08 February 2015

ခဏတာ ချန်ဂီ

အကယ်၍များ ချန်ဂီလေဆိပ်မှာ သုံးလေးနာရီထက်ပိုပြီးနေရမယ်ဆိုရင် အချိန်ဖြုန်းဖို့ လုံလောက်တဲ့နေရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ သိပြီးသားဆိုရင်တော့ ဖတ်ဖို့ မလိုအပ်တော့ပါဘူး။

လေဆိပ် ထရန်စစ် ဧရိယာမှာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ရုပ်ရှင်ရုံအသေးစား၊ အင်တာနက်သုံးဖို့ ဒါ့အပြင် အားကစားလေ့ကျင့်ဖို့နေရာ၊ ရေကူးကန် စသည်ဖြင့် အမယ်စုံအောင်ရှိပါတယ်။ ဒီအထဲကမှ ကျနော်အကြိုက်ဆုံးနေရာနှစ်ခုက လိပ်ပြာပန်းခြံနဲ့ နေကြာပန်းခြံ....

လိပ်ပြာပန်းခြံက တာမင်နယ် နံပါတ်သုံးမှာရှိတယ်။ ခပ်ဝေးဝေးကိုလမ်းလျှောက်ရပြီး နှစ်ထပ်နဲ့ သုံးထပ်မှာ နေရာယူထားတဲ့ လိပ်ပြာပန်းခြံပါ။ ပီနန်းလိပ်ပြာ ပန်းခြံရဲ့ နည်းပညာ အကူအညီနဲ့ ဆောက်လုပ်ထားတာဖြစ်တယ်။ ရေတံခွန်ပုံစံငယ်တခုကိုပါ ဖန်ဆင်းထားပါတယ်။ ကျနော်ရိုက်လာဖြစ်တဲ့ ပုံလေးတွေ မကောင်းလည်းကြည့် ကောင်းလည်းကြည့်ပေါ့ဗျာ....







တခုပဲ ဘေးနားက ဟော်ကာစင်တာက ချက်ပြုတ်တဲ့အနံ့တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ လိပ်ပြာတွေတော့ ဘယ်လိုနေ နေကြတယ်မသိပါဘူး။ ခဏသွားလည်တဲ့ ကျနော့အတွက်တော့ ဟင်းနံ့တွေနဲ့ အတော်လေး အဆင်မပြေဖြစ်ခဲ့ပါတယ်။
နေကြာပန်းခြံက တာမင်နယ် နံပါတ်နှစ်မှာပါ။ ထရန်စစ် ဧရိယာရဲ့ အဆုံး သုံးထပ် အမိုးပွင့်မှာ။ နေကြာပန်းခြံဆိုတော့ နေပူမှာတော့ ကြိုပြောထားပါရစေ။ အဖူး၊ ပွင့်ကာစကနေ ကြွေခါနီးအထိ နေကြာပန်းခင်းတခုရယ်၊ လေယာဉ်ပြေးလမ်းတွေရယ်နဲ့ နေကြာပန်းခြံက အားလုံးကို ကြိုဆိုနေတယ်။

ချန်ဂီနဲ့ သိပ်မရင်းနှီးသေးတဲ့သူတွေဆိုရင်တော့ ထရစ်စစ်ဧရိယာကနေ တာမင်နယ် သုံးခုလုံးကို ကောင်းကင်ရထားနဲ့ ကူးလို့ရတယ်ဆိုတာရယ်၊ လမ်းများ ပျောက်နေခဲ့ရင် အချက်အလက်ကောင်တာမှာ ကိုယ်သွားလိုတဲ့ နေရာကို မေးမြန်းပြီး သွားနိုင်ပါတယ်ခင်ဗျာ။

နောက်တခါ အခွင့်ကြုံရင် တာမင်နယ် ၁က ကန္တာရဆူးပင် ပန်းခြံကိုသွားဦးမယ်ဗျာ.......

တခါမှ မရောက်ဖူးသေးတဲ့သူတွေဆိုရင် အောက်က လင့်က နေရာလေးတွေကို လက်တို့ လိုက်ပါတယ်။
http://www.ladyironchef.com/2014/02/things-you-never-knew-singapore-changi-airport/

No comments: