ကိုမိုးရေ
မေ့လောက်ပြီလို့ ထင်ရဲ့၊ ကျနော်တို့တတွေ တွတ်မတို့အိမ်မှာ ညဖက်ဆော့ခဲ့တဲ့ အရိပ်ရုပ်သေးကိုလေ။
ထိုင်ခုံတခုမှာ အဝတ်ဖြူတခုကို အရှေ့ကနေဖြန့် နောက်ကွယ်ကနေ ဖယောင်းတိုင်ထွန်းပြီး ဆော့နေကြအရုပ်တွေနဲ့
အရိပ်ရုပ်သေးဆော့ကြတာကိုး။ အဲ့ဒီတုန်းက ကျနော်တို့မုံရွာမြို့က မီးပျက်တာ တအား။ အခုထိလည်း
ပျက်တုန်းပဲ မဟုတ်လား။ မီးပျက်တော့ လက်လက်ထအောင် မဆော့နိုင်မယ့် အတူတူ အငြိမ်ကလည်း
မနေနိုင်တာမို့ အခုလို ဆော့ကစားနည်းတော့ လုပ်နေကြ။
ဘုရားကြီးပွဲက
တုတ်ထိုးရုပ်သေးကိုလည်း သီတင်းကျွတ်ပွဲချိန်တိုင်း တန်းစီအခွင့်ရှိတိုင်းကြည့်ခဲ့ကြတာပဲမဟုတ်လား။
တလောလေးက ကျနော် ခရီးနှစ်ခုထွက်ဖြစ်တယ်။ တခုက ဗီယက်နမ် ဟနွိုင်းမြို့နဲ့ တခုကတော့ အမိမြေရန်ကုန်ကိုပဲပေါ့။
အဲ့ဒီနှစ်မြို့လုံးမှာ ရုပ်သေးပွဲနှစ်ခုကို ကြည့်ဖြစ်ခဲ့တယ်။ အဲ့ဒီရုပ်သေးပွဲဟာ ကျနော်တို့
ငယ်ဘ၀ကိုလှုပ်နှိုးစေခဲ့တာ အမှန်ပဲ။ ကိုမိုးလည်း အချိန်ရ၊ အခွင့်ရလို့ ကြည့်ဖြစ်ခဲ့ရင်
ကျနော်တို့ကို ပြန်သတိရမှာ အသေချာပဲ။
ပထမဆုံး
ကြည့်ဖြစ်တာက ဟနွိုင်းက Water puppet ပါ။ သူများနိုင်ငံက အခုလို မီးခိုးတိတ်စီးပွားရေးကို
ကောင်းကောင်းအသုံးချနေပြီ။ ကပွဲခန်းမတခုလုပ်ထားပြီး ပွဲစဉ်အချိန်ဇယားအလိုက် ခရီးသွားအေဂျင်စီတွေ
သူတို့ခရီးသည်တွေအတွက် လက်မှတ်တွေ အသီးသီးဝယ်ထားလိုက်တာ။ လူတထောင်လောက်ဆန့်တဲ့ ခန်းမမှာ
တယောက်ကို ဒေါ်လာ နှစ်ဆယ်ကောက်ဦး ပွဲချိန်တခုဆို ဝင်ငွေဘယ်လောက်၊ တနေ့ကို ပွဲချိန်က
ငါးချိန်။ တွက်ခြေသိပ်ကိုက်တယ်နော်.
၁၁ရာစုနှစ်က
စခဲ့တဲ့ ရိုးရာ ရုပ်သေးပညာမို့ သူတို့ပစ္စလက္ခတ်မလုပ်ကြပါဘူး။ တီးဝိုင်းနဲ့ အဆိုရှင်ကအစ
သေချာကို စီစဉ်ထားတယ်။ ဟိုအရင် စပါးခင်းတွေထဲကို ရေ၀င်တဲ့အခါ အခုလို ရေထဲမှာ ကပြတဲ့
ရုပ်သေးကို စီစဉ်တင်ဆက်ကြတာတဲ့ဗျာ။ ကျနော်တို့ဆီက ကောက်စိုက်ရင်း ဖြေဖျော်သလိုများဖြစ်နေမလား
မသိဘူး။
လေးမီတာနက်တဲ့ ရေထဲမှာ ပရိသတ်နဲ့ပညာရှင်တွေကြား ဝါးတင်းတိပ်လေးခြားပြီး ဝါးလုံးရှည်တွေဆီကနေ အရုပ်ကလေးတွေ ဟောတရုပ် ဟောတရုပ် ထွက်လာတာဟာ အံ့သြဖို့မကောင်းပေဖူးလား။ မျက်နှာပြောင်ချော်ချော် အရုပ်လေးတွေ ဇာတ်ကွက်လေးတွေနဲ့၊ ဆိုနေတဲ့ သီချင်းဟာ သူတို့ဘာသာပေသည့် အရုပ်တွေကို ကြည့်ရင်း ဆိုလိုရင်းကို ခပ်ရှင်းရှင်းလေး မြင်နိုင်တယ်။
ရေထဲက ဇာတ်ရုပ်တွေမို့ ငါးဖမ်းခြင်း၊ နဂါး၊ ငါး၊ ဖားရုပ်တွေပဲပေါ့။ ငါးလေးတွေ ရေထဲမှာကူးနေတာ သရုပ်ပါလိုက်တာ။ ကြောင်လေး အုန်းပင်ကို ပြေးတက်သွားတာမျိုးကတော့ ဒီခေတ်အလိုက် ဆန်းသစ် တီထွင်ထားတာမျိုး။ ရေထဲကနေ နောက်ထပ် ဘယ်အရုပ်တွေများ ထွက်လာမလဲဆိုတဲ့ စိတ်နဲ့ ပွဲပြသချိန်တခုလုံးဟာ စိတ်လှုပ်ရှား ပျော်ဝင်မှုတွေနဲ့ အစီအရီ ဖမ်းစားထားတယ်။
ပွဲခန်းပြင်ပကို
ထွက်လိုက်တော့ ထုံးစံအတိုင်း အမှတ်တရ ပစ္စည်းရောင်းခန်းကိုရောက်တယ်။ နိုင်ငံတိုင်းမှာ
အဲ့လို စီစဉ်ထားတာမို့ ကျနော့အတွက်တော့ သိပ်ထူးဆန်းမနေတော့ဘူး။ ဒါလည်း ငွေရှာနည်းတမျိုးပဲလေ။
ပွဲခင်းထဲက စိတ်ဝင်စားစရာ အရုပ်ကလေးတွေဟာ ဆိုင်ခန်းပေါ်ကနေ အားလုံးရဲ့ ပိုက်ဆံအိတ်တွေကို
လိုက်ပုတ်နေတော့တာ။
ဟနွိုင်းကို
သွားဖြစ်တာ မတ်လကုန်မှာပါ။ အမိမြေကို ပြန်ဖြစ်တာကတော့ ဒီမေလထဲမှာ။ ကိုမိုးသူငယ်ချင်း
ကိုကျော်ရဲ့ အလှူလေ။ သားနှစ်ယောက်ကို ရှင်ပြုရင်း သူပါ ပဉ္ဇင်းခံတာမို့ ကျနော် ခဏပြန်လာခဲ့တယ်။
ပြန်လာတဲ့ခရီးမှာ နန်းမြင့်ခရီးသွားလုပ်ငန်း လုပ်နေတဲ့ သူငယ်ချင်း နှင်းပွင့်က စီစဉ်ပေးတာမို့
ထွေးဦးမြန်မာဆိုတဲ့ ရုပ်သေးပွဲကို အမှတ်မထင် လေ့လာဖြစ်ပါတယ်။
တခမ်းတနားမဟုတ်ပဲ
အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ စီစဉ်တင်ဆက်ပေမယ့် ပွဲပြီးတဲ့အခါ ပရိတ်သတ်ကျေနပ်စေရမယ်လို့
ဦးထွေးက ဆိုတယ်။ တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်မယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အမွေဆက်ခံသူရုပ်သေးပညာရှင် မဟုတ်သော်လည်း ဦးထွေးနဲ့ ဒေါ်ဦးမိသားစုကနေ
မြန်မာရုပ်သေးပညာရှင် အမွေဆက်ခံသူများကို စုစည်းတင်ဆက်ထားတာပါ။
ဇာတ်ခုံနဲ့မဟုတ်သလို၊
ဇိမ်ခံထိုင်ခုံတွေလည်း မဟုတ်ခဲ့ဘူး။ အသံလုံခန်းမ နဲ့လည်း မဟုတ်သလို ဆိုင်းနဲ့ဝိုင်းနဲ့ သိုင်းဝိုင်းချဲ့ထွင်ထားတာမဟုတ်ပဲ အခွေဖွင့်ပြီး ရှိတဲ့ မီးမောင်းလေးတွေနဲ့ မိသားစုဆန်ဆန် တင်ဆက်ခြင်းပါ။
ပရိတ်သတ်ဆယ့်နှစ်ယောက်လောက်ပဲ လက်ခံနိုင်တဲ့ လေအေးစက်တပ်ဆင်ထားခြင်းမရှိတဲ့ အခန်းငယ်လေးထဲမှာ…
ပထမဦးဆုံးမိတ်ဆက် စကားကို ဦးထွေးကပဲ ပြောကြားရင်း မြန်မာ့ရုပ်သေး အရုပ်တွေ ပြုလုပ်ပုံနဲ့တကွ အရုပ်ဆွဲတဲ့သူရဲ့ လက်အနေအထား၊ အရုပ်တွေရဲ့ အလေးချိန်စသည်ဖြင့် ရှင်းပြခဲ့တယ်။ လိင်အင်္ဂါကအစ အဖိုအမ ကွဲပြားအောင် အရုပ်အားလုံးမှာ ထည့်ရတဲ့စည်းကမ်းကိုလည်း အရုပ်နှင့်တကွ သရုပ်ပြတယ်။ အရုပ်တွေ ထွက်လာတဲ့အခါ မြန်မာ့ရိုးရာအတိုင်း နတ်ကန်တော့ကနေ စဖွင့်တယ်။ ကိုယ်သိနေတဲ့ သီချင်းတွေမို့ လက်ကနေ စည်းဝါးလိုက်နေမိလျက်သား…
စင်မြင့်ပေါ်မှာ မဟုတ်လို့ ကနေတဲ့ အရုပ်တွေအပြင် အရုပ်တွေကို ကြိုးကိုင်တဲ့ ပညာရှင်တွေနဲ့ မျက်နှာပေါ်က ခံစားချက်တွေကပါ ပီပြင်လို့ နေတယ်။ နဂါးနဲ့ဂဠုန်တိုက်ပွဲ မျိုးတွေပေါ့။ ဖေဇော်ဂျီခုန်ပျံကျော်လွှားရင်း နောက်ဆုံး ရုပ်သေးဆွဲသူရဲ့ ဂုတ်ပေါ်ကို ဇတ်ခနဲပွေ့သွားလိုက်တာ သူတို့မို့ လက်ထဲမှာ ကြိုးတွေနဲ့ ရှုပ်မနေတော့တယ်။ ကျနော်တို့ ငယ်တုန်းက အရိပ်ရုပ်သေးတောင် အရုပ်တွေကို စီရစဉ်ရနဲ့ အတော်လေး ခက်တာကလား။
ဦးရွှေရိုးနဲ့ ဒေါ်မိုးကိုပေါင်းပြီး ပရိတ်သတ်ကို ရီမောစေခဲ့တယ်။ မြန်မာ့ရုပ်သေး အရုပ်တွေကို သက်ရှိတွေလို လုပ်ထားတာမို့ ထင်ရဲ့ သူတို့တွေရဲ့ အချိုးအဆစ်တွေဟာ ကျနလှပလို့နေတော့တယ်။ ခြေခွင် လက်ခွင် သေသပ်အံဝင်နေပြီး ခေါင်းခါးချိုးနိုင်တဲ့အထိ မြန်မာ့ရိုးရာအကကို မြိုင်မြိုင်ကြီး ကနိုင်တယ်။
ပွဲပြီးသွားတဲ့အခါ
ပရိတ်သတ်တွေဟာ အမှတ်တရ ဓါတ်ပုံ တွဲရိုက်နိုင်သလို၊ ကိုယ်တိုင်လည်း ရုပ်သေးတွေကို ကကြည့်ဖို့
တရင်းတနှီးဖိတ်ခေါ်တယ်။ ဟင့်အင်း သူတို့ ဘာပစ္စည်းမှ ရောင်းတာ မတွေ့မိဘူးဗျ။
Tripadvisor
ဆိုတဲ့ ဆိုဒ်မှာတော့ သူတို့နှစ်ခုလုံးကို ခရီးသွားတွေက အမျိုးမျိုး ဝေဖန်ထားကြတာတွေ့နိုင်တယ်။
ကိုမိုးရေ ဘက်လိုက်တယ်ပဲ ပြောပြော စည်းဝါးကလည်း ကိုယ်နဲ့ ငြိပြီးသား ဖြစ်နေတာတကြောင်း၊
လူသားဆန်ဆန် တကယ့်ပွဲဝတ်ပွဲစား ဝတ်စုံအပြည့်နဲ့ ကိုယ့်မြန်မာရုပ်သေးကို ပိုပြီး နှစ်သက်မိတာအမှန်မို့
ကိုယ့်ငါးချဉ်ကို မတရားကို ချဉ်နေမိတယ်။ သူတို့လိုများ ပွဲတွေစီစဉ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေရဲ့
အားပေးမှုကိုခံယူလိုက်ရရင်ဆိုတဲ့ အတွေးက ခေါင်းထဲမှာ ပြေးဝင်တယ်။ ထွေးဦးမြန်မာ အဖွဲ့ကတော့
နိုင်ငံတာကိုလှည့်လည်ပြသနေခဲ့တာ ကြာပါပြီ မကြာခင်မှာလည်း အမေရိကားကို သွားရောက်ပြသဦးမယ်တဲ့ဗျာ။
မြန်မာ့ရုပ်သေးကို ကမ္ဘာက သိပြီး မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းတွေ ဒါ့ထက်မက ပိုမိုဖြစ်ထွန်းလာရင်ဖြင့်
အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားတွေ ဖြစ်လာမှာ အမှန်ပဲ မဟုတ်ပါလား..........
အကယ်လို့များ မိတ်ဆွေတို့ကိုယ်တိုင်ဖြစ်စေ၊ သားသမီးငယ်များကို မြန်မာ့ရုပ်သေးပညာကို ပြချင်လို့ ဖြစ်စေ၊ မိတ်ဆွေတို့ရဲ့ နိုင်ငံခြားသား သူငယ်ချင်း အပေါင်းအသင်းရောင်းရင်းများကို အကြံပေးလိုသည်ဖြစ်စေ ရုပ်သေးရယ်လို့ စိတ်ထဲမှာ ပေါ်လာခဲ့ရင် လှိုက်လှဲဖော်ရွေပျူငှာတဲ့ ထွေးဦးမြန်မာကနေ မိတ်ဆွေများအားလုံးကို ရင်ထဲကလာတဲ့ အပြုံးကိုယ်စီနဲ့ အစဉ်အမြဲ ကြိုဆိုလျက်ရှိပါကြောင်း.........
Khin Maung Htwe
+959-512-7271
No.12 (1F/Left), Yama Street (Near Ahlone Market)
Saw Yan Paing (South), Ahlone Twonship, Yangon, Myanmar