08 August 2014

မီးခိုးမြူလွင့်

၈လပိုင်းရောက်တော့ မီးခိုးတွေလွင့်လာပြန်ပြီပေါ့။ သတိရတယ် ဆိုတဲ့ အကြောင်းအရာထက်ပိုခဲ့တယ်။ သူက ရိုးသားတယ်။ ဖြူစင်တယ်။ နှစ်သက်သဘောကျတယ်။ ဒါပေမယ့် ဘာလို့ ထားရစ်ခဲ့လဲဆို အဲ့ဒီမီးခိုးတွေကြောင့်လို့ ဖြေရင် သိပ်အူကြောင်ကြောင်နိုင်တယ်။

မိန်းမတယောက်ဟာ ဘာကြောင့် စီးကရက်ကို ကြိုက်နှစ်သက်နေသလဲ ကျနော်မတွေးတတ်ဘူး။ စီးကရက်မီးခိုးတွေနဲ့ ကြုံတိုင်း ကျနော့အဆုတ်က ကျနော့ကို တွန်းထုတ်ဆန့်ကျင်နေတာကိုတော့ သေချာသိပါတယ်။ တဆိတ်…..မင်း စီးကရက် မသောက်ပါနဲ့လား။

တားမြစ်မယ့်သူ ကျနော်ကိုယ်တိုင် တလိပ်လောက် စမ်းသောက်ကြည့်ဖို့ ဖြစ်သွားလိမ့်မယ်ဆိုတာ ဘယ်သူယုံမှာလဲ။ တကယ်က ကျနော် တလိပ်သောက်ဖြစ်သွားခဲ့တာ အမှန်ပဲ။ ငယ်ငယ်တုန်းက သောက်ဖြစ်ပေမယ့် အခုနောက်ပိုင်း အဆုတ်သိပ်မကောင်းတာမို့ ကျနော့အတွက် အနံ့အသက်နဲ့တင် တော်တော်တန်တန် ဆို ချောင်းတဟွတ်ဟွတ်ဆိုးနေပြီ။ ဒါပေမယ့် သူသောက်တဲ့ စီးကရက်က အနံ့တော့ အတော်လေး သင်းတယ်။ ချိုရှရှလေးပေါ့ဗျာ။ စမ်းမသောက်ဖြစ်ခင်ကတည်းက ကျနော်သိနေခဲ့တာ ဘာကြောင့်လဲလိုတော့ မေးစရာမလိုဘူးထင်ပါတယ်။

အဲ့ဒီညနေက သူနဲ့ကျနော် ထမင်းစားအပြီး၊ ကျနော်က ကော်ဖီဆိုင်ထိုင်မယ် သူက သူ့စီးကရက်ကိုဖွာမယ့်ပေါ့။ အတွေးကိုယ်စီနဲ့ ကိုယ်သန်ရာကိုယ်လုပ်ကြဖို့ပဲ။ ဘာမှလည်း မသက်ဆိုင်ပါပဲ ကျနော့ကို တလိပ်လောက်ဖွာကြည့်ပါလို့ ပြောလာတဲ့အခါ မျက်မှောင်ကိုကြုတ်ကြည့်မိတယ်။ အပြောင်အပြက်ပြောနေတာမဟုတ်ပဲ တကယ်ကြီးလေးလေးနက်နက်လို့ သိလာတဲ့အခါ ကျနော် ခေါင်းငြိမ့်ပြလိုက်တယ်။ အဆုတ်ထဲကို ရှိုက်မသွင်းပဲ ပါးစပ်နဲ့ နှာခေါင်းကနေပဲ ဖြတ်စီးစေရင်းနဲ့ကို ကျနော် ချောင်းဆိုးလာတယ်။ အဆုတ်ထဲကို ရှိုက်ဖို့ သူက တိုက်တွန်းတယ်။ ကျနော်က ငြင်းတယ်။ အဲ့ဒီတလိပ်ပဲ…

အဲ့ဒီညက ကျနော် အိပ်မရခဲ့ဘူး။ အိပ်မရမယ့် အတူတူ တောင်တောင်အီအီ အတွေးတွေဟာ ခေါင်းထဲမှာ တန်းစီလို့။ သေချာတာက စီးကရက်မီးခိုးမြူတွေ ပါလာခဲ့တယ်။ မီးခိုးမြူတွေထဲမှာ သူ့မျက်နှာက ပေါ်လာလိုက် ပျောက်သွားလိုက်။ ကျနော့ကို ပြုံးပြနေတာလား မသဲကွဲဘူး။

မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့တယ်။ မနက်စာစားရင်း ဆုံကြတော့ ကျနော်တို့ ဆုံတဲ့စားပွဲဟာ စီးကရက်သောက်ခွင့်ပြုတဲ့ အစိမ်းရောင် အကွက်ထဲမှာ။ ကျနော် အနီရောင် အကွက်တွေရှိရာ အရပ်ကို ထွက်သွားပစ်လိုက်ချင်တယ်။ အစိမ်းရောင် အကွက်ထဲကနေ ခြေထောက်ချိတ်ထိုင်နေတဲ့ စပါးကြီးမြွေတကောင်က သူဖြစ်နေတယ်။

မနက်စာစားပွဲက ထလာတဲ့အခါ ညက ကောင်းကောင်းအိပ်မပျော်တာမို့ တရေးတမော ပြန်အိပ်ချင်နေပြီ။ သူက အစာစားပြီး ခံတွင်းချဉ်နေပြန်ပြီလေ။ စီးကရက်သောက်ခွင့်ပြုထားတဲ့ နေရာနားမှာ ကျနော် ရပ်စောင့်နေရင်း ကျနော့အာရုံတွေပြိုလဲစ ပြုလာ။ တဟွတ်ဟွတ်ဆိုးနေတဲ့ ချောင်း ကြားကနေ သူ့ကို မျက်လုံးပြူးပြီးကြည့်နေမိတယ်။

သူက ပြုံးပြတယ်။ နောက်တော့ အကျင့်ရသွားမှာလို့ ကျနော့ကို ရယ်သံလွင်လွင်လေးနဲ့ တိုးတိုးလေး ပြောတယ်။ နှစ်လိုနေမိတဲ့ ကျနော့စိတ်တွေဟာ ချက်ချင်း မီးခိုးတွေ ဖြစ်သွားတယ်။ သူဘေးနားမှာ ရှိနေပေမယ့် ကျနော်မခံစားမိတော့ဘူး။

အိမ်ပြန်ဖို့ လမ်းခွဲနှုတ်ဆက်တဲ့အခါ သူက ကျနော့လက်ထဲကို စီးကရက်တဗူးလာထည့်ပေးသွားတယ်။ ကျနော် အိမ်မှာ သောက်ကြည့်ဖို့တဲ့။ အိုခေ..ဆိုတဲ့စကားကိုပဲ ခပ်ဖွဖွဆိုရင်း ပြောနေကျ ဂရုစိုက်ဆိုတဲ့ စကားလုံးကို အငြင်သာဆုံး ကျနော် ပြောခဲ့လိုက်တယ်။

အဲ့ဒီနေ့က လေသိပ်မတိုက်ဘူး။ ဒါပေမယ့် ကျနော့နားက မီးခိုးမြူတွေ လွင့်သွားခဲ့တာ ယနေ့ထက်ထိ……….

No comments: