့ပြီ။
တောင်တွေဆီကို နှစ်နာရီကြာ ကားမောင်းရပါတယ်။ တောင်နားမရောက်ခင် ကားတိုးဂိတ်မှာ ကော်ဖီသောက်ရင်း မနက်စာစားကြတယ်။ တဖြည်းဖြည်းတောင်တွေဆီနဲ့ နီးလာခဲ့ပြီ။ ကားနဲ့တက်လို့ရတဲ့ နေရာတခုအထိ တက်လာပြီးရင် သူတို့ဆီက တောင်တက်ဘတ်စ်ကားနဲ့ တောင်တွေဆီခရီးဆက်မယ်၊ တောင်ပေါ်က သိပ်လှတဲ့ရေကန်နှစ်ခုရယ် စက်ဘီးပြိုင်ပွဲလုပ်လေ့ရှိတဲ့ တောင်တက်လမ်းရယ်ကို ဓါတ်ပုံရိုက်ကြမယ်၊ တောင်ပေါ်မှာ ရှုခင်းကြည့်ရင်း ဒေသစာ စားကြမယ်လို့ စီစဉ်ထားတယ်။
တောင်ပေါ်သွားတဲ့ လမ်းတလျှောက်မှာ သစ်ပင်တွေ အရောင်ပြောင်းနေခဲ့ပြီ။ သိပ်လှတဲ့ ရွက်ဝါတွေ နီကြင်မှုတွေဟာ လွမ်းဆွတ်ဖွယ်တောင်တန်းတခုလုံးကို ဖုံးလို့။ နေရောင်ခြည်က ဖြတ်ခနဲလင်းတဲ့အခါ အရွက်တွေဟာ အမှောင်ထဲက အရွက်နဲ့ အလင်းထဲက အရွက်တို့ အချင်းချင်း ကခုန်နေကြတယ်။
တောင်ခြေကမ့်ကိုရောက်တော့ ကံမကောင်းစွာပဲ ရာသီဥတုကြောင့် တောင်ပေါ်တက်တဲ့ ကားခရီးစဉ် ရပ်နားသွားခဲ့ပြီတဲ့။ ကိုယ့်ခြေထောက်နဲ့ တက်ရင်တော့ ရတယ်ဆိုပြီး ရသလောက်တက်ကြတယ်။ တက်တဲ့ လမ်းတလျှောက် သစ်ရွက်တွေဟာ သိပ်ချစ်ဖို့ကောင်းတော့ ခဏရပ်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့ တော်တော်နဲ့ရှေ့မရောက်ကြဘူး။ ဝတ်လာတဲ့အနွေးထည်တွေလည်း တလွှာပြီးတလွှာ ကျွတ်ကျကုန်ပြီ။
ဟိုးအဝေးက တောင်ထိပ်က ဘုရားကျောင်းလေးရောက်ရင် အဲ့ဒီရေကန်နှစ်ကန်ကို မြင်ရပြီတဲ့။ ဗိုက်မဆာပေမယ့် လူတွေက သိပ်မလှုပ်ချင်ကြတော့။ သေချာတယ် တောင်ထိပ်ကို ရောက်မှာ မဟုတ်ဘူး။ ရေခဲနေတဲ့ တောင်ထိပ်ပိုင်းအချို့မြင်ရပြီဆိုတော့ ပြန်ဆင်းလာခဲ့ကြတယ်။
ပြန်အဆင်းမှာ ကော်ဖီဆိုင်ထိုင်တော့ နေရောင်ကျသွားလို့ထင်တယ် လက်တွေပါ အေးခဲနေခဲ့ပြီ။ ချောကလက်ပူပူတခွက်မှာ သောက်ရင်း သူများတွေ ရေခဲမုန့်စားတာကို အံ့အားတသင့်ငေးနေမိတော့တယ်။
အဲ့ဒီကနေ ရေကန်တကန် အလာတုန်းက ဖြတ်သွားတာ ရေထဲက အရိပ်ကို ဓါတ်ရိုက်ချင်တယ်လို့ ခွင့်တောင်းထားတာကြောင့် အပြန်မှာ ရေကန်နား ခဏရပ်ပေးတယ်။ ရေကန်က အရိပ်ထဲမှာ သိပ်ကိုလှတယ်။ တခြား ဓါတ်ပုံဆရာတွေရဲ့ ပုံတွေ မြင်ကတည်းက အဲ့လိုမျိုး ရိုက်ဖူးချင်တာ ဆန္ဒပြည့်သွားပြီ။ ပုံမကောင်းတာတော့ သည်းခံကြည့်ပါ ငါ့ရှင်တို့.....
ပြန်နေတဲ့ လမ်းမှာ ပိန်းပိတ်အောင်မှောင်လာတယ်။ ညနေလေးနာရီလောက်ဆို တအားအိပ်ချင်သွားပြီး အဲ့အချိန်ကျော်သွားတာနဲ့ သိပ်မအိပ်ချင်တော့ဘူး။ တည်းတဲ့အိမ်ရောက်တာနဲ့ အိပ်လိုက်ရင် တချိုးတည်း အိပ်ပျော်သွားတာတခုပဲ..........