21 April 2016

ရောက်ခဲ့တယ် ဒနုတိုဘဆီ


သိပ်လှတဲ့ ရှုခင်းတွေကို ကျောခိုင်းပြီး ကားကို အမြန်မောင်းတယ်။ ဖယ်ရီက ၄နာရီမှာ ထွက်မယ်ဆိုတယ်။ တကယ်က နောက်ဆုံးခြောက်နာရီ အထိရှိပါတယ်။ 
ဖယ်ရီဆိပ်ကို ရောက်တဲ့အခါ ဟိုဖက်ကမ်းက ဖယ်ရီ မရောက်သေးတာမို့ စောင့်နေရသေးတာ။ အနီးအနား ပတ်ဝန်းကျင်က ရှုခင်းတွေကို View finder ထဲကနေ ကြည့်ရင်း ခလုပ်တွေ နှိပ်တာပေါ့ ဘယ်ရမလဲ။

ဖယ်ရီဆိပ်ကနေ မြင်ရတဲ့ ဒနုတိုဘဟာ ပင်လယ်ပြင်ကြီးလိုလို။ ငြိမ်းအေးတဲ့ သဘာဝရှုခင်းတွေဟာ ဘေးပတ်ဝန်းကျင်က လူတွေရဲ့ စိတ်ကိုပါ ငြိမ်းချမ်းအေးမြစေခဲ့တယ်။
နာရီဝက်လောက်မှာ တဖက်ကမ်းကို ကပ်ပါတယ်။ Samosir Island ပါ ကျနော်ကတော့ ဆမူဆာကျွန်းလို့ လွယ်လွယ် မှတ်ထားမိတယ်။ အဲ့ဒီဆမူဆာကျွန်းကတင် စင်္ကာပူကျွန်းနဲ့ အတိုင်းအဆ ထပ်တူဆိုတော့ ကန်ကြီး ဘယ်လောက်ကြီးမလဲဆိုတာ မြင်ယောင်သာ ကြည့်လိုက်ပါတော့။
ဆမူဆာကျွန်းပေါ်မှာ ဘတက်တွေရဲ့ ဂျဘူးလို့ ခေါ်တဲ့ ရိုးရာအိမ်တွေကို တခါတည်းကြည့်ဖြစ်ခဲ့တယ်။ ကျနော်တို့ တည်းမယ့်နေရာဟာ တုတုဆိုတဲ့ အပိုင်းဖြစ်ပြီး အခုဖယ်ရီဆိပ်နဲ့ တနာရီခွဲလောက်ဝေးပါတယ်။ ဘတက်လူမျိုး ခြောက်မျိုးလောက်ရှိပြီး ဘာသာစကားလည်း ကွဲပြားသလို အိမ်တည်ဆောက်ပုံလည်း အနည်းငယ်ကွဲပြားပါတယ်။ ဒနုတိုဘကန်မှာ နေတဲ့ လူမျိုးစုဟာ တိုဘမျိုးနွယ်စုဖြစ်ပြီး  သူတို့ရဲ့ အိမ်တွေကို ကျောက်ပြားပေါ်မှာ သစ်သားတိုင်ထူပြီး စနစ်တကျ အခိုင်အခံ့ တည်ဆောက်ထားကြတယ်။ အမိုးကို ထောက်ပံ့ပေးမယ့် လာဘိလာဘိခေါ်တဲ့ အတန်းတွေပစ်ထားပြီး ဒီအတန်းတွေကို အစောက သစ်သားတိုင်ကြီးတွေကနေတဆင့် ထပ်မံပိုးပေးထားတယ်။ အိမ်တွေရဲ့ ပြင်ပမှာတော့ အရောင်တောက်တောက်တွေနဲ့ ခြယ်သပြီး အများအားဖြင့် အနီအနက်နဲ့ အဖြူရောင်တွေ အသုံးများတာေ တွ့ရတယ်။

ဂျဘူးအိမ်တွေက ကျနော်တို့တည်းမယ့် တုတုအရပ်ကို ချီတက်ကြတယ်။ တုတုကိုရောက်တဲ့အခါ တည်းမယ့် လင်းဒါဧည့်ရိပ်သာဟာ တော်တော်လေး ရှာရခက်နေပြန်တယ်။ ဗိုက်ကလည်းဆာတာမို့ ညစာစားဖို့ ခဏနား ပြီးမှ ဆက်ရှာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ တကယ်က တည်းမယ့်နေရာကို ရောက်ခဲ့ပြီးပြီ လက်ခံကြိုဆိုမယ့်သူ မရှိတော့ အဲ့ဒီနေရာ မဟုတ်လောက်ဖူးဆိုပြီး ပြန်လှည့်လာကြတာ။

သူငယ်ချင်းက ဒနုတိုဘက ငါးကင်မြည်းစမ်းဆိုပြီး တက်တက်ကြွကြွ တယောက်တကောင် မှာလိုက်တယ်။ မွှေးပျံ့ တဲ့ ငါးကင်ရနံ့ဟာ ဆာလောင်နေတဲ့ ကျနော်တို့ကို အတော်ကိုဒုက္ခပေးတာပါကလား။ တကယ်တမ်း ငါးကင်ရောက်လာတဲ့အခါ တကောင်ကို နှစ်ယောက်ခွဲစားရမယ့် အရွယ်အစားတွေ။ မကုန်မချင်း ဖြည်းဖြည်းစားရင်း နောက်ထပ်ရောက်လာတဲ့ ဧည့်သည်တွေကိုပါ ငါးကင်ကောင်းကြောင်း ဈေးကူရောင်းပေးခဲ့ကြတယ်။

လင်းဒါတို့ဧည့်ရိပ်သာကို ရောက်တဲ့အခါ မိုးအတော်ချုပ်နေပြီ။ အေးစက်နေတဲ့ရေကို (ရေနွေးစက်မရှိပါ) အားတင်းပြီးချိုး စောစောအိပ်ရာဝင်ကြတယ်။ 

မနက်စောစော ထတတ်တဲ့အကျင့်နဲ့ နေထွက်တာ မြင်ရမလား ရေကန်စပ်ကနေ ငေးနေမိတယ်။ ထုံးစံအတိုင်း လက်ထဲမှာ ကင်မရာနဲ့ ခလုပ်တွေ ရမ်းသမ်း နှိပ်တာပေါ့။ 
အစောဆုံး လာကြိုတဲ့ ဖယ်ရီတစင်းကိုလည်း မှတ်တမ်းတင်လိုက်မိတယ်။ 
ငါးဖမ်းနေတဲ့သူတွေကိုလည်း အလွတ်မပေးခဲ့။

နေရောင်ကိုပဲ မြင်လိုက်ရပြီး လင်းချင်းသွားတဲ့ ပတ်ဝန်းကျင်မှာ ဟိုးတဖက်ကမ်းက ပါရာပက်ကိုတစွန်းတစမြင်နေရပြီ။ မနက်စာစားဖို့ အနီးအနားက စားသောက်ဆိုင်မှာပဲ ဝယ်စားလိုက်ကြတယ်။ တောင်ပေါ်ရှုခင်းကိုကြည့်မယ်၊ ကျောက်တုံး ထိုင်ခုံကိုကြည့်မယ် ပြီးရင် မေဒမ်ကို ပြန်ကြမယ်။ 

ပထမဆုံး အမြင့်ဆုံးတောင်ပေါ်ကို တက်သွားကြတယ်။ ရှုခင်းကြည့်တဲ့နေရာမှာ ဒေသခံတွေရဲ့ ရိုးရိုးရှင်းရှင်း ကော်ဖီဆိုင်လေးက အဆင်သင့်။ ရောက်ရောက်ချင်း မိုးဖွဲလေးနဲ့အတူ မြူတွေဆိုင်းသွားတာမို့ ကော်ဖီသောက်ရင်း ခဏစောင့်ပြီး လှပတဲ့ရှုခင်းကို ကြည့်ခဲ့ကြရတယ်။ လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေး ဆိုတယ် မလား။
တောင်ပေါ်ကဆင်းလာတော့ ကျောက်တုံးထိုင်ခုံဆီကိုပေါ့။ ကျောက်တုံးထိုင်ခုံဟာ ကျနော့အတွက်တော့ သိပ်ဆန်းပြား စိတ်ဝင်စားစရာ အရာတခု ဖြစ်မလာခဲ့ဘူး။

ပါရာပက်ကမ်းကို ကူးဖို့ ဖယ်ရီကို တန်းစီတဲ့ ကားတွေကို မြင်ရတဲ့အခါ အတော်လေး စိတ်ညစ်သွားတယ်။ တရုတ်နှစ်သစ်ကူးပိတ်ရက် ခရီးသွားတဲ့ မိသားစုတွေဟာ ကျနော်တို့နဲ့ အတူပြန်မယ့်ရက် တိုက်ဆိုင်နေပါလား။ ဖယ်ရီတစင်းနဲ့ တစင်းကြား နာရီဝက်တခါ ကြာပြီး တန်းစီထားတဲ့ကားတွေ တင်တာက မိနစ်နှစ်ဆယ်ဆိုတော့......
 
 
စောင့်နေတဲ့အချိန်တွေမှာ ကမ်းနားကို လျှောက် ရှုခင်းတွေ ရိုက်၊ ငှက်ကိုလည်း ရိုက်၊ အနားက လူတွေကိုလည်း ရိုက်ပေါ့။ ဓါတ်ပုံပေါ့ဗျာ...
 
 
 
စိတ်ဝင်စားစရာတခုက ဒေသခံကလေးတွေ ပိုက်ဆံတောင်းတဲ့ အရာပါ။ ကျနော်တို့ မြင်နေကြ တွေ့နေကြ ပိုက်ဆံကြဲပါဗျို့ မျိုးမဟုတ်ဘူး။ သင်္ဘောဖယ်ရီ ထွက်ခါနီးမှ ရေထဲကိုဝုန်းခနဲ ခုန်ဆင်းကြတယ်။ ပြီးတော့ သင်္ဘောပေါ်က ခရီးသည်တွေ ပစ်တဲ့ အကြွေတွေကို လျှင်မြန်တဲ့ အရှိန်နဲ့ ငုပ်ဖမ်းယူပြကြတယ်။
ပါရာပက်ကို ရောက်တဲ့အချိန် နေ့လည် နှစ်နာရီ ထိုးနေပြီ။ မေဒမ်ကို ရောက်ဖို့ နောက်ထပ် ခြောက်နာရီ အနည်းဆုံး မောင်းရမယ်။ အကယ်၍များ ကားလမ်းပိတ်နေခဲ့ရင်၊ မိုးရွာရင် ခုနှစ်နာရီကနေ ရှစ်နာရီအထိ ကြာနိုင်တယ်။
ရှည်လျားတဲ့ ခရီးကို ဖြတ်သန်းရဦးမယ်။ ကားထဲကနေ နေဝင်တဲ့ ရက်တရက်ကို ဖြတ်ခနဲ ကြည့်လိုက်မိတယ်.....

No comments: