30 September 2013

မက်ဂျဖဟစ်အင်ပိုင်ယာ ထိုမှတဖန် သရိုဝူလန်

Photo credit to : http://en.wikipedia.org/wiki/File:Surya_Majapahit.png
သူရဲကောင်းမြို့တော်ဆီကို သွားဖြစ်အောင် ဆွဲဆောင်တဲ့ အဓိက နေရာဟာ အခုသွားနေတဲ့ ရှေးဟောင်းမြို့တော် သရိုဝူလန်ပဲဖြစ်တယ်။ တချိန်က အရှေ့တောင်အာရှမှာ ကြီးမားကျယ်ပြန့်ခဲ့တဲ့ မက်ဂျဖဟစ်အင်ပိုင်ယာရဲ့ မြို့တော်ဟာ ဒီသရိုဝူလန်လို့ သမိုင်းသုတေသီတွေက အခိုင်အမာပြောနေကြတယ်။

အင်ပိုင်ယာရဲ့ ကျယ်ပြန့်မှုဟာ အင်ဒိုနီးရှားနိုင်ငံ ကျွန်းစုများသာမက မလေးရှား၊ ဘရူနိုင်း၊ စင်္ကာပူ၊ ထိုင်း၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အထိ နယ်မြေစိုးမိုးနိုင်ခဲ့တယ်။ မွန်ဂို စစ်ဘုရင် ကူဗလိုင်ခန်ကို စိန်ခေါ်တဲ့အထိ ထက်မြက်တဲ့ ဘုရင်အုပ်စိုးခဲ့တယ်လို့ သမိုင်းကတော့ဆိုတယ်။ မက်ဂျဆိုတဲ့စကားလုံးကတော့ အသီးလို့ အနက်ရပြီး ဖဟစ်ကတော့ခါးသက်ခြင်းလို့ ပြန်ပါတယ်။ အဲ့ဒီအင်ပိုင်ယာ စတည်တဲ့ သစ်တောထဲက အသီးနာမည်ကို ယူပြီး တည်ခဲ့တယ်လို့ယူဆထားကြတာပါ။ အရှေ့အပုဒ်မှာပါခဲ့တဲ့ စစ်သူကြီး ဂါဂျာမက်ဒါဟာလည်း ဒီအင်ပိုင်ယာကြီးထဲက စက်သွားလေးတခုပါပဲ။

ဘယ်လောက်ကြီးမားကျယ်ပြန့်ပါစေ တချိန်ချိန်မှာတော့ ပျောက်ဆုံးပျက်စီးသွားမြဲပဲမဟုတ်ပါလား။ တချိန်က တရုတ်နိုင်ငံ မင်မင်းဆက် ပညာရှင်တွေလာရောက်လည်ပတ် အတုယူခဲ့ရတဲ့၊ ကျနော်တို့ မြန်မာနိုင်ငံ တောင်ပိုင်းအထိတိုင်အောင် ကုန်ကူးသန်းရောင်းဝယ်ခဲ့တဲ့ အဲ့ဒီ မက်ဂျဖဟစ် အင်ပိုင်ယာကြီးဟာ ၁၅ရာစုနှစ်မှာပဲ အစိတ်စိတ်အကွဲကွဲဖြစ်ခဲ့ရပါတယ်။ ဒီအင်ပိုင်ယာကြီး ပြိုကွဲမှုကြောင့် အစ္စလာမ်ဘာသာ ကိုးကွယ်မှုတွေ စိမ့်ဝင်လာခဲ့ပြီး ဟိန္ဒူနဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုတွေ တနေ့တခြားလျော့ပါးလာခဲ့တယ်လို့ သမိုင်းကတော့ ဆိုပါတယ်။ အင်ပိုင်ယာရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ရင်ခွဲတံခါးလေးတွေဟာ ဟိန္ဒူဘာသာယဉ်ကျေးမှုပဲဖြစ်ပြီး ယခုအခါ ဘာလီကျွန်းမှာသာ မြင်တွေ့နိုင်ပါတော့တယ်။
ပျောက်ဆုံးသွားခဲ့တဲ့ မြို့တော်ကို ၁၉ရာစုနှစ်မှာ ဆာသောမတ်စ်စတန်းဖို့က တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဆာသောမတ်စ်ဟာ စင်္ကာပူနိုင်ငံကို စတင်တည်ထောင်သူရယ်လို့လည်း နာမည်ကျော်ခဲ့တယ်။

ကျနော်ကတော့ အလုပ်ကိစ္စနဲ့တည်းဖြစ်တဲ့ ဒူမိုင်းမြို့ရှိ ဂရမ်းဇူယီဆိုတဲ့ ဟိုတယ်က မဂ္ဂဇင်းထဲမှာ ဒီမြို့တော်ကိုစတင်တွေ့ရှိခဲ့ပါတယ်။ အုတ်အနီရောင်ရဲရဲနဲ့ ဝိညာဉ်တံခါး ဖြစ်တဲ့  ဘဂျန်ရာတုဟာ ကျနော့ကို တနေ့မှာ မဖြစ်ဖြစ်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချစေတဲ့အထိ စွဲဆောင်ခဲ့ပါတယ်။






ဒီတံခါးမှာ ရှိတဲ့ အနုပညာလက်ရာများဟာလည်း သူ့ခေတ်က သမိုင်းကို အတိုင်းသားဖွင့်ဆိုနေပါတော့တယ်။ တံခါးဟာ ဘုရင့် အိမ်တော်ရာ ဒါမှမဟုတ် နန်းတော်ကြီးတခုလုံးနဲ့ အနီးဆုံး အပိုင်းမှာရှိတယ်လို့ အားလုံးကယုံကြည်ထားကြပြီး သက်သေသာဓက တခုမှတော့ ယနေ့ထက်ထိတွေ့ရှိတယ်လို့ မကြားမိသေးပါဘူး။


တံခါးရဲ့ အနီးတဝိုက်မှာ ကန်ဒီ တိကုရှိပါတယ်။ ဒီစေတီကိုတော့ ကြွက်စေတီလို့လည်း ဒေသခံတွေက ခေါ်ကြတယ်။ ဒီစေတီကို ၁၉၁၂မှာ တွေ့ရှိပြီး တွေ့ရှိတဲ့နေရာဟာ ကြွက်သိုက်တခုမို့ ကြွက်စေတီလို့ အစွဲပြုခေါ်ဆိုကြတာပါ။ ဘုရင့် ရေချိုးကန်လို့ သတ်မှတ်ထားကြသလို၊ မြို့နေလူထုအတွက် ရေဝေတဲ့ နေရာလို့လည်း ယူဆကြပြန်ပါတယ်။ ဆောက်လုပ်ထားမှု အဆင့်နှစ်ဆင့်ရှိတယ်လို့ ဆောက်လုပ်ထားတဲ့ အုတ်အမျိုးအစားနှစ်မျိုးကနေ သက်သေခံလျက်ရှိတယ်။

ကန်ဒီတိကုကို ဖြတ်သွားတဲ့အခါ ပင်လယ်ပြင်လို့ သတ်မှတ်ထားတဲ့  ဆီဂါရန် ရေကန်ဘေးကနေ ကျော်သွားရပါတယ်။ မြို့နေလူထု သောက်သုံးရေအတွက် အသုံးပြုပုံရတယ်လို့ ယူဆရတဲ့ ရေကန်ဟာ တကယ့်ပင်လယ်ပြင်ကြီးလား လို့ထင်ရအောင် ကျယ်ပြောပါပေရဲ့။


လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ရှိနေဆဲဖြစ်တဲ့ ဘရာဟုစေတီကိုရောက်တဲ့အခါ ကျနော်နဲ့ ကိုရွှေဂိုက်တို့ စကားများပါတယ်။ ခရီးမသွားခင် လေ့လာထားတဲ့ ကျနော်က ကမ္ဗောဒီးယား မင်းသမီးရဲ့ အုတ်ဂူကိုသွားလိုတယ်လို့ ပြောထားခဲ့ပါတယ်။ ကိုရွှေဂိုက်က ကျနော့ကို စာမကျေဘူးယူဆပုံပါပဲ မင်းသမီးရဲ့ အရိုးအိုးဟာ ဒီဘရာဟုစေတီမှာလို့ ဘုရားပေါ်တက်ခွင့်မရဘူးဆိုတဲ့ ဆိုင်းဘုတ်ကိုပြပြီးပြောတဲ့အခါ ကျနော် အတော်လေး စိတ်တိုပါတယ်။ လိုက်မပို့နိုင်ဘူး ဒါမှမဟုတ် ငါမသိဘူးလို့ ပြောလိုက်ရင် ရပါလျက် ကျနော့ကို လိမ်ညာတဲ့အပြင် သမိုင်းကိုပါ ပြင်ပြီးပြောတဲ့ ဧည့်လမ်းညွှန်မို့ စိတ်ထဲမှာ လေးစားမှုကို မရှိတော့လောက်အောင်ကို စိတ်ပျက်မိပါတယ်။ တကယ်တမ်း ဒီဘရာဟု စေတီကို ဗုဒ္ဓဘာသာတွေ တည်ခဲ့တယ်လို့ ဖွဲ့စည်းတည်ဆောက်ပုံအရ သတ်မှတ်ထားတာဖြစ်ပြီး ကွယ်လွန်ပြီးတဲ့ ဘုရင်တွေရဲ့ အရိုးပြာတွေ ထားခဲ့တဲ့ နေရာလို့ မှန်းဆထားခဲ့ကြပါတယ်။

ဘရာဟုကနေ နောက်ဆုံး ဝရင်ဂင်လဝမ် စေတီကို ကူးပါတယ်။ စေတီလို့သာ ခေါ်ရတယ် သူရဲ့ ဖွဲ့စည်းပုံက ဘဂျန်ရာတု တံခါးနဲ့ တပုံစံတည်းပဲ။ သူ့နာမည်ရဲ့ အနက်ကတော့ ညောင်ပင်ရိပ်တံခါးလို့ ခေါ်ပြီး စစ်သူကြီး ဂါဂျာမက်ဒါရဲ့ အိမ်တံခါးဝင်ပေါက်လို့ အားလုံးက လက်ခံထားပါတယ်။ တံခါးရဲ့ ဘေးမှာ မူလက အုတ်မြို့ရိုး ရှိပုံရသော်လည်း အခုတော့ တံခါးတခုတည်းသာ ထီးတည်းကျန်လို့နေတယ်။ တံခါး နောက်ဖက်က ကြံခင်းတွေကို ကြည့်ရင်း ရှေးတုန်းက စည်ကားခဲ့တဲ့ မြို့ကြီးတခုကို စိတ်ထဲက လွမ်းဆွတ်လို့လာပါတော့တယ်။
သရိုဝူလန်ကနေ သူရဲကောင်းတို့ရဲ့ မြို့တော်ဆီကို ပြန်ကြတယ်။ နှစ်နာရီကျော်လောက်မောင်းရပြီး မိုးကတဖွဲဖွဲရွာနေတော့တယ်။ မြို့ကို ပြန်မရောက်မချင်း မြို့ဟောင်းရဲ့ အရိပ်တွေဟာ ကျနော့စိတ်ထဲမှာ ထပ်တလဲလဲ ဝဲလည်ပြီး ဝင်ရောက်နေကြတယ်။
မြို့ကိုရောက်တော့ ဟိုတယ်ကိုဝင် အထုတ်တွေချပြီးတဲ့အခါ ညစာစားဖို့ အနားက ရှော့ပင်းမင်းမောကို အသော့နှင်တယ်။ ဗိုက်ကအတော်ဆာနေပြီ။ မောမောနဲ့ ငယ်ရည်စားကိုတွေ့ရသလို အတော်လေး ဝမ်းသာသွားမိတယ်။
 
 
 
 
 
 
ဟုတ်တယ်လေ ရန်ကုန်မှာပဲထိုင်ဖြစ်ခဲ့တဲ့ Black Canyon Coffe ဆိုင်ကို ပြန်တွေ့ရတာကိုး။  သူငယ်ချင်း နှစ်ယောက် ဆာဆာနဲ့ အတော်လေးကို မှာစားဖြစ်ခဲ့တယ်။

ဆက်ပါဦးမယ်
reference: http://en.wikipedia.org/wiki/Majapahit
reference: http://en.wikipedia.org/wiki/Trowulan

21 September 2013

ပုံပြင်ထဲကရေတံခွန်၊ ဆင်ဂိုဆာရီ၊ ဂျာဂိုနဲ့ ကီထဲ























မက်ဒါကာရိပူရ ရေတံခွန်ကနေပြန်လာတဲ့အခါ တကယ့် မူလ အစီအစဉ်က အရှေ့ဘက်ဂျာဗားကျွန်းမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မလန်း အနားတဝိုက်ကို လည်ဖို့ပါ။ ပြီးရင်တောင်ပေါ်ပြန်တက် နေဝင်ရှုခင်းကြည့်မယ်ပေါ့။ တကယ်တမ်း သွားကြည့်တဲ့အခါ..



 ပထမဆုံး ပုံပြင်ထဲက ရေတံခွန်တခုကို ရောက်ပါတယ်။ သူ့နာမည်က ကိုဘန်ရွန်ဒို။ အမြင့် ၈၄မီတာရှိပြီး တရှိန်ထိုးစီးဆင်းနေတဲ့ ရေတံခွန်ကို ဟိုးအဝေးကနေမြင်နိုင်တယ်။ သူရဲ့ပုံပြင်လေးကတော့ ကြေကွဲစရာပါ။ ညားခါစ ဇနီးမောင်နှံဖြစ်တဲ့ အန်ဂျပ်မိုရိုနဲ့ ဒေဝီအန်ဂျာဝတီတို့ဟာ အန်ဂျပ်မိုရိုရဲ့ဒေသကို ပျားရည်ဆမ်းခရီးထွက်လာသတဲ့။ ဒီခရီးကိုဒေဝီရဲ့ မိဘတွေက အတန်တန်တားပေမယ့် ဒေဝီ့ကို အလိုလိုက်ပြီး သူတို့ထွက်လာကြတယ်။ လာတဲ့လမ်းခရီးမှာပဲ ဂျိုကိုလီလိုနိုဆိုတဲ့ သူတယောက်နဲ့ဆုံတယ်။ လူကြမ်းမင်းသား ဂျိုကိုလီလိုနိုက ချောမောလှပဲတဲ့ ဒေဝီ့ကို မရမနေလိုချင်လာတဲ့အခါ..အန်ဂျပ်နဲ့ဂျိုကိုတို့ အပြင်းအထန်တိုက်ပွဲဖြစ်ကြပါလေရော။ သူတို့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဒေဝီ့ကို ဟောဒီ ကိုဘန်ရွန်ဒိုရေတံခွန်အောက်နေရာမှာ အစောင့်အရှောက်နဲ့ထားခဲ့တယ်။ အင်အားချင်းထပ်တူညီနေတဲ့နောက် အပြင်းအထန်တိုက်ခိုက်ကြလို့ သူတို့နှစ်ယောက်စလုံး ဒဏ်ရာကိုယ်စီနဲ့ အသက်ဆုံးရှုံးကြရှာတယ်။ ကိုဘန်ဆိုတဲ့နာမည်က ရေတံခွန်လို့ အနက်ရပြီး ရွန်ဒိုဆိုတာက မုဆိုးမလို့ သူတို့ဘာသာမှာဆိုပါတယ်။ မုဆိုးမဖြစ်သွားတဲ့ ဒေဝီငိုကြွေးလွန်းလို့ အခုလို ရေတံခွန်တခုတောင်ဖြစ်လာတယ်လို့ ဒေသခံတွေက ယုံကြည်နေကြဆဲ။



တနေ့တာ ခရီးပြီးလုပြန်တော့ တောင်ပေါ်ကို ပြန်တက်ရင် အချိန်အတော်လင့်နေမယ်လို့ ကိုရွှေဂိုက်က ပြောလာတယ်။ မလန်းနဲ့ သိပ်မကွာတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ဘတုမှာ နေပါလားလို့ အကြံပြုတယ်။ အချိန်ဟာ အတော်လင့်နေတာမို့ မနက်လည်း ခရီးဆက်ရဦးမှာဆိုတော့ သူငယ်ချင်းနဲ့တိုင်ပင်ပြီး ဘတုမှာ တညအိပ်ဖို့ လက်ခံလိုက်တယ်။


ဘတုမှာကျွေးတဲ့ ညစာဟာ ဂျမ်ဘူလူဝပ်မှာပါ။ ဂိုက်က ညစာပြီးရင် တောင်ပေါ်က ရိုးရာဆိုင်လေးမှာ အေးဆေးထိုင်ကြဦးစို့လို့ဆိုတဲ့အခါ ကျနော်ကလည်း မငြင်းချင်ခဲ့ဘူး။ အေးမြလတ်ဆတ်တဲ့လေကိုရှူရင်း တောင်အောက်ကမီးတွေနဲ့ထိန်ထိန်ငြီးနေတဲ့မြို့ကို ဝါးလုံးတန်းလေးတွေနဲ့ဆောက်ထားတဲ့ဆိုင်မှာ အပူအပင်မဲ့ ငေးရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်ဘူး မဟုတ်လား။












ပထမဆုံး ဆင်ဂိုဆာရီ စေတီကိုသွားပါတယ်။ ရှေးတုန်းက နေပြည်တော်ဟောင်းနေရာဖြစ်ခဲ့ပြီး ဆင်ဂါဆာရီဘုရင်ရဲ့ နန်းဦးစေတီလို့ ယူဆရတဲ့စေတီတဆူပါ။


ဆင်ဂိုဆာရီကနေ ဂျာဂိုစေတီဆီ တော်တော်ဝေးကိုမောင်းရတာ သတိထားမိတယ်။ ဂျာဂိုစေတီဟာ လူနေအိမ်ခြေထဲမှာပဲ ထီးတည်းရှိနေတယ်။ ပြုပြင်ထိန်းသိမ်းမှု နည်းပါးပေမယ့် အပျက်အစီးတွေကြားကနေ လှနေတဲ့ စေတီဟာ အဲ့ဒီခေတ်ရဲ့ယဉ်ကျေးမှုကို အတိုင်းသားပြနေလျက်။ မူလပထမနာမည်က ဂျဂျာဟုဖြစ်ပြီး ကြီးမြင့်ခြင်းလို့ အနက်ရပါတယ်။ စေတီတည်တဲ့ခေတ် အေဒီ၁၂ရာစုမှာပါ။ ဘုရင် ဝိစနုကတည်ခဲ့ပြီး သူ့ခေတ်မှာ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မှုရောထွေးနေပြန်တယ်။ ဘုရားပတ်ပတ်လည်မှာ အရုပ်တွေ နေရာလပ်မကျန်အောင် တည်ရှိပြီး အရုပ်တွေက ဟိန္ဒူဇာတ်တော် ကရှစ်ရှနာနဲ့ ကလာရာဝဏတိုရဲ့စစ်ပွဲကို ရေးထိုးထားတာပါ။ ပိရမစ်ပုံစံအဆောက်အအုံမှာ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရ ပေါ်လွင်အောင် ဆောက်လုပ်ထားတယ်လို့ သမိုင်းကတော့ ဆိုပါတယ်။ ဒီစေတီကို ဓါတ်ပုံရိုက်လို့ မဝနိုင်အောင်ဖြစ်ရပါတယ်။ အရပ်လေးမျက်နှာကနေ အထပ်တထပ်စီတိုင်းကို အသေးစိတ်ရိုက်နေမိတယ်။






ဂျဂိုစေတီကနေ ကီထဲကိုသွားတဲ့အခါ ကီထဲဟာ စိတ်ထဲမှာ သေးငယ်သွားသလိုပါပဲ။ ဂျာဂိုလို ကြီးမြင့်ခြင်းတွေ မရှိပဲ သမာရိုးကျပုံမှန်လေးမို့ ကီထဲကို ခပ်မြန်မြန်ပဲလေ့လာမိတယ်။ သူ့မှာ ရှိနေတဲ့ ဘီလူးရုပ်ကြီးတွေဟာ အသက်ဝင်လွန်းတာမို့ တွဲပြီးတော့ ရိုက်ခဲ့မိပါရဲ့။



နောက်တခရီးကတော့ သရိုဝူလန်ဆိုတဲ့ မြို့တော်ဟောင်းဆီကို ဆက်လက်ချီတက်ကြတယ်။ ဒီခရီးကိုအသွားနေ့လည်စာကိုတော့ သူတို့ ဂျာဗားဒေသစာနဲ့ ဧည့်ခံပါတယ်။


ခရီးကအတော်ဝေးပြီး တောင်တွေကို ဖြတ်ရတဲ့အခါ အေးမြတဲ့ရာသီဥတုအပြင် မြူတွေက ရှစ်ခွင်လုံး မှုန်မှိုင်းအုံ့ဆိုင်းလို့ နေပါတယ်။ မြူတွေထဲကနေ ကျနော်သွားချင်တဲ့ မြို့ဟောင်းဟာ မထင်မှတ်ပဲ ဘွားကနဲ ပေါ်လာမလားဆိုတဲ့ စိတ်နဲ့ ဒီခရီးက ကျနော့စိတ်ကို တချိန်လုံး လှုပ်နိုးနေခဲ့ပါတော့တယ်…

ဆက်ပါဦးမယ်

19 September 2013

ပျောက်ဆုံးသွားသော “M”



ကျနော်သိသည်မှာ M သာဖြစ်ခဲ့သည်။ တခါတရံ လူ့ဘ၀ကြီးသည် အံ့သြထူးဆန်းဖို့ကောင်းလွန်းလှသည်။ အမှတ်မထင်အရာတခုမှသည် ကျနော် M ကိုစတွေ့ခဲ့ခြင်းပင်။ တကယ်တမ်း Mကလည်း ထိုနည်းနှင်နှင် ဖြစ်နေမည်သာ…

Mသည် ကျနော့အတွက် မီးပျက်သောညမှာ ခဏတွေ့လိုက်ရသော လရောင်တခုပမာ။ အလင်းပေးသလို အေးမြခြင်းဆိုတဲ့ အရသာကို မထိတွေ့ပါပဲ ရင်ထဲကို သက်ဝင်စေတယ်။ စကားနည်းတဲ့ ကျနော်က M နဲ့တွေ့ရင် ခရားလေးတခုလို၊ ရေတကောင်းလေး တခုလို ဖြစ်မှန်းမသိဖြစ်စေတယ်။ ခံစားရသမျှကို ဘယ့်သူကိုမှ ချမပြဖူးတဲ့ ကျနော်၊ M ဟာ ကျနော့ရဲ့ မှန်တချပ်ဖြစ်စေခဲ့တယ်။ ကျနော့ရဲ့ အရှိအတိုင်းကို သိကြားခွင့်ရှိခဲ့ဖူးတာ ဘ၀တခုလုံးမှာ M တယောက်တည်း..

စိတ်ချလုံခြုံမှုကို ရတဲ့အခါ အရာအားလုံးကို မျှဝေဖို့ ၀န်မလေးတော့ဘူးဆိုတဲ့ လူမှုစိတ်ပညာ အခြေခံကို M နဲ့တွေ့တဲ့အခိုက်မှာ ရလိုက်သလိုလို။ ကျနော့ရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်ပေးဖို့၊ စိတ်ဓါတ်ကျ အားငယ်လွယ်တဲ့ နေရာမှာ ၀ါးနဲ့ကူပြီးမထိုးလိုက်ပဲ အားနဲ့ကူပြီးဆွဲပေးတတ်တဲ့ သူငယ်ချင်းတယောက် အဖြစ်ကို တဖြည်းဖြည်းဖြစ်တည်လာခဲ့တယ်။ M ဟာ ကျနော့ရဲ့ ခွန်အားတခုပါ..

ပြီးပြည့်စုံတဲ့ လူ့ဘ၀ဆိုတာ ဘယ်သူ ဘယ်ဝါဆီမှာမှ မရှိဘူး။  ချမ်းသာသူရဲ့ ဆင်းရဲခြင်းတွေရှိသလို၊ မပြည့်စုံသူမှာလည်း ရလိုမှုတွေနဲ့။ M ရဲ့ တစိတ်တပိုင်းကို နာကြားရတဲ့အခါ၊ ကိုယ်ရဲ့ ဝေဒနာကို လျော့ပါးစေတယ်။ ဆတူဆိုတာမျိုးမဟုတ်ပေမယ့် ခေါင်းမိုးမလုံတာ ကိုယ်တယောက်တည်းမဟုတ်ဘူးဆိုတဲ့ အတ္တက လှုံဆော် အားပေးတာမျိုးလို့ ၀န်ခံပါရစေ။

ကျနော်တို့တွေဟာ အရင်းနှီးစိမ်းသူစိမ်းတွေ ဆိုတဲ့ အသုံးအနှုန်းက အသင့်လျော်ဆုံးဖြစ်မယ် M။ ရင်ထဲက ဆောင်းရာသီတွေကို ညှိကြတဲ့အခါ တယောက်ရဲ့ ဆောင်းရာသီကို တယောက် မီးလေးတွေဖိုလို့ အတူတကွနွေးအောင် လှုံဖူးခဲ့ကြတယ်။ မိတ်ဆွေဆိုတဲ့ အနက်ဟာ ပြန်ဖို့လွယ်သလို၊ ရန်သူဆိုတဲ့ စကားလုံးဟာလည်း သုံးရလွယ်တယ်။ နောက်ကွယ်က ဓါးတွေအကြောင်းကို ပြောရင်း လက်နက်မဲ့ ဖြစ်ဖြစ်နေတဲ့ နှစ်ယောက်အဖြစ်ကို အတူတကွရီခဲ့ကြတာပဲ။ 

အရိပ်ဆိုတဲ့အရာဟာ အတော်လေးတာသွားတယ်။ ပတ်ဝန်းကျင် မိသားစုရဲ့ အရိပ်ဟာ အေးမြတာရှိသလို၊ တခါတလေမှာ ခြောက်သွေ့အက်ကွဲနေတာမျိုး။ မေ့ပျောက်လွယ်သော အတိတ်ဆိုတာ ကွန်ပြူတာမှာ ပါတဲ့ Delete key လိုမျိုး နှိပ်ပြီး ဖျက်လို့ရချင်မိတာပါပဲ။ Mရေ ဘ၀ဆိုတာ ကိုယ်တိုင်ခြယ်နေတဲ့ပန်းချီကားမှန်ပေမယ့် ဆေးရောင်ကတော့ ကိုယ့်စိတ်ကြိုက်မဟုတ်ပြန်ဘူး။ တချို့ထိစပ်မှုတွေဟာ ရွေးချယ်လို့ မရပဲ ချမှတ်ထားတဲ့အတိုင်း နေရတဲ့အခါ လူတိုင်းစိတ်ကျဉ်းကျပ်ကြတာပါပဲ။ ထွက်ပေါက်ဆိုတဲ့ အရာကို မရောက်ရောက်အောင်ရှာဖို့တော့ ခက်သားလား။

M ရဲ့ စိမ့်ဝင်လာမှုဟာ ကျနော့ဖက်က သူ့အပေါ် သက်ရောက်မှုနဲ့ ထပ်တူရှိမယ်လို့ ကျနော်ယုံကြည်တယ်။ ပြီးတော့ ကျနော်သူ့ကို စိုးရိမ်လာတယ်။ သူရင်ဆိုင်နေရတဲ့ အပိုင်းဟာ ကျနော် ကြုံနေရတဲ့ အခက်အခဲတွေထက် ပိုလေးနက်တယ်။ ကျနော့အတွက် ကျောခိုင်းလို့ရပေမယ့် သူ့အတွက် ဘေးတစောင်းတောင် ရပ်နေလို့မဖြစ်တဲ့ အခြေအနေမျိုးတွေ။ လုပ်နေလက်စအရာတွေကို ခဏထားပြီး သူခရီးတခု သွားမယ်လို့ ပြောတဲ့အခါ ကျနော်ကပါ အင်တိုက်အားတိုက် အားပေးမိတယ်။ စိတ်သစ်လူသစ်နဲ့ ဘ၀ကို ပြန်လည်ပျိုးထောင်ဖို့ တခါတလေ နေရာအသစ်ဟာ သိပ်အရေးပါတယ်။

ခရီးထွက်သွားပြီးနောက်ပိုင်းမှာ သတင်းတခါနှစ်ခါ ကြားတယ်။ ပျော်ရွှင်မှုတွေနဲ့ နေရောင်ခြည်တွေ ပြန်ရလာတဲ့ ရွက်သစ်တခုလို သူ့ကိုမြင်ရတယ်။ စိမ်းစိုနေတာပဲ မြင်ချင်ပါတယ်။ လန်းဆန်းနေတာပဲ မြင်ချင်ပါတယ်။ မိုးရွာတိုင်း သတိရမိတယ် M။ မြေနိမ့်ခဲ့ဖူးတဲ့ကျနော့ဆီမှာ ရေ၀ပ်ခဲ့တဲ့အတွက် မိုးရွာတာကို အပြစ်မတင်ပဲ မြေဖို့ထားဖို့ဆိုတဲ့ အတွေးကို ပေးခဲ့ဖူးတာမဟုတ်လား။


M ခရီးထွက်သွားလိုက်တာ အခုထိ ဘာသံမှ မကြားရတော့ဘူးနော်။ M သွားတဲ့ခရီးက ကျနော် မသွားစေချင်တဲ့ ခရီးများလား နည်းနည်းတော့စိုးထိတ်မိပါတယ်။ အကယ်၍ စိမ်းလန်းပျော်ရွှင်နေမယ်ဆိုလည်း ပျော်ရွှင်ဖွယ် ခရီးလေးဖြစ်ပါစေလို့ ကျနော်ဆုတောင်းတယ်။ ကျနော့ဆီမှာတော့ မိုးတွေရွာနေလို့ မကြာခင် ဆောင်းဦးကိုဝင်တော့မယ်။ 

ကျနော့ကိုဒီနေရာမှာ မြင်ရတော့ M ဟာ အပျော်ဆုံးဖြစ်မယ်လို့ ကျနော်ယုံကြည်ထားဆဲ။ ဒီစာကိုဖတ်မိရင်၊ ဒါမှမဟုတ် ကျနော့ကို သတိရလို့ သမင်လည်ပြန်ကြည့်ခဲ့မိရင် M တယောက် အစစ အဆင်ပြေနေတယ်လို့ မှတ်ထင်ထားတဲ့သူ တယောက် ရှိနေကြောင်းသိစေလိုပါတယ်။

ကျနော်တို့ လမ်းကြုံကြဦးမှာပါ ဟုတ်တယ်မဟုတ်လား M….

11 September 2013

စိမ်းနေဦးမည့်ကျနော့မြေ


လေယာဉ်ပေါ်ကတည်းက သေသေချာချာကြည့်နေမိသည်။ သူသည် ကျနော့ကို စိမ်းလို့သာနေသည်။ စိမ်းစိမ်းမြမြနေသော မြေပြင်ရှိရှာဆီကို ကျနော် ရောက်တော့မည်။ လေယာဉ်ဘီးငြိမ့်ခနဲ အထိ ရင်ထဲမှာ စိမ်းသက်နေသော အရသာကလည်း ငြိခနဲ…

လေဆိပ်အငွေ့အသက်သည်လည်း သူစိမ်းပြင်ပြင်။ လှိုက်လှဲကြိုဆိုဟန်မရှိသော ၀တ်ကျေတမ်းကျေနိုင်မှု၏ ခြောက်သွေ့ခြင်းကို ရင်ထဲက ဖာသာ ခံစားလျက်။ လာကြိုတဲ့သူငယ်ချင်းနဲ့အတူ ရှစ်မိုင်က Lucky 7 မှာ ပထမဆုံးအဖြစ် မုန့်ဟင်းခါးနဲ့ လက်ဖက်ရည်ကို သောက်သည်။ မိုးရွာထားသောကြောင့် စိုစွတ်နေသော လမ်းတလျှောက်တွင် သစ်ပင်တချို့က စိမ်းစိုနေဆဲ။

ဟိုတယ်ဝန်ထမ်း၏ မျက်လုံးစိမ်းစိမ်းကို စမြင်ရလိုက်တော့ သူတို့ဝန်ဆောင်မှု မကောင်းဘူးဆိုတဲ့ အချက်ကို ကြားထားနှင့်တာမို့ သိပ်မဆန်းတော့။ အလုပ်လက်မခံခင်ကနဲ့ လက်ခံအပြီး ပြောင်းလဲသွားတဲ့ လေသံကတင် အတော်လေးကွာဟနေခဲ့တယ်။ နိုင်ငံတကာနဲ့လုပ်ကိုင်မယ့် ၀န်ဆောင်မှုမျိုးဟာ ဒီလို ၀န်ဆောင်မှုမျိုး မဟုတ်ဘူးဆိုတာ အဲ့ဒီအစိမ်းရောင်ဝတ်အမျိုးသမီးဟာ ဘယ်နည်းနဲ့မှ သဘောပေါက်မယ်မဟုတ်ပေဘူး။ အပြုံးတချက်တောင် မရှိတဲ့ ဒီအစိမ်းရောင်ဝတ်ရုံကို ခြုံထားသရွေ့တော့ ဒီလိုပဲဖြစ်နေဦးမယ်။

အရင်တုန်းကလိုမဟုတ်ပဲ အစီးရေများလာတဲ့ ကားလမ်းမပေါ်မှာ ကားတွေကြပ်တယ်လို့ အော်နေကြတာမဟုတ်လား။ ဂျကာတာ ကားကြပ်တာမကြုံဖူးလို့ ရန်ကုန်ကို ကားကြပ်တယ်လို့ အော်နေကြတာပါ။ လှည်းတန်းကုန်းကျော်ကို ပထမဆုံးဖြတ်ရတဲ့အခါ အရင်တုန်းက အတိတ်ဆိုတဲ့ အရာကို ပြန်သတိရတယ်။ အတိတ်ကလည်း ကျနော့ကို ခပ်စိမ်းစိမ်းပဲပြန်ကြည့်နေတာတွေ့တယ်။

ရွှေဂုံတိုင်မီးပွိုင့်သည်လည်း အရင်လိုမဟုတ်ပြန်တော့။ မြို့ထဲအဆင်း တခြမ်းသာဖွင့်၍ ကမ္ဘာအေးဖက် အတက်ကို ပိတ်ထားသည်မို့ ကားသမားများဆီက ငြီးငြူသံတို့ ခြူသံပါလှပြီ။ အဝေးပြေးဂိတ်ကိုဆင်းဖို့ နှစ်နာရီတောင် ကြိုဆင်းရမယ်ဆိုတော့ စကားလုံးစိမ်းစိမ်းတခု ကြားလိုက်ရသလို ခံစားမိခဲ့သည်။

မြေနီကုန်းက တုတ်ထိုးဆိုင်ကဘကြီးသည်လည်း ကျနော့ကို မမှတ်မိပဲရှိသည်။ ခြောက်နှစ်ဆိုသော အချိန်ကာလသည် လူတယောက်ကို ကောင်းကောင်းမေ့ဖျောက်ပစ်နိုင်သည်။ အစိမ်းရောင် ဒဂုန်စင်တာ အသစ်ကြီးကိုကျောခိုင်းရင်း လမ်းကိုမရဲတရဲဖြတ်ကူးနေမိပြန်သည်။

ငှားစီးမိသော တက္ကစီမှန်သမျှသည် ဟိုအရင်လို မှန်တံခါးအဖွင့်အပိတ်လှည့်စရာ လက်ကိုင်မရှိသော ကားများ မဟုတ်ကြတော့။ ကွန်ပြူတာစနစ်ဖြင့် ထိန်းသော ကားများဖြစ်သည်ဟု တက္ကစီဆရာက အားရပါးရ ရှင်းပြသည်။ ထိုမှတ၀ အကိုက ကွန်ပြူတာနဲ့ အလုပ်လုပ်တာဆိုတော့ ကျနော့ကားကို ကွန်ပြူတာနဲ့ ချိတ်ပြီး ဘာတွေလိုအပ်သေးသလဲ ကြည့်ပေးပါဟု ဆိုသောအခါ ကျနော်က သူ့ကို စိမ်းစိမ်းကားကားကြီးကို စိုက်ကြည့်ပစ်လိုက်သည်။ ကျောပိုးအိတ်ထဲမှာ ကွန်ပြူတာမပါသေးလို့ဆိုပြီး ဆင်ခြေကောင်းကောင်းကန်နိုင်မိတဲ့ ကိုယ့်ကိုကိုယ်တောင် ကျေးဇူးတင်မိ။

နယ်ကအိမ်ပြန်ဖို့ Scania တံဆိပ်ကားကြီးတွေ စတင်ပြေးဆွဲနေပြီတဲ့လေ။ အရင်လို တညလုံးညောင်းနေအောင် စီးရတာမျိုးမဟုတ်လေတော့။ စိမ့်နေအောင်အေးတဲ့ ကားကြီးပေါ်မှာ အစိမ်းရောင် စောင်တထည်က ခန့်တည်တည်။ 

မိုးတွင်းမို့ထင်ရဲ့ ဘေးပတ်ဝန်းကျင်လမ်းတလျှောက်က စိမ်းနေသော စပါးပင်တန်းများ၊ စိုက်ခင်းများအားလုံးသည် တရိပ်ရိပ်ဘေးမှာ ကပ်လျက်ပါနေခဲ့သည်။ အိမ်ကိုဝင်,၀င်ချင်း ရွှေစက်တော်ဘုရားပွဲမှာ ၀ယ်ထားတဲ့ ချင်းလေးက သူတစိမ်းမို့ တအားထိုးဟောင်လေ၏။ ခြံစည်းရိုးအစား တန်းစီချထားသော ဗိုလ်ကတော်မျက်ခုံးပင်များသည်လည်း စိမ်းမှောင်နေခဲ့ပြီ။ အပင်တွေဖြတ်တဲ့သူကို ခေါ်ပြီး သေချာဖြတ်ရင်း ခြင်ကိုက်၊ ပဆုပ်ပနီကိုက်တာကို ခံရပြန်သေးတာ။

တီဗီအစီအစဉ်များနှင့်လည်း သူစိမ်းပြင်ပြင်သာ။ ယုတ်စွအဆုံး တီဗီဖွင့်ရန်ခလုတ်များကအစ ကျနော်မသိပါ။ ဆယ်စုနှစ်တခုမက ကျနော်သည် အိမ်နှင့်ဝေးနေခဲ့ပြီ။ Skynet, 5 movie နှင့်အတူ လာနေသော အစီအစဉ်များကလည်း အကျွမ်းတ၀င်မရှိလှ။

ကျနော်ကြီးပြင်းခဲ့သော စက်ရုံမြေသည်လည်း ထိုနည်းနှင်နှင်။ လုပ်ပုံလုပ်ထုံးများကို ကြားနာရသည်မှာပင် မသက်ဆိုင်သကဲ့သို့။ ဖြစ်သင့်သည်ထက် ဖြစ်ချင်သလို ဖြစ်နေသမျှကို ထိုင်ကြည့်နေရသော သူတို့ကို အားမရ. အားမရသည်သာရှိ၍ ကိုယ်တိုင်ကလည်း ဘာမှ လုပ်ပေးနိုင်သည်မဟုတ်ပါလား။

ကျနော် စာသင်ပေးခဲ့သော ကလေးက ရန်ကုန်နှင့်မကွေးတွင် အိမ်ဝိုင်းများဖြင့် အဆင်ပြေရုံသာမက၊ သူ့အမေစီးဖို့ ကားကောင်းတစီးပင် ၀ယ်ပေးထားပြန်သည်ဆိုတော့ ၀မ်းသာအားရရှိရသလို တဖက်မှာလည်း စိတ်မကောင်းဖြစ်ရပြန်သည်။ စွန့်ခွာခဲ့သမျှနှင့် ထပ်တူမကျသော အကျိုးလေလား၊ သံသရာအတွက် ကင်းကင်းရှင်းရှင်းမို့ ၀မ်းမြောက်ကြည်နူးရမလား မဝေခွဲနိုင်.

အခုတခါတည်း ပြန်လာပြီလား၊ ကောင်းတာပေါ့ ဆိုတဲ့ မှတ်ချက်များသာ ပေး၍ ကျနော့ကို ဖြေရှင်းချက်များ မပေးသည်လည်း ရှိသည်။ ဟိုမှာ ဘယ်လောက်ရတုန်း၊ ဒီမှာတော့ ဒီလောက်ရကုန်ပြီဆိုပြီး တွက်ပြ ချက်ပြသူတွေနဲ့လည်း ကြုံသည်။ အသက်အရွယ်နှင့်ဆိုင်သော အမှုကိစ္စတခုကို ထပ်တလဲလဲ နားညည်းအောင် သူ့ကိစ္စလုပ်ပြီး နှိုးဆော်သူလည်း ပါသေးသည်။

ရင်ထဲကတော့ လှိုက်လှိုက်လှဲလှဲကိုရင်းနှီးသက်ဝင်သည်။ သို့သော် နေရာအတော်များများသည် ကျနော့အတွက် အံဝင်ခွင်မကျသေး။ အံဝင်သွားသော သူငယ်ချင်းများနှင့် ထိုအကြောင်းရာကို ထပ်တလဲလဲ ဆွေးနွေးရပေဦးမည်။ တကယ့်ကို ဆွေးနွေးချင်ပါသည်။

လေယာဉ်ပျံ အတက်မှာ မှန်ပြတင်းကနေ ပြန်ကြည့်မိသည်။ ရန်ကုန်မြို့ကလွဲ၍ ကျန်နေရာအားလုံးသည် စိမ်းညှို့နေကြသည်။

အခုလက်ရှိ ကျနော့မြေသည် ကျနော့အတွက်တော့ စိမ်းနေဦးမည်သာ ဖြစ်သည်…

(စိမ်းနေဦးမည့် ကျနော့မြေ ခေါင်းစဉ်ကို တက္ကသိုလ်ဘုန်းနိုင်စာအုပ်မှ နှစ်လို၍ ယူသုံးထားမိပါသည်)

08 September 2013

မှော်..မှော်ရုံတောမှာ မမော..မမောတဲ့နိုင်




မှော်ဆိုတာမျိုးကအံ့ဖွယ်သရဲ…ထူးကဲပါဘိခြင်း။ မှော်အောင်တယ်ဆိုတော့ မှော်ဆရာတွေများလား.မဟုတ်ဘူးတဲ့၊ မှော်အောင်တယ်ဆိုတာ ကျောက်အောင်သလိုမျိုး ပိုက်ဆံတွေ အများကြီးရတာဆိုပါလား။ အဲ့ဒီမှော်ဆိုတဲ့ စကားလုံးက ပဥ္စလက်ဆန်ဆန် ကျနော့ဆီကို ရောက်လာခဲ့တယ်…

ကျနော်တို့အရပ်မှာ မှော်ကို မသိရင် ရန်ကုန်မရောက်ဖူးတာထက် ခေတ်နောက်ကျပါတယ်။ လူငယ်တိုင်းရဲ့ အိပ်မက်ဟာ ဟိုအရင်တုန်းက ဖားကန့် ကျောက်စိမ်းတွင်းတွေဆီကနေ၊ နမ့်တောရွှေမျှောတွေဆီကနေ ဒီနေ့အသစ်စီးဆင်းလာတဲ့ မှော်ပဲဖြစ်ပါတယ်။ မကွေးတိုင်း မင်းလှနဲ့သရက်လမ်းအပိုင်းထဲက ဒဟတ်ပင်ကနေ အခုဆို ရွာသစ်၊ထကိုင်း(ထန်းကိုင်း) အထိ ရေနံလုပ်ကွက်တွေ ချဲ့ထွင်ပြီး ကိုယ်ပိုင်လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ရင်း မှော်ဆိုတဲ့ အိပ်မက်တခုက နယ်ခံများကိုသာမက အမြို့မြို့အနယ်နယ်က လူတွေကိုပါ လွှမ်းမိုးထားနိုင်ခဲ့ပြီ။




လုပ်ကိုင်လိုသူတွေဟာ လယ်ရှင်တွေဆီကနေ လုပ်ကိုင်ခွင့်မြေငှားရမှာ ဖြစ်ပြီး ငှားရမ်းခက ဆယ်ပေပတ်လည်ကို တလ သုံးသိန်းခန့်ကစပါတယ်။ တိုင်သုံးတိုင်ကို ဖိုခနောင့်ဆိုင်ပြီး တာလပတ်တွေ အစီအရီအုပ်ထားတဲ့ လုပ်ငန်းခွင်ဟာ ဟိုတစ ဒီတစကနေ ပြွတ်သိပ်ကျပ်ပြည့်လာခဲ့တယ်။ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့အတူ လိုအပ်တဲ့ စက်ပစ္စည်းတွေ ဝယ်ပြီးရင် လုပ်ငန်းခွင်ကို စလို့ရပါပြီ။ ငွေထုတ်သူတယောက်နဲ့ ကျန်တဲ့လုပ်ကိုင်သူတွေဟာ ရလာတဲ့ အကျိုးအမြတ်ကို ဝေပုံချ ယူကြမှာပဲဖြစ်တယ်။

တွင်းချင်း ကပ်နေပါလျက် ရေနံမထွက်တာမျိုးရှိသလို၊ ကံထူးသူများကြတော့ လျှံတွင်းဆိုတာမျိုးနဲ့ ကြုံကြိုက်လို့ တနေ့ကို ၁၄-၅ ပီပါ ရတာမျိုးလည်း ရှိပါတယ်။ အဲ့လိုမျိုးဆို မှော်အောင်တဲ့ သူတွေအဖြစ် အားလုံးက သတ်မှတ်ကြတော့တာပါ။ ရေရတဲ့ မြေလွှာကို ကျော်တဲ့အခါ ကျောက်အလွှာထုကို တခါဖောက်ရပြန်တယ်။ မှော်သမားအချင်းအချင်း နောက်လေ့ရှိတဲ့စကားက အိမ်က မိန်းမကိုတောင် တူးထားတဲ့မြေကိုနမ်းသလောက် မနမ်းဖူးဘူးတဲ့။ ကျွမ်းကျင်သူတွေက မြေရဲ့အနံ့ကိုလိုက်ပြီး ဘယ်လောက်ထပ်တူးရမယ်ဆိုတာ၊ ဒီနေရာ ရေနံမထွက်ဘူး စသည်ဖြင့် ခွဲခြားနိုင်တယ်။ ရွှံ့စေးမြေကိုမရုန်းနိုင်လို့ တူးနေလက်စကနေ ကျစ်သွားတဲ့အခါ တရုတ်စက်ကလေးမှာ မီးခိုးတွေ တလူလူထွက်လို့။ တွင်းတိုင်းက အပြိုင်တူးကြတာမို့ စက်သံတွေဟာ ဘဝဂ်ညံစေတယ်။ မီးခိုးတွေက တလူလူနဲ့ ရာသီဥတုပူပြင်းတာမို့ တော်ရုံတန်ရုံလောဘနဲ့တော့ မနေနိုင်ဘူးလို့ တွင်းသွားတူးဖူးတဲ့ သူငယ်ချင်းတယောက်ကတော့ ပြောရှာတယ်။

ရေနံရပြန်တော့ ပွပြီဟေ့လို မမှတ်ပါနဲ့ဦး။ ညဖက်ညဖက် ခပ်ထားတဲ့ပုံတွေကို ခပ်လွယ်လွယ် ဓါးရေးပြပြီး အသာလေးယူသွားတတ်ကြသေးတယ်။ အသက်ဘေးဆိုတော့ ပေးရတာပါပဲ။ ကုန်ခါမှကုန်ရော နှမြောတာတော့ မပြောပါနဲ့တော့။ ဖြစ်နိုင်ရင် ဖက်လုံးပြီး ပြန်လိုချင်တာ အဟုတ်။ ဓါးရေးမပြတဲ့အခါကျတော့ တခြားအရေးတွေ ရှိပြန်သေးဗျ။ တမြန်နှစ်က company ဆိုတဲ့ အမြတ်ကြီးစားတွေ လူမိုက်မွေး ခေါင်းပုံဖြတ်မှုတွေကို မခံမရပ်နိုင်တဲ့အခါ အပြန်အလှန်သတ်ပုတ်ကြရင်း ဓါးထိုးမှု၊ ဝိုင်းဝန်းရိုက်နှက်မှု ဆိုတာလည်း ရှိရဲ့။
တွင်းကနေ ပီပါတွေနဲ့ မင်းလှမြို့ကို ရောင်းပါတယ်။ ဆီကောက်တဲ့သူတွေက တခါ ပီပါကို ကြီးထားပြန်တော့ ကိုယ့်ဖက်က ပါပြန်ရော။ တခါ ဆက်ကြေးဆိုတဲ့ ကောက်သူခံသူတွေက တမှောင့်။ လုပ်ငန်းခွင်ထဲ ကောက်သလို၊ ဆီသယ်တဲ့ လမ်းတလျှောက်လည်း မိုးတွင်းမှာ မှိုတွေပွင့်သလို ပခုံးပေါ်ကအပွင့်တွေကလည်း ဖွေးဖွေးကိုလှုပ်လို့။

ဆီမထွက်ပဲ ရှုံးတာမျိုး ရှိသလားဆိုတော့ ဟုတ်ကဲ့ ရှိပါတယ်။ တလကို အနည်းလေး သိန်းနှစ်ဆယ်ကနေ သုံးဆယ်အတွင်း အသာလေးပဲ။ မှော်အိပ်မက်ကနေ မှော်အောင်သူမှော်ဆရာ မဖြစ်ပဲ၊ လယ်ဆုံး အိမ်ဆုံး နွားဆုံးဆိုတဲ့ မျက်လှည့်ပြလိုက်သလို လောကဓံကို ကျော့ကော့နေအောင် ခံကြရတာလည်း ဒုနဲ့ဒေး။

နွေကျ ဖုန်ထူသလို၊ မိုးတွင်းကျပြန်တော့လည်း နွံထဲမှာ ရုန်းလိုက်ရတာ။ ရွှံ့ကိုဖိနပ်လုပ်မှပဲ ဖြောင့်ဖြောင့်လျှောက်နိုင်တယ်။ တာရာတွေ ရာဘာတွေ စီးလို့ကတော့ တဘိုင်းဘိုင်းလဲလိုက်မယ့်ဖြစ်ခြင်း။ ကားဘီးတွေအကုန်လုံးကို သံကြိုးတုပ်ထားရတာသာ ကြည့်တော့။ မိုးများ ဆက်တိုက်ရွာလို့ ရေမျှောပြီဆို မြေကြီးမှာ တိုင်စိုက်ပြီး ကြိုးတုပ်ထားတဲ့ မီးစက်တွေကအစ အားနဲ့မာန်နဲ့ မျှောသွားကြတာ။ လူတွေတောင် အသက်မသေလို့တော်တော့။

အဲ့လောက်အခက်အခဲတွေနဲ့မို့ မလာချင်ဘူးလားဆိုတော့ မဟုတ်ဘူး။ လာသမှ သိပ်ကိုလာတယ်။ ရှုံးနိမ့်လို့ပြန်သူတွေ ရှိသလို ရေမျောရေနဲ့လိုက်သူတွေလည်း ရှိတယ်။ ဟောတယောက် ဟောတယောက်နဲ့ လာလိုက်တဲ့ အနယ်နယ်အရပ်ရပ်က လူတွေဆိုတာ ပုရွက်ဆိတ်တတွင်းမှာ ပုရွတ်ဆိတ်တွေ အုံနေသလို။

လူတွေများပြီဆိုတော့ တခြားဗာဟီရတွေလည်း များလာပြီပေါ့။ တယ်လီဖုန်းတွေရှိတယ်။ အရက်ဆိုင်တွေ စားသောက်ဆိုင်တွေရှိတယ်။ ကာရာအိုကေကနေ အနှိပ်ခန်းအထိ ရှိတယ်။ သုံးသမျှဖုန်းတွေကလည်း နောက်ဆုံးပေါ် အက်စ်ဖိုးလောက်တော့ တရက်စာ ရှာသလောက်ပဲ။ ဆီသယ်ရောင်းလုပ်တဲ့သူတောင် တလကို သိန်းနှစ်ဆယ်ကျန်တယ်။ ပင်ပန်းတာ၊ ဆုံးရှုံးတာတွေ ထည့်မတွက်ရင်ပေါ့လေ။ လူကတော့ ချံုးချံုးကျယူမယ်။ ကိုယ့်ကားမှာ ဆီများများသယ်နိုင်မှ များများကျန်မယ်။ ဆီများများသယ်နိုင်ဖို့ သွားလိုက်စမ်း ဟိုး.လျှိုထဲ မြောင်ထဲကနေ နေ့နေ့ညည တပုံးရလည်း သယ် တဂါလံရလည်း သယ်ပေါ့။ 

လူတွေကလည်း များလာ၊ လုပ်ငန်းခွင်တခုလုံးဟာ ငွေဆိုတဲ့ လောဘနဲ့ဆိုတော့ တယောက်နဲ့တယောက်ဟာ မေတ္တာဆိုတဲ့ စကားလုံးတွေ ခမ်းခြောက်လို့။ အရှုံးအမြတ်ကို ပေသီးနဲ့တွက်နေကြရတာမို့ ရှဥ့်လည်း ရှဥ့်အထွာ ဆိတ်လည်း ဆိတ်အထွာပေါ့။ ထစ်ခနဲဆို ဓါးနဲ့ရှင်းမယ်၊ အင်အားကြီးသူ အုပ်စုတောင့်သူတွေက မင်းမဲ့စရိုက်ဆန်စွာ ထုနှက်ရိုက်တာတွေလည်း ခဏခဏ။ ဘယ်သူက ဘယ်သူ့ကိုမှ မပြောရဲ။ ပြောနိုင်ဆိုနိုင်ဆိုလို့ အဲ့ဒီယာခင်းအရှင်တွေက ပြောမှ ဆိုမှ ပြီးကြရတဲ့ အရပ်တောင်ဖြစ်နေပြီ။ လူ့လောက စည်းဘောင်တွေ တရားဥပဒေဆိုတာ ဒီအရပ်မှာ မရှိလေ။

ဒါပေမယ့် ဒီအရပ်ကို မသွားချင်တဲ့သူ ဆိုတာမရှိ။ အခုထိတော့ မှော်အိပ်မက်တွေ မက်နေဆဲ…ဘယ်သူကမှ ဒီမှော်…မှော်ရုံတောမှာဖြင့် မမော..မမောနိုင်ကြသေး..