21 September 2013

ပုံပြင်ထဲကရေတံခွန်၊ ဆင်ဂိုဆာရီ၊ ဂျာဂိုနဲ့ ကီထဲ























မက်ဒါကာရိပူရ ရေတံခွန်ကနေပြန်လာတဲ့အခါ တကယ့် မူလ အစီအစဉ်က အရှေ့ဘက်ဂျာဗားကျွန်းမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မလန်း အနားတဝိုက်ကို လည်ဖို့ပါ။ ပြီးရင်တောင်ပေါ်ပြန်တက် နေဝင်ရှုခင်းကြည့်မယ်ပေါ့။ တကယ်တမ်း သွားကြည့်တဲ့အခါ..



 ပထမဆုံး ပုံပြင်ထဲက ရေတံခွန်တခုကို ရောက်ပါတယ်။ သူ့နာမည်က ကိုဘန်ရွန်ဒို။ အမြင့် ၈၄မီတာရှိပြီး တရှိန်ထိုးစီးဆင်းနေတဲ့ ရေတံခွန်ကို ဟိုးအဝေးကနေမြင်နိုင်တယ်။ သူရဲ့ပုံပြင်လေးကတော့ ကြေကွဲစရာပါ။ ညားခါစ ဇနီးမောင်နှံဖြစ်တဲ့ အန်ဂျပ်မိုရိုနဲ့ ဒေဝီအန်ဂျာဝတီတို့ဟာ အန်ဂျပ်မိုရိုရဲ့ဒေသကို ပျားရည်ဆမ်းခရီးထွက်လာသတဲ့။ ဒီခရီးကိုဒေဝီရဲ့ မိဘတွေက အတန်တန်တားပေမယ့် ဒေဝီ့ကို အလိုလိုက်ပြီး သူတို့ထွက်လာကြတယ်။ လာတဲ့လမ်းခရီးမှာပဲ ဂျိုကိုလီလိုနိုဆိုတဲ့ သူတယောက်နဲ့ဆုံတယ်။ လူကြမ်းမင်းသား ဂျိုကိုလီလိုနိုက ချောမောလှပဲတဲ့ ဒေဝီ့ကို မရမနေလိုချင်လာတဲ့အခါ..အန်ဂျပ်နဲ့ဂျိုကိုတို့ အပြင်းအထန်တိုက်ပွဲဖြစ်ကြပါလေရော။ သူတို့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဒေဝီ့ကို ဟောဒီ ကိုဘန်ရွန်ဒိုရေတံခွန်အောက်နေရာမှာ အစောင့်အရှောက်နဲ့ထားခဲ့တယ်။ အင်အားချင်းထပ်တူညီနေတဲ့နောက် အပြင်းအထန်တိုက်ခိုက်ကြလို့ သူတို့နှစ်ယောက်စလုံး ဒဏ်ရာကိုယ်စီနဲ့ အသက်ဆုံးရှုံးကြရှာတယ်။ ကိုဘန်ဆိုတဲ့နာမည်က ရေတံခွန်လို့ အနက်ရပြီး ရွန်ဒိုဆိုတာက မုဆိုးမလို့ သူတို့ဘာသာမှာဆိုပါတယ်။ မုဆိုးမဖြစ်သွားတဲ့ ဒေဝီငိုကြွေးလွန်းလို့ အခုလို ရေတံခွန်တခုတောင်ဖြစ်လာတယ်လို့ ဒေသခံတွေက ယုံကြည်နေကြဆဲ။



တနေ့တာ ခရီးပြီးလုပြန်တော့ တောင်ပေါ်ကို ပြန်တက်ရင် အချိန်အတော်လင့်နေမယ်လို့ ကိုရွှေဂိုက်က ပြောလာတယ်။ မလန်းနဲ့ သိပ်မကွာတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ဘတုမှာ နေပါလားလို့ အကြံပြုတယ်။ အချိန်ဟာ အတော်လင့်နေတာမို့ မနက်လည်း ခရီးဆက်ရဦးမှာဆိုတော့ သူငယ်ချင်းနဲ့တိုင်ပင်ပြီး ဘတုမှာ တညအိပ်ဖို့ လက်ခံလိုက်တယ်။


ဘတုမှာကျွေးတဲ့ ညစာဟာ ဂျမ်ဘူလူဝပ်မှာပါ။ ဂိုက်က ညစာပြီးရင် တောင်ပေါ်က ရိုးရာဆိုင်လေးမှာ အေးဆေးထိုင်ကြဦးစို့လို့ဆိုတဲ့အခါ ကျနော်ကလည်း မငြင်းချင်ခဲ့ဘူး။ အေးမြလတ်ဆတ်တဲ့လေကိုရှူရင်း တောင်အောက်ကမီးတွေနဲ့ထိန်ထိန်ငြီးနေတဲ့မြို့ကို ဝါးလုံးတန်းလေးတွေနဲ့ဆောက်ထားတဲ့ဆိုင်မှာ အပူအပင်မဲ့ ငေးရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်ဘူး မဟုတ်လား။












ပထမဆုံး ဆင်ဂိုဆာရီ စေတီကိုသွားပါတယ်။ ရှေးတုန်းက နေပြည်တော်ဟောင်းနေရာဖြစ်ခဲ့ပြီး ဆင်ဂါဆာရီဘုရင်ရဲ့ နန်းဦးစေတီလို့ ယူဆရတဲ့စေတီတဆူပါ။


ဆင်ဂိုဆာရီကနေ ဂျာဂိုစေတီဆီ တော်တော်ဝေးကိုမောင်းရတာ သတိထားမိတယ်။ ဂျာဂိုစေတီဟာ လူနေအိမ်ခြေထဲမှာပဲ ထီးတည်းရှိနေတယ်။ ပြုပြင်ထိန်းသိမ်းမှု နည်းပါးပေမယ့် အပျက်အစီးတွေကြားကနေ လှနေတဲ့ စေတီဟာ အဲ့ဒီခေတ်ရဲ့ယဉ်ကျေးမှုကို အတိုင်းသားပြနေလျက်။ မူလပထမနာမည်က ဂျဂျာဟုဖြစ်ပြီး ကြီးမြင့်ခြင်းလို့ အနက်ရပါတယ်။ စေတီတည်တဲ့ခေတ် အေဒီ၁၂ရာစုမှာပါ။ ဘုရင် ဝိစနုကတည်ခဲ့ပြီး သူ့ခေတ်မှာ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မှုရောထွေးနေပြန်တယ်။ ဘုရားပတ်ပတ်လည်မှာ အရုပ်တွေ နေရာလပ်မကျန်အောင် တည်ရှိပြီး အရုပ်တွေက ဟိန္ဒူဇာတ်တော် ကရှစ်ရှနာနဲ့ ကလာရာဝဏတိုရဲ့စစ်ပွဲကို ရေးထိုးထားတာပါ။ ပိရမစ်ပုံစံအဆောက်အအုံမှာ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရ ပေါ်လွင်အောင် ဆောက်လုပ်ထားတယ်လို့ သမိုင်းကတော့ ဆိုပါတယ်။ ဒီစေတီကို ဓါတ်ပုံရိုက်လို့ မဝနိုင်အောင်ဖြစ်ရပါတယ်။ အရပ်လေးမျက်နှာကနေ အထပ်တထပ်စီတိုင်းကို အသေးစိတ်ရိုက်နေမိတယ်။






ဂျဂိုစေတီကနေ ကီထဲကိုသွားတဲ့အခါ ကီထဲဟာ စိတ်ထဲမှာ သေးငယ်သွားသလိုပါပဲ။ ဂျာဂိုလို ကြီးမြင့်ခြင်းတွေ မရှိပဲ သမာရိုးကျပုံမှန်လေးမို့ ကီထဲကို ခပ်မြန်မြန်ပဲလေ့လာမိတယ်။ သူ့မှာ ရှိနေတဲ့ ဘီလူးရုပ်ကြီးတွေဟာ အသက်ဝင်လွန်းတာမို့ တွဲပြီးတော့ ရိုက်ခဲ့မိပါရဲ့။



နောက်တခရီးကတော့ သရိုဝူလန်ဆိုတဲ့ မြို့တော်ဟောင်းဆီကို ဆက်လက်ချီတက်ကြတယ်။ ဒီခရီးကိုအသွားနေ့လည်စာကိုတော့ သူတို့ ဂျာဗားဒေသစာနဲ့ ဧည့်ခံပါတယ်။


ခရီးကအတော်ဝေးပြီး တောင်တွေကို ဖြတ်ရတဲ့အခါ အေးမြတဲ့ရာသီဥတုအပြင် မြူတွေက ရှစ်ခွင်လုံး မှုန်မှိုင်းအုံ့ဆိုင်းလို့ နေပါတယ်။ မြူတွေထဲကနေ ကျနော်သွားချင်တဲ့ မြို့ဟောင်းဟာ မထင်မှတ်ပဲ ဘွားကနဲ ပေါ်လာမလားဆိုတဲ့ စိတ်နဲ့ ဒီခရီးက ကျနော့စိတ်ကို တချိန်လုံး လှုပ်နိုးနေခဲ့ပါတော့တယ်…

ဆက်ပါဦးမယ်

No comments: