10 February 2015

တန်ကူဘန်၊ လက်ဖက်ခင်းနဲ့ ပတ်ဝန်းကျင်



တန်ကူဘန်ဆိုတာ အကြိမ်ကြိမ် ပေါက်ကွဲဖူးတဲ့ မီးတောင် တခုပါ။ ၁၅ကြိမ်မြောက် ၁၉၈၃မှာ နောက်ဆုံး ပေါက်ကွဲခဲ့ပြီး အခုဆို မီးတောင်သေအဖြစ်လက်ခံထားပြီး ခရီးသွားဧည့်သည်တွေ လေ့လာစရာနေရာတစ်ခု ဖြစ်နေခဲ့ပါပြီ။

တန်ကူဘန်နဲ့ ပတ်သက်တဲ့ ဒေသပုံပြင်လေးကလည်း ကြေကွဲစရာကောင်းပါတယ်။ ပြောစကားနားမထောင်တဲ့ သားဆိုးလေးကို စွန့်ပစ်ခဲ့တဲ့ မိခင်တယောက်ရဲ့ ဝမ်းနည်းငိုကြွေးမှုအတွက် မိခင်ကို ထာဝရ နုပျိုခြင်းတွေ နတ်ဘုရားတွေက ပေးအပ်ခဲ့တယ်။ ကံကောင်းကံဆိုး ဆိုတော့ သားမိုက်ပြန်လာချိန်ကို ပြန်တွေ့ခွင့်ရပေမယ့် တယောက်ကိုတယောက် မမှတ်မိကြတော့ပဲ သားနဲ့အမိ ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ အမိဖြစ်သူက သားရဲ့ကိုယ်ပေါ်က အမှတ်ကို မှတ်မိတာကြောင့် လက်ထပ်ပွဲမဖြစ်အောင် ခက်ခဲတဲ့ အရာနှစ်ခုကို တပြိုင်တည်း ပြီးမြောက်အောင် လုပ်ခိုင်းခဲ့ပါတယ်။ လုပ်ခိုင်းတဲ့အရာ နှစ်ခုက မြစ်ကြီးအနားမှာ ရေကာတာ တခုနဲ့   မြစ်ကြီးကိုကူးဖြတ်ဖို့ သင်္ဘောတစင်းကို တနေ့တည်း ပြီးမြောက်အောင် ဆောက်လုပ်ဖို့ပါ။ အစွမ်းရှိတဲ့ သားက သူ့ကိုကူညီဖို့  တခြားသူတွေကိုဆင့်ခေါ်ပြီး ဆောက်လုပ်ခိုင်းတာကြောင့် ပြီးလုပြီးခင် ဖြစ်သွားတဲ့အချိန်မှာ အမိဖြစ်သူက ဒီအရာကို ဖျက်ပစ်နိုင်ဖို့ အတွက် သူ့လူတွေကို အရှေ့အရပ်ကနေ ပိုးစအနီတွေ လှုပ်ခတ်ခိုင်းခဲ့တာကြောင့် နေထွက်ပြီ သူတော့ ရှုံးပါပြီဆိုပြီး ရေကာတာနဲ့  သင်္ဘောကို ကန်ထုတ်ပစ်ခဲ့တယ်။ သင်္ဘောမှောက်သွားခဲ့ပြီး ရေကာတာကနေ အခု တန်ကူဘန်ဖြစ်လာတယ်လို့ ယူဆထားကြတယ်။ သူတို့ဘာသာအရ တန်ကူဘန်ကို သင်္ဘောမှောက်ခြင်းလို့  အနက်ပြန်နိုင်တယ်လို့ ဆိုပါတယ်။






တန်ကူဘန် တပတ်ကိုပတ်ကြည့်တဲ့အခါ စျေးဆိုင်ခန်းလေးတွေဟာ ကျိုက်ထီးရိုး အရင်က ပုံစံကို လွမ်းသွားစေခဲ့တယ်။ ဆိုင်ခန်းတွေမှာ အမှတ်တရ ပစ္စည်းတွေ ရောင်းနေတာကို သေချာ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။



တန်ကူဘန်ကနေ အနားက လက်ဖက်ခင်းကို ဦးတည်ကြတယ်။ စိမ်းညှို့နေတဲ့ လက်ဖက်ခင်းတွေဟာ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်အောင်ပါပဲ။
လမ်းမှာ လက်ဖက်ခူးတဲ့ ဒေသခံတွေကို ဆိုင်ကယ်ရပ်ပြီး ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။




လက်ဖက်ခင်းတွေ အလွန်မှာ အေးဆေးငြိမ်သက်တဲ့ စားသောက်ဆိုင်တခုကို နေ့လည်စာစားဖို့ ရွေးချယ်ခဲ့ကြတယ်။ စားသောက်ဆိုင်က ပန်းတွေ၊ လိပ်ပြာတွေ၊ မီးတိုင်တွေကို ဓါတ်ပုံ ရိုက်ယူနေတာမို့  သူငယ်ချင်းတွေက နောက်ထပ်နေရာ တခုကို ကျနော့ကို လိုက်ပို့ပေးမယ်လို့  ပြောလာကြတယ်။
သူတို့ ရိုးရာ အစားအစာပါ။ ငှက်ပျောရွက်တွေထဲမှာထမင်းလေးကို လိပ်ထားပြီး သိပ်အရသာရှိပါတယ်။









ထမင်းစား နားပြီး နောက်တနေရာအဖြစ် တောင်ပေါ်က တက္ကသိုလ်တခုကို လိုက်ပို့ပါတယ်။ အစိုးရ ကျောင်းတခု ဖြစ်ပေမယ့် လှပသေသပ်တဲ့ အဆောက်အဦးတခုပါပဲ။ သူတို့ လိုက်ပို့တာ ကျောင်းဝန်းထဲမှာ စနစ်တကျ စိုက်ပျိုးထားတဲ့ ပန်းပင်တွေပါပဲ။ ကင်မရာ ခလုပ်ကိုတော့ သေချာပေါက်ကို နှိပ်ဖြစ်တော့တာပေါ့။





ကျောင်းကနေ အပြင် တောင်ပေါ်က ဆင်းလာတဲ့အခါ မှောင်ရီပျိုးနေခဲ့ပြီ။ အေးစက်နေတဲ့ လက်တွေကို အိတ်ကပ်ထဲအတင်းထိုးထည့်ရင်း အဆင်းလမ်းက ယုန်လေးတွေကို ဆင်းကြည့်ဖြစ်ပါတယ်။ ယုန်သားဖောက်လုပ်ငန်းရှိပြီး ယုန်မျိုးစုံအောင် ရောင်းနေကြတာပါ။ စျေးက အစားစားရှိပြီး နိုင်ငံခြား အမွှေးရှည်မျိုးတွေဆိုရင် အတော်လေး စျေးကြီးပါတယ်။





တောင်ပေါ်ဒေသမို့ အသီးအနှံတွေ ချိတ်ပြီး ရောင်းနေကြတာ အားရစရာပါပဲ။ ထွေထွေထူးထူး ညစာ စီစဉ်စရာ မလိုပဲကြက်မောက်၊ မင်းဂွတ် တတွဲစီဆွဲခဲ့ကြတာပေါ့။


စတော်ဘယ်ရီ ခြံမှာ ဓါတ်ပုံဝင်ရိုက်ရင်း တခြား ဘယ်အရာမှ မထည့်ပဲ လတ်လတ်ဆတ်ဆတ်ခူးလာတဲ့ စတော်ဘယ်ရီတခွက် ဖျော်သောက်ရတဲ့ အရသာက ဘာနဲ့လဲ နိုင်တော့မှာ မဟုတ်ပါဘူး။

နောက်တနေ့မှာ စီဝီဒီလို့ခေါ်တဲ့ တခြား နေရာတခုကိုသွားဖို့  စီစဉ်ထားတာမို့  မြို့ထဲမသွားဖြစ်ပဲ ဟိုတယ်ပြန်ပြီး အနားယူဖို့  စောစောပြန်လာဖြစ်တယ်.....


No comments: