11 March 2010

အိမ်အပြန်

အမေ……….သားအိမ်ပြန်လာပြီလေ..

နှုတ်ခမ်းက တတွတ်တွတ် ရွတ်ရင်း ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲ။ ဒီအိမ်ပြန်ခရီးကို ဖြစ်နိုင်ရင် အမြန်ဆုံးဖြစ်စေချင်မိတာပါ။

မောင်းနေတဲ့ လေယာဉ်ပျံက စိတ်ထဲမှာ အနှေးဆုံးယာဉ်တစ်ခု ဖြစ်နေပြန်တယ်။

ဟော…ရောက်ပြီ နိုင်ငံတကာလေဆိပ်အသစ်ကြီးဆီကို။ ဖြတ်စရာ ကျော်စရာတွေကို ခပ်သုတ်သုတ်ဖြတ်တယ်။ ကျနော့အိမ်ပြန်ခရီးက ဒီမှာမဆုံးသေးဘူးလေ။ တစ်ယောက်တစ်လက်ဝိုင်းဆွဲ နေကြသူတွေကို ရှောင်ရင်း အငှားကားတစ်စီးကို အမြန်ငှား။ အောင်မင်္ဂလာ အဝေးပြေးကွင်းကို မောင်းပါ။

ကျွန်းဆွယ် လက်မှတ်ကျန်သေးလား။

ထိပ်တန်း….

အေးချစ်မြိုင်…..

ပေလေးပင် ကားကော…….

အလယ်ခုံရရ။ ယုတ်စွ မတ်တပ်ပဲလိုက်ရ လိုက်ရ။

ညနေ ၅နာရီမှ အောင်မင်္ဂလာ အဝေးပြေးက ခွာခဲ့ရတယ်။ အိပ်လို့မဖြစ်သေးဘူး မှော်ဘီကျောင်းလေး အလွမ်းပြေ ငေးကြည့်ချင်သေးတယ်။ ရေအိုးစင် အလယ်ဂိတ် ကားမှတ်တိုင်တွေကို နားထဲက ကြားယောင်ရင်း ကျောင်းသားဘ၀ပုံရိပ်တွေ မြင်လာပြန်ရော။ ခရီးပန်းနေပြီ အိပ်မှလေ။ မျက်တွင်း ဟောက်ပက်ဆို အမေစိတ်ပူနေလိမ့်မယ်။

တိုက်ကြီး ဥက္ကံ သုံးဆယ်………..

ပြည်ကို မြို့ပြင်ကပဲဖြတ်သွားတယ်။ ခရီးတစ်ဝက်ကျိုးပြီ။

အခုလမ်းကတောင်တွင်းက မဟုတ်တော့ပြန်ဘူး။ မြို့ရှောင်လမ်းသစ်မှာ ဖုံတွေက တလူးလူး။ တံခါးတွေပိတ်ပါ အော်နေတယ်။ ထူးထူးဆန်းဆန်း နှာခေါင်းစွပ်တွေ ဝေနေပါလား။ တံခါးတွေပိတ်တော့ လေမ၀င် အသက်ရှူမ၀လို့ တဗြဲဗြဲ အော်ငိုနေတဲ့ ကလေး ငိုသံက ဆက်အိပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။

သစ်ရာကောက် ဖြတ်သေးလား သတိမထားမိ။ မိကျောင်းရဲကို ရောက်တော့မယ် တဲ့။

စက်လှေဆိပ်ကို ရောက်ပြီ။ မြူနှင်းတွေကြားထဲက မြသလွန်ကို မှုန်ပြပြ ဖူးရပြီ။ အိမ်ကို ရောက်တော့မည်။ ဇက်ပေါ်မှာ တွေ့ရတဲ့ စက်ရုံက ဆေးရုံကား။ အိုး….တန်ဖိုးရှိလိုက်တာ။ ဦးရွှေလုံး ကျနော့ကို အိမ်ပြန်ပို့ပေးပါ………

အနားနီးလေလေ လူက မြောက်ကြွကြွ ဖြစ်ချင်လာလေ။ မင်းလှ- မလွန်ဆိုင်းဘုတ်ကို ကြည့်ရင်း လွန်တဲ့ ဆယ်နှစ်ကျော်က မာရသွန်အပြေးခရီးကို မြင်ယောင်မိတယ်။ သူငယ်ချင်းတို့ရေ အခုလည်း ငါတို့ ကိုယ့်လမ်းခရီးမှာ ကိုယ်စီပြေးနေကြရပြီ။ မောပန်းလို့ လှမ်းကြည့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် မမြင်ရအောင် ဝေးကွာလို့။

အရင်လို မတ်မတ်ဖြစ်နေဆဲ တောင်ကုန်းထိပ်မှာ ကျနော်တို့ ဆောက်ခဲ့ဖူးတဲ့ ဇရပ်ငယ်လေး။ သောက်ရေအိုးကော ရှိပါသေးရဲ့လား။ အဘအုန်းလုပ်ပေးတဲ့ အုန်းမှုတ်ခွက်လေးက အတိုင်းသား။

မြင်ကျတောင် စေတီကို ဘောစကိုင်းပင်တွေကြားမှာ ဖူးတွေ့ရသည်။ ဓမ္မိကဆရာတော်ကို လှမ်းဦးချအပြီးမှာ သံကန်တွေကို မြင်ရပြီ။ ဒါ Jetty။ ဖေက ရေသန့်ကိုပြောင်းနေပြီဆိုတော့ ဒီဖက်အခြမ်းမှာပဲပေါ့။

အမှတ် ၁ ဂိတ်ကို ဖြတ်ပြီး 800 စကေးဆီကို ချိုးသွားပြီ။ Topper ရှေ့က အဖြတ်မှာတော့ ကျောက်မီးသွေး မှုန်တွေက လမ်းကို မည်းသည်ထက် မည်းအောင် ခြယ်ထားကြသည်လေ။

အိမ်ကို မြင်ရတော့မည်.

စိတ်လှုပ်ရှားစွာ လည်ပင်းကို ဆန့်ကြည့်တော့ ခြံစည်းရိုးကို မြင်နေရပြီ။ အိမ်ရှေ့က သရက်ပင်..အသီးလေးတွေတောင်တွဲလဲခိုလို့။ kiss me quick တွေလည်း နေရောင် အောက်မှာ အတိုင်းသား ဖူးပွင့်လို့။ အခန်းတွေနဲ့ ကပ်လျက်ပေါက်နေတဲ့ ဇွန်ပန်းတွေ စင်္ကြာပန်းတွေလည်း ရုံလိုက်ကလေးတွေ ငုတ်တုတ်စောင့်နေကြတယ်။

ဝင်ဝင်ချင်း ညာဖက်က ငှက်ပျောတန်း။ တစ်ချက်ကျနော် ရီမိသွားတယ်။ မေဈေးသွားမယ်ဆိုတိုင်း ကျနော့ကို ရေလောင်းဖို့ မှာတတ်ပြီး ကျနော်က ရေပိုက်ကို ချထားပြီးရင် ဘယ်တော့မှ နေရာရွှေ့ဖို့ သတိမရတတ်။ အိပ်ခန်းထဲမှာ ရုပ်ရှင်ကြည့်ရင်း စာအုပ်ဖတ်ရင်း ရေလောင်းတတ်စမြဲမို့ အမြဲ အဆူခံထိနေကြ။ အခုကော အဆူခံထိတော့မယ်လေ။

မာလကာပင်တွေကလည်း တီးတိုးနှုတ်ဆက်ကြတယ်။ သူတို့ အသီးတွေကို ခူးမယ့်သူလာပြီလေ။ စံပယ်ပန်းတွေ ခူးပြီးသွားပြီပဲ။ လေးရုံလုံး အဖူးတွေပဲကျန်တော့တယ်ကော။

အိမ်ရှေ့ဆင်ဝင်အောက်က အသားတံခါးလေးကို ဖွင့်ပြီး ဘဲလ်ကို ခပ်သွက်သွက် နှိပ်ချလိုက်တယ်။ လာကြပါတော့ဗျိုးးးးးးးးးးးးးးးးးးးးး။

တံခါး မှန်ပေါက်ကနေချောင်းကြည့်တယ်။ ဧည့်ခန်းစားပွဲပေါ်မှာ ပေါ်ပြူလာဂျာနယ်တွေ မြင်နေရတယ်။ ဆွမ်းခံကြွလာမယ့် ဆရာတော်တွေအတွက် ထိုင်ခုံမှာ အခင်းလေးတွေ မြင်ရတယ်။ ဘုရားခန်းက ခန်းဆီး လေတိုက်လို့လွင့်လာတာလည်း မြင်နေရတယ်။ ထမင်းစားခန်းက အုပ်ဆောင်းအောက်မှာ မေချက်ထားတဲ့ ဟင်းပူပူတွေရှိနေမယ်ထင်တယ်။ တောက်လျှောက်မြင်နေရတဲ့ မီးဖိုချောင်ကို လှမ်းမျှော်ကြည့်တယ် အရိပ်အယောင်တောင် မတွေ့ရဘူး။

အိမ်နောက်ထဲက ကန်ဇွန်းခင်းထဲမှာလား။ ချဉ်ပေါင်ရွ့က်တွေ ခူးနေတာလား။ သစ်ခွတွေပွင့်တာကို ငေးနေပြန်ပြီလား။ မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ လက်ထဲက အိတ်က လေးလံလွန်းနေခဲ့ပြီ။

အမေ………သားအိမ်ပြန်လာပြီလေ။

အခုတလော ကျနော် စိတ်ကူးထဲကနေ အိမ်ကို ပြန်နေခဲ့တာ အကြိမ်ပေါင်း တစ်ထောင်မကတော့ဘူး…………..

10 March 2010

ဖေဖော်ဝါရီ - မတ်

ဖတ်ခဲ့တဲ့စာအုပ်
ပါရဂူ - အမ္ဗပါလီ
ပါရဂူ - သီပေါ၏ မဟေသီ

ဖတ်နေဆဲ စာအုပ်
ရဝေနွယ် (အင်းမ) - အချစ်နှင့်ဝိပဿနာ

ပျောက်သွားသောစာအုပ်များ
ဂျူး - မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်
ရဝေနွယ် (အင်းမ) အချစ်နှင့် ၀ိပဿနာ

ကြည့်မိတဲ့ရုပ်ရှင်
Umrao Jaan Ada

(မှတ်ထားချင်လို့ပါခင်ဗျာ)

01 March 2010

ဟင်းလင်းပြင်

အဆုံးလား
အစလား
လာမမေးကြပါနဲ့
ချထားတဲ့ လက်နှစ်ဖက်တောင်
ဘယ်ရောက်နေမှန်းမသိလို့ပါ

ပြင်ကျယ်ကျယ်တစ်ခုမှာပဲ
ခြေထောက်နဲ့ ကြမ်းပြင်
ထိထားသတဲ့လား
သတိမထားမိပါဘူး
ငုံ့ကြည့်ဖို့ မျက်စိပေါက်တွေတောင်
ပျောက်နေကြလေရဲ့

မြွှေမကြောက် ကင်းမကြောက်
ခုခေတ်ခါဆို ကားမကြောက် ရထားမကြောက်
တအားလျှောက်နေခဲ့တာပါပဲ
အားယားမှောက်နေ့တွေလည်း
ရှိခဲ့မပေါ့

Nanoလား
ပြာသိုလား
သိပ်မကွာလောက်ဘူး
ဝါဆိုနောက်နား ကပ်ရက်ပဲ

Visa လား
PRလား
ဘာမှ မလိုဘူး
IC ကဒ်တွေ မစစ်ဆေးနဲ့

မေတ္တာလား
သစ္စာလား
ဇာတ်ထဲမှာပဲ သုံးကြသတဲ့

ရှေ့ရေးလား
နောက်ရေးလား
လက်ရေး ပါတိတ်
ဈေးကြီးတယ်

Globalလား
Mobalလား
အိုပယ်ကားတောင်
မစီးဖူးဘူး

ချဉ်ချဉ်တူးတူး
မူးလို့နေလည်း
မြင်ရင် အရူးအမူး
ထူးလို့နေဆဲ

မကြားရက်လို့
နားနှစ်ဖက်ဆို့ဖို့
ပါးနှစ်ဖက်သို့အရှာ

ပါးမရှိ
နားမရှိ
ကိုယ်မရှိ
ခေါင်းမရှိ
ဘာမှ မရှိတဲ့
ဟင်းလင်းပြင်က ငါ………………………..