21 January 2018

ထားဝယ် သို့ ချစ်သောမြေတောင်ပိုင်း (၁)

သွားထားတဲ့ ခရီးများထဲက  ရေးလက်စတွေ၊ မရေးရသေးတာတွေ ရှိနေသေးပေမယ့် မိတ်ဆွေတယောက်သွားချင်တယ်ဆိုပြန်တော့ ဒီခရီးကို အရင်ရေးရတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာပိတ်ရက် အိမ်ပြန်ရမလား ခရီးသွားမလား ဒွိဟဖြစ်နေတုန်းမှာ ထားဝယ်ခရီးလာဖို့ နယ်ခံမိတ်ဆွေက ဖိတ်ပါတယ်။ ဒီဇင်ဘာပိတ်ရက်တိုလေးအတွင်းမှာပဲ ခွင့်တရက်ပဲ ယူပြီးသွားဖို့ ဆုံးဖြတ်လိုက်တယ်။
MAI နဲ့ ၂၈ ဒီဇင်ဘာပြန်ပြီး ၃ ဇန်နဝါရီပြန်အလာ စလုံး ၂၃၀ပဲကျပါတယ်။ ၂၈ တညကိုရန်ကုန်မှာ အိပ်ပြီး ၂၉ မနက်လေယာဉ်နဲ့ (MNAနဲ့ပါ) ထားဝယ်ကို ပြန်ထွက်တယ်။ လေယာဉ်တစင်းလုံး နိုင်ငံခြားသားတွေချည်းပါပဲ။ မြန်မာဆိုလို့ အနည်းအကျဉ်းပဲပါတယ်။ ထားဝယ်နဲ့ ကော့သောင်းဟာ နိုင်ငံခြားခရီးသွားသူတွေရဲ့ အကြိုက်ဖြစ်နေခဲ့တာ ကြာပြီ။ နယ်ခံတွေအတွက် ဝင်ငွေတဖက်တလမ်းတွေ ရနေခဲ့ပြီဆိုတဲ့အသိနဲ့ ဝမ်းသာမိတယ်။

ထားဝယ်ကို နာရီပြန်တချက်မတီးခင် ရောက်ပါတယ်။ လေယာဉ်ပေါ်မှာ အစိုးရပိုင်းဆိုင်ရာ လူကြီးနဲ့ သူ့မိသားစု (အပျော်ခရီးထွက်လာပုံ ရပါတယ်) လည်းပါတယ်။ လေယာဉ်ဆိုက်တာနဲ့ အဲ့ဒီလူကြီးနဲ့ မိသားစုကို အရင်ဆင်းခိုင်းပြီး လှေခါးမှာ ဝတ်စုံပြည့်လာကြိုသူတွေဟာ တန်းစီပြီးစောင့်နေတယ်။ လေယာဉ်ပေါ်က နိုင်ငံခြားသားတွေ အထူးအဆန်းဖြစ်ပြီး ကြည့်နေကြတာကို ကြည့်ပြီး ရီလည်းရီမိ၊ ပြောင်းလဲကြစို့ဆိုပြီး မနက်လေးနာရီထ မဲပေးခဲ့တဲ့ အစိုးရအသစ်ရဲ့ အရင်အတိုင်းမပြောင်းလဲသေးတဲ့ အဖြစ်ကို တွေးပြီး ငိုလည်းငိုချင်ဖြစ်သွားတယ်။





ထားဝယ်လေဆိပ်ကနေ လာကြိုတဲ့ကားနဲ့ တည်းမယ့်အိမ်မှာ အထုတ်တွေချ ကမြောကြီးကအိမ်မှာ နေ့လည်စာသွားစားကြတယ်။ ပြီးတာနဲ့ ခရီးစဉ်စပြီလေ။ ပထမဆုံးက မျှော်ရစ် ဘုရားကိုလာတယ်။ မျှော်ရစ်ကိုလာတဲ့ လမ်းမှာ မော်တော်တွေရပ်ထားတဲ့ရေထဲက အရိပ်ကို ဓါတ်ပုံရိုက်ချင်တာနဲ့ ခဏရပ်ခိုင်းပြီး ဓါတ်ပုံရိုက်တယ်။ မျှော်ရစ်ရောက်တော့ တော်တော်လေး နေပူနေပြီ။ ကျောက်တုံးတွေပေါ်တက်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။ 
မျှော်ရစ်ကအပြန် လမ်းကရွာထဲမှာ ငါးခြောက်လှမ်းထားတာကို ခွင့်တောင်းယူပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ ရေထွက်ပစ္စည်းပောတဲ့သူတို့ဆီမှာတော့ သိပ်မထူးဆန်းတော့ပေမယ့် ပင်လယ်နဲ့ ဝေးတဲ့အရပ်က ကျနော်လိုလူအတွက်တော့ အဆန်းလေ..




ပထမဆုံးနေ့ရဲ့ အဆုံးသတ်ကတော့ မောင်းမကန်မှာပေါ့။ မောင်းမကန်မှာ အုန်းရေသောက်ရင်း နေဝင်ချိန်ကို ခံစားဖို့။ ခရီးတွေထွက်တိုင်း နေဝင်ချိန်၊ နေထွက်ချိန်တွေကို တခုတ်တရ လိုက်ကြည့်ရင်း ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ စင်္ကာပူမှာတော့ အလုပ်ထဲမှာ အချိန်ကုန်ရင်း မနက်နေထွက်နဲ့ ညနေ နေဝင်ချိန်တွေက မသိလိုက်မသိဖာသာ။ တခါတလေ သွားရင်းလာရင်း ငေးမောလိုက်ရရင်တောင် လေးငါးမိနစ်ထက်မပိုဘူးလေ။


မောင်းမကန်နေဝင်ချိန်က သိပ်လှပါတယ်။ ကောင်းကင်ရယ်၊ နေမင်းရယ်၊ လှိုင်းတွေရယ်နဲ့အတူ သောင်ပြင်ထက်မှာ လှိုင်းတွေပင့်လာတဲ့အခါ ထင်ကျန်ရစ်တဲ့ ရောင်ပြန်ရယ်က ဖမ်းစားနိုင်လွန်းတယ်။ 
မောင်းမကန်မှာ အလင်းရောင်မရှိတော့မှ မောင်းမကန်က ပြန်ခဲ့တယ်။ လမ်းတဝက်မှာ မူးလက်သုတ်ဆိုတဲ့ ထားဝယ်မုန့်တီကိုသောက်တယ်။ ဒေသခံတွေကတော့ အချိုရည်(ပအုံးရည်) ထည့်ပြီးစပ်စပ်လေး စားကြတယ်။ ကျနော်ကတော့ အချိုရည် မထည့်ပဲ နံနံပင်များများထည့်ပါဆိုတော့ ရီကြတယ်။ နံနံပင်က ဒီအရပ်မှာ ရှားတာမို့ ပါလေကာလေးပဲ ထည့်စားကြတာတဲ့။ ငြုပ်သီးမထည့်ပဲနဲ့တောင် စပ်နေတာ သူတို့လို ငြုပ်သီးများထည့်စားလို့ကတော့ မလွယ်ကျောပဲ။

မုန့်တီဆိုင်ကနေ နောက်တနေရာအဖြစ် ရေပူစမ်းမှာ ရေဝင်ချိုးကြတယ်။ ရေကန်သုံးကန်ရှိတဲ့အထဲက နှစ်ကန်ကနေပဲ ချိုးနိုင်တယ်။ အရမ်းပူတဲ့ကန်ကိုတော့ မချိုးနိုင်ခဲ့ဘူး။
ထားဝယ်ကိုပြန်ရောက်တော့ အတော်လေးမိုးချုပ်နေပြီ။ ညဈေးတန်းလျှောက်ကြမယ်ဆိုပြီး တည်းတဲ့အိမ်နဲ့ နှစ်ဘလောက်ကျော်လောက်ကို လမ်းလျှောက်ကြတယ်။ ညဈေးတန်းမှာ မြိတ်ကတ်ကြေးကိုက်စားကြပြန်သေးတယ်။

ဗိုက်လည်း အတော်ပြည့်နေပြီဆိုတော့ အိပ်ဖို့ပဲပေါ့။ မနက်ကို လေးနာရီ ဆိုင်ကယ်နဲ့ ခရီးစဉ်စမယ် လမ်းကြမ်းမယ် ပင်ပန်းမယ် ရဲဘော်တို့ဆိုပြီး အိပ်ရာဝင်လိုက်ကြတော့တယ်......

No comments: