21 May 2013

အကယ်၍များ...

ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်အခါများ ပြန်လည်ကာ ရယူဖို့ရန်မဖြစ်နိုင်တော့တဲ့ အခါ..


မနေ့ညက မိတ်ဆွေတယောက်နဲ့ စကားစမြည်တဲ့အခါ အခုလို အကယ်၍များဆိုတဲ့ အတွေးတခုကို သူက လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါတယ်။ လောကကြီးမှာ လမ်းခွဲကြရတဲ့အခါ ကိုယ်က လက်ပြနှုတ်ဆက်ခဲ့တာ ရှိသလို၊ ကိုယ့်ကို လက်ပြနှုတ်ဆက်သွားတာလည်း ရှိမှာပါပဲ။ မျက်ရည်ဝဲပြီး ကျန်ခဲ့တာ အကြိမ်တွေမနည်းတော့ဘူးလို့ မိတ်ဆွေက ပြောပါတယ်။ တဆက်တည်း ငါတို့တွေက ငိုတာကလွဲပြီး ဘာလုပ်နိုင်မှာလဲဆိုတဲ့ စကားနဲ့ ကျနော့ကို နာကျင်စေခဲ့တယ်။ အမှန်တရားတွေက တခါတရံမှာ ကြားနာရသူအတွက် ခါးသက်လွန်းပါတယ်။

ကျနော်လိုလူက ဟိုစပ်စပ်ဒီစပ်စပ်ဆိုတော့ အပေါင်းအသင်းကများ။ ကျောင်းတွေကလည်း ဟိုတစ ဒီတစ တက်ထားလိုက်တာ ရန်ကုန်မှာ ရှိသမျှ ကျောင်းကုန်လောက်ထင်ရဲ့။ အဲ့ဒီတော့ အသိမိတ်ဆွေတွေက များပြီပေါ့။ ဒီကြားထဲ အလုပ်ကလည်း ရန်ကုန်မှာ သုံးခုတောင်လုပ်ခဲ့တာဆိုတော့ အလုပ်ထဲက မိတ်ဆွေတွေလည်း မနည်း။ မိတ်ဆွေလို့ ဆိုလိုက်ရင် ကျနော်က ရင်ဘတ်နဲ့ ပေါင်းမိတတ်တယ်။ ကိုယ်ပေါင်းစိတ်ခွာဆိုတာမျိုး ကြားဖူးပေမယ့် ကျနော့အဘိဓာန်မှာ အသုံးချလို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီ အသုံးချစနစ် ထည့်သွင်းလို့ကို မရဘူးဆိုပါတော့။ ထားပါလေ..

များပြားလှတဲ့ မိတ်ဆွေထဲမှာ တော်တော်များများက ဝေးကွာနေတယ်။ တချို့က နေရာဒေသကြောင့် ဝေး။ တချို့က မိသားစု အရေးတွေနဲ့ ဝေး။ အဲ့ဒီအထဲက တချို့ကို လက်တွဲလို့မရတော့လို့ ဖြုတ်ချခဲ့တာတွေ ပြန်သတိရလာတယ်။ အကြောင်းကြောင်းတွေ ကြောင့် လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပေမယ့် တချိန်က မိတ်ဆွေတွေ ဆိုတော့ အဲ့ဒီမှာ အကြောင်းကစပါတယ်။ ကျနော်ပဲ အစွန်းရောက်တာဖြစ်မှာ။ များသောအားဖြင့် ကျောခိုင်းပြီးရင် ပြန်လှည့်မကြည့်တတ်ဘူး။ မုန်းလို့တော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမုန်းဆိုတဲ့ အဖြစ်ကို အရောက်မခံခဲ့တာ။ မေ့ပြီးသွားရင် ဘာဆိုဘာမှ မကျန်တော့လောက်အောင် (ခံစားမှုဆိုတာတောင်) ကိုမေ့ပစ်ခဲ့တယ်။

မေ့တယ်ဆိုတာ ပြောတော့သာ လွယ်တာပါ အခုချက်ချင်း မေ့ချင်တယ်လို့ နာကျင်မှုတွေကြားက တမ်းတတိုင်း မဖြစ်နိုင်တာ လူတိုင်းသိမှာပါ။ အချိန်ဆိုတဲ့ သမားတော်နဲ့ တခြား စိတ်ဝင်စားစရာ တခုခုမှာ စိတ်နစ်လိုက်တဲ့အခါ မေ့သွားမှာပါလို့ သူငယ်ချင်းတချို့ကို ကျနော်ကိုယ်တိုင် ဖြောင်းဖြခဲ့ဖူးသလို (တကယ်က ကိုယ်တွေ့ဆိုပါတော့)။ ဒါပေမယ့် ကျနော်ကျောခိုင်းထားခဲ့တဲ့လူတွေ၊ ကျနော့ကို ကျောခိုင်းသွားတဲ့လူတွေက ကျနော့ မိတ်ဆွေတွေ ပြန်ဖြစ်မလာတော့ဘူး။ နည်းနည်း နားရှုပ်သွားမယ်ထင်တယ်။ အဲ့ဒီလူတွေအားလုံး ကျနော့အတွက် သူစိမ်းပြင်ပြင်ဖြစ်သွားကြတယ်။ သူတို့က လမ်းမှာ ချက်တဖြုတ်ဆုံခဲ့ဖူးတဲ့ ခရီးသွားဧည့်သည်တွေလိုပဲ။ ကျနော်တို့ နောက်တခေါက် ပြန်တွေ့တဲ့ အခါ အရင်ကတွေ့ခဲ့ဖူးသလိုလို တယောက်နဲ့တယောက် သေသေချာချာ မသိကြသလို။

သူငယ်ချင်းတယောက်ကတော့ ကျနော့ကို ကော်ပေတံနဲ့တူတယ်တဲ့။ ဘာလို့လဲလို့မေးတဲ့အခါ ကော်ပေတံတွေက ပျော့သလိုလိုထင်ရပေမယ့် ကြွတ်ဆပ်မာကျောတယ်တဲ့လေ။ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်ဖို့ စောသေးတယ်လို့ ယူဆထားသလို၊ တကယ်တမ်း ကိုယ့်ကိုကိုယ်တိုင်းတာဖို့ကြ သိပ်မလွယ်ဘူး ဆိုတော့ အဖြေမှန်မမှန် မသေချာဘူးပေါ့။

အစောက စကားကိုပြန်ကောက်ရရင် ကျနော့မိတ်ဆွေမေးတာက ကျနော်နဲ့ လမ်းခွဲထားခဲ့တဲ့သူတွေနဲ့ အကယ်၍များ လမ်းမှာ မတော်တဆ ဆုံဖြစ်ကြရင် ကျနော် ဘာလုပ်မလဲတဲ့၊ ဘယ်လိုခံစားမလဲဆိုတာပါ.ဟိုင်းလို့တော့ နှုတ်ဆက်မယ်လို့ အဖြေလွယ်လွယ်ပေးလိုက်တယ် ဟုတ်မဟုတ်တော့ သေချာဆုံမှပဲ သိတော့မှာ။ သူစိမ်းတွေနဲ့တွေ့တိုင်း ဟိုင်းလို့နှုတ်ဆက်ဖို့တော့ မတွန့်တိုခဲ့တာ အမှန်ပါပဲ။ နောက်သူငယ်ချင်းတယောက်ပြောသလိုဆို ငါတို့နဲ့သူက ဟိုင်းဘိုင်လေတဲ့။ ဆိုလိုတာက ဟိုင်းလို့နှုတ်ဆက်မယ် ပြီးရင် ဘိုင်လို့ပြောမယ် ကျန်တဲ့ ပတ်သက်မှု လုံးဝမရှိဘူးတဲ့။ အခုလည်း အဲ့လိုပါပဲ။

မိတ်ဆွေကတော့ ပွေ့ဖက်လှုပ်ယမ်း နှုတ်ဆက်သင့်တယ် မဟုတ်လားလို့ မေးလာခဲ့တယ်။ ဟင့်အင်း မလိုပါဘူးလို့ ခပ်ပြတ်ပြတ်ပဲဖြေမိခဲ့တယ်။ ဟုတ်တယ်မဟုတ်လား။ သူတို့တွေနဲ့က လမ်းခွဲခဲ့ကြပြီးပြီလေ။ မသိချင်ယောင်ဆောင်သွားဖို့တော့ မဖြစ်နိုင်ဘူး တကယ်မမြင်လိုက်တာမျိုးဆိုရင်တော့ ထားပါတော့။ ရှောင်လို့မရတဲ့ လမ်းတခုမှာ ထိပ်တိုက်တွေ့ဖြစ်ကြတဲ့အခါ ဟိုင်းလို့တော့ နှုတ်ဆက်ဖြစ်မယ်။ ပြုံးပြဖို့တော့ မသေချာသေးဘူး။

အကယ်၍များ ခင်ဗျားတို့ဆိုရင်ရော…..

No comments: