အမှတ်မထင် ညနေခင်းတခုမှာ ကျနော်ဟာ ရုပ်ရှင်များနဲ့ ဆုံတွေ့ ဖြစ်ခဲ့တယ်။ အဆင်သင့် လက်ထဲရောက်လာတဲ့ လက်မှတ်တခု ပြီးတော့လက်မှတ်မှာပါတဲ့အတိုင်း ဖြစ်တည်နေတဲ့ ထိုင်ခုံတခုမှာ ကျနော် နောက်ကျောမှီ ထိုင်လိုက်မိတယ်။ ရုံးကနေ တက်သုတ်ရိုက် အချိန်မှီလာခဲ့တာမို့ ညနေစာစားဖို့ အချိန်မရှိပါ။ ညနေစာအဖြစ် စားဖို့ ယူလာတဲ့ ပေါင်မုန့်တွေကို အဝင်ဝမှာပဲ သိမ်းယူလိုက်တာကြောင့် ဗိုက်ကလည်း ဆာနေခဲ့ပါတယ်။ ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းတားမြစ်တဲ့ စာတမ်းတွေကြောင့် ပထမဆုံးရောက်ဖူးတဲ့ နေရာတခုမှာ ကျနော် အူကြောင်ကြောင်ဖြစ်နေခဲ့တာ....
အကျင်္ ီအနောက်ပိုင်း တော်တော်လေး ရှည်ရှည် ဝတ်ထားတဲ့ လူတယောက် တက်လာခဲ့တယ်။ စင်ပေါ်က လူတွေ အားလုံး မတ်တပ်ရပ်ပေးလိုုက်ကြတာမို့ သူဟာ ကျနော့ကို ရုပ်ရှင်တွေဆီ ခေါ်သွားမယ့်သူလား မသေချာဘူး။ သူ့ ပခုံးပေါ်ကို တယောတင်လိုက်တယ်။ သူ့ ဆီက အသံတွေကို ကျန်တဲ့သူတွေ အာရုံုစိုက်နေကြတယ်။ ကျနော့ ရုပ်ရှင်တွေက ဘယ်မှာလဲ....
သိပ်မကြာခင်မှာ စင်ပေါ်က လူတွေ အကုန်လုံး မတ်တပ်ရပ်လိုက်ကြတယ်။ ခြေလှမ်း ခပ်သွက်သွက်နဲ့ နောက်ထပ် လူတယောက် လျှောက်လာတယ်။ သူပဲနေမှာပါ ကျနော်မျှော်လင့်နေတဲ့သူ။ ဟာသစွက်တဲ့ ဗြိတိသျှအသံထွက်နဲ့ သူတယောက်ပေါ့...သူက Jason lai.
ပထမဆုံးကျနော်တို့ ကို သေချာပေါက်လွမ်းဆွတ်ကြေကွဲစေတဲ့ ရုပ်ရှင် တခုနဲ့ မိတ်ဆက်ပေးခဲ့တယ်. အဲ့ဒီတေးသံကြားရင် လူတော်တော်များများ သေချာပေါက်မှတ်မိစေတဲ့ အီတာလျံ တေးသွားတခုပါ။ ရုပ်ရှင်နာမည်က The Godfather. ကောင်မလေး ကြိုက်တယ်ခိုက်တယ်ဆိုပြီးတော့ လုပ်ခဲ့တာပေါ့ဗျာ.
ဂျေဆင်ခေါ်ဆောင်သွားတဲ့ နောက်ဇာတ်ကားတခုကတော့ Titanic ။ မူရင်းဇာတ်ကားတီးလုံးတွေမှာ အသစ်ဆန်းထွင်မှုတွေနဲ့ ဇာတ်ကားရဲ့ နောက်ခံသီချင်းကို အဆိုတော် Syakirah Noble ရဲ့ ဖြည့်စွက်မှုနဲ့ လှိုင်းလုံးတွေ သင်္ဘောတိမ်းစောင်းပုံ၊ အချစ်သရုပ်ဖော်ပုံများဟာ တကွက်ပြီးတကွက် စိတ်အာရုံမှာ ထင်ဟပ်လာခဲ့တယ်။ ဂျက်နဲ့ ရို့စ်တို့ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ဟာ ဇာတ်စင်ပေါ်မှာလား ကျနော့ရင်ဘတ်ကြီးထဲမှာလား.....
တီးလုံးအပြီးမှာ ကြေကွဲစရာ စကားကို ဂျေဆင်က ဆိုလာခဲ့တယ်။ အခုလို လှပခမ်းနားတဲ့ သီချင်းကို ရေးစပ်ခဲ့သူ ဂျိမ်းစ်တယောက် ဒီနှစ်ဂျူလိုင်မှာပဲ သူနှစ်သက်တဲ့ လေယာဉ်မောင်းနှင်ခြင်း ခရီးစဉ်မှာ မတော်တဆ ဖြစ်ပြီး တိမ်းပါးသွားခဲ့တဲ့အကြောင်း၊ နောက်ထပ်အခုလိုမျိုး လှပတဲ့တီးလုံးတွေ ထွက်လာဦးမလားဆိုတဲ့မျှော်လင့်ချက်တွေဟာ တစစီ....
နောက်တဇာတ်ကားကတော့ ကျနော် တခါမှ ကြည့်ဖူးတဲ့ ဇာတ်ကား Back to the future. အချိန်ရွှေ့ ပြောင်းနိုင်တဲ့စက်ကနေ ၁၉၅၅ခုနှစ်ကို ပြန်ရောက်သွားတဲ့ အဖြစ်အပျက်ကိုရိုက်ထားတာလို့ ဂျေဆင်က ဆိုပါတယ်။
အားလပ်ချိန် မိနစ်နှစ်ဆယ် အတွင်းမှာ ဘယ်မှ လျှောက်မသွားဖြစ်ခဲ့ဘူး။ နောက်ထပ်ရောက်လာမယ့် ရုပ်ရှင်တွေအတွက် ကျနော် ရင်တွေခုန်နေခဲ့တယ်။
Bernard Herrmann ရဲ့ Vertigo တေးသံကတော့ မဆုံးနိုင်တဲ့ လမ်းတခုကို ခေါ်သွားသလိုပါပဲ။ မြိုင်ဆိုင်နေတဲ့ အသံချိုတွေကြားမှာ တက်လာလိုက် ကျသွားလိုက် တေးသွားခေါ်ရာနောက်ကို ရင်ဘတ်ကလေးဖိုပြီး လိုက်နေမိကြတော့တာ။
ကီဗင်ကော်စနာနဲ့ ရောဘတ်ဒယ်နီယိုတို့ပါတဲ့ The untouchable ကတော့ သိပ်မသိသာလိုက်ဘူးလိုပါပဲ။ ရုပ်ရှင်ကို မကြည့်ဖူးတာကြောင့် တေးသံမှာ လိုက်ပါ မခံစားနိုင်တာ ဖြစ်မှာပါ။ ဂျေဆင်ကတော့ ရောဘတ်ဒယ်နီယိုဟာ နာမည်ကြီးဘရန်းတခုကို ဒီဇာတ်ကားမှာ တခုတ်တရ ဝတ်ဆင်ခဲ့တယ်ဆိုပါတယ်။
ဆီးနှင်းတွေတောင် လက်ထဲမှာ ထိတွေ့စေတဲ့ အသိရောက်သည်အထိ တီးခတ်ထားတဲ့ The legend of the fall ကိုတော့ ဘရက်ပစ်နဲ့ တွဲပြီး မှတ်မိနေကြပါလိမ့်မယ်။ စိတ်ထဲအမြဲ ထိခိုက်ကြေကွဲစေတဲ့ နောက်ဆုံးဇာတ်သိမ်းခန်းကို အမှတ်ရမိတဲ့အခါ သက်ပြင်း ထူထူကြီးတခုကို ချလိုက်မိတယ်။ လူ့ဘဝဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ်။
ကိုယ့်ကိုကိုယ် ဘယ်ကိုရောက်နေမှန်းမသိ၊ ဘာတွေလုပ်နေမှန်းမသိတဲ့ တီးလုံးကိုတော့ Psycho ရုပ်ရှင်ကနေ ဖော်ကျူးခဲ့တယ်။ ဓါးနဲ့ ထိုးတဲ့ အိအိအိအိဆိုတဲ့ အသံကို ဂျေဆင်လုပ်ပြတုန်းက ပရိတ်သတ်အကုန်လုံး အတူတကွ လိုက်ရီနိုင်ကြပေမယ့် တကယ်တမ်း တယောတွေနဲ့ ဖော်ကျူးတဲ့အခါ ရင်ဘတ်တခုလုံး ပွင့်ထွက်မတတ် ခံစားခဲ့ရတာ.
တခါတရံမှာ ရုပ်ရှင်တွေဟာ စာအုပ်တွေကို ကျော်နိုင်စွမ်းမရှိကြဘူး။ စာအုပ်ရဲ့ အရှိန်အဟုန်သိပ်ကြီးတာလည်း ဖြစ်နေနိုင်သလို ရုပ်ရှင်ရဲ့ ဖော်ကျုးနိုင်တဲ့ စွမ်းရည် နိမ့်ကျသွားတာလည်း ဖြစ်နေနိုင်တယ်။ ဂျေဆင်ကတော့ စာအုပ်ကို ပိုကြိုက်တယ်ပါတယ်လို့ ပြောတဲ့ Da Vinci Code ဟာ ပါရီနဲ့ ဗာတီကန်ကြားမှာ လွန်းထိုးနေခဲ့တယ်။
စိတ်ကျေနပ်စရာတွေ လုပ်နေခဲ့ရင် အချိန်ဟာ သိပ်အကုန်မြန်ပါတယ်။ နောက်ဆုံးဆိုတဲ့ ရုပ်ရှင်တခုကတော့ Star Trek Into Darkness ပါ။ ရှေ့က အငြိမ်တွေကြားထဲမှာ အလှုပ်ခပ်ဆုံး အဆူညံဆုံးနဲ့ ကြယ်တွေကို အစင်းလိုက် ခြွေချနေသလိုပါပဲ။ စင်ပေါ်က ဆူညံမှုတွေ အားလုံး တိခနဲ ရပ်သွားတဲ့အခါ ပရိတ်သတ်တွေရဲ့ သြဘာသံတွေဟာ အတောမသပ်နိုင်အောင် လျှံတက်လာခဲ့တယ်။
ဂျေဆင်ဝင်သွားလိုက် ပရိတ်သတ်တွေ အဆက်မပြတ်လက်ခုပ်တီးလို့ ပြန်ထွက်လာလိုက်နဲ့ ။ နောက်ဆုံး အဖြစ် နောက်ဆုံး တပုဒ်ကို ပရိတ်သတ်အတွက် ထပ်မံ ဖျော်ဖြေခဲ့တယ်။ တီးလုံးအဖွင့်မှာတင် သိပ်သာလွန်းတဲ့ Mission Impossible ။ သူများတွေတော့ ဘယ််လိုနေတယ် မသိပါဘူး ကျနော်ကတော့ သမ္မတရုံကို ပြန်ရောက်သွားပါတယ်။
ရုပ်ရှင်တွေကို ကြည့်တဲ့အခါ မင်းသား မင်းသမီး သရုပ်ဆောင်မှုကို ကြည့်ကြတာ များပါတယ်။ နောက်ခံဇာတ်လမ်းကတော့ စာအုပ်ကြောင့် လူသိများပြီးသား ဖြစ်သလို၊ ဒါရိုက်တာတွေကိုလည်း ရုပ်ရှင်တွေကြောင့် မှတ်လွယ်သိလွယ်နိုင်ကြတယ်။ သရဲကားကို ကြည့်တဲ့အခါ အသံပိတ်ကြည့်ရင် အရသာမရှိသလို၊ ဇာတ်ကားရဲ့ အနိမ့်အမြင့်ရဲ့ နောက်ကွယ်က တေးသံတွေဟာလည်း အဓိကနေရာမှာပါနေခဲ့တယ်။ ဒါပေမယ့် တေးသံတွေ တေးသွားဖန်တီးသူတွေကိုတော့ အမှတ်ထင်ထင် သိပ်မရှိတတ်ကြပါဘူး။
ဒီနေ့ ညနေ ဆုံဖြစ်တဲ့ ရုပ်ရှင်များဟာ ကျနော် တွေ့နေဆုံုနေကြ ပုံစံမဟုတ်ပဲ အသံများနဲ့ ဖော်ကျူး တင်ဆက်ထားတာဖြစ်လို့ အသစ်အဆန်းဖြစ်နေတဲ့အပြင် တီထွင်ဖန်တီးတဲ့ အနုပညာရှင်များရဲ့ အားထုတ်မှုကိုလည်း ချီးကျူးအံ့သြ မကုန်နိုင်အောင် ခံစားရင်း.....