30 October 2014

ချမ်းယဉ်ကျေးမှု၊ ဟွေအမ်းမြို့ဟောင်း

 အရင်ရက်တွေက မိုးမရွာတာ ကံကောင်းတယ်လို့ ပြောရမလိုပါပဲ။ မိုးရေတွေထဲက ဟွေးကို ကြည့်ရတာ လွမ်းစရာအပြည့်။



ဟွေးကနေ နောက်တမြို့ ဟွေအမ်းကို သွားတယ်။ ဒါနံကို ပြန်ဖြတ်ရတာမို့ သွားတဲ့လမ်းမှာ ချမ်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု ပြတိုက်ကို ဝင်ပါတယ်။ ချမ်းလူမျိုးတွေကို ကျနော့စိတ်ထဲတော့ ဟိန္ဒူလူမျိုးတွေလို့ပဲ မှတ်တယ်။ ရေအိုး၊ အဝတ်အစား၊ အသုံးအဆောင်တွေက အစ တူတယ်။ နောက်ထပ်တူတာ ရှိသေးတာကို မွိုင်ဆမ်းဆိုတဲ့ အရပ်မှာ ပိုသိလာရတယ်။
 
ပြတိုက်အဆောက်အဦးကို ပြင်သစ်ပုံစံ ဆောက်လုပ်ထားပြီး ၁၉၀၂ခုနှစ်ကနေ နောက်ထပ်နှစ်ကြိမ်တိုင်တိုင် တိုးချဲ့ ပြုပြင်ထားတာမို့ ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့အဆောက်အဦးပါ။ စုဆောင်းထားတဲ့ ချမ်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု အစုစုဟာ ခမ်းနားကြီးကျယ်ပြီး အဆင့်မြင့်မားတဲ့ လူမျိုးစုတခုဖြစ်ကြောင်း ကောင်းကောင်းသက်သေပြလို့နေတယ်။



ချမ်းကချေသည်ဟန်


ဟိန္ဒူရိုးရာ ဂရုဒါ ငှက်ရုပ်





ဘာသာယဉ်ကျေးမှုတွေနဲ့အတူ အနုသုခုမပညာပါ တိုးတက်ထွန်းကားတဲ့ လူမျိုးစုကြီး တစုလို့ ဆိုတာ မငြင်းနိုင်တဲ့ သက်သေတွေပါပဲ။



ပြတိုက်ကနေထွက်လာတဲ့အခါ မာဘယ်လ်ကျောက်တွေကို ထုလုပ်တဲ့ လုပ်ငန်းကို ပို့ပါတယ်။ ကျောက်သားဖြူဖြူ အရုပ်တွေရယ်၊ တခြားတခြားသော ရောင်စုံ အရုပ်တွေနဲ့ ကျောက်ထုတဲ့ လုပ်ငန်းကလည်း စိတ်ဝင်စားစရာပါပဲ။ ဟွေအမ်းကို ရောက်တဲ့အခါ မိုးက တဖွဲဖွဲရွာနေပြီ။ ဟိုတယ်က သုံးနာရီမှ ဝင်ရမှာဖြစ်ပြီး နေ့လည်စာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်စားဖို့ပါ။ စေ့စပ်သေချာတဲ့ ဂိုက်က ကျနော့ကျောပိုးအိတ်ကို ကာဖို့ မိုးကာပလတ်စတစ်ထုတ်ပေးပါတယ်။ ပြီးတော့ သူနဲ့ အတူ ထမင်းလိုက်စားမလားလို့ ဖိတ်တော့ အားရဝမ်းသာ လိုက်တာပေါ့။ သူထင်ထားတာ ကိန်းကြီးခမ်းကြီး ထမင်းဆိုင်မှာမှ စားတတ်မယ်လို့ ထင်တာကိုး။ ဒေသခံတွေနဲ့အတူတူ နာမည်ကြီး ကြက်ဆီထမင်းဆိုင်မှာ လိုက်စားတော့ သူလည်း အတော်လေး ပေါ့ပေါ့ပါးပါးဖြစ်သွားတယ်။




























စားသောက်ပြီးတဲ့အခါ ပိုးချည်မျှင် ထုတ်လုပ်ငန်းနဲ့ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတဲ့နေရာကို လိုက်ပို့တယ်။ ပိုးကောင်လေးတွေကနေ စလို့ ပိုးချည်မျှင်ဆွဲထုတ်တာအပြင် ရက်လုပ်တာအဆုံး အဆင့်ဆင့်ကို စနစ်တကျရှင်းပြပေးတယ်။ မေ့အတွက် ပိုးပုဝါအစိမ်းလေးတထည်ဆွဲခဲ့လိုက်တယ်။ ဆိပ်ကမ်းမြို့ဖြစ်တာမို့ တံငါသည်နဲ့ ကညာပျိုအကလိုမျိုးကို ဟာသဆန်ဆန်တင်ဆက်တာ တွေ့ရတယ်။ အိမ်လို အဆောက်အဦးထဲမှာပဲ တူရိယာတွေနဲ့ ခင်းကျင်းပြသထားတာပါ။
ဟိုတယ်ကို လိုက်ပို့ပြီးတဲ့အခါ ကားသမားရော ဂိုက်ရော ဒါနံကို ပြန်အိပ်ကြတယ်။ ညပိုင်းအစီအစဉ်ကတော့ ကျနော့ဖာသာ ကျုပ်ကျက်လိဖို့ပါ။ ဟိုတယ်အခန်းက အရမ်းကို ကျယ်လွန်းတယ်။ တကယ့်ကို ကျယ်လွန်းတယ်။

ဟိုတယ်က မြေပုံစာရွက်ကို ကိုင်ပြီး လျှောက်သွားတယ်။ မီးတွေထွန်းထားတာ သီတင်းကျွတ်လိုလို၊ တန်ဆောင်တိုင်လိုလို။ မီးပုံတွေ ကိုယ်တိုင်လုပ်ပြီး ရောင်းတဲ့မြို့မို့ ညပိုင်း အိမ်တိုင်းဆိုင်တိုင်းဟာ မီးပုံးကိုယ်စီနဲ့ ညခင်းဟာ လှပလို့နေတယ်။
ဒါတင်ပဲလားဆိုတော့ မြစ်ထဲကိုပါ မီးမျှောပွဲလုပ်ကြသေးတာ။ မီးမျှောဖို့ စက္ကူခွက်လေးတွေနဲ့ ရောင်းနေတဲ့ ကလေးလေးဆီမီးခွက်တွေ အားပေးရင်း သူ့ကိုပါ ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။
ညနေစာ မစားချင်တာမို့ ကော်ဖီဆိုင်မှာ မုန့်တခု၊ ကော်ဖီတခွက်နဲ့ ငြိမ်းချမ်းလိုက်တာ။ အေးလာပြီဆိုတော့မှ ဟိုတယ်ပြန်ဖို့ကို သတိရတယ်။ လမ်းတွေ မှတ်မိသလိုလိုနဲ့ မမှတ်မိပြန်ဘူး။ လက်ထဲကမြေပုံကို ကိုင်ပြီး လျှောက်နေရင်း စိတ်ထဲမှာ ဝေးသည်ထက် ဝေးလာတယ်လို့ ထင်တယ်။ ခေါက်ဆွဲဆိုင်သိမ်းနေတဲ့ ဒေသခံနှစ်ယောက်ကို ဟိုတယ်လိပ်စာပြပြီးမေးတဲ့အခါ အမျိုးသားလုပ်သူက သူစက်ဘီးနဲ့ လိုက်ပို့ပေးမယ်လို့ ပြောတယ်။ ဟာ အတော်ဟုတ်ပါလားပေါ့ တယ်လည်း ကူညီတတ်ကြတဲ့ လူမျိုးပဲလို့။ မင်းတို့ အလုပ်ပြတ်နေလိမ့်မယ့်လို့ ပြောတဲ့အခါ ရတယ် ရတယ်တဲ့ မင်းဆယ်ဒေါ်လာပဲပေးဆိုပြီး ပြောပါလေရော။ စိတ်ထဲ မျက်ခနဲ ဖြစ်သွားပြီး နေ,နေ လို့ ငါလမ်းလျှောက်နိုင်ပါတယ်လို့။

စိတ်တိုတိုနဲ့ ဟိုတယ်ကို ကိုယ့်ဖာသာ မရောက်ရောက်အောင် လျှောက်မယ်ဆိုပြီး သူတို့နေရာကနေ ထွက်လာခဲ့လိုက်တယ်....
 







 

No comments: