26 June 2009

ခြားနားခြင်း

အတုအယောင်ပေမယ့်.......





အစစ်အမှန်ပေမယ့်.....






25 June 2009

စိုးစိတ်


အလေ့ကျမို့

မလေးစားလို့

အရေးမထားလည်း

အပြစ်မယူ


မမွှေးမကြူ

ငြူစူနေလည်း

ဖွေးဖွေးဖြူ

ပွင့်နေဆဲ


အေးအေးလူ

မြက်ပင်ကြားမှာ

နင်တက်လေ

နင်းမလား


ငါ

စိုးထိတ်နေဆဲ....

23 June 2009

အမှောင်ခွင်း၍ အလင်းဆောင်အံ့

မနေ့က ကိုဆန်းဝင်းကျောက်ပန်းတောင်းရဲ့စာမရွှေပြည်သူရဲ့စာ တွေကိုဖတ်ရင်း ဒီအတွေးကိုရပါတယ်။

ကျနော်ငယ်ငယ်တုန်းက စာကြည့်တိုက်ဆိုတဲ့စကားလုံးကို မယဉ်ပါးခဲ့ရပါဘူး။ လေးတန်းတုန်းက အန်တီလေးကျောင်းမှာ ဖတ်ခဲ့ရတဲ့ သုတရတနာသိုက်ဆိုတဲ့စာစောင်တွေ ကျောင်းသားတွေဖတ်ရှုသင့်တယ်လို့ထင်မိတယ်။ စက်ရုံစာကြည့်တိုက်ဆိုတာ ကျနော် ရှစ်တန်းရောက်မှပေါ်ပေါက်ခဲ့တာပါ။ နံရံကပ်စာစောင်တွေ ၀တ္ထုတိုတွေ ဆောင်းပါးတွေ ကဗျာတွေ ဆိုတာ စာကြည့်တိုက်မှူး ဦးဇော်ကြီးတို့ကြောင့်ဖတ်မိဖြစ်ခဲ့တာ။

အလယ်တန်းအထိ ကျောင်းစာကြည့်တိုက်ဆိုတာ မရှိခဲ့ပါဘူး။ ကိုးတန်းရောက်မှ အထက်မင်းလှ အထက်တန်းကျောင်းမှာ စာကြည့်တိုက် အသင်းဝင် ဖြစ်ခဲ့ပါတယ်။ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်က နာခံတော်ဆိုတဲ့ စာအုပ်ပါ။

တက္ကသိုလ်ကျောင်းသားဘ၀ စာကြည့်တိုက်ဆိုတာ ဘယ်နားနေမှန်းတောင်မသိခဲ့ပါဘူး။ ငှားရစကောင်းလည်းမထင်မိတာပါ, ပါတယ်။ နောက်ဆုံးနှစ်မှာ ဆရာ ဦးကလင်မန့်ကြောင့်သာ အင်တာနက်ဆိုတာနဲ့ မိတ်ဆက်ခဲ့ရတယ်။ အင်တာနက်ဆိုတာ ပင်လယ်ပြင်ကြီးလို ကျယ်လှပါလားလို့ ရေအိုင်ထဲက ဖားသူငယ်မှာ မျက်လုံးအပြူးသားပေါ့။

အမျိုးသားစာကြည့်တိုက်ကို အလုပ်ကိစ္စနဲ့ရောက်ခဲ့ဖူးတယ်။ ဆောက်လက်စတုန်းကပါ။ အခုတော့ အဲ့ဒီနေရာမဟုတ်တော့ပြန်ဘူးပေါ့။ စာအုပ်စာရင်းကို အံဆွဲလေးထဲက ထုတ်ကြည့်ပြီး တကယ့်ကို အားရပါးရရှိလှပါတယ်။ များပြားလှတဲ့စာအုပ်စာရင်းနဲ့တင် ဖျားသွားခဲ့တာ။ အိမ်နားနီးနီးမှာ ဆိုကောင်းမယ်လို့ စိတ်ကူးယဉ်ခဲ့သေးတယ်။

နောက်တော့ ၂၄နာရီ ထုတ်လုပ်ရေး လုပ်ငန်းထဲမှာ လုပ်ဖြစ်ခဲ့တယ်။ အလုပ်ထဲ ၀င်ပြီဆိုတာနဲ့ ပြင်ပနဲ့ အဆက်အသွယ်ပြတ်သွားရောလေ။ အလုပ်ကို အသွားအပြန်ကြာချိန်က တစ်နေ့သုံးနာရီ။ အိမ်ပြန်ရောက်တော့ အိပ်မိပြန်ရော။ မြို့ထဲနေရင်တော်ပါရဲ့ အလုပ်နားနီးတဲ့ ရွာမှာနေလို့ကတော့ သေချာတယ် မျက်စိပိတ် နားပိတ်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်မလား သူတို့ပြထားတဲ့ ဗွီဒီယိုဆိုတာတွေကြည့်မလား။ ဒါ့အပြင် ဘာမှ မမျှော်လင့်နဲ့တော့။ မီးကလည်း မရှိလေ။ ရန်ကုန်မြို့နဲ့ ခရီးမကွာဝေးပေမယ့် မီးမရသေးတဲ့ ရွာကလေးပေါ့။

ဆိုတော့ ထုံးစံအတိုင်း ကျနော်ကမ,တည်တယ်။ နောက်ထပ် လစာတွေထုတ်တော့ ပြားစွန်း(ငါးကျပ်တစ်ဆယ်ပိုတာလေးတွေပါ) HR ကအမ်းတာလေးတွေကိုထည့်တယ်။ လုပ်ဖော်ကိုင်ဖက်တွေကို အလှူခံတယ်။ မန်နေဂျာတွေကို ဓါးပြတိုက်တယ် (သူတို့ကလည်း လခထုတ်ပြီးရင် ကိုယ့်ဆီကတောင်ပြန်လှည့်ချင်ကြတာ၊ အိမ်က ပြန်လမ်းမဲ့ပုံးထဲ ထည့်လိုက်ရလို့ ဘာလို့ပေါ့ဗျာ-ကိုသီဟသစ်ဆို ဒီအကြောင်းပိုသိမယ်ထင်တယ်ဗျ)။ စုဆောင်းရသမျှငွေထဲက အပတ်စဉ်ထွက်တဲ့ ဂျာနယ်လေးတွေ၊ အင်္ဂလိပ်စာ စာစောင်တွေ ၀ယ်ပြီး ကျနော်တို့ ဌာန မီတင်စားပွဲနားမှာ ထားတယ်။ အခုတော့ အဲ့ဒီအလုပ်ကို ဆက်လက်လုပ်နေကြသေးလား ကျနော်မသိတော့ပါ။

အသိဥာဏ်ရင့်သန်စေဖို့၊ ဗဟုသုတတိုးပွားစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ သိစေချင်တယ်။ ကြိုးစားရင် အရာထင်မယ်ဆိုတာ မြင်စေချင်တယ်။ သူများတွေ ဘာလုပ်နေပြီလဲ မိမိနဲ့နှိုင်းယှဉ်စေချင်တယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ်စေချင်ဘူး။ ရလာတဲ့ အသိပညာတွေကို အလုပ်ထဲမှာ ပြန်လည်အသုံးချရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို တည်ဆောက်ချင်တယ်။ ဒါကကျနော့ အတွေးတွေပါ။

ကိုဆန်းဝင်းကျောက်ပန်းတောင်းတို့လို မိမိရပ်ရွာကိုပြန်လည် အကျိုးပြုတာမျိုး တွေများပြားစေချင်မိတယ်။ ကိုတာတို့ မုံရွေးကြေးမုံမှာ စာကြည့်တိုက်တွေ ဖွင့်ကြတော့ အားကျမိတယ်။ စာပေနဲ့ အသိဥာဏ်ရင့်သန်တဲ့ လူငယ်တွေ ပြုစုပျိုးထောင်ကြရင် နောင်တစ်ခေတ်မှာ ရွှေမြန်မာတွေ တကယ့်ရွှေတွေ ဖြစ်မှာမလွဲပါဘူး။

ဒါပေမယ့် တကယ့်ပြင်ပမှာတော့ ပါးရှားနေသေးတယ်။ မှေးမှိန်နေသေးတယ်။ ပျောက်ကွယ်နေပါသေးတယ်။ နိုင်ငံရပ်ခြားကို အလုပ်လာလုပ်မယ့် လူငယ်လူရွယ်တွေဟာ အင်္ဂလိပ်စာကိုလေ့လာသင့်တယ်ဆိုတဲ့ အသိတွေ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဒီကိုလာတဲ့ ခရီးမှာ မလေးမှာ အလုပ်သွားလုပ်မယ့် လူငယ်သုံးယောက်နဲ့ ဆုံဖြစ်ပါတယ်။ သူတို့တွေ အင်္ဂလိပ်စာကို နားကိုမလည်ခဲ့ဘူး။ စာမဖတ်တတ်တင်တာလားဆိုတော့ မဟုတ်ဘူးဗျ စကားပါမပြောတတ်သလို ပြောတာကိုလည်းနားမလည်ခဲ့ပါဘူး။ သူတို့က မလေးကိုမနက်ငါးနာရီမှ ကူးရမှာပါ။ လေဆိပ်ထဲမှာပဲ စောင့်နေရမှာ။ ဒါပေမယ့် ဘုမသိဘမသိဆိုတော့ Immigration မှာ ၀င်တန်းစီးကြတာပေါ့။ သူတို့ ကိုမေးလည်း ဘာမေးမှန်းမသိ။ သူတို့က လည်း ပြန်မပြောတတ်နဲ့ အဲ့ဒီအချိန် ဒုက္ခတွေ့တော့တာပါပဲ။ အနည်းအကျဉ်း white card ဖြည့်နည်းလေးလောက် Immigration officer မေးရင် ဖြေနိုင်လောက်တဲ့ အနေအထားတော့ လေ့လာသင့်တယ်။ စီစဉ်ပေးတဲ့သူတွေကလည်း ပစ္စလက္ခတ်လွှတ်လိုက်ကြတာမျိုးမဟုတ်ပဲ ကိုယ့်အမျိုးအဆွေတစ်ယောက်လို အဆင်ပြေအောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ စာတွေဖတ်ရင်းနဲ့ ဒါမျိုးတွေ ပြင်ဆင်လာသင့်တယ်ဆိုတာလည်း သိလာစေချင်မိတယ်။

အခုလိုမျိုး တစ်နိုင်တစ်ပိုင် လုပ်လာကြမယ်ဆိုရင်ဖြင့် ကိုဆန်းဝင်းတို့ လက်ပန်ကျင်းရွာကလေးကနေ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်ကနေ မန္တလေးတိုင်း၊ မန္တလေးတိုင်းမှသည် နိုင်ငံအတိုင်းအတာအထိ နောက်တော့ မရွှေပြည်ရေးတဲ့ National Library လို စာကြည့်တိုက်တွေ တဖြည်းဖြည်းထွန်းကားလာပါစေလို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်ခင်ဗျာ...

22 June 2009

ဘူတာရုံ


မကြာခဏ
ဖြတ်သွားကြလေရဲ့

အမြန်ရထားတဲ့
ပဲခူးအိပ်တဲ့
ကားရထားတဲ့
လော်ကယ်တဲ့
စာပို့တဲ့
သစ်ဆွဲတဲ့
ဈေးရထားတဲ့
ဒဂုံမန်းတဲ့
အထူးအမြန်တဲ့

ရပ်လိုက်ကြ
ဖြတ်လိုက်ကြ
ကျော်လိုက်ကြ
ဘော်လိုက်ကြ

ပျော်ကြမယ်ထင်လို့
အဖော်ရစေဖို့
တစ်ခေါက်လောက်လိုက်ခဲ့ချင်တယ်
ဘူတာရုံကို အကြုံမခေါ်ကြဘူးလား
ငါလိုက်ချင်လို့…….

21 June 2009

ချစ်ခြင်းမဲ့ စစ်ပွဲများနဲ့ အနုပညာ


ဒီတပတ် ကြည့်ဖြစ်တဲ့ ဇာတ်ကားအဟောင်းလေးပါ။

ပိုလန်နိုင်ငံကိုအခြေစိုက်ထားတဲ့ဇာတ်ကားလေး။ ၀ါဆော ရေဒီယိုအသံလွှင့်ခန်းမှာ စန္ဒရားတီးတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀ကိုစစ်ပွဲတွေနဲ့ ယှဉ်ပြသထားခဲ့တာ။ ဒုတိယကမ္ဘာစစ်ရယ် နာဇီဝါဒရယ် ဂျူးလူမျိုးတွေရယ် တကယ့်သမိုင်းတွင် ပုံရိပ်တွေပါပဲ။ လူသားဆန်ခြင်းကင်းမဲ့တဲ့ စစ်ပွဲရဲ့ အရသာက ခါးသီးစက်ဆုပ်ဖို့ကောင်းလှပါလား။

ပိုက်ဆံလေးနှစ်ဆယ်နဲ့ ဘာဝယ်ရမလဲ။ ဂျူးမိသားစုတစ်စု လက်ဝယ်ထားရှိရမယ့် ငွေကြေးဟာ သိပ်နည်းလွန်းတယ်။ လူမျိုးလိုက် မျိုးဖြုတ်မယ့် အကြံကို ကြံရက်တဲ့သူကို မြင်ဖူးချင်မိတယ်။ မြတ်နိုးတဲ့ အဖိုးတန် စန္ဒရားကို ၂၀၀၀နဲ့ ချရောင်းလိုက်ရတာပေါ့ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာကိုး။

လမ်းမပေါ်မှာ အစာရေစာ ငတ်ပြတ်နေတာတွေ။ အစားအစာ ခိုးယူမှုနဲ့ ကလေးတစ်ယောက်ကို သတ်ဖြတ်နေတာတွေ။ အမယ်အိုဆီက လုယက်ပြီး လမ်းပေါ်မှာ ဖိတ်ကျတဲ့ အစားအစာတွေကို မိန်မိန်ယှက်ယှက် ကုန်းရက်နေတာတွေ။ အနိဌာရုံတွေပါပဲ။ စစ်ပွဲတိုင်းဒီမြင်ကွင်းတွေ ကြုံတွေ့ရမှာတဲ့လား။ ဘယ်သူကမှ မကူညီနိုင်ကြတော့ဘူးလား။ တိုးတိုးရေရွတ်မိတယ်….ဘုရားကယ်တော်မူပါဆိုတဲ့ စကားလုံးကို တိုးတိုးရေရွတ်မိတယ်။

ပြီးတော့ အာဏာရှင်ဆန်မှု။ လက်နက်ကိုင်ထားတဲ့သူတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း လူလူချင်းစော်ကား အနိုင်ကျင့်မှု။ သူတို့ကို ဘယ်နည်းနဲ့မှ မတွန်းလှန်နိုင်ကြတော့ဘူးတဲ့လား။ အာဏာဆိုတဲ့နောက်မှာ အနိုင်ကျင့်မှု ဆိုတဲ့ စကားလုံးပဲရှိတော့တာလား။ မျှတမှု စောင့်ရှောက်မှုဆိုတဲ့ စကားလုံးတွေ စာနာမှုအပြည့်နဲ့ တစ်ယောက်တည်းဖြည့်နေမိတယ်။

ဝှီးချဲနဲ့ အဖိုးအိုကို မတ်တပ်ရပ်နှုတ်မဆက်နိုင်လို့ တိုက်ပေါ်ကပစ်ချခဲ့တာတွေ။ ကိုယ်လိုသူလို လူတွေပါလားလို့ ထည့်မတွက်ပဲ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေ။ အဲ့ဒီကာလမှာနေရရင် ကျနော်ကိုယ်တိုင်လည်း ငိုးကြွေးမိမယ်ထင်ပါတယ်။

စန္ဒရားဆရာတစ်ယောက်ရဲ့ အနုပညာဟာ စစ်ပွဲတွင်းမှာပဲ ပျောက်ဆုံးခဲ့ရတယ်။ မိသားစုကိုလည်း ဆုံးရှုံးသွားခဲ့ရတာပါပဲ။ သူတို့ရဲ့ နောက်ဆုံးနေ့လည်စာစားပွဲလေးကို မြင်ယောင်ရင်း ရင်ထဲမှာ တနုံ့နုံ့ဖြစ်စေခဲ့တယ်။ မိသားစုနဲ့ ခွဲခွာရမယ်ဆို တော်တော်ကို ခက်ခဲလေးလံပါလား။ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မယ့်နေရာကို သွားဖို့ တစ်ယောက်တစ်လက်ဆွဲလို့ အားကြိုးမာန်တက်သွားနေလိုက်ကြတာ။ ချစ်ခင်သူတွေနဲ့ ဝေးကွာမှာစိုးလို့ အော်လို့ ဟစ်လို့ ဆွဲလို့ လွှဲလို့။

သေတွင်းကိုပို့မယ့်အရေးက သီသီလေးလွဲခဲ့ပြန်တယ်။ ဒါပေမယ့် အကျဉ်းသားတစ်ယောက် ပြီးတော့ ဂျူးလူမျိုးတစ်ယောက်အတွက် ကျန်နေခဲ့တဲ့ နေ့ညတွေကလည်း အိပ်မက်ဆိုးတွေချည်းပါပဲလေ။ သေတွင်းနှုတ်ခမ်းဝမှာ ဓါးလည်ပင်းထမ်း ပြီးလျှောက်နေရသလိုပဲ။

ပြီးတော့ ခိုးကြောင်ခိုးဝှက် ပုန်းလျှိုးကွယ်လျှိုး ဘ၀။ စန္ဒရားမြင်ပါလျက် မတီးရတဲ့ဘ၀။ ဘယ်လောက်ဆိုးလိုက်သလဲ။ ကီးတွေအပေါ်မှာ လက်ကလေး လေထဲမြောက်ပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် တီးနေလိုက်တာများ..နင့်နေအောင်ခံစားရပါတယ်။

အသက်တစ်ခုရှင်သန်ကျန်ရစ်ဖို့ ခက်ခဲပင်ပန်းလိုက်တာဗျာ။ ရေတစ်ပေါက်သောက်ရဖို့ အစာတစ်ခုစားရဖို့ အဲ့သလောက်တောင် ပါးရှားခဲ့တယ်တဲ့။ ဂျပန်စစ်ပွဲမှာ နေထိုင်ခဲ့ဖူးတဲ့ အဖိုးအဖွားတွေကိုမြင်ယောင်မိတယ်။ သူတို့ကော အဲ့လို ခံစားခဲ့ရမယ်ထင်တယ်။

စည်ကားလှပါတယ်ဆိုတဲ့ မြို့ကြီးတွေ အတုန်းအရုန်းပျက်စီးနေကြပြီ။ ဘယ်သူမှ မကျန်ရစ်တော့ဘူးဆိုရင် အထီးကျန်စွာရူးသွပ်သွားမယ်ထင်မိတယ်။ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ရှိမယ် ဆိုတာ သိပ်မသေချာဘူးလေ။

တစ်ခုတည်းသော စားစရာ သံဗူးကို ဖွင့်ဖို့ကြိုးစားရင်း ဂျာမန်စစ်ဗိုလ်နဲ့တွေ့တဲအခန်း။ စည်သွတ်ဗူးထဲက တစ်စိမ့်စိမ့်ထွက်ကျနေတဲ့ အရည်တွေကို နှမြောတသစွာထိုင်ကြည့်နေရုံပေါ့။ မင်းဘာအလုပ်လုပ်သလဲဆိုတော့ ငါ စန္ဒရားဆရာပါ ဆိုတဲ့ အဖြေရယ် နှစ်ရှည်လများ မတို့ထိခဲ့ရတဲ့ စန္ဒရားကို စမ်းတ၀ါးဝါးကနေ အားရှိပါးရှိတီးလိုက်တဲ့ အချိန်လေးရယ် သိင်္ဂါရ ရသကိုဖြစ်စေခဲ့တယ်။

မင်းသိပ်မစောင့်ရတော့ပါဘူး။ စစ်ပွဲပြီးရင်မင်းဘာလုပ်မလဲဆိုတော့ ၀ါဆောအသံလွှင့်ရုံမှာပဲ စန္ဒရားတီးမယ်တဲ့။ မင်းနာမည်ပြောပြပါ ငါစောင့်ပြီးနားထောင်ပါမယ် လို့ပြောပြီး တကယ်တမ်းတော့ နားထောင်ခွင့်မရသွားရှာဘူးနဲ့တူပါတယ်။ နွေးထွေးတဲ့ ကုတ်အင်္ကျီလေးတစ်ထည်နဲ့ အနုပညာကို နောက်ဆုံးပူဇော်ခဲ့တဲ့ပုံပါပဲ။ ဂျာမန်စစ်ဗိုလ်ခမျာ ဆိုဗီယက် သုံ့ပန်းစခန်းမှာပဲ ၁၉၅၂ခုနှစ်မှာ သေဆုံးသွားခဲ့တယ်။

ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဆိုတဲ့ အတိုင်း အောင်နိုင်သူအဖြစ်ကနေ ရှုံးနိမ့်သူဖြစ်ရပြန်တယ်။ ရုရှားတွေအောက်မှာ စစ်သုံ့ပန်းဖြစ်သွားတဲ့ ဂျာမန်တွေကို ဂျူးတွေ ပိုလန်လူမျိုးတွေက သိပ်နာကျည်းကြမှာပဲ။ သူတို့ကိုယ်တိုင်မကျူးလွန်ပေမယ့် ဂျာမန်အများစုကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ကျန်ရစ်တဲ့ ဂျာမန်တွေ ခါးစည်းခံရမှာသေချာပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးစု တစ်စုနဲ့ အခြားလူမျိုးတစ်စု အမုန်းတရားတွေ အခြေခံတဲ့ စစ်ပွဲတွေက သိပ်ကိုဆိုးဝါးလွန်းတယ်။ အာဏာရရှိဖို့အတွက် လူသားချင်းစာနာညှာတာမှုဆိုတာကို စတေးခဲ့ကြရမှာပါ။ ခွန်အားကြီးသူက ခွန်အားငယ်သူတွေကို နိုင်လိုမင်းထက်ပြုကျင့်လေ့ရှိတာ တိရိစ္ဆာန်စိတ်လို့ကျနော်တော့ ယူဆမိတယ်။ လူသားဆိုတာ အိပ်စားကာမသုံးမျိုးသာသိတဲ့ တိရိစ္ဆာန်ထက်သာတဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ဆိုတာ ရှိရမယ်လေ။ အတ္တတရားတွေများ သိပ်များလွန်းသွားလို့လား။ အမုန်းတရားတွေကပဲ တွန်းပို့လေသလား ဝေေ၀၀ါးဝါးပါပဲ။

လူမျိုးစုအလိုက်သတ်ဖြတ်မှုကို ဟိုတယ်ရ၀မ်ဒါ နောက်မှာ ကြည့်ဖြစ်တဲ့ ဒုတိယဇာတ်ကားပါ။ ကြိုက်လို့သိမ်းထားပါတယ် ဒါပေမယ့် နောက်ဘယ်တော့မှ မကြည့်တော့ဘူး………..

ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ဖို့







20 June 2009

ညောင်ညိုပင်လမ်းခွဲ



ညောင်ညိုပင်ရယ်
ဒီလမ်းကို ငါမရွေးချယ်ချင်ဘူး....


ဒီအရိပ်ကိုခိုခဲ့ဖူးတယ်

အေးမြတယ်

နွေးထွေးတယ်

ချွေးတိတ်အောင်စောင့်ရင်း

မင်းအရိပ်မှာ

တမှေးအိပ်ခဲ့တာ ကြာလှပါပကော

ညောင်ညိုပင်ရေ


မင်းအရိပ်မှာ

ပြည့်သိပ်နေမှတော့

ငါ့အတွက် နေရာဖဲ့မပေးနိုင်တော့ဘူးပေါ့

လေတစ်ချက်အတိုက်မှာ

ငါကြားလိုက်ပါတယ်

မငြိုငြင်ပါနဲ့

ညောင်ညိုပင်ရယ်

လမ်းခွဲစကားတွေ
မဆိုရက်ပေမယ့်

ရှေ့ခရီး မှုန်မှုန်ပြပြကို
ငါသွားရဦးမယ်.......

19 June 2009

ဒွိဟ

အခုအချိန်မှာ
ဘယ်ဆုကိုလိုချင်သလဲ
ပေးဆပ်ခြင်း
စွန့်လွှတ်ခြင်း
ခွဲခွာခြင်း
အရာအားလုံးအတွက်
အဘယ်ဆုကိုလိုချင်သလဲ

လွတ်မြောက်မှု
ကျန်းမာပျော်ရွှင်မှု
ငြိမ်းချမ်းမှု
ဘာတွေကိုဆုတောင်းပေးရမလဲ
ဘယ်ဟာက အသင့်တော်ဆုံးလဲ
ကိုယ်တိုင်ဝေခွဲမရနိုင်ဘူး
ဒွိဟစိတ်နဲ့
ဒီတစ်ရက်ကို
အမှတ်တယဖြစ်စေခဲ့ပြန်တယ်

မကြားနိုင်ပေမယ့်
တောင်းဆုချွေပါတယ်
လိုရာပြည့်ပါစေ……….

18 June 2009

အကယ်၍...

အခုတစ်လော အသိတစ်ယောက်ရဲ့ ခံစားချက်တွေကို နားထောင်ရင်း ဒီစာလေးကို ရေးဖွဲ့ပါတယ်။

သူက သူ့အတွက်လိုအပ်ရင် ကိုယ့်ဆီကို လာမှာသိပ်သေချာပါတယ်။

သူလာတိုင်း ကိုယ်မက်မောရတာက သူ့လက်ကလေးတွေနဲ့ တို့ထိမှုပါ။ ဖြောင့်တန်းသွယ်စင်းနေတဲ့ လက်ဖယောင်းလုံးတွေရဲ့ နူးညံ့မှုကို အမြဲတမ်း ရင်ခုန်လှိုက်မောရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်ဘူး။

အခါတိုင်းလည်း သူ့လက်ကလေးတွေနဲ့ ထိတွေ့ချင်မှ ထိတွေ့တတ်တာပါ။ ကိုယ်က space bar လေးမဟုတ်သလို။ သူ့လက်ချောင်းလေးတွေတင်ထားလေ့ ရှိတဲ့ “asdf jkl;” key တွေလည်း မဟုတ်ပြန်ဘူးလေ။ ရံဖန်ရံခါ ထိတွေ့တတ်တဲ့ Enter တို့ shift တို့လည်း မဖြစ်ခဲ့ပြန်ဘူး။ သူ့အတွက်တော့ ကိုယ်ဟာ အစိမ်းသက်သက်ပါပဲ။

အမြဲတမ်းမဟုတ်ပေမယ့် တခါတလေ ဆိုတဲ့ အသိနဲ့တင် ကျေနပ်ပျော်ရွှင်ရပါတယ်လေ။ တခါတခါကျတော့လည်း ထိလုထိခင်လေးဖြစ်သွားရတာကို ကိုယ့်မှာ တိမ်းမူးနေရတာ။ မတော်တဆ လက်ချောင်းတွေအရွှေ့ တိုးတိုက်မိသွားတဲ့အခါမျိုးမှာ လှိုက်ခနဲ နေ အောင်ပျော်သွားမိတာ ဗွေတော့ မယူပါနဲ့နော်။ ကိုယ် ဟန်မဆောင်တတ်လို့ပါ။

ပြီးတော့ သူနဲ့ကိုယ်နဲ့ ဆုံတွေ့ရတဲ့ အချိန်က ခပ်နည်းနည်းလေ။ သူကလည်း ကိုယ့်အနားမှာ ရှိမှ ဒါ့အပြင် သူကလည်း အားလပ်ချိန်များများ ရှိမှပါ။ အလုပ် အလုပ်နဲ့ တစ်ချိန်လုံး ရေရွတ်နေရတဲ့ ဒီကာလကြီးမှာ အားလပ်ချိန်ဆိုတာကလည်း ရွှေထက်ရှားတယ် မဟုတ်လား။

အိမ်သန့်ရှင်းရေးမို့၊ အ၀တ်လျှော် မီးပူတိုက်မို့၊ ငါ့ဝမ်းပူဆာမနေသာမို့၊ သူငယ်ချင်းတွေခေါ်လို့၊ သာရေးကတစ်မျိုး နာရေးကတစ်ဖုံနဲ့ အား,ပါတယ်ဆိုတာ ကြားရရင်ကို နားမှာချိုလှပါပြီ။

သူလာမယ့်အရေး မျှော်တွေးရင်း မယ်ခုမျှော် နဲ့ စိန်ခြူးကြာညောင်ကို ဆိုချင်ဆိုတတ်တယ်။ အခုမှ မမြလေးကိုပဲသနားရမလား လှိုင်ထိပ်ခေါင်တင်ကိုပဲ ကိုယ်ချင်းစာရမလား။ ခက်ပါသကောလေ။ အခုတစ်လော ကလေးတွေ ဖွင့်ဖွင့်နေတဲ့ ကြင်နာသူကို စောင့်စား ဆိုတာမျိုးလို ဖြစ်နေတာကြာပြီ။

ကိုယ့်မာန်နဲ့ ဟန်နဲ့ နေမယ်လို့ တွေးမိပြန်တော့လည်း ကိုယ်တိုင်က လက်မခံနိုင်ပြန်ဘူး။ ဒီအတိုင်း ရပ်တည်မယ်ကြံလိုက်တိုင်း မတ်မတ်က ခွေယိုင်လဲချင်တယ်။ keyတစ်ခု ဖြစ်ရတဲ့ ဘ၀မှာ သူတစ်ကာ အထိကို ထိုင်စောင့်နေရတာမို့။ မာန်မတင်းနိုင်ပြန်ဘူးပေါ့။

သူများ လိုအပ်မလားဆိုပြီး EverReady ဖြစ်ဖြစ်နေတတ်တာမို့ ကိုယ့်ဘ၀ကိုပဲ စိတ်နာ ရမလိုလို။ ရွေးချယ်ခွင့်ရှိတာမျိုးမှ မဟုတ်တာနော်။ ကံသာအမိ ကံသာအဖဆိုပြီး ဖြစ်လေရာဘ၀မှာ ဓါးမဦးချ နေလိုက်ရ တော့တာပါပဲ။

အကယ်၍များ

ရွေးချယ်ခွင့်ရှိခဲ့ရင်…

သူတကာလိုအပ်ချက်တွေအတွက် စပယ်ရှယ် တီထွင်ထားတဲ့ အသုံးချkey လို့ပဲ ဆိုဆို

ဘယ်လောက်အရေးပါတဲ့ key လို့ပဲ ပြောပြော

နောင်ဘယ်တော့မှ F1 မဖြစ်ပါရစေနဲ့တော့…..

17 June 2009

မြင်စေချင်စမ်းလှသည်

ပိတောက်နွေကဆောင်းပါးလေးပါခင်ဗျာ

ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့သင့်ဘ၀မဂ္ဂဇင်းမှာ ဖတ်ဖူးခဲ့တာကြာပါပြီ။ ၉၈ မြန်မာတစ်နိုင်ငံလုံး အဆင့်ဝင်သူတစ်ယောက်ရဲ့ စာလေး။ စင်ကာပူနိုင်ငံကို ရက်တိုသင်တန်းတစ်ခုမှ သူ့ရဲ့အတွေ့အကြုံ။ အဓိကပြဿနာက လက်တွေ့ပိုင်း အားနည်းမှု နည်းပညာပိုင်းချို့တဲ့မှု စသည်။ အခုလုပ်ငန်းခွင်ထဲတွေအထိ အဲဒီအရိပ်ဆိုးက ထပ်ကြပ်ပါနေတုန်း။ ရှေ့အဆက်ဆက်က အစ်ကိုကြီးအစ်မကြီးတွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့နေရလေတော့ နောက်တက်ညီငယ်ညီမငယ်တွေကို ဒီအရိပ်ဆိုးအောက်က လွတ်မြောက်ပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ အားလုံးရဲ့အလယ်မှာ မြန်မာဟေ့လို့ မားမားမတ်မတ်ရပ်နိုင်တဲ့ တစ်နေ့ကို မသေခင် မြင်သွားချင်လှပါသည်။

ကျနော့အမြင်လေးတွေကို နည်းနည်းပြောကြည့်ပါရစေဗျာ။

ကျနော်ငယ်စဉ်က သိချင်စိတ်ပြင်းပြစွာနဲ့ ဟိုဟာလက်ညှိုးထိုး ဒီဟာလက်ညှိုးထိုး မေးခဲ့ဖူးပါတယ်။ ဒီကလေးနှယ် လျှာရှည်ရန်ကောဆိုတဲ့ မှတ်ချက်တွေသာ ကျနော့ငယ်ဘ၀မှာ ပဲ့တင်ထပ်ခဲ့တယ်။ တခြားနိုင်ငံကလေးငယ်များနဲ့ ကျနော့ငယ်ဘ၀မှာ များစွာကွာခြားလှပါတယ်။ ကျနော်ငယ်စဉ်က ကျောက်ခဲ ဆိုတာ ကျောက်ခဲလို့ သိရုံထက်မပိုခဲ့ပါ။ သူတို့တွေမှာတော့ ဒါက အင်ကြင်းကျောက် စကျင်ကျောက် ဘယ်အရပ်မှာ ဘယ်လိုမျိုးတွေ့ရတတ်တယ်ဆိုတာက အစ သိနေကြလေရဲ့။

တစ်ချို့သော အကြောင်းအရာများတွင်လည်း လူရာမ၀င်သေးဟုသတ်မှတ်ကာ စကားဝိုင်း မှဖယ်ရှားခံရခြင်းများကြောင့် အရွယ်ရောက်လာတော့ ဒါငါနဲ့မဆိုင်ဆိုသော အစွဲကိုကိုင်စွဲစေခဲ့သည်အထိ။ လူကြီးမိဘ ခိုင်းသည်နှင့်တသွေမတိမ်းလိုက်နာတတ်သည်။ အကြောင်းအကျိုးအကောင်းအဆိုးကို မခွဲခြားတတ်ခဲ့။ ဥပမာတစ်ခုမှာ မိရိုးဖလာဗုဒ္ဓဘာသာတွေသာ ဖြစ်နေခြင်းပင်။ ဘာသာတရား၏အနှစ်အရသာကို သိသူမဟုတ်ခဲ့ပါ။

ဇီဝဖြစ်စဉ် ရူပဖြစ်စဉ်များကို ငယ်ငယ်ကတည်းက အကျွမ်းတ၀င်ရှိခဲ့လျှင် စာတွေဖတ်ရသောအခါ ခက်ခဲမည်မထင်။ အခုတော့ စာတွေသည် စာတွေသာဖြစ်ခဲ့သည် လက်တွေ့ဘ၀နဲ့ မအပ်စပ်ခဲ့။

သူငယ်တန်းကနေ ရှစ်တန်းအထိ လက်တွေ့ဆိုတာဘာမှမသိ။ ကာယအချိန်တွင် သန့်ရှင်းရေးလုပ်ခိုင်းသည်မှအပ အခြားမရှိ။ ကိုးခရိုင်စိမ်းလန်းစိုပြေရေး နယ်မြေမို့ သုံးယောက်ကို တစ်တွင်းတူး မလေးရှားပိတောက်တွေ စိုက်ခဲ့ ရေလောင်းခဲ့တာတော့ ရှိပါသေးတယ်။ နယ်မြေကျဉ်းကျဉ်းလေးမို့ ဘယ်ကြိုဆိုရေး ဘယ်ဖွင့်ပွဲကိုမှ မတက်ခဲ့ရသည်က ငြိမ်းအေးရာအမှန်။ စာကြည့်တိုက်ဆိုတာ လည်းကျောင်းမှမရှိ။ လေးတန်းရောက်မှ ဥာဏ်စမ်းဖြေဖို့ မှန်နန်းရာဇ၀င်တွဲတွေ ကျောင်းအုပ်ကြီးဆီက ငှားမှ စာအုပ်တွေရှိတာသိရသည်။ သို့သော်နောက်ကျခဲ့ပြီ။

ကိုးတန်းရောက်တော့ သိပ္မံဘာသာတွဲကို အင်္ဂလိပ်လိုသင်ရပြီ။ နားလည်ရင် လွယ်ပေမယ့် အင်္ဂလိပ်ဆိုတဲ့ နတ်ကလည်းကြီး ဘာသာတွဲတွေက မမြင်လွယ်မတွေ့လွယ်ဆိုတော့ အာလုံးအခက်။ ဓါတ်ခွဲခန်းထုတ်ဖော်ပုံတွေကို မျက်စိမှိတ်ပြီးကျက်ခဲ့ရသည်။ ပစ္စည်းကမစုံ chemical ကမရှိမို့ အောက်ဆီဂျင်နဲ့ ဟိုက်ဒြိုဂျင်ပေါင်းစပ်ခြင်းသည် ရေဖြစ်လာသည်ဆိုသည်မှာ တကယ့် ယုံတမ်းစကားတစ်ခုလို။ မယုံဘူးဆိုရင်လည်း စာမေးပွဲနဲ့အလောင်းအစားလုပ်ဝံ့ပါ့မလား။ ထိုနည်းနှင်နှင် အမီးဘားရဲ့ ခြေထောက်တွေလှုပ်နေတယ်တို့ သူတို့မှာ ပုံသေပုံစံမရှိဘူးဆိုတာလည်း ဘကြီးအောင်ရဲ့ စကားတွေလို။ မိုက်ခရိုစကုပ်တစ်ခု ဘယ်မှာလွယ်လွယ် ရနိုင်ပါ့မလဲ။

ကိုးတန်းနှစ်ဝက်လောက်မှာ တစ်နိုင်ငံလုံးရဲ့အဓိက ပစ်မှတ်က ကျောင်းတိုင်း မာလ်တီမီဒီယာဖြစ်ရေး။ မရှိမဲ့ ရှိမဲ့လေးတွေကို မထည့်မနေရထည့်လိုက်ရတဲ့ ကွန်ပြူတာဖိုးက ကျောင်းမှာ လက်ညှိုးထိုးပြဖို့ ပစ္စည်းတစ်ခုရခဲ့တယ်ဆိုတာပါပဲ။ ပိုက်ဆံတွေသာပေးလိုက်ရပေမယ့် ကွန်ပြူတာမှာ ဘာတွေပါတယ် ဆိုတာမသိ။ လုံးဝမသိ။ ဆယ်တန်းရောက်ပြန်တော့လည်း ထိုနည်းနှင်နှင်။

တစ်ဖန်ဝိုင်တီယူဆိုတဲ့ ကျောင်းကိုရောက်ပြန်တော့ စိတ်ထဲမှာ စွဲမြဲခဲ့တဲ့ ကျောင်းတော်ကြီးနဲ့လွဲခဲ့ပြန်တယ်။ ကျောင်းတော်ကြီးမှာ ပစ္စည်းတွေစုံမစုံဆိုတာ မသိပေမယ့် ကျနော်တက်ခဲ့ရတဲ့ ကျောင်းသက်တမ်း တစ်လျှောက်ကတော့ ခြောက်တီးခြောက်ချက် လက်တွေ့များသာ။ လက်တွေ့ခန်းဆရာမရဲ့ ဟဲ့အစိမ်းနဲ့နော်ဆိုတဲ့ အသံအောက်မှာ စမ်းသပ်ချင်တယ်ဆိုတဲ့ စိတ်တွေဟာ ငုပ်လျှိုးပျောက်ကွယ်သွားခဲ့စမြဲ။ အင်ဂျင်နီယာဘာသာဆိုတာ စာထိုင်ကျက်နေရုံနဲ့ မရဘူးဆိုပေမယ့်လေ။ ပညာဆိုသည်မှာ စာအုပ်ကိုကျော်၍မြင်နိုင်စွမ်းကို ဆောင်နိုင်ရာ၏ဆိုသော စကားကို အရမ်းနှစ်သက်ခဲ့ပါသော်လည်း မရှိမဲ့ရှိမဲ့ကျောင်းထားပေးရသော မိဘမျက်နှာကို ထောက်ကာ စူစမ်းခြင်း တက်မြောက်လိုခြင်း လက်တွေ့စမ်းသပ်ခြင်းများသည် တစ်နှစ်တစ်တန်းအောင်မြင်ရေးနောက်တွင် အလိုလို ကျရှုံးကြစမြဲ။

လုပ်ငန်းခွင်ဝင်ပြန်တော့လည်း အထက်အရာရှိ ပြောသမျှသည် မိမိလုပ်ရန်တာဝန်ဟုသတ်မှတ်ကာ ပြန်မပြောပဲ ကြိတ်မှိတ်လုပ်တတ်ခဲ့သည်။ ရှေ့တွင်ခေါင်းညိတ်ပြီး ကွယ်ရာတွင်လုပ်ချင်ရာလုပ်တတ်သော အကျင့်သည် တကယ်တော့ မကောင်းဟု ကျနော်ယူဆပါသည်။ သူပြောသမျှတိုင်းမှန်သည်လည်း မဟုတ်ပါ။ ကျနော်တို့၏ ရှက်ရွှံ့ခြင်း လူတောမတိုးခြင်းစိတ်ဓာတ်များသည် တစ်ခါတစ်ခါ ဒုက္ခရောက်စေတတ်ပါသည်။

နောက်တက်လူငယ်များ ဤအဖြစ်မျိုးမှ လွတ်မြောက်စေရန် မည်သို့မည်ပုံ ကူညီနိုင်ကြပါမည်နည်း?

မည်သို့ဆိုစေ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု၊ စူးစမ်းဆင်ခြင်တတ်သော စိတ်တို့ဖြင့် ပြည့်နှက်နေသော ကျနော်ချစ်သော ကျနော့မြေမှ ညီငယ်ညီမငယ်များကိုဖြင့် မြင်ချင်စမ်းလှပါဘိတော့သည်……

နံရံရဲ့ တစ်ဖက်တစ်ချက်

အရင်တုန်းက ပိတောက်နွေဆိုတဲ့ စာပေရပ်ဝန်းတစ်ခုကို မိတ်ဆက်ပေးခဲ့ဖူးတယ်။ အဲ့ဒီစာပေရပ်ဝန်းလေးက မထင်မှတ်ပဲ ရပ်တန့်ပျောက်ကွယ်သွားပါတယ်။ အဲဒီစာပေရပ်ဝန်းမှာ ၀တ္ထုတိုတစ်ပုဒ်နဲ့ ဆောင်းပါးသုံးပုဒ် ကျနော်ရေးခဲ့ဖူးပါတယ်။ စာတွေပျောက်သွားမှာစိုးလို့ ဒီဘလော့မှာ ပြန်တင်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

နံရံဆိုတာ အရာရာကိုပိုင်းခြားပစ်ဖို့တဲ့လား။ တစ်ဖက်တစ်ချက်မှာကိုယ်စီရှိနေတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသလို ခံစားချက်တွေကိုလည်း မမြင်နိုင်စွမ်းတော့။

တစ်ကယ်တမ်းတော့ နံရံရဲ့ တစ်ဖက်တစ်ချက်မှာရပ်နေခွင့်တွေကို သူတို့ကိုယ်တိုင်ကပဲရွေးချယ်ခဲ့တာပါ။ နံရံရဲ့တစ်ခြားဘက်က ဘာတွေရှိနေခဲ့ပြီး ဘာတွေဖြစ်ပျက်ခဲ့ပြီလဲ ဘယ်သူမှမသိ………

ကျောင်းနောက်ဆုံးနှစ် လေ့လာရေးခရီးစဉ်က ဟိုးနယ်အဝေးက စက်ရုံတစ်ခုတဲ့။ နှင်းစက်ညိုနာမည်စာရင်းစာရွက်ကို လက်နဲ့ဖွဖွတို့ ကြည့်မိတယ်။ အင်းဒီခရီးစဉ်ကို လိုက်မှဖြစ်မယ်။ စာတွေ့တွေထက် လက်တွေ့တွေကို သူအမြဲစိတ်ဝင်စားနေကြလေ။ နယ်အဝေးကို အိမ်ကလွှတ်ပါ့မလား။ အင်းရအောင်လိုက်ဖို့ဆုံးဖြတ်ပြီးနေပြီပဲ နောင်ခါလာနောင်ခါဈေးပေါ့။

ပြည့်စုံအောင်……ပါလာတဲ့အထုပ်တွေကို စစ်နေတယ်။ အားလုံးစုံပြီလား။ ခရီးအတူသွားရမယ့် လူစာရင်းကို တစ်ချက်စစ်တယ်။ အားလုံးဆုံပြီပဲ။ ကားသမားကလည်း ညနေ ၅နာရီခွဲပြီမို့ သူ့ခရီးစဉ်ကို စထွက်လိုက်တယ်။ အဲဒီနယ်မြေက အားလုံးအတွက်အစိမ်းသက်သက်။ ဒါပေမယ့် စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့။

ခရီးစဉ်တစ်လျှောက်လုံး သွားရင်းလာရင်း စားရင်းသောက်ရင်း အားလုံးရင်းနှီးသွားစေတယ်။ အင်း ဒါပေမယ့် နှင်းစက်ညိုဆိုတဲ့ကောင်မလေးက တစ်မျိုးပဲ။ အားလုံးနဲ့ကွဲထွက်နေလေရဲ့။

ကားလမ်းခရီးပြီးပြန်တော့ ရေလမ်းခရီးစဉ်။ သောင်ပြင်ကိုဖြတ်ရတော့ မိန်းကလေးတွေရဲ့ အထုတ်တွေကို ယောင်္ကျားလေးတွေက ကူညီသယ်ပေးကြတယ်။ သူ……….နှင်းစက်ညို ဘယ်သူ့ကိုမှမကြည့် ကိုယ့်အထုတ်ကို ရအောင်ဆွဲနေလေရဲ့။ ကျနော်ကူဆွဲပေးရမလားဆိုတော့ ပါးလျတဲ့နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ရင်း ရပါတယ်တဲ့။

စက်ရုံကလာကြိုတဲ့ကားနဲ့ စက်ရုံမြေကိုခြေချလိုက်ရတယ်။ ခြောက်သွေ့ဒေသဖြစ်တာမို့ ပူလောင်မှုကိုစတင်ခံစားနေရပြီ။ ထနောင်းပင်ကြီးတွေကိုလည်း မမြင်ဖူးလို့ အထူးအဆန်းကြည့်နေကြတယ်။ ထနောင်းရွက်သုတ်ဆိုတာ ဒီကမှဟုတ်ပါလေစ။ အားပါးပါး ကြီးကျယ်ခမ်းနားတဲ့စက်ရုံကြီးပါလား။ ၈၀၁နဲ့ ၈၀၂ မှာ ယောင်္ကျားလေး အဆောင် မိန်းကလေးအဆောင်အဖြစ်ခွဲထားပေးတယ်။ အထုတ်တွေကို နေသားတကျ ချအပြီးမှာ စက်ရုံမှူးနဲ့တွေ့ရတယ်။ ခင်ဗျားတို့တွေ လိုအပ်တာကို အားမနာပဲ အကူအညီတောင်းပါဆိုပြီး လာတွေ့သွားတယ်။ မနက်ဖြန်မှ စက်ရုံထဲကို စ၀င်ကြရမယ်လေ။

ရောက်ရောက်ချင်းညမှာပဲ နှင်းစက်ညိုအတွက် အထူးအဆန်းတွေစတင်ခဲ့တယ်။ အဲဒီညက သူအိပ်မက်မက်ခဲ့တယ်။ ဒီအိပ်မက်က ခဏခဏမက်တဲ့အိပ်မက်။ သူ့အနားမှာ မြွေတွေဆော့ကစားနေတယ်ဆိုတဲ့အိပ်မက်။ အိပ်မက်ထဲမှာတော့ သူပျော်ရွှင်စွာ ကစားနေတယ်တဲ့။ အပြင်မှာတော့ သူ့မှာကြောက်လန့်နေခဲ့တာ။ ပြန်အိပ်လို့မရတော့ အဆောင်ရှေ့ဝရန်တာကို ထွက်မိတယ်။ ၈၀၁က ကောင်လေးတွေလည်း မအိပ်ကြသေးဘူးဆိုတဲ့အသိနဲ့ သူမ အထဲပြန်ဝင်လိုက်တယ်။

ပြည့်စုံသတိထားမိလိုက်တယ်။ ချပ်ခနဲ တံခါးကြားက ထွက်လာတဲ့အလင်းရောင်ကြောင့် အမှောင်ကနေ သတိထားမိလိုက်တာပါ။ အရိပ်အရဆိုရင်တော့ သေချာတယ် ဒါ…နှင်းစက်ညို။ တခုခုများလားဆိုတဲ့ အတွေးတွေမဆုံးခင်မှာ အလင်းရောင်ကပျောက်သွားပြန်တယ်။ ဒီကောင်မလေးဟာ ပုစ္ဆာဆန်လွန်းလှတယ်။ ဒါပေမယ့် များများသိပ်မတွေးနိုင်ပဲ ပင်ပန်းမှုအရှိန်နဲ့ အိပ်ပျော်သွားခဲ့ရတယ်။

နောက်နေ့ လာကြိုတဲ့ဖယ်ရီကားနဲ့ အားလုံးလူစုံတက်စုံ စက်ရုံကိုချီတက်ကြတယ်။ ညကအိပ်ရေးပျက်ခဲ့ပေမယ့် တက်ကြွတဲ့စိတ်နဲ့မို့ သိပ်မသိသာခဲ့။ ပထမဆုံး ဂိတ်၁ကနေ၀င်လာပြီးပြီးချင်း ဘယ်ဘက်က စက်ရုံဆေးခန်း ၊ ညာဘက်က Admin ဌာန။ ပထမတစ်ရက်ကတော့ Admin မှာပေါ့။ Admin ရဲ့ အောက်ထပ်မှာ စက်ရုံတစ်ခုလုံးရဲ့ ဆက်သွယ်ရေး တယ်လီဖုံးခုံထိုင်ထားတာတွေ့ရတယ်။ ယောင်္ကျားလေးတွေရဲ့ မျက်လုံးတွေက အဲဒီအခန်းကို စိတ်ဝင်စားနေကြလေရဲ့။ ထမင်းစားဖို့ကို ရုံးကသက်သာထမင်းဆိုင်မှာ စားကြရတယ်။ ကျောင်းသားလေးတွေဆိုပြီး ထမင်းဆိုင်က အဒေါ်ကြီးက ဟင်းဖတ်များများခပ်ထည့်ပေးနေတယ်။ ၀န်ထမ်းတွေကလည်း ထမင်းချိုင့်လေးတွေနဲ့။ ၀န်ထမ်းမိသားစုရဲ့နွေးထွေးတဲ့ဆက်ဆံရေးကို မြင်လိုက်ရတယ်။ ထမင်းဟင်းဝယ်မစားပေမယ့် စားပွဲ တိုင်းအတွက် ဟင်းချိုလေးတွေ ထည့်ပေးနေလေရဲ့။

ညနေအိမ်ပြန်ချိန်မှာတော့ ကိုယ်ရလာတဲ့လေ့လာမှုတွေကို တစ်ယောက်တစ်ပေါက် ပြောရင်း ပြန်တင်ဖို့စာတမ်းတွေကို ပြင်ဆင်နေခဲ့တယ်။ အားလုံးမင်သက်စေတဲ့ ခေါင်းစဉ်တွေကို နှင်းစက်ညိုက တစ်ချက်ချင်း ၀ှက်ဖဲတွေဆွဲထုတ်သလို ထုတ်လာခဲ့တယ်။ အဲဒီညကလည်း သူအိပ်မက်မက်ပြန်တယ်။ သူဘာလုပ်ရမလဲ။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတစ်ခုကို နောင်တနဲ့ ညည်းညူတတ်တဲ့ အထဲမှာ သူကိုယ်တိုင်မပါဝင်တာတော့ အခက်သားလား။

ဒုတိယ တတိယနေ့တွေမှာ စက်ရုံရဲ့ cooker နဲ့ boiler ဌာနများမှာ အပိုင်းလိုက်တာဝန်ယူလိုက်ကြတယ်။ ခင်မင်စရာကောင်းတဲ့ ၀န်ထမ်းတွေနဲ့ သူတို့ဘ၀လေးတွေဟာနေသားတကျ။ စက်ရုံရှပ်ဒေါင်းဖြစ်တာနဲ့ ဟိုလူဒီလူ ဌာနတစ်ခုနဲ့တစ်ခု ၀ိုင်းဝန်းဖြေရှင်းလိုက်ကြတာ အားကျပျော်ရွှင်စရာကောင်းလှပါတယ်။ ချွေးတွေကျအောင် ပြေးလွှားနေကြပေမယ့် မောတယ်လို့မညည်းညူတတ်ကြ။

လေးရက်မြောက်ကိုတော့ Lab ဌာနက အပျိုကြီးတွေရှိတဲ့နေရာကိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်နေကြတဲ့ အပျိုကြီးတွေက တကယ်ကိုခင်မင်စရာကောင်းလှပါတယ်။ ဒါပေမယ့် နှင်းစက်ညိုက ဘယ်စကားဝိုင်းကိုမှဝင်မလာသလို ဘေးကနေရယ်မောဖို့ကို Lab အခန်းထဲက စမ်းသပ်မှုတွေလောက်တောင် စိတ်မ၀င်စားခဲ့သလို။ ပြည့်စုံအောင်တို့ကတော့ အပျိုကြီးတွေရဲ့ လက်ဖက်သုပ်ကိုတောင် ၀ိုင်းဝန်းစားသောက်နေကြပြီ။

ငါးရက်မြောက်ကတော့ ရေသန့်ဌာနပေါ့။ သူတို့က စက်ရုံပင်မနဲ့ ဝေးတဲ့တခြားတစ်နေရာမှာပါ။ ဧရာဝတီမြစ်နဲ့ကပ်ပြီးဆောက်ထားခဲ့တာလေ။ မြစ်ကြောင်းထဲက သင်္ဘောတွေကို ကြည့်နေရတာ အသစ်အဆန်းတွေလိုပါပဲ။ အားလုံးငေးနေတုန်းမှာ နှင်းစက်ညိုတစ်ယောက် အိပ်မက်ယောင်သလို မြစ်ကမ်းဘက်ကို လျှောက်သွားတာ တွေ့လိုက်ကြတယ်။ မိန်းကလေးအဖော်တွေက လိုက်ခေါ်မှပြန်ပါလာတော့တယ်။ သူ့ဘာသာလည်းဝေခွဲမရဖြစ်တဲ့ ပုံစံမျိုးနဲ့။ ဒါပေမယ့် သူ့ဆီက ဘာဆိုဘာမှ ပြောမလာခဲ့။ မေးခွန်းတို့မေးမယ်ဆိုတော့လည်း သူ့ကိုမေးဖို့ဘယ်သူမှမမေးဝံ့ကြ။

နောက်နေ့ရုံးပိတ်ရက် အားလုံးကို အနီးအနားဒေသန္တရ ဗဟုသုတရအောင် ရုံးက အန်တီငယ်က လိုက်ပို့ပေးမယ်တဲ့။ သူတို့တွေ သွားဖြစ်တာက စက်ရုံမိသားစုဈေးလေးဆီကို။ ဈေးထဲမှာ မနက်စာစားခဲ့ကြတယ်။ အညာမုန့်ဟင်းခါးကလည်း ကောင်းတာပါပဲ။ နောက်တစ်ခုက စက်ရုံဘေး ရွာထိပ်က ကိုးတောင်ပြည့်ဘုရားလေးတစ်ဆူဆီကိုပေါ့။ ဘုရားလေးနားမှာ ရေကန်ငယ်လေးတစ်ခု။ အန်တီငယ်ပြောတာတော့ ဒီဘုရားလေးက အလောင်းစည်သူတည်ခဲ့တာတဲ့။ ကန်လေးကတော့ ဖောင်တော်ဆိုက်တဲ့နေရာတဲ့။ ဘုရားလေးက လရောင်ကို ဌာပနာပြီးတည်ခဲ့တာဆိုပဲ။

ဘုရားထိပ်က ညောင်ပင်အထိ လမ်းလျှောက်လာခဲ့တယ်။ လမ်းနားက သစ်ပင်ကြီးတွေက လေအလာမှာ တရွှီးရွှီးနဲ့မြည်နေကြလေရဲ့။ နှင်းစက်ညို စိတ်မှာတစ်ခုခုခံစားလာရသလိုပဲ။ ဘုရားအရှေ့မုဒ်ဝက ညောင်ပင်ကြီးကိုရောက်တော့ အန်တီငယ်က ဒီညောင်ပင်ကြီးကို ဟိုးဗုဒ္ဓဂါယာ ဘုရားပွင့်တဲ့နေရာကနေယူလာတာတဲ့။

သိပ်ကိုကြီးမားနေပြီဆိုတော့ အချိန်တော်တော်ကြာ ခဲ့ပြီပေါ့။ ဟေ့အားလုံး ဒီမှာကြည့်စမ်း အုတ်ချပ်ကြီးတွေတဲ့….ဘုရားတည်တဲ့ခေတ်က ရှေးဟောင်းအုတ်ချပ်ကြီးတွေလေ။ အိုးသိပ်ကိုကြီးမားကျယ်ပြန့်တဲ့အုပ်ချပ်ကြီးတွေဆိုပြီး အပြေးအလွှားသွား ကိုင်ကြည့်ကြတယ်။ အဲဒီအချိန်မှာ အားလုံးကို ဦးစားပေး ကိုင်ခွင့်ပေးထားပြီးနောက် ပြိုင်တူကိုင်လိုက်မိကြတာက နှင်းစက်ညိုနဲ့ ပြည့်စုံအောင်။ မိုက်ခနဲတစ်ချက်ဖြစ်ပြီး နှင်းစက်ညိုတစ်ယောက် ဘာကိုမှမသိနိုင်ခဲ့တော့။ အုတ်တစ်ချပ်ရယ် နှင်းစက်ညိုရယ် ပြည့်စုံအောင်ရယ်။

နှင်းစက်ညိုသတိရလာတဲ့အချိန်ကျတော့ သူရောက်ရှိနေတာက စက်ရုံမိသားစု ဆေးရုံမှာပေါ့။ ဘေးနားမှာ သူငယ်ချင်းတွေနဲ့။ နှင်းဘာမှမဖြစ်ပါဘူးနော်လို့ မေးလိုက်တဲ့ ပြည့်စုံအောင်ကို စတွေ့လိုက်ရပါတယ်။ အင်းလို့တစ်ချက်ဖြေရင်း အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။ သဘာဝလွန်အဖြစ်အပျက်တွေပဲလား။ လက်တွေ့ဆန်တဲ့ နှင်းစက်ညို တစ်ယောက် ယုံကြည်ဖို့ ဆိုတာမလွယ်။ ညအိပ်ရေးပျက်တာတွေများနေလို့ဖြစ်မှာပါလို့ ကိုယ့်ဘာသာကောက်ချက်ချလိုက်တယ်။

ကျန်တဲ့လူတွေသိချင်စိတ်ပြင်းပြနေတဲ့ အဲဒီအဖြစ်အပျက်တွေကို နှင်းစက်ညိုတစ်ယောက် တူးဖော်ဖို့မကြိုးစားချင်။ အားလုံးပြီးဆုံးတဲ့နေ့အထိ မသိချင်ယောင်ဆောင် သွားခဲ့တယ်လေ။

ပြည့်စုံအောင်တစ်ယောက်ကတော့ ဘုရားသမိုင်းကိုရှာဖွေဖို့ကြိုးစားနေလေရဲ့။ သေးငယ်တဲ့ဘုရားတစ်ဆူ မထင်မရှားဆိုတော့ လွယ်တော့မလွယ်။

နံရံရဲ့ တစ်ဖက်တစ်ချက်မှာ ကိုယ်စီရပ်နေကြတဲ့ သူတို့တွေအတွက် ကျနော်တို့တွေကတော့ ပရိသတ်အဖြစ်ကြည့်နေရတော့မှာပါ။ နံရံရဲ့တစ်ဖက်မှာဘာတွေရှိမှာပါလိမ့်……………..

စာဖတ်သူတွေကို လျှို့ဝှက်ခဲ့တာမဟုတ်ပါဘူး။ ဒီလိုကိစ္စရပ်တွေမှာ အမြင်တွေ အယူအဆတွေကွဲလွဲတတ်ကြပါတယ်။ ရှိကောင်းရှိနိုင်သလို ကြုံကောင်းလည်း ကြုံနိုင်ကြမှာပါ။ မေကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို ၀တ္ထုလေးအဖြစ် ဖြည့်စွက်ထားခဲ့တာပါ။ မေကြုံတုန်းကတော့ ရှေးဟောင်းမြို့ငယ်လေးပါ။ မြင်ကွန်းဆိုရင် သိမယ်ထင်ပါတယ်။ အခုလည်း ယုံကြည်သူတွေက မိမိယုံကြည်သလို ဇာတ်လမ်းကို သိမ်းပေးနိုင်သလို။ မယုံကြည့်သူတွေကလည်း မယုံကြည်သလို ဇာတ်လမ်းကို ခံစားနိုင်ပါတယ်။ ဇာတ်လမ်းကို ကျနော်လိုချင်တဲ့ပုံစံမသိမ်းပဲ ဖွင့်ပေးထားခဲ့တာပါ။ စာဖတ်တဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။

16 June 2009

တေးအဆုံး


သီချင်းတစ်ပုဒ်ရဲ့ အစမှာ

အဆုံးသတ်ဆိုတာရှိပါတယ်

အစကိုချည်ပြီးရင်

အဆုံးကိုမှီရပါလိမ့်မယ်

အလယ်မှာပဲ

ပြန်လှည့်သွားရင်တော့

နှလုံးသားနဲ့တီးထားတဲ့

တေးတစ်ပုဒ်ကို

နားလည်လိမ့်မယ်

မဟုတ်ပါဘူး

အစမှာနိမ့်ပင်မယ့်

အနှောင်းမှာ မြင့်ချင်မြင့်ပါလိမ့်မယ်

တေးသွားဆိုတာ

အတက်အကျရှိတတ်တယ်

တေးတစ်ပုဒ်ကိုမှ

နားလည်မှုမပေးရင်

နှလုံးသားကိုတော့

နီးစပ်ဖို့

ဝေးပါသေးတယ်


အကယ်၍

တောင်းဆိုနိုင်ခွင့်ရှိသေးရင်

တစ်ခုပါပဲ

နှလုံးသားက ဖွဲ့ဆိုထားတဲ့
တေးအဆုံးထိ

ရှိနေပေးဖို့ပါ..................

15 June 2009

မျဉ်းပြိုင် မြို့နှစ်မြို့

အိပ်မက်မြို့တော်

ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက်ထဲကမြို့လေးတစ်မြို့။

ကျောင်းပြီးကာစ အလုပ်မရခင်စပ်ကြားမှာ Dangerous Beauty ဆိုတဲ့ ရုပ်ရှင်လေးကိုကြည့်မိတယ်။ ရင်ထဲကိုဝင်ရောက်စွဲငြိစေခဲ့တဲ့ ဇာတ်ကားလေးပါ။

မိန်းမလှလေးတစ်ယောက်ရဲ့ အချစ်နဲ့ ဘ၀။ သူချစ်ကျွမ်းဝင်တဲ့သူနဲ့ လွဲခဲ့ရတယ်။ သူ့မိခင်ရဲ့ အမွေကို ဆက်ခံဖို့ courtesan ဆိုတဲ့ ဘ၀ကိုရွေးချယ်ခဲ့ရတယ်။ courtesan ဆိုတာကလည်း လွယ်လွယ်မှတ်လို့။ လမ်းလျှောက်တာကအစ စကားပြောတာ ပြုံးတာ ရီတာအဆုံး ပုရိသတွေအသည်းကို ဆွဲလှုပ်နိုင်ဖို့ နည်းမျိုးစုံ သင်ရတော့တာပါပဲ။

လှပပြီး ဥာဏ်ပညာထက်မြက်တဲ့ သူ့အတွက် အရာအားလုံးကိုဖြတ်ကျော်နိုင်ရုံမကပါဘူး တစ်မြို့လုံးကို ကျော်ကြားသွားခဲ့တာပါ။ သူမနဲ့ ချစ်ပွဲဝင်လိုတဲ့ အရာရှိတွေ ပညာတတ်တွေ ချဉ်းကပ်သူတွေကြားမှာ ကျော်ကြားလွန်းလှတယ်။

ငယ်ချစ်နဲ့ပြန်ဆုံပြီး သူများတကာလိုပဲ ပျော်ပါးချစ်ခင်ခွင့်ရခဲ့ပေမယ့် ထာဝရပိုင်ဆိုင်မယ့် အချစ်မျိုးမဟုတ်ပါဘူး။ သူ့ချစ်သူက တကယ့် အထက်တန်းမျိုးရိုးကပေါက်ဖွားလာတာမို့ အချိန်တန်ပြီဆိုကတည်းက သူနဲ့ သင့်တော်သူဆိုသော အိမ်ထောင်ဖက်နဲ့ အိမ်ထောင်ရက်သား ချခဲ့ပြီးလေ။ ဒီအတွက်ကြောင့်လည်း သူတို့နှစ်ယောက်ဝေးနေခဲ့ရတာ။ ပူဆွေးနေခဲ့ရတာပါ။

ဒီအချစ်ဇာတ်လမ်းလေးနဲ့အတူ ကျနော့ အိပ်မက်မြို့လေးက တကယ့်ကို ပီပြင်လာခဲ့တာပါ။ ရုပ်ရှင်နဲ့အတူ နောက်ခံမြို့လေးက ကျနော့ကို စွဲဆောင်ထားခဲ့တယ်။ မြို့လေးထဲမှာ လှေစီးကြတာလေးတွေ။ ရေပြာပြာလေးတွေနဲ့။ ကျနော့အိပ်မက်ထဲက မြို့လေးတစ်မြို့ ပီပီပြင်ပြင် အရုပ်ထင်နေခဲ့တာ။

အိပ်မက်ဆိုတာက အပြင်မှာလက်တွေ့ဖြစ်ချင်မှ ဖြစ်တတ်တာမျိုးလေ။ တကယ်တမ်းနေမယ်ဆိုရင်လည်း နေဖြစ်မယ်မထင်ပါဘူး။ မြို့လေးလှတာနဲ့ပဲ နေရရင် ကြာရှည်နေဖြစ်မယ်တော့မထင်။ ဒါပေမယ့် တစ်ခါတစ်ခေါက်တော့ ရောက်ဖူးတယ် ရှိအောင် သွားချင်မိတယ်။ အခါအခွင့်သင့်ရင်ပေါ့လေ။ အိပ်မက်ထဲက မြို့ရေ…….


ရည်ရွယ်တဲ့မြို့ငယ်

အနှစ်နှစ်ဆယ်ပို့စ်မှာရေးခဲ့ဖူးပါတယ်။ ကျနော် တစ်လလောက်နေခဲ့ဖူးတဲ့ မြို့လေးပါ။ နွေရာသီကျောင်းပိတ်ရက်တိုင်း ကျနော်က ဘုန်းကြီးကျောင်းသားပါ။ ဧ၀ံမေသုတံကို မရ မချင်း အိမ်မပြန်ရတဲ့။ သုစိပုဘာကိုလည်း ကြောင်ပုဇွန်စား ကျွပ်ကျွပ်ဝါးရမတဲ့။ ဆရာတော်ကို အဲ့ဒီမြို့ခံတွေက အလှူဖိတ်တာမို့ ဘုန်းကြီးကျောင်းသား ကျနော်က ကန့်လန့်ကန့်လန့်နဲ့ပါသွားခဲ့တာပါ။

အလှူက ချက်ကျွေးတဲ့ မုန်ညင်း ၀က်သားပါးပါး ဟင်းချိုကိုလည်း ကြိုက်သွားမိတယ်။ မနက်ခင်းမှာကျွေးတတ်တဲ့ တို့ဟူးကြော်နဲ့ ကော်ဖီကိုလည်း စွဲလမ်းတယ်။ ညနေတိုင်းလမ်းလျှောက်ဖြစ်တဲ့ ကန်တော်ကြီး ပတ်ဝန်းကျင်ကိုလည်း လွမ်းမိပါတယ်။

အမြဲလျှောက်သွားနေကျ ကျနော့ကို မြို့ခံတွေက လမ်းပျောက်မှာမပူပါနဲ့တဲ့။ ဒီမြို့မှာ အမြင့်ဆုံးသစ်ပင်က ဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိတာပါ။ နေရာတကာကကို မြင်သာထင်သာပါတယ်တဲ့။ အပင်ကိုမှန်းပြီး ရမ်းသာလျှောက်ခဲ့ပါ။ ကျောင်းပြန်ရောက်ဖို့ အလွယ်လေးဆိုပဲ။

ပြောမယ့်သာပြောတာပါ။ အဲ့ဒီမြို့လေးက ကျနော့ကိုဒဏ်ရာတွေပေးခဲ့ပါတယ်။ မြို့ကအပြန် လက်ဆောင် အဖြစ်ငှက်ဖျားလေး သေသေချာချာကို ထည့်ပေးခဲ့တာ။ မနက်မှာကောင်းပြီး ညမှာ အဖျားတွေတက် ချမ်းလွန်းလို့ ခိုက်ခိုက်တုန် ကမ္ဘာကြီးကလည်း သင်္ဘောမုန်တိုင်းမိသလို ပင်လယ်ထဲ ချာချာလည်နေသလား အောက်မေ့ရတယ်။ ကုတင်တိုင်ကိုင်တာတောင် လူက ယိုင်တိုင်တိုင်။ ခံရခက်တဲ့ ဝေဒနာမို့ ဒီမြို့ကို အစွဲပိုစေခဲ့သလားမသိ။

ဒါပေမယ့် စိတ်မနာနိုင်ပါဘူး။ အဲ့ဒီမြို့လေးမှာအခြေချဖို့ တိုင်ပင်မိခဲ့တယ်။ ဖြစ်နိုင်ရင်ပေါ့။ အေးဆေးတိတ်ဆိတ်ပြီး ချစ်စရာကောင်းတဲ့ မြို့လေးမှာ နေထိုင်ခွင့်ရဖို့ ရည်ရွယ်ထားပါတယ်။

အဲ့ဒီမြို့နှစ်မြို့က ကျနော်အနေချင်ဆုံးမြို့နှစ်မြို့ပါပဲဗျာ။ တစ်မြို့က အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် နေဖို့မဖြစ်နိုင်ပါဘူး။ နောက်တစ်မြို့ကတော့ အသက်ဆုံးတိုင် နေဖို့ရည်ရွယ်ထားတာမို့ မြို့လေးကို ၀င်ဖြစ်ခဲ့ရင် အလည်တစ်ခေါက်လာရောက်လှည့်ပါခင်ဗျာ………….

မမိုးခါးရေ ကျေနပ်ပျော်ရွှင်နိုင်ပါစေနော်……………….

14 June 2009

တခဏ


တကယ်ကို ခဏလေးပါ


မင်းကိုထိတွေ့ခွင့်ရတဲ့

ခဏတာလေးပါ


မင်းလန်းဆန်းမယ်ဆို

ဖျတ်ခနဲ ကုန်သွားလည်း

ဒီခဏတာအတွက်

ငါကျေနပ်ပါတယ်


တွဲလွဲခို

မင်းအပါးမှာ

ရပ်နားခွင့်မရှိလေတော့

လျှောခနဲ

ငါအကျမှာ


ခိုခဲ့ရ အဲ့ခဏကို

မက်လို့မဆုံး..............

11 June 2009

လှေခါး


တကယ်တမ်းတော့
ငါဟာဖြန့်ခင်းထားလျက်သားပါ
နင်းသွားတဲ့ ခြေလှမ်းတိုင်း
ခလုတ်မထိစေဖို့ ဆန္ဒပြုပါတယ်

အဆင်းကျော့ကျော့
အတက်မော့မော့ရယ်မို့
ဆင်းစဉ်တုန်း ပြုံးမပြပေမယ့်
တက်နေသခိုက်တော့ မုန်းကိုမုန်းကြမှာပါ

အပမ်းရယ်မကြီးစေဖို့
ခရီးဝယ်အဆင်ပြေစေကြောင်း

ကုန်းရုန်းလို့အထ
ခေါက်ရိုးတွေအဆစ်ဆစ်နဲ့
တဗျစ်ဗျစ်မြည်နေလျက်က
တစ်ထစ်ချင်း ပြန်ဖြည်မရတော့တဲ့
ဒီလှေကားဘ၀မှာ
ဘယ်နှစ်ထစ်ရယ် ရေမနေကြပါနဲ့
မုန်းမုန်းရယ် ခြေသံပြင်းနဲ့
နင်းလိုက်ပါတော့.....

09 June 2009

အလွမ်းဝေသီ သူ မရှိလေတဲ့မြို့


ကိုယ် ဒီမြို့ကို သွားမယ်ဆိုတော့ သူငယ်ချင်းတွေက တားကြတယ်။ မင်းဘာအတွက်သွားမှာလဲတဲ့။ မဟုတ်ဘူး ကိုယ် ဒီမြို့ကို သွားမှဖြစ်မယ်။ အဲဒီမြို့က ကိုယ့်အတွက် အရေးကြီးလွန်းတယ်။ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ တစ်ခါမှ မရောက်ဖူးသေးတဲ့ ဒီမြို့ကလေးနဲ့ ကိုယ်က ရင်းနှီးနေခဲ့တာကြာလှပြီလေ။

သူနဲ့စရင်းနှီးကတည်းက သူက မြို့ကလေးအကြောင်းကို တဖွဲ့တနွဲ့ပြောတတ်လွန်းလို့။ မြို့လေးကိုရောက်ဖို့ ဝေးလံတဲ့ခရီးရှည်တစ်ခုကို အလျားလိုက် ဖြတ်ရသတဲ့။ ပင်ပန်းချင်လည်း ပင်ပန်းပါစေတော့။ မရောက်ရောက်အောင် သွားဖို့ ဆုံးဖြတ်ပြီးသားလေ။

ကြိုသူမရှိမှန်းသိနှင့်နေပြီသားပေမယ့် မြို့ကလေးအ၀င်မှာတော့ သူတစ်ခါပြောခဲ့ဖူးတဲ့ ဆိုင်းဘုတ်လေးနားက ကိုယ့်ကို ကြိုနေမယ်ဆိုတာကို ပုံဖော်ကြည့်မိတယ်။ ဆေးတ၀က်တပျက်လွင့်နေပေမယ့် ဒီဆိုင်းဘုတ်လေးက သူပြောတဲ့ ဆိုင်းဘုတ်လေးဆိုတာကို ကိုယ်တပ်အပ်ပြောနိုင်နေပြန်တယ်။

ဆိုင်းဘုတ်ကိုကျော်လာရင် လမ်းရဲ့ ညာဘက်မှာ အကြော်တဲလေးရှိနေသေးသတဲ့လေ။ ကိုယ်တို့ ကားဝင်လာတဲ့အချိန်စောလွန်းတာမို့ အကြော်တဲမှာ မီးခိုးမွှန်စပြုတုန်း။

မြို့အ၀င်လည်းနဲ့ အထွက်လမ်း တစ်ဖြောင့်တည်း သာရှိတဲ့ ဒီလမ်းမကြီးက မြို့ရဲ့အဓိက လမ်းမကျယ်ကြီးတဲ့ (ရွှန်စေလီစေ လမ်းမကျယ်ကြီးလေလို့ သူပြောတတ်ပါတယ်)။ မြို့ထဲကို တစ်လိမ့်ချင်းလှိမ့်လာရင်း ခရီးသည်များခင်ဗျား ခရီးစဉ်ဆုံးပါပြီဆိုတော့ ကိုယ့်မြို့ကို ပြန်ရောက်တဲ့အတိုင်း အိတ်ကလေးဆွဲပြီး သူပြောတဲ့ ကားဂိတ်ရှေ့က တည်းခိုခန်းလေးကို ဦးတည်မိလျက်သား။

စိမ်းရောင်စို ဆိုတဲ့ တည်းခိုခန်းလေးကိုဖြတ်တော့ သူတစ်ခါပြောဖူးတဲ့ ဒီတည်းခိုခန်းလေးကို နာမည်ပြောင် စိတ်ရောင်စုံလို့ပေးထားတာကို တွေးမိရင် တစ်ချက်ရယ်မိသွားတယ်။ အစ်ကို တစ်ယောက်ခန်းယူမှာလား ဆိုမှ ယောင်ယမ်း ခေါင်းငြိမ့်မိတော့မလို ဖြစ်မိသွားရာက အခန်း ၁၀၁ကိုပေးပါလို့ တောင်းလိုက်တယ်။ အဲ့ဒီအခန်းက သူစိတ်ညစ်ရင် လာ, လာနေတတ်တဲ့ အခန်း ပြီးတော့ မြို့ကလေးကို လှပစွာ မြင်ရစေတဲ့ အခန်းတစ်ခုလေ။

အစိမ်းနုရောင် ခန်းဆီးလေတွေကြားမှာ ကိုယ် လွင့်မျောနေမိတယ်။ ဒီအငွေ့အသက်တွေ ရဖို့ မိုင်ပေါင်းထောင်ချီတဲ့ အရပ်ကနေလာခဲ့တာလေ။ တရှိုက်မက်မက်နဲ့ အိပ်ရာခင်းတွေများ ထပ်တူကျနေမလား ပွေ့ပိုက်နေမိပြန်တယ်။ ပင်ပန်းတဲ့ အရှိန်နဲ့ အိပ်ပျော်သွားတဲ့အထိ ကိုယ်အခန်းမီးတွေ မပိတ်လိုက်မိဘူး။

နှင်းတွေတဖွဲဖွဲကျတတ်တယ်ဆိုတဲ့ အတိုင်း ရစ်သိုင်းဖွဲ့ငင်ထားတဲ့ နှင်းတွေကို ကြည့်ဖို့ စောစောထခဲ့တယ်။ ဟူးခနဲ ပါးစပ်ကလေတွေ ထုတ်လိုက်ရင် အငွေ့တွေထွက်သွားတာကို သူက အမြဲဆော့ကစားတတ်ပြန်သတဲ့လေ။ လမ်းမကနေ မိနစ်နှစ်ဆယ်လောက်အကြာမှာ သူတဖွဖွပြောတတ်တဲ့ ခင်တန်းစပ်ကလေးကို မှုန်ပျပျမြင်ရတယ်။

သွက်သွက်လျှောက်လျက်က လက်နှစ်ဖက်ကို ပွတ်ရင်း သူကော လက်နှစ်ဖက်ကို ဆန့်တန်းရင်း လျှောက်ခဲ့လေသလား စဉ်းစားမိတယ်။ ထင်းရှူးပင်တွေဆီကို မရောက်ခင် မြေနီနီလယ်ကွင်းတွေကို ကျော်ဖြတ် ပြီးတော့ အေးမြလတ်ဆတ်တဲ့လေထုကို ရှူ ရှိုက်ရင်း ဒီလေကို ရှူရှိုက်ခွင့်ကို ဘာလို့မတောင်းဆိုခဲ့သလဲ ကိုယ့်ကိုကိုယ် ဒေါသထွက်လာတယ်။

အကြာကြီးမဟုတ်ပေမယ့် နားထဲမှာ ဆတ်ခနဲကြားသယောင်ရှိတဲ့ ရှိုက်ငိုသံလေးကို ကြားမိပြန်တယ်။ သူ့စိတ်ထဲက ဝေဒနာတွေကို ဟောဒီအမြင့်ဆုံးထင်းရှူးပင်ကြီးအောက်မှာ ငိုကြွေးလေ့ ရှိသတဲ့လေ။ တစ်မြို့လုံးမှာ အမြင့်ဆုံး ဖြစ်တဲ့ ဒီအပင်ကြီးကနေ သူ့ရဲ့ ငိုကြွေးသံကို ကြားနာ သနားကြပါစေလို့ သူရည်ရွယ်ခဲ့တယ်တဲ့။ တကယ်က အပင်ရဲ့ အောက်ဆုံးအကိုင်းဖျားကနေတောင် သူ့ငိုသံကိုမကြားရအောင် ထိခိုက်တိုးရှနေခဲ့တာ သူကိုယ်တိုင်တောင် သိပါ့မလား။ ဒါပေမယ့် အခုကိုယ် အဲ့ဒီငိုသံကို ကြားနေရတယ်။

ထင်းရှူးတောက အပြန်မှာတော့ သူစားနေကျ အကြော်ပူပူလေးကို ၀င်စားမိတယ်။ အမေကြည်ကြော်တဲ့ အကြော်လေးတွေဆိုပြီး ခဏခဏပြောနေကျလေ။ အချဉ်ရည်ထပ်ပေးပါဦးတောင်းတတ်လို့ အချည်ရည်ဖိုးပဲ ရှင်းပေးပါလို့ သူ့ကို စ, နေကျ အဲ့ဒီဆိုင်လေးကို ငေးရင်း စားနေမိတယ်။ အရသာရှိတဲ့ အကြော်တွေဖြစ်ပင်မယ့် အရသာပျက်နေတဲ့ ကိုယ့်အတွက် ဘာလိုနေမှန်းကိုမသိနိုင်ခဲ့။

လေနုအေးအေးတွေ သုတ်ချီပြေးနေသလို ကိုယ့်အတွေးတွေလည်း ရုတ်ချည်းထွက်ပြေးသွားပြန်ပါတယ်။ ဟိုတယ်ကို ပြန်ပြီးရင် အဲ့ဒီအခန်းလေးကို ရင်းနှီးနေချင်သေးတယ်လေ။ အခန်းလေးထဲမှာ မနက်ခင်း ကော်ဖီသောက်ရင်းတွေးတောနေလေ့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

ပုံမှန်လည်ပတ်နေတဲ့ ဒီမြို့ငယ်လေးမှာ ကိုယ် နှစ်ပတ်လောက်ကြာအောင် (နေထိုင်ခွင့် မကုန်မချင်းပေါ့) နေခဲ့ရင်း မပျင်းမရိ ဖြတ်ကျော်ခဲ့တယ်။ သူရဲ့ အရိပ်တွေနဲ့အတူ သူပြုမူသည်အတိုင်း ထပ်တူမကျတောင် ဖ၀ါးထပ်ချပ် ကပ်လျက်ပါသယောင်ပြုခဲ့ပါတယ်။ ၀မ်းအိုဝမ်းကို သော့ခတ်လိုက်ပေမယ့် ဒီမြို့လေးကို ကိုယ် သော့မခတ်နိုင်ပြန်ဘူး။

ဒါတွေကို သူမသိနိုင်တော့ပါဘူး။ ဒီမြို့လေးမှာ သူမရှိတော့တာ ကြာခဲ့ပြီကော။ အဲဒီလိုပဲ ကိုယ့်ဆီမှာ သူမရှိတော့တာ ကြာခဲ့ပြီလေ။

မရောက်ဖူးပေမယ့် သူတစိမ်းတစ်ယောက် မဖြစ်အောင် ဒီမြို့လေးကို ရင်းနှီးနေခဲ့မှတော့ မြို့လေးကို ဖွဲ့ဆိုပြခဲ့တဲ့ မမြင်မတွေ့ဖူးပေမယ့် သူ့ကို ဘယ်လောက်ထိတောင်စွဲလမ်းနေခဲ့တယ်ဆိုတာ ကိုယ်သက်သေပြဖို့လိုသေးလို့လား။

အခုတော့ သူကိုယ့်အတွက်တည်ဆောက်ပေးခဲ့တဲ့ မြို့လေးက အလွမ်းတွေဝေသီပြီး သူကတော့ မရှိနိုင်တော့ပြီလေ….

07 June 2009

ရွေးချယ်ခွင့်

သူမတစ်ခု,ခုကို ရွေးချယ်ရတော့မယ်။ သူမ ဘာကိုရွေးချယ်မလဲ……

အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ရဲ့ဘ၀။ ဒီဘ၀ကိုရောက်ဖို့ သူမဘယ်လောက်ကြိုးစားခဲ့ရမလဲ။ ဘယ်လောက်ရင်းနှီး ပေးဆပ်ခဲ့ရမလဲ။ အောင်မြင်မှုဆိုတာတော့ လူတိုင်းတပ်မက်သည်ပေါ့။

အောင်မြင်တဲ့ ဘ၀တစ်ခုရဲ့ နောက်ကွယ်မှာ သမာရိုးကျ ဘ၀လေးတစ်ခုရှိနေသည်။ အဲ့ဒီဘ၀လေးထဲမှာ ကျေးလက်အိမ်ကလေးတစ်လုံးကအဆင်သင့်။ သိပ်ကိုပျော်ရွှင်ကျေနပ်ဖို့ ကောင်းတဲ့ မိသားစုကလေးနဲ့အတူ။ ပြီးတော့…….

ကျေးလက်က အဖွားမွေးနေ့ပွဲအတွက် ဈေးဝယ်ထွက်ရင်း လက်ရှိဘ၀ကို မပျော်ရွှင်နိုင်ဘူးလားဆိုတဲ့ မေးခွန်းတစ်ခုကို သူမရရှိလိုက်တယ်။ ဟုတ်တယ် သူမ ခဏပြောနေမိတဲ့စကားက ငါ့ဘ၀ကိုပြန်ပေးပါဆိုတဲ့စကားလေ။

ဖုံးကွယ်မှုဆိုတာကို ဖော်ထုတ်ဖို့လူတိုင်းက ကြိုးစားကြသည်။ အောင်မြင်သောသူတိုင်းရဲ့ လျှို့ဝှက်ချက်အတွက် အချိန်ကုန်လူပင်ပန်းခံတတ်တဲ့ လူစားတွေကလည်း အများသားလား။ ငယ်တုန်းက ကြားဖူးတဲ့ ပုံလေးတစ်ခုကို သတိရမိပြန်သည်။ တောကအဒေါ်ကြီးတစ်ယောက် မြို့ပေါ်အတက်မှာ ဇာတ်ခုံနောက်က မင်းသမီးအလှပြင်ရာကို အတင်းငေးရင်း မင်းသမီး နှာချေတာ ငါတို့လိုပါပဲလားဆိုတဲ့ ပုံလေးပါ။ တကယ်တော့ အောင်မြင်နေတဲ့သူတွေလည်း ကျနော်တို့လို သူလိုကိုယ်လိုပါပဲ။

အကယ်၍ မိမိရဲ့ဖုံးကွယ်ထားမှု (true identity hiding) တစ်ခုက ကျော်ကြားမှုတစ်ခု အတွက်သပ်သပ်ပဲ။ အဲ့ဒီအတွက် ကိုယ့်ကို ချစ်ခင်သူတွေအတွက် နာကျင်မှုတွေ ရှိနေမယ်ဆိုရင် အဲဒီထိန်ချန်မှုဟာ ထိုက်တန်ပါရဲ့လား။ ရိုးသားတယ်လို့ ထင်ပါသေးလား။ သူတို့အားလုံးဆီက ရိုးသားမှုတွေကို ရလိုက်ပြီး သူမကကော သူမကိုယ်တိုင်ကကော…

တစ်ခုခုကို စတင်လိမ်ညာပြီဆိုရင် နောက်ထပ်လိမ်ညာဖို့ အခွင့်အလမ်းတွေက အဖော်တွေနဲ့တပျော်တပါးရောက်လာတတ်စမြဲပါ။ ဘာဖြစ်လို့လဲဆိုတော့ လိမ်ညာခဲ့တယ်ဆိုတဲ့ အချက်တစ်ချက်ကို မသိအောင် နောက်ထပ် လူပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဆက်စပ်ပတ်သပ်လေသမျှ ဒေါင့်စေ့အောင် လိမ်ညာမှ ဖြစ်မှာပါ။ တစ်ခါပဲ လိမ်ညာခဲ့တာပါဆိုပြီးပေါ့ပေါ့ပါးပါး မနေလိုက်ပါနဲ့ အလိမ်မပေါ်အောင် လိမ်ရင်း လိမ်ရင်း ထောင်သောင်းမကတော့ပြီမို့ သန်းခေါက်ထက်ညဥ့်ဘယ်လောက်နက် နိုင်ဦးမလဲ။

ရိုးသားတဲ့သူတွေရဲ့ အရှေ့မှာ အားလုံးကို လိမ်ညာခဲ့တဲ့သူတစ်ယောက်က ရဲဝံ့စွာ ရပ်နေနိုင်သတဲ့လား။ မဟုတ်ဘူး…သူမ သီချင်းဆက်ဆိုလို့ မရတော့လောက်အောင်ကို တုန်လှုပ်သွားမိခဲ့တာပါ။

သူမဘယ်အရာကို ရွေးချယ်ခဲ့မလဲဆိုတာကိုတော့ Hannah Montana : The Movie ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။



ကျနော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးနှစ်ခန်း ကတော့

သူမ နာမည်ကျော် အဆိုတော်တစ်ယောက်အနေနဲ့ သူမရဲ့ ငယ်သူချင်းကို လိမ်ညာတဲ့အခန်းလေး။ ကောင်လေးကို စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ပါတယ်။ နှလုံးလှလူမိုက်ထဲက ခိုင်သင်းကြည့်ရဲ့ သစ်ငုတ်တို သီချင်းကိုပါ သတိရသွားမိစေခဲ့တယ်။

နောက်တစ်ခန်းက ဇာတ်စင်ပေါ်က သူမရဲ့ ကြေကွဲမှု။ မေတ္တာစူးတယ်ဆိုတာ ဒါမျိုးလားလို့ ပြန်တွေးနေမိတယ်။ ဖြစ်နိုင်တယ်။ လှိုက်ခနဲ ဖြစ်သွားအောင်အထိ ခေါ်သွားနိုင်ခဲ့တယ်။ အမြဲပြုံးရွှင်နေတယ်လို့ မြင်ရတဲ့ မြင်ကွင်းကနေ ရုတ်ချည်းပြောင်းသွားခဲ့နိုင်တယ်။

ပျော်ရွှင်ရယ်မောစရာတွေလည်း ပါတာမို့ ကြည့်ပျော်တယ်ဆိုလည်းမမှားပါဘူး။ တစ်ခြားရသလေးတွေပါ ဖြည့်စွက်ထားတာကလည်း ဒီဇာတ်ကားလေးကို ပြည့်စုံစေတယ်ထင်မိတယ်။ အကောင်းဆုံးကတော့ ကျနော်ကြိုက်တဲ့ သီချင်းလေးတွေပေါ့။

ထုံးစံအတိုင်း နောက်ဆုံးမှာ ကျန်နေရစ်တာက မေးခွန်းတစ်ခုပါပဲ

ကျနော့မှာရော ရွေးချယ်ခွင့်ရှိရင် ဘာကိုရွေးမလဲဆိုတာပါပဲ………..

06 June 2009

အမှားပြင်ဆင်ချက် နှင့် ကျေးဇူးတင်ရှိခြင်း

ကျနော်ရေးခဲ့ဖူးတဲ့ မွေးရပ်မြေသို့ အရွှေ့ဆိုတဲ့ ပို့စ်လေးမှာ မှားယွင်းစွာဖော်ပြခဲ့ဖူးတဲ့

အညာရောက် ပအို့အမျိုးသမီး ဓါတ်ပုံပါ
ကိုခမ်းကီးရဲ့ ပြင်ဆင်ချက်က အောက်ပါအတိုင်းပါခင်ဗျာ

ခမ်းကီး said...
(ပအိုဝ်းအမျိုးသမီး) က ပအိုဝ်းမဟုတ်ဘူး။ တစ်ခြား တိုင်းရင်းပါ။ ပလောင် (သို့) ၀ ဖြစ်ဖို့များတယ်။ ဘာရယ်မဟုတ်ပါဘူး။ မှန်မှန်ကန်ကန်လေး ဖြစ်သွားဖို့ပါ။ ကျေးဇူးတင်လျှက် (ဓါတ်လှေကားပျက်ကျသတင်းကြောင့် ရောက်လာပါတယ်)။
June 5, 2009 1:54 PM
ကိုခမ်းကီးရေ အခုလို အမှန်ကို ပြုပြင်ပေးသွားတာ တကယ့်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်
ရွာသားလေးဝိုင်တီယူ

05 June 2009

စွန့်လွှတ်လိုက်သော ကစားနည်းတစ်ခု

ကျနော် ငယ်ငယ်တုန်းက သိပ်ကို အဆော့သန်ပါတယ်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေချည်းပါပဲ။ ခြေမမှာ ဘယ်တော့မှ ခြေသည်းကပ်လေ့ မရှိပါဘူး။ မြေနီကြမ်းမှာ ခဲနဲ့ တိုက်လိုက် ချော်လဲလိုက်နဲ့ ဘယ်ကပ်လိမ့်မလဲ။ ဘောလုံးကန်ပြန်တော့လည်း သဲကွင်းထဲမှာအကန်ကောင်းလို့ ဗိုက်မှာ ဒဏ်ရာအပြည့်။ လက်တွေ တံတောင်တွေတော့ ပြောမနေပါနဲ့တော့။ တံတွေးဆွတ်ပြီးပစ်ရတဲ့ မြက်မြှားလေးတွေကနေ ဘောင်ခနဲ ဘောင်ခနဲ ရေနဲ့ထိရင် ထပေါက်တတ်တဲ့ ကျနော်တို့အခေါ် လက်ပစ်ဗုံးသီးလေတွေ အဆုံး ကစားနည်းပေါင်းစုံကို ဗြောင်းဆန်အောင် ဆော့ခဲ့တာပေါ့။ ကစားနည်းတစ်ခုကိုတော့ စွန့်လွှတ်ဖြစ်ခဲ့တယ်။ အဲဒါကတော့….

ပင်ပေါင်ဘောလုံးလေးကို သားရေပင်နဲ့ ချည်ပြီးဆော့ကစားခြင်းပါ။ လက်မှာ သားရေပင်တစ်ဖက်ကို ချည်ပြီး ပင်ပေါင်ကိုလက်ဖ၀ါးထဲထည့် ပြီး ပစ်မြှောက်တဲ့နည်းပါ။ ပင်ပေါင်လေးကို အဝေးရောက်အောင်လုပ်လိုက် ပြီးတော့ ကိုယ့်လက်ထဲပြန်ဆွဲလိုက်နဲ့ အစမှာတော့ တော်တော်ကို ပျော်ခဲ့သား။ သားရေပင်အားကောင်းရင် ဝေးဝေးရောက်နိုင်သလို ကိုယ်လိုရာကိုလည်း တုံ့ခနဲ ပြန်ဆွဲနိုင်တယ်လေ။ လက်ဖ၀ါးထဲကို ပိုင်ပိုင်ရောက်လာတဲ့ ပင်ပေါင်လုံးလေးကို သေချာဆုပ်ပြီး အဝေးရောက်အောင် ပြန်ပစ်လိုက် ပြန်ဆွဲလိုက်နဲ့ပေါ့။ တစ်စုံတစ်ယောက်ကို စနောက်ချင်လည်း မသိမသာလေး ဖတ်ဆို ပစ်လိုက် အမြန်ပြန်ဆွဲပြီး လက်ထဲ ၀ှက်ထားလိုက်ရုံပါပဲ။ ဘယ်သူလုပ်မှန်းမသိပဲ ကျီးကြည့်ကြောင်ကြည့် ကြည့်နေတဲ့ သူငယ်ချင်းကို မြင်ရင် ရယ်ချင်ပက်ကျိ ဖြစ်ဖြစ်သွားတတ်တယ်။

ဒါပေမယ့် တစ်ခါသား ကျနော် ပင်ပေါင်ဘောလုံးလေးဖက်ကနေ ကြည့်မိတယ်။ အဲ့ဒီနေ့က ကျနော် အလန့်တကြားကို လွှတ်ချပစ်လိုက်တာ။ သူငယ်ချင်းတွေက ဆို ဘာဖြစ်လို့လဲ သားရေပင်မှန်လို့လား ဆိုပြီး ၀ိုင်းမေးကြတာပေါ့။ ဟင့် အင်း ငါ ဆက်မဆော့ချင်တော့ဘူး လို့ တုံးတုံးတိတိ ကို ပြောမိခဲ့တယ်။ သူတို့လည်း ထူးထူးဆန်းဆန်းကို ဖြစ်လို့။

အဲ့ဒီရက်နောက်ပိုင်းကစလို့ ဒီကစားနည်းကို နောက်ထပ်မကစားတော့ဘူး။ ကျနော့လွှင့်ပစ်ခဲ့တဲ့ နေရာကနေလည်း ပြန်ကောက်မလာခဲ့တော့ဘူး။ အဲ့ဒီကစားနည်းကို တစ်ခါတည်း စွန့်လွှတ်ခဲ့ပါတော့တယ်…..

သစ်ပင်တစ်ပင်ရဲ့နာကျင်မှု

စိမ်းစိုနေတဲ့ သစ်ပင်တစ်ပင်ဖြစ်ခဲ့ဖူးတယ်။ အကိုင်းအခက်အလက်တွေဝေဆာလို့ ငါလိုမျိုးသစ်ပင် ဘယ်နေရာမှာမှ မရှိနိုင်ဘူး ထပ်တူမရှိနိုင်ဘူးရယ်လို့ ကျူးရင့်ဖူးတယ်။ အပွင့်တွေဝေလို့ လူတွေငေးမောရင် ဂုဏ်တင့်တယ် ထင်မိတယ်။ အရိပ်ခိုလို့ ဆုတောင်းပေးသွားတဲ့ သူတွေတိုင်းကို အေးမြသည်ထက်အေးမြအောင် ကြံဆောင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် သစ်ပင်တစ်ပင်ရဲ့ နာကျင်မှုကို အခုမှ သိလိုက်ရတယ်။ နောက်ကျသွားပြီလေ……

စိမ်းစိုတဲ့ အချိန်ရှိသလို ခြောက်သွေ့တဲ့အချိန်ရှိမယ်ဆိုတာကို မေ့လျော့နေခဲ့တယ်။ သစ်ရွက်တွေကြွေသည်အထိ အကိုင်းတွေကျိုးသည်အထိ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလေ။

ကျိုးသွားတဲ့ အကိုင်းတွေပြန်ဆက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့။ ဟင့်အင်း ဒါငါ့ရဲ့ အစိတ်အပိုင်းတွေ။ အာ…ဘာဖြစ်လို့ ပြန်လည်တပ်ဆင်ပေးလို့မရ, ရမှာလဲ။ ကျိုးသွားတဲ့ အရာတိုင်း ပြန်ဆက်ပေါ့။ သဘာဝတဲ့ အဲ့ဒီစကားလုံးကို တူးတူးခါးခါး မုန်းတီးလိုက်မိတယ်။ ကြား လျှင်ကြားမိခြင်းမှာပေါ့။ အခုတော့ ချွတ်ဆိုတိုင်းကျိုးသွားတဲ့ အစိတ်အပိုင်းတွေကို မျက်ရည်မကျပဲ အံကြိတ်ငေးမောရုံပေါ့။

သစ်ရွက် သစ်ခက်တွေမရှိတဲ့နောက် နားခိုသူကော ရှိပါဦးမလား။ ထီမထင်တဲ့ အမြင်တွေနဲ့ အရင်တုန်းက သစ်ပင်တစ်ပင်ဆိုတာကို တောင် မေ့လျော့နေခဲ့ကြပြီ။ ထွီခနဲ တံထွေးနဲ့ ထွေးသွားလည်း အရင်တုန်းက အရိပ်ခိုခဲ့ဖူးတာ သတိရပါလို့ ပြောခွင့်မှမရှိတာ။ အငြင်းအခုံတွေ ပြုနေမယ့်အစား ကိုယ့်ဒဏ်ရာ ကိုယ်ခံစားနေတတ်ဖို့ ကြိုးစားသင့်တယ်မဟုတ်လား။

အသုံးမ၀င်တဲ့ သစ်ပင်တစ်ပင် အဖြစ် အပြစ်မြင်ခြင်းက ရင်တွင်းကို တနုံ့နုံ့စဉ်းနေသလိုပါပဲ။ စုတ်သပ်ပြီး ကိုယ်ချင်းစာစကား မပြောသွားကြပါနဲ့ ခုတ်ထဲ့ပြီး ထင်းမီးသာ စိုက်လိုက်ကြပါတော့။ သစ်ပင်တစ်ပင်ရဲ့ နာကျင်မှုအတွက် ကူညီပြီး အဆုံးသတ်ပေးကြပါ။ နောက်ထပ် မနာကျင်ပါရစေနဲ့တော့…..

04 June 2009

နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်ရဲ့ ရာဇ၀င်

ကျနော် အဲ့ဒီစာလေးကို ရပ်ပစ်ခဲ့တာကြာဆိုကြာလှပါပြီ။ ပထမအချက်က ကျနော် အဆုံးသတ်ဖို့ ကြိုးစားရင်း ခက်ခဲနေလို့၊ နောက်တစ်ချက်က ခံစားချက်တွေ ပျောက်ကွယ်သွားလို့ပါ (စာရေးတဲ့သူတစ်ယောက် ခံစားချက်တွေမပါပဲ စာရေးရင် ဘယ်လိုမှ ဖတ်လို့မကောင်းပါဘူး။ ကိုယ့်စာကိုပြန်ဖတ်ရတာကို အားမရသလိုပါပဲ။ အခုစာက လူတစ်ယောက်ရဲ့ တကယ့်ဘ၀အမှန်ကို ရေးပြရတဲ့အတွက် အမှားတွေ မရှိချင်သလို ဖတ်တဲ့သူတွေကိုလည်း တစ်ခုခုရသွားစေချင်လို့ပါ)။ နောက်တော့ ကျနော်ကိုယ်တိုင်လည်း အမေ့မေ့အလျော့လျော့။ တကယ်က ကိုယ်ချင်းစာစိတ်မဲ့ခဲ့တာပါ ကိုယ်တိုင် အခန်းဆက်တွေ ဖတ်ရတုံးကဆို နောက်တစ်ခန်းကို အရမ်းမျှော်ရတာလေ။ အခုလို စောင့်ဖတ်နေသေးတယ်ဆိုတာလည်း ကျနော်လုံးဝမျှော်လင့်မထားလို့ပါဗျာ

shan said...
ဘယ်တော့ ဆက်ရေးမှာလဲ ... စောင့်နေတယ် နော်... ။ အမြဲ ၀င်ဖတ်ဖြစ်ပေမယ့်.. ခုတော့ ရေးချင်စိတ်ပေါက်လာလို့ပါ..။
June 3, 2009 1:40 PM

စာဖတ်သူတစ်ယောက်က ဒီနေ့ အထက်ပါ ကော့မန့်ကိုပေးခဲ့တာပါ။ ယောင်္ကျားလေး မိန်းကလေး ဘယ်လိုမှ မပါလို့ စာဖတ်သူရှမ်းလို့ပဲ ခေါ်ပါရစေ။ ကျနော့အကျင့်က (ငယ်ငယ် ကြီးကြီး) ကို,တွေ မ,တွေထည့်ခေါ်တတ်လို့ပါ။ တစ်ချို့လည်း ကျနော်က ငယ်ချင်တယ်လို့ထင်ကြပါတယ်။ တကယ်က ကျနော်လေးစားသမှုနဲ့ ခေါ်တာပါခင်ဗျာ။ ကျနော်တို့ အွန်လိုင်းမှာကလည်း အဲ့ဒီ ယောင်္ကျားလေး မိန်းကလေး ခွဲလို့မရတာလည်း ပြဿနာတစ်ခုပါပဲ။ မနန်းညီက ကိုနန်းညီဖြစ် မမိုးခါးက ကိုမိုးခါးဖြစ် ကိုဂျူလိုင်က မဂျူလိုင်ဖြစ်တတ်တယ်လေ။

ကော့မန့်တွေကို မပေးကြဘူးတဲ့။ စာတွေပဲဝင်ဖတ်ကြတယ်လို့ပြောပါတယ်။ သူငယ်ချင်းတစ်ချို့ကလည်း ကော့မန့်ပေးရင် သူတို့မေးလ်တွေ ပေးရလို့ သဘောမကျဘူးလို့ဆိုပါတယ်။ တစ်ခုတော့သိစေချင်ပါတယ်။ ကော့မန့်ပေးလိုက်လို့ ကော့မန့်ပေးသူရဲ့ မေးလ်ကို ကျနော်တို့ မသိလိုက်ရပါဘူး။ ကျနော်တို့ မမြင်ရပါဘူးခင်ဗျာ။ မေးလ်မှာ ပေါ်စေချင်တဲ့ နာမည်တစ်ခုကိုပဲ ကျနော်တို့မြင်ရပါတယ်။ ဘလော့ဆောက်ထားတဲ့ သူတွေကလွဲရင်ပေါ့ဗျာ။ ဘလော့ဆောက်ထားတဲ့သူတွေကတော့ သူတို့ရဲ့ Profile ကို ကျနော်တို့ရောက်သွားမှာပါ။ အထက်ပါ စာဖတ်သူရှမ်းရဲ့လင့်ကိုလိုက်ကြည့်ရင် ဘာမှတွေ့ရမှာမဟုတ်ပါဘူး။ Error page တစ်ခုကိုပဲ မြင်ရမှာပါ။ သူ မေးလ်ကိုသုံးပြီး ကော့မန့်ပေးခဲ့လို့ပါ ပြီးတော့ သူဒီမေးလ်နဲ့ ဘလော့မဆောက်ထားလို့ပါ။ ကိုယ့်ရဲ့မေးလ်လေးပေါ်သွားမှာ စိုးရိမ်ပြီး ကော့မန့်မပေးချင်ဘူးဆိုတဲ့ စာဖတ်သူတွေ အတွက်ပါဗျာ။

ခရေပန်းလေးရဲ့ ဘ၀ကို ပြန်ဆက်ပါမယ်။

သူ မန္တလေးကို ဒီတစ်ခေါက် ပြန်လာတော့ သူ့မှာ အတွေးတစ်စ ပါလာခဲ့ပါတယ်။ အဲ့ဒီအတွေးတစ်စကို သူမဆုံးဖြတ်နိုင်သေးဘူးပေါ့။ အတွေးတစ်စက သူ့မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ အဓိကပါ။ ချီတုံချတုံ လိပ်ခဲတည်းလည်း ဖြစ်စေတဲ့ ဆုံးဖြတ်ချက်ပါပဲ။

သူလက်ရှိ ဂေဟာမှာ ဆက်လက်နေထိုင်တုန်းပါပဲ။ ဂေဟာကနေ အိမ်ကိုထောက်ပံ့ဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲလှပါတယ်။ သူ့ရဲ့ လှမ်းချင်တဲ့ခြေလှမ်းတိုင်းကိုလည်း လှမ်းခွင့်မသာပါဘူး။ ဒီတော့ ဂေဟာက ဘယ်လိုထွက်ခွင့်ရမလဲ။

ဂေဟာက ချမှတ်ထားတဲ့ စည်းမျဉ်းက ဒီလိုပါ။ မိန်းကလေးရဲ့ မိသားစုဝင်အစစ်အမှန်များမှ ခိုင်လုံတဲ့အထောက်ထားပြပြီး ပြန်လည်ခေါ်ယူခြင်း။ ဒါကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူ့မိသားစုက မြန်မာနိုင်ငံသားတွေ မဟုတ်ကြဘူးလေ။ ဒုတိယတစ်ချက်ကတော့ အဲ့ဒီမိန်းကလေး အတည်တကျ အိုးအိမ်ထူထောင်ခြင်း။ သူ့အတွက် ဒီလမ်းကလွဲရင် ရွေးချယ်ခွင့်မှမရှိတော့တာ…..

သူသွားလုပ်ပေးနေတဲ့ စားသောက်ဆိုင်ရဲ့ ရှေ့မှာ နာရီပြင်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အိပ်ငိုက်နေတတ်တဲ့ တရုတ်ကလေးတစ်ယောက်အမြဲ ရှိနေတတ်တယ်။ အဲ့ဒီဆိုင်လေးက ဆိုင်မှာရှိတဲ့ စာဖိုမှူးရဲ့ တူတစ်ယောက်ဖွင့်ထားတာပါ။ ယောင်းမကိုတိုင်ပင်ရင်း အိုးအိမ်ထူထောင်ဖို့ကိစ္စ ပြောဖြစ်ပါတော့တယ်။ နောက်တော့ လူကြီးချင်းညှိနှိုင်းပြီး ခရေပန်းလေးနဲ့ နာရီပြင်ဆိုင်လေးတို့ ပေါင်းစည်းသွားတယ်ဆိုပါတော့။ (အမှားပြင်ဆင်ချက် - တကယ့်အဖြစ်မှန်က ခရေပန်းလေးရဲ့ ယောင်းမနဲ့ စားဖိုမှူးတို့ နားချမှုကြောင့် အိမ်ထောင်ပြုဖြစ်သွားတာပါ ကျနော်အမှတ်လွဲသွားတယ်ဗျာ)

နာရီပြင်ဆိုင်လေးက နောက်တော့ သူ့အဖွားဖွင့်ထားတဲ့ ဈေးထဲက ခေါက်ဆွဲဆိုင်လေးကို ပြောင်းကြတယ်။ ဒိုးတူဘောင်ဖက် မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့။ အခက်အခဲတွေကိုလည်း အမျိုးမျိုးပေါ့။ ဂေဟာမှာနေခဲ့ဖူးတဲ့ မိန်းကလေးဆို အထင်သေးလွယ်တတ်ကြတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးမှာ ရင်ဆိုင်နိုင်အောင်ပေါ့။ ပြီးတော့ အိမ်ထောင်တစ်ဖက်နဲ့ မိဘတွေကိုထောက်ပံ့ဖို့ ရည်ရွယ်ရင်းကိုလည်း သူမအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခရေပန်းလေးဟာ နောက်ထပ်မျိုးဆက်သစ်သုံးယောက်ကိုမွေးဖွားပေးခဲ့နိုင်တယ်။

သူမ ပညာမတတ်ပါဘူး။ ဒါပေမယ့် အင်ဂျင်နီယာ သားသမီးနှစ်ယောက်နဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။ မိဘရဲ့ ပြုစုပျိုးထောင်မှုကြောင့် သားသမီးဆိုတာ အညွန့်တလူလူတက်ကြတာမျိုးပါ။ သားကောင်းသမီးမွန်တွေမွေးဖွားပေးတဲ့ မိဘမျိုးမို့ ဂုဏ်ပြုထိုက်ပါတယ်။

ခရေပန်းလေး အခုအချိန်အထိ မန္တလေးမှာ နေထိုင်နေဆဲပါ။ ပြီးတော့ သူမရဲ့ ကျေးဇူးရှင်တွေကိုလည်း စောင့်မျှော်လက်ရှိနေဆဲပါ။ အခါအခွင့်သင့်ရင်ဖြင့် တွေ့ဆုံပြီး ကျေးဇူးတရားတွေကို ဆပ်ခွင့်ရသွားချင်ပါတယ်……

ဒီပို့စ်လေးကို ကျနော်ရေးရတဲ့အကြောင်းတွေက
လူတစ်ချို့က ဘ၀ကံဆိုးတယ်ဆိုပြီး ရေစုန်မျောတတ်ကြပါတယ်။ မိမိတတ်နိုင်သလောက်ကြိုးစားအားထုတ်မယ်လို့ စိတ်မကူးတတ်ကြပါဘူး။ နောက်ခံဘ၀မကောင်းခဲ့ရလို့ ဆင်းရဲလို့ ပညာမတတ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေကို အသေဆုပ်ကိုင်ပြီး ကိုယ့်ရဲ့ ပျင်းရိမှု တွေကို ဖုံးကွယ်ထားတတ်ကြပါတယ်။ ခရေပန်းလေးလို အားနွဲ့တဲ့မိန်းကလေးတောင် သူ့ဘ၀ကို ခါချဉ်ကောင် ခါးမသန်ပေမယ့် မာန်တင်းနိုင်သေးတာပဲ။ ကျနော်တို့ဘာအတွက်ကြောင့်မှ လွယ်လွယ်လက်မလျော့သင့်ပါဘူး။

မိန်းကလေးငယ်ငယ်တွေအတွက် ပတ်ဝန်းကျင်ကြောင့် ပျက်စီးလွယ်တဲ့ အကြောင်းတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် လူတွင်ပါမှ နွားကျားကိုက်တယ်ဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။ (မတရားအနိုင်ကျင့်ခံရခြင်းတွေကို မဆိုလိုပါ)။ မိမိတို့ထိန်းသိမ်းသင့်တဲ့ သိက္ခာကိုထိန်းသိမ်းရင်း တန်ဖိုးရှိတဲ့ မိခင်လောင်း မိခင်ကောင်းတွေ များပြားစေချင်ပါတယ်။

စာဖတ်သူရှမ်းနဲ့ စာဖတ်သူအားလုံးကို ကျနော့ရဲ့ တ၀က်တပျက်နဲ့ ရပ်တန့်နေတဲ့ ပျက်ကွက်မှုအတွက် အနူးအညွှတ်တောင်းပန်ပါတယ်။ နောင်ကို ပြောစရာ ဆိုစရာ ဆဲစရာ သွန်သင်စရာရှိရင် ဆုံးမသွားနိုင်ပါတယ်ဗျာ။

03 June 2009

ဖုန်းကလေး

ကျနော့ဘေးနားက
ဖုန်းကလေး
တီတီတူ
ကြည်ကြည်ဖြူ
မြည်ချက်ရယ်
ရက်စက်ပေါ့လေး…

နွမ်းလျအိမ်အပြန်
ဖုန်းချက်ကညံ
ရက်မှန်မှန်
ဆက်ပြန်ပါ
ချိုစကားကြောင့်
သန်းခေါင်လေ
မောင်မမှုပါ
မှောင်ထုကိုအံတုလို့
ဆက်ဖို့အရေး…

မဆက်ပြန်
ချက်မှန်မှန်
SMSရယ်ကြောင့်
ဘက်ထရီရယ်ကုန်ပါမှ
မောင်ရပ်မယ်
ဆက်တိုက်ပြောမို့
မောပါ့မယ်လေး……..

ံ့ကျနော့ဘေးနားက ဖုံးကလေးဆိုတာကို highlight လုပ်ပါတယ်ခင်ဗျာ။ ရွှေဥာဏ်တော် အတွေးချော်နေကြရင်ဖြင့် မောင်ရွာသား အမယ်မင်းရပါလိမ့်မယ်.....

01 June 2009

ဓါတ်ခွဲခန်းထုတ်ဖော်ပုံ


၁။ ပုံတွင်ပြထားသော ပျားအုံစင်တွင် ကရိယာများကို စနစ်တကျ (နေ့စဉ်လုပ်ဆောင်နေကျအတိုင်း) တပ်ဆင်ပါ။

၂။ မိုးလင်းသောအခါ ရေမိုးချိုးပြီး ရုံးဆိုသော နောက်ထပ်ပျားအုံစင်တစ်ခုကိုလှမ်းပါ။

၃။ ရှစ်နာရီ သို့မဟုတ် ထို့ထက်ပိုသော နာရီပေါင်းများစွာ ရုံးပျားအုံစင်တွင်နေပါ။

၎။ အချိန်ပြည့်က အထက်ပါပျားအုံစင်ကို ပြန်လာပါ။

၅။ ပျားအုံစင်နှစ်ခုစလုံးတွင် အလှည့်ကျနေ၍ ရက်သုံးဆယ်ပြည့်သောအခါ သင်ထုတ်ဖော်လိုသော ငွေဆိုသောအရာများ ထွက်ရှိပါလိမ့်မည်။

နောက်ထက် ထပ်မံထုတ်ဖော်လိုပါ အဆင့် ၁ မှ ၅ အထိ အကြိမ်ကြိမ်လုပ်ပါ။

ဒီတပတ်အပျင်းပြေ

ဆရာဝန်ကြီးမရှိဘူး


တစ်ခါက အသံဝင်နေတဲ့လူနာတစ်ယောက်ရှိသတဲ့။ လူနာက ဆရာဝန်ကြီးဆီမှာ အသံဝင်လို့ပြနေရတုန်း ဆရာဝန်ကြီးကအရေးတကြီးခရီးထွက်သွားရတဲ့ အချိန်မှာပေါ့။

လူနာက ဆရာဝန်ကြီးဆီကို နောက်တစ်ခေါက်လာပြပါလေရော။ အိမ်ရှေ့ကနေ ခြံစည်းရိုးလေးကိုင်ပြီး ဆရာဝန်ကြီး ရှိလားဆိုတာကို အသံမထွက်တော့ လေသံလေးနဲ့မေးတာပေါ့။ အဲဒီတော့

ဆရာဝန်ကတော်က ပြာပြာသလဲထွက်လာပြီး

ဆရာဝန်ကြီးမရှိဘူး မြန်မြန်လာဆိုပြီး ခေါ်သွားရော……….



ခြေနှစ်ချောင်းနဲ့အသည်းလေး

ဆူညံလွန်းတဲ့အတန်းတစ်ခုမှာပေါ့။ ဆရာမက ကျောင်းသားတွေကို ဒဏ်ပေးပါလေရော။ ဆရာမကကျောင်းသားတွေကို အတန်းရှေ့က ကျောက်သင်ပုန်းမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ ပုံတွေ ထွက်ဆွဲခိုင်းတယ်။ တစ်ယောက်က စက်ဝိုင်း တစ်ယောက်က စတုရန်း တစ်ယောက်က တြိဂံ ရှိသမျှပုံစံတွေ ကုန်သလောက်ရှိအောင် ဆွဲကြတော့တာပါပဲ။ အဲ့ဒီအချိန်ကျောင်းသားလေးတစ်ယောက်က အသည်းပုံလေးမှာ ခြေထောက်လေးနှစ်ချောင်း ထည့်ပြီးဆွဲသတဲ့။ အဲ့ဒါနဲ့ဆရာမက ဘယ့်နဲ့အသည်းမှာ ခြေထောက်နှစ်ချောင်း ရှိရမှာလဲလို့ မေးတော့ ကျောင်းသားက ကျနော့ဖေဖေ ပြောတာ အသည်းမှာခြေထောက်နှစ်ချောင်းရှိတယ်လို့ ပြန်ဖြေလိုက်တာပေါ့။ ဆရာမက ဘယ်ကနေဘယ်လို အသည်းမှာခြေနှစ်ချောင်းရှိလာတာပါလိမ့် ဇာတ်စုံခင်းခိုင်းပါလေရော။

တစ်ရက်သား ကျောင်းသားလေးအမေ ခရီးသွားတဲ့အခိုက်မှာ။ အဖေ့အိပ်ခန်းနားကိုသွားတော့ အသည်းလေးခြေထောက်နှစ်ချောင်း,မလို့ သူ့အဖေက ပြောတာကို သူသေချာကြားလိုက်တယ်တဲ့။ ဒါကြောင့် အသည်းလေးမှာ ခြေနှစ်ချောင်းရှိတာပါတဲ့ဗျား။


ဒီပုံလေးတွေကို တောင်ကြီးခရီးစဉ်မှာ ဆရာဒေါက်တာအောင်စံဖြိုးက ဝေမျှပေးခဲ့တာပါ