10 February 2018

ထားဝယ် သို့ ချစ်သောမြေ တောင်ပိုင်း (သိမ်း)




ငါးနာရီလောက်မှာ နေထွက်တာကြည့်ဖို့ နိုးလာတယ်။ မျက်နှာသစ်ပြင်ဆင်ပြီးတာနဲ့ သုံးထပ်တိုက်ခေါင်မိုးပေါ်ကိုတက်တယ်။ ခေါင်မိုးပေါ်ကနေ ထားဝယ်မြို့ကိုခြုံထားတဲ့ မြူပုဝါကို ခပ်ပါးပါးမြင်နေရတယ်။ အသိက မနက်စာသွားဝယ်ရင်း၊ ဈေးသွားမယ်ဆိုပြီး ဆင်းသွားကြတယ်။ ကျနော်ကတော့ နေထွက်တာကို စောင့်ပေါ့။ 
နေထွက်ရှုခင်း ဓါတ်ပုံရိုက်ပြီးတဲ့အခါ မနက်စာစား ရေမိုးချိုးကြတယ်။ ဒီနေ့တခါတည်း လေဆိပ်ဆင်းမှာမို့အထုတ်ကို ပြင်ထားပြီးပြီ။ ကားလာကြိုတာနဲ့ အထုတ်ဆွဲပြီးဆင်းသွားကြတယ်။ ဒီနေ့သွားမှာ ပကာရီတဲ့ ကချနဘူရီအသွား လမ်းပေါ်မှာရှိတဲ့ မြို့ငယ်လေးပေါ့။
ထားဝယ်မြို့အထွက်က ထန်းပင်တန်းကို ဓါတ်ပုံရိုက်တယ်။ ပင်လယ်အထိ မြင်ရတဲ့ တောင်ကုန်းထိပ်က ဘုရားကို တက်သွားကြပေမယ့် မြူတွေဆိုင်းနေတာမို့ သေချာ မမြင်ရပါဘူး။


ပြီးတာနဲ့ လမ်းက အရောင်သုံးရောင်ဖြစ်နေတဲ့ ချောင်းရယ်၊ တံတားအဟောင်းတခုရယ်မှာ ဓါတ်ပုံဆင်းရိုက်ကြတယ်။

ပကာရီ မရောက်ခင်မှာ သင်္ကန်းတုံး ရေတံခွန်ကို ဝင်ကြတယ်။ ကြားရက်မို့ထင်တယ် ခရီးသွားတယောက်မှ မရှိပဲ ကျနော်တို့ပဲ ရှိနေခဲ့တယ်။ ရေတံခွန်က ရေနည်းပေမယ့် အတော်လေး ရေကြည်ပါတယ်။ အပေါ်ထပ်တက်ရင် ရေတံခွန်ရှိသေးလားမသိပါဘူး။ ရေအားလျှပ်စစ်ထုတ်ယူထားတာကိုလည်း တွေ့ခဲ့ရတယ်။

ရေတံခွန်ကပြန်ထွက်ပြီး ပကာရီမှာ တောဝက်သားနဲ့ နေ့လည်စာ ထမင်းစားခဲ့တယ်။ ဗိုက်ကလည်းဆာဆာနဲ့ ဟင်းချက်လည်းကောင်းတာမို့ အတော်မြိန်မြိန်စားခဲ့ရပါတယ်။

ပကာရီကနေ ထားဝယ်ကို ပြန်တော့ အချိန်နည်းနည်း စောနေသေးတယ်။ ဒါနဲ့ ကမြောကြီးကို ခဏပြန်နားကြတယ်။ ကမြောကြီးကနေမှ လေဆိပ်ကိုဆင်းတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ ထားဝယ်မြို့နယ်ဟာ သဘာဝဓါတ်ငွေ့တွေ ထွက်ရှိနေပါလျက်၊ အစိုးရမီးမရပဲ သူတို့အခေါ် ယိုးဒယားမီ တမီတာကို ၁၂၀ကျပ်နဲ့ သုံးနေခဲ့တဲ့အဖြစ်ကို သိခဲ့ရပါတယ်။

မြန်မာပြည်တောင်ပိုင်း ထားဝယ်မြို့ကနေ ပြန်လာတဲ့အခါ သဘာဝရေမြေရဲ့ လှပမှုကြောင့်ရော နယ်မြေဒေသခံတွေရဲ့ ရိုးသားမှု အလုပ်ကြိုးစားမှုတွေကြောင့်ရော တနိုင်ငံလုံးအတိုင်းအတာနဲ့ အခုလိုသန့်ရှင်းသပ်ရပ်တဲ့ ဒေသတွေဖြစ်အောင် လုပ်လာကြရင်ဆိုတဲ့ အတွေးတခုကို အမြဲတွေးနေမိတော့တယ်......

No comments: