24 July 2013

ကောင်းကင်၊ မုထျန်းယုနဲ့ တောင်ပိုင်းငှက်

မနက် hotel က check out လုပ်ပြီးတာနဲ့ ဆရာဘော့ကို တန်းမြင်နေရပြီ။ ရုံးပိတ်ရက်ဖြစ်တာမို့ လမ်းတွေကြပ်မှာစိုးလို့ မနက်စောစောသွားဖို့လိုကြောင်းကို သူအသေအချာရှင်းပြရှာတယ်။









ကောင်းကင် ဘုရားကျောင်းကို ရောက်တဲ့အခါ ကျန်းမာရေး လိုက်စားတဲ့ တရုတ်လူမျိုးတွေကို အင်နဲ့အားနဲ့ တွေ့ရသလို၊ တပျော်တပါး ကခုန်နေကြတဲ့ သူတို့ကို ကြည့်ရတာ အေးမြတဲ့ မနက်ခင်းနဲ့အတူ စိတ်ကောလူပါ လန်းဆန်းတက်ကြွစေတယ်။ ဘေဂျင်း အော်ပရာတခုကိုလည်း ဝါသနာအလျောက် ဖျော်ဖြေနေတာတွေ့ခဲ့ပြန်တယ်။









ဧည့်သည်တွေ အများကြီး မရောက်သေးတာမို့ ပရဝုဏ်တခုလုံးကို အားရပါးရဓါတ်ပုံရိုက်ခွင့်ရခဲ့တယ်။ နှင်းဆီပွင့်တွေ အများကြီးနဲ့အတူ နှင်းဆီပွင့်၉၉၉ ဆိုတဲ့ သီချင်းကို နှုတ်ဖျားမှာ သွားဆိုမိလျက်သား။ လူတွေရဲ့ ဥသျှောင်ဘုရင်ထက် မြင့်မြတ်တဲ့ ကောင်းကင်ရှိသေးကြောင်း ဘုရင်ကို အမှတ်ရစေတဲ့ စေတီလို့ဆိုတယ်။ ကောက်ပဲသီးနှံ အထွက်တိုးစေကြောင်း သင်္ကေတတွေနဲ့အတူ စေတီကို ဆောက်ထားတယ်လို့ဘော့က ရှင်းပြပါတယ်။
ကောင်းကင်စေတီကနေ နောက်ထပ် နှစ်နာရီလောက်ကြာတဲ့ ခရီးကို သွားရမယ်။ လမ်းမှာ အေးအေးဆေးဆေး အနားယူပါလို့ ပြောပေမယ့် ကျနော်တို့မေးခွန်းတွေကိုဖြေဖို့ ဒါမှမဟုတ် သူသတိရတဲ့အခါ ပြောပြဖို့ အမြဲတမ်း My apology, Listen to Bob please လို့ ခွင့်တောင်းနေတော့တာပါပဲ။ ကမ္ဘာ့အံ့ဖွယ်တခုဖြစ်တဲ့ အဲ့ဒီ ဂရိတ်ဝေါနေရာကို သွားတဲ့အခါ ကျနော်သွားချင်တဲ့ နေရာဟာ မုထျန်းယုဆိုတဲ့ အစိတ်အပိုင်းပါ။
ဘေဂျင်းကနေ သွားလည်လို့ရတဲ့ အစိတ်အပိုင်း သုံးပိုင်း ရှိပေမယ့် ကျနော်သွားလည်ချင်တဲ့ နေရာဟာ ကျင်းရှန်းလင် ဝါ မုထျန်းယုပဲဖြစ်ပါတယ်။ အဲ့ဒီနေရာကို ရွေးတဲ့အတွက် ဘုရင့်အုတ်ဂူနဲ့ နွေရာသီနန်းတော်ကို ကျနော် လက်လွှတ်ခဲ့ရတယ်။ မြင်ရတဲ့မြင်ကွင်းအရ တလောလေးက သူငယ်ချင်းရိုက်လာတဲ့ ပုံနဲ့ စာရင် အတော်လေး လှပသာယာတာမို့ ရွေးရကျိုးနပ်တယ်လို့ပဲ ဆိုချင်တယ်။
မုထျန်းယုကို မရောက်ခင် လမ်းဘေးဝဲယာဟာ သစ်ပင်တွေနဲ့ စိမ်းစို အေးမြလို့နေတယ်။ သစ်သီးသစ်ပင်တွေ စိုက်ပျိုးတဲ့ မုထျန်းယုရွာနားကို ရောက်လာလေလေ ကားလေးတွေပေါ်မှာ ခြံထွက်သီးနှံလေးတွေတင်ပြီး ရောင်းနေတာတွေကို တွေ့ရလေလေပဲ။




ဟိုးပျပျဝေးသီတဲ့ တောင်ပေါ်မှာ ရိပ်ရိပ်လေးတွေပဲမြင်ရတယ်။ တောင်ခြေကိုရောက်တော့မယ်။ တောင်ခြေကို ရောက်တဲ့အခါ ဘော့က သူ့နောက်ကနေလိုက်ဖို့ လက်ကိုမြှောက်ပြီး ခေါ်ပါတော့တယ်။ ဧည့်သည်တွေဟာများလွန်းလို့ ကားရပ်လို့ရတဲ့နေရာဟာ တော်တော်ခပ်လှမ်းလှမ်းမှာမို့ လမ်းပြန်လျှောက်ရပါတယ်။ ကေဘယ်ကားလက်မှတ်က ယူအက်စ် ဆယ့်သုံးကျပ်စီကျပါတယ်။ ကေဘယ်ကားစီးတဲ့နေရာအထိ လိုက်လာပြီး တံခါးဟာ မကြာခင်မှာ ပိတ်တော့မှာ အပေါ်မှာ ဂရုစိုက်ပါ စတဲ့ တတွတ်တွတ်မှာကြားနေတဲ့ ဘော့ကို ကေဘယ်ကားထဲက အားလုံးက ရီပြီးကြည့်နေကြတော့တာ။ LA က ဧည့်သည်ဘွားတော်ကတော့ မနေနိုင်တော့ပဲ သူနင်တို့အဖေ မဟုတ်ဘူးမဟုတ်လားလို့ တန်းခနဲမေးတော့တယ်။ မဟုတ်ဘူးလို့ပြောတော့ သူ မိဘလုပ်လို့မရဘူး သိပ်စိတ်ပူတတ်တယ်တဲ့…သူစိတ်ပူလည်း ပူစရာ ကျနော့သူငယ်ချင်းက ကင်မရာရယ် ဖုန်းရယ်နဲ့ ဓါတ်ပုံရိုက်ရင်း ဖုန်းကို တွေ့လေရာရာမှာ ချချထားတတ်တာကို တလမ်းလုံး သူပဲအမြဲသတိပေးနေရတာ..





တရိပ်ရိပ်တက်နေတဲ့ကေဘယ်ကားနဲ့အတူ တောင်တွေစီမှာ အလျားလိုက်ပြန့်ရှည်နေတဲ့ ဂရိတ်ဝေါ နံရံတချို့ကို တွေ့လာရပြီ။ တခုလုံးမမြင်ရသေးပေမယ့် အစိတ်အပိုင်းလေးတွေကတင် တော်တော်လှနေခဲ့တာ။ တောင်ပေါ်မှာ နေကပူပြီ။ လေကတော့ အေးမြပြီး ပတ်ဝန်းကျင်တခုလုံးဟာ စိမ်းလဲ့ညို့ရီလို့။





ဟိုးခပ်ဝေးဝေးထိ တက်ချင်တယ်။ ဒါပေမယ့် အချိန် နှစ်နာရီပဲပေးလိုက်တာ။ ဂရိတ်ဝေါက အပြန်မှာ ထမင်းစား၊ ပြီးတော့ လေဆိပ်ကိုဆင်းရမယ်။ အမြင့်ဆုံးအထိ မတက်နိုင်ခဲ့။ လက်လွှတ်ဆုံးရှုံးရမှုတွေဟာ အများသား။ လူ့ဘဝဆိုတာ ဘောင်တွေနဲ့ (ဘောင်တွေဟာလည်း လူ့လောဘတွေအလျောက် အဝိုင်းဖြစ်လိုက် လေးဒေါင့်ဖြစ်လိုက်) မဟုတ်ပါလား။


ထိပ်ဆုံးသို့ဆိုတဲ့ ကဗျာကို တိုးတိုးရွတ်ရင်း အဆင့်ဆင့်တက်သွားမိလျက်သား။ ဟိုးအရင်ခေတ်က မီးခိုးတွေနဲ့ အချက်ပြပုံ၊ မီးခိုးတွေကနေတဆင့် ဗုံတွေ၊ခေါင်းလောင်းတွေ စသည်ဖြင့် အချက်ပေးကြရတာ။ အခုခေတ်လို ဖုန်းလေးနဲ့ လက်တချက်လှုပ်တာနဲ့ အရာအားလုံးပြီးပြည့်စုံသလောက် ဖြစ်နေပြီဆိုတော့ ကွာခြားချက်ဟာ အတော်လေးကို ကြီးကြီးမားမား။

ပြန်ဆင်းရမယ့် အချိန်ကာလကို တွက်ချက်ပြီး ကေဘယ်ကားရှိရာကို ပြန်လျှောက်ကြတယ်။ အပြန်မှာတော့ ယူအက်စ်က ကျောင်းသားလူငယ်တွေနဲ့ဆုံတယ်။ ကျောင်းပိတ်ရက်မှာ အခုလိုစုပြီး ကမ္ဘာလှည့်ခရီး လုပ်ကြတာဆိုတော့ ပါးစပ်အဟောင်းသား။ ကိုယ်တွေတုန်းက ပြည်တွင်းခရီးတောင် အနိုင်နိုင်မဟုတ်ပါလား။ ဒီကနေ ယိုးဒယားကို ဆက်သွားမယ် ပြီးရင် အင်ဒိုနီးရှားတဲ့…နိပ်ဟ..




ကျိုက်ထီးရိုးတောင်ပေါ်ကအဆင်း အသီးယိုတွေလိုမျိုးပါ။ တခြား ဓါတုဗေဒပစ္စည်းပါဝင်ခြင်းမရှိ၊ ချက်ပြုတ်ထားခြင်းမျိုးမဟုတ်ပဲ အသီးတွေကို သဘာဝနေရောင်မှာ ခြောက်သွေ့ခြင်းဖြင့် ဤသို့ရလာသည်လို့ဆိုတယ်။ မြည်းမြည်းဆိုပြီး အမြည်းတွေပဲဆွဲနေတာ သူငယ်ချင်းက ဝယ်မလာရကောင်းလားလို့ အပြစ်တင်တော့မှ ဝယ်လာရ အကောင်းသား နောင်တတွေရလို့..









ထမင်းစားမယ့်နေရာဟာ နာမည်ကျော်လက်မှုပစ္စည်းတွေလုပ်တဲ့နေရာလို့ဆိုတယ်။ ထမင်းအရင်စားမယ် ပြီးမှ သူတို့လက်မှုလုပ်ငန်းကို ကြည့်ဖို့။ နှစ်ယောက်စာအတွက်ဆို အတော်လေးကို များပါတယ်။ လှုပ်ရှားမှုတွေ သိပ်များလို့ထင်ရဲ့ ထမင်းကလည်း မြိန်နေတယ်။










လက်မှုပညာပြုလုပ်ပုံအဆင့်အဆင့်ကို လေ့လာတယ်။ ပန်းချီကားလိုမျိုးဘောင်တွေထဲမှာ ထည့်ပြီးမှ အရောင်တွေသွင်း စသည် စသည်။ နောက်ဆုံးတော့ အရောင်းပြခန်းပေါ့။ စျေးတွေကြီးတယ်…





အားလုံးပြီးတာနဲ့ လေဆိပ်ကိုတိုက်ရိုက်ဆင်းပါတယ်။ လေဆိပ်ကို ရောက်တော့ တနာရီလောက်ပိုတယ်။ ကော်ဖီဆိုင်ထိုင်ရင်း အချိန်ကိုသတ်။ ဒီလေဆိပ်က စိတ်ထဲပိုသန့်သလိုပဲ။ Terminal 2 လို့ပြောတယ်။ စီးရမယ့်လေယာဉ် အချိန်ဇယား၊ ဟိုက ရာသီဥတုကအစ ဘော့ဟာ တခါတည်း စစ်ပေးတယ်။ ဟိုရောက်ရင် ညဖက် မိုးချုပ်မှ ရောက်မှာမို့ အပြင်မထွက်ရဘူးလို့ အတန်အတန်မှာရှာတယ်။






လေယာဉ်ထဲရောက်မှ လေယာဉ်အချိန်နည်းနည်းထပ်ပြောင်းပါတယ်။ တောင်ပိုင်းငှက်ကို ပထမဆုံး စီးဖူးတာပဲ။ အစားအသောက်ကတော့ အမဲသားမစားတဲ့ ကိုယ်လိုလူရှုံးတယ်။ လေဆိပ်ကို မူလအစီအစဉ်ထပ် နောက်တနာရီနောက်ကျပြီးမှ ရောက်ပါတယ်။ မိုးတွေကလည်း သည်းလို့…….

No comments: