18 September 2018

ရင်ထဲရောက် အလွမ်းဆိုင်


တကယ်တမ်း ဒီစာအုပ်ကို တလောလေးကမှ လက်ခံရရှိတယ်။ စာရေးသူ မဖြူနုနဲ့က လူချင်း မဆုံဘူး၊ မရင်းနှီးဖူးပေမယ့် သူရေးတဲ့စာကိုတော့ သိနေခဲ့တယ်။ ပထမစာအုပ် မြောက်ဖျားပိုင်းက အလွမ်းရာသီကနေ ခုစာအုပ်အထိ စာအုပ်ထွက်သမျှကို အမှတ်တရ လက်ဆောင်ရနေခဲ့ပါတယ်။ 

ရှေ့ကထွက်လာတဲ့ စာအုပ်တွေထဲမှာ မြောက်ဖျားနဲ့ ခေတ်ရယ် အချစ်ရယ်ကိုနှစ်သက်မိပေမယ့် လောဘကြီးတဲ့ စာဖတ်သူမို့ထင်တယ် အမြဲပဲ ကျနော် နောက်ထပ်တခုခု ထပ်ရလိမ့်နိုးစိတ်နဲ့ ဖတ်ဖြစ်ခဲ့ပါတယ်။ ကံ့ကော်နဲ့လွင့်သောကမ္ဘာကိုတော့ ဆားမပါသေးတဲ့ဟင်းတခွက်လို ခံစားနေမိခဲ့တယ်။ အခုစာအုပ်အလွမ်းဆိုင်ကတော့ ဖတ်နေတုန်းကနေ ဖတ်ပြီးတဲ့အထိ ရင်ထဲကို ဒုတ်ဒုတ်ထိ ရောက်ရှိသွားခဲ့ပါတယ်။

"ချစ်ခြင်းမေတ္တာက လူကိုရှိမြဲရှိတတ်တဲ့ ကိုယ်ပိုင်သင်္ကေတ ကိုယ်ပိုင်ဖြစ်တည်မှုကနေ နည်းနည်းတော့ ပြောင်းလဲစေတတ်သလား၊  ကိုယ်ပိုင်ကမ္ဘာမှာ ကိုယ်စည်းနဲ့ကိုယ် ငြိမ်ဆိတ်နေတတ်သူ၊ အလွှာတခု ရံထားတတ်သူတွေကိုမှ စိတ်မှတ်မဲ့ ရုန်းလွတ်လာစေတတ်သလား...."

ဒီစာပိုဒ်ရောက်တဲ့အချိန်မှာ သက်ပြင်းကို ခပ်ကြီးကြီးချလိုက်မိတယ်လေ.

မြတ်မော်နဲ့ နွေတို့ရဲ့  ငယ်ဘဝဟာ စိတ်ထဲကနေ အတိတ်ကိုရောက်အောင်လှုပ်နှိုးကြတယ်။ ကျနော် ငယ်ငယ်က ထူးစာပေဆိုတဲ့ စာအုပ်ဆိုင်လေးမှာ စာဖတ်ချင်လို့ ကျောင်းပိတ်ရက်ဆို လုပ်အားပေးထိုင်ခဲ့ဖူးတာတွေ ပြန်သတိရမိစေတယ်။ စာအုပ်ကောင်းတွေဆို သိမ်းထားတတ်တဲ့ စာအုပ်ဆိုင်ရှင်ရဲ့ စာအုပ်တွေငှားဖတ်မှုကြောင့် စာကောင်းပေကောင်းတွေနဲ့ထိတွေ့ခွင့်ရခဲ့တာတွေ အောက်မေ့မိစေတယ်။

ပထမနှစ်ကျောင်းသားလေးတယောက်ရဲ့ အတန်းကြီးက အမကြီးတယောက်ကို ရင်ခုန်ခဲ့ဖူးတာတွေဟာ ဟိုတစ ဒီတစ ရင်ထဲကို ပြန်ရောက်လာတယ်။ တကယ်တမ်း အဲ့ဒီအမကြီး အိမ်ထောင်ကျသွားပြီဆိုတာ သူငယ်ချင်းတယောက် ကောင်းမှုကြောင့် သိရတဲ့အခိုက် ရင်ထဲက ဆပ်ပြာပူဖေါင်းလေး ခွမ်းကနဲ အသံတိတ်ကွဲသွားခဲ့ဖူးတာပဲလေ....

ပျော်ရွှင်ခဲ့တာ မဟုတ်ပေမယ့် လူငယ်လေးတယောက်ရဲ့ ရင်ထဲက တိတ်တခိုးချစ်မေတ္တာတွေ ပိုင်ဆိုင်ခဲ့တဲ့ နုနယ်ပျိုမြစ်ချိန်တွေကို သိမ်းထားဖို့ရာတော့ လုံလောက်ခဲ့တဲ့အဖြစ်တွေပါပဲ.

တချို့သော ချစ်ခြင်းမေတ္တာတွေဟာ ဆုံဆည်းတိုက်ဆိုင်ခဲ့ကြပေမယ့် ဇာတ်သိမ်းအထိတော့ မရှိခဲ့တတ်ကြဘူးဆိုတာ ကိုလင်းညိုနဲ့ နွေတို့ပဲ ရည်ညွန်းတာပဲ ထင်ပါရဲ့။ ကံကြမ္မာမျက်နှာသာ မပေးတဲ့အခါ ချစ်လိုလျက်နဲ့ ဝေးကြရတယ်လေ..ကျနော်နဲ့ ကျနော့ချစ်ခဲ့ဖူးသူလည်း လမ်းခွဲဝေးခဲ့ကြဖူးတာပဲ။

ကိုလေးရဲ့ ရင်ထဲက အသံတွေကို ကျနော်နားထောင်ဖူးသလား? ကျနော်က ကိုလေး ဖြစ်ခဲ့ဖူးသလိုလို။ အင်း ဟုတ်တယ်လေ ကျနော့ ငယ်ချစ်ဦးကို ကျနော်က ကျနော့ရင်ခုန်သံတွေ တစွန်းတစတောင် မပြခဲ့ဖူးတဲ့သူ။တလောက ဖုန်းထဲမှာ မေက ကျနော့ငယ်ချစ်ဦး အိမ်ထောင်ကျလို့ ကလေးတောင်မွေးပြီးပြီလို့ ပြောလိုက်တဲ့အခါ မေများ ရိပ်မိနေသလား စိတ်ထဲ သံသယတွေ ဝင်မိပြီး စိုးထိတ်ခဲ့ဖူးတယ်....

မဟုတ်သေးပါဘူး ဘော်ကြိုဘူတာဆိုတာ လေးနှစ်သားတယောက်စိတ်ထဲ ဘယ်လိုမှ မှတ်မိစရာ မရှိဘူးလေ။ ကျနော် လေးနှစ်သားလောက်က လားရှိုးကို ရထားနဲ့ သွားခဲ့ဖူးတယ်။ ဘော်ကြိုဘူတာကို ဒီစာအုပ်ထဲမှာ ပြန်တွေ့ရတဲ့အခါ ကျနော့ဘယ်လိုမှ မမှတ်မိဘူး။ ဘူတာရုံမှာ ကောင်လေးနဲ့ ကောင်မလေးတယောက်ကို ကျနော် မြင်ခဲ့ဖူးသလား ဘယ်အချိန်ပြန်တွေးတွေး ဇဝေဇဝါ....

စာရေးသူက စာဖတ်သူရဲ့ စိတ်ထဲရောက် ထိုးဖေါက်ရေးချတတ်တဲ့အခါ စာဖတ်သူဟာ ဇာတ်ကောင်တွေကြားထဲ၊ဇာတ်လမ်းဖြစ်တည်ရာ မြို့ရွာတွေအထိ စိတ်ကောလူကော  နှစ်မြုပ်သွားတတ်တယ်။ မဖြူနုရဲ့ အလွမ်းဆိုင်ကို ဖတ်ပြီးတဲ့အခါ စိတ်ထဲမှာ ရှင်းလင်းပြီးဖြစ်တဲ့ အစီအရီညီနေတဲ့ စာအုပ်စင်ကို မြင်လိုက်ရသလို စိတ်ကျေနပ်မှုကို ပေးတယ်။ ဇာတ်ကောင်မှန်သမျှကို သေချာ နေရာ တကျ ဆွဲထုတ်လာပြီး အလိုက်သင့် ပြန်သိမ်းသွားတာလေးဟာ ငြိမ့်နေအောင်စီးတဲ့ ဒုဌဝတီကို မျက်ဝန်းရိပ်ထဲ အေးငြိမ့်ငြိမ့် ဖြတ်စီးသွားသလိုမျိုး......

မဖြူနုကတော့ ဇာတ်ကို သိမ်းမပေးသွားဘူး။ ဒီဇာတ်သိမ်းရဲ့ ခံစားလှိုက်ဖိုမှုမျိုးကို ဂျူးရဲ့ မရှိမဖြစ်မိုး ဇာတ်သိမ်းခန်းမှာ ကျနော်တခါရခဲ့ဖူးတယ်။ သိင်္ဂါရရသကြားထဲက အဗ္ဘုတရသကို  ဖြတ်ခနဲနေအောင် မသိမသာလေး ထိုးထည့်ပေးလိုက်တာမျိုးလေ....

နေကြာရိုင်းတွေရယ် ဘော်ကြိုဘူတာရုံရယ် သီပေါရယ်ကတော့ အလည်တခေါက် သွားလည်ဦးမှပါလို့ ဆုံးဖြတ်စေတဲ့အထိ ဟောဒီ အလွမ်းဆိုင်စာအုပ်ဟာ စာမျက်နှာတွေကနေ တဆင့် ကျနော့ရင်ဘတ်ထဲကို တိုးယိုးပေါက် ဒုတ်ဒုတ်ထိကို ဝင်ရောက်နေပါတော့တယ်.......

No comments: