08 September 2010

အိမ်ကိုလွမ်းလို့ ရထားမစီးချင်ဘူးဆို…

ငါ ရထားမစီးချင်တော့ဘူး……………..

ဟာ…….ဘာကြောင်ရပြန်တာလဲ။ ဂေါက်တောက်တောက်အတွေးတွေနဲ့ အရူးထပြန်ပါပြီ။

ဘာဖြစ်လို့လဲ ပလက်ဖောင်းပေါ်ကနေ ရထားသံလမ်းပေါ်ကို လူတွေ ခုန်ခုန်ချတဲ့ ဗီဒီယိုဖိုင်ကြောင့်လား။

ဒါမှမဟုတ် ရထားတံခါးတွေ မပွင့်လို့ ဘူတာမှာ ရထားတွေမရပ်ဘဲ မောင်းမောင်းထွက်သွားတာကို စိတ်နာလို့လား။

မဟုတ်မှလွဲရော ရထားသံလမ်းတွေ ပြုပြင်နေလို့ ရထားလမ်းတွေ ပိတ်ထားတဲ့ရက်က ကားကြပ်ကြပ်စီးလိုက်ရတာကြောင့်ပဲဖြစ်မယ်။

အကြောင်းပြချက်တွေ ဦးနှောက်ခြောက်ခံ ရှာမနေပါနဲ့။ မင်းတို့တွေပြောတာ တစ်ခုမှ မဟုတ်ဘူး။

ငါ ရထားမစီးချင်တဲ့ အကြောင်းက အိမ်ကိုလွမ်းလို့ပါ….

ဘာာာာာ လို့တပြိုင်တည်း သံပြိုင်ရွတ်လိုက်သံက နားထဲမှာ အိမ်ကို ပြန်နေကြ ကားရထားသံ ဘော်လိုလို ဗွမ်လိုလို လို့တောင်ကြားလိုက်မိတယ်………….

နေ့စဉ်မိုးလင်းတာနဲ့ သံလမ်းခွဲမှာ လာရပ်မယ့် ကားရထားကို စောင့်နေကြလေ။ ကြက်ခြင်းတွေ ဈေးခြင်းတွေနဲ့ တမြို့လုံး အုံနဲ့ကျင်းနဲ့ အပြိုင်အဆိုင်လုပြီးတက်ကြရတဲ့ အဲ့ဒီ ကားရထားလေး။ ခေါင်းတွဲအပါအဝင် သုံးတွဲပဲ ရှိပေမယ့် မြို့ရဲ့သွားရေးလာရေးအတွက် သူက မရှိမဖြစ်ရေသောက်မြစ်။

ပုံမှန်ဖြတ်သွား ဖြတ်လာ အမြန်ရထားတွေရှိတယ်။ သူတို့က မြို့ငယ်လေးမှာ ရပ်လေ့ရပ်ထမရှိဘူး။ ကျောက်တင်တဲ့ ရထားတွေရှိတယ်။ နှေးလွန်းလို့ နွားလှည်းတွေတောင် အသာလေးကျော်တက်နေကြ။ ရှေ့မှာပိတ်နေတဲ့ နွားလှည်းများတွေ့ရင် ကျောက်တင်လှည်းလားလို့ ခနိုးခနဲ့ ကဲ့ရဲ့ရသလောက်။အနီးအနား မြို့ကြီးတမြို့ကို သွားတဲ့ ရထားတစ်စင်းလည်း နေ့စဉ်ပြေးပါတယ်။ ဒါပေမယ့် ထိုင်ခုံလက်မှတ်တွေက ဂိတ်အစမှာကတည်းက ကုန်နှင့်ပြီ။ ထိုင်ခုံမဲ့နဲ့ လိုက်မယ်ဆိုတောင် ရထားလာတဲ့အချိန်က အဆင်မပြေပြန်ဘူး။ ဈေးသမား ကျောင်းသမား ရုံးသမားတွေ အတွက် ကားရထားရောက်လာနေကြ မနက်စောစောက အဆင်အပြေဆုံးလေ။

မနက်စောစော နှင်းတွေကြားမှာ ရထားတိုးဝှေ့စီးရတဲ့အရသာပေါ့။ ကြက်ခြင်းတွေက နံလိုက်တာဆိုပြီး နောက်တစ်တွဲကိုသွားလည်း နောက်ကြက်ခြင်းနဲ့ ညားမှာပါပဲ။ ကြက်ခြင်းသမားတွေ ရှောင်ချင်ရင်တော့ ခေါင်းတွဲကို သွားမှ ရမယ်။ ခေါင်းတွဲက စက်ခန်းဆိုတော့ ပူလိုက်တာ တကယ့်ငရဲလား အောက်မေ့ရတယ်။ ကြက်တွေပူပြီး ကိစ္စချောကုန်မစိုးလို့ ဒီခေါင်းတွဲတော့ ရှောင်ကြတယ်ဆိုပဲ။ ဈေးသည်တွေ တွဲကလည်း ဆူညံလို့ ဘဝဂ်လျှံနေမြဲ။ မင်းသားနဲ့ မင်းသမီးကစလို့ ဒီအပတ်ထွက်မယ့် နံပါတ်တွေ အကြောင်း ဘယ်ဘုန်းဘုန်းကတော့ ပြီးခဲ့တဲ့ အပတ်အတွက် အတိတ်တွေနမိတ်တွေပေးလိုက်တာ မှန်သပေ့ဆိုတဲ့အကြောင်းတွေ သောင်းပြောင်းထွေလာ။ သူတို့အချင်းချင်း ရန်များဖြစ်ကြည့် အယုတ္တ အနတ္တတွေဆိုတာ သင်တန်းဖွင့်ရင်တောင် ရလောက်ကဲ့။

အဲ့ဒီတော့ ဒီနေ့အပူခံမလား အနံ့ဆိုးဆိုးတွေကြားမှာနေမလား နားအဆူခံမလားဆိုတာ တွဲပေါ်မတက်ခင် ရက်ရာဇာ ပြဿဒါးရွေးရသလိုပါပဲ။ အလှည့်ကျလေး နေလိုက်တော့ သူ့ဟာနဲ့သူ နေသာထိုင်သာရှိသွားရော။ တစ်တွဲတည်း ဆက်တိုက်များ စီးနေမိရင် လူကိုက အညောင်းမိသလိုလိုကို ဖြစ်နေတတ်ပြန်တယ်။

ထိုင်စရာနေရာကော နေ့တိုင်းရသလားမေးရင် ဟင့်အင်းလို့ပဲငြင်းရမှာပါပဲ။ တိုးမှ မတိုးနိုင်ပဲ။ တွဲလေးသုံးတွဲကို မြို့လုံးကျွတ်ဆိုတော့ သကြားခဲတစ်ခဲ ပုရွက်အုံ ဝိုင်းအုံသလိုပါပဲ။ ရှဲခနဲ ရှင်းသွားတဲ့အချိန်က ရထားထွက်တဲ့အချိန်ပေါ့။ ဒါတောင် ဘေးနားက မျက်ရည်စမ်းစမ်းနဲ့ မခွဲနိုင်မခွာရက်တွေ မပါသေးဘူး။ သူတို့ကတော့ ထွက်ခါမှ ထွက်ရော မြင်နေရတဲ့ အခိုက်လေး သံသရာကြွေးတွေ ဆပ်နေတာပေါ့လေ။

ရထားထွက်သွားပြီးမှ မြို့လေးလည်း ပုံမှန်ပြန်ဖြစ်တယ်။ အိမ်ကိုပြန်တဲ့သူပြန်၊ ဈေးဝယ်တဲ့သူဝယ် မုန့်ဆိုင်တွေမှာ မနက်စာ စားတဲ့သူ စားနဲ့ အသက်ပြန်ဝင်လာတတ်တာ။ ဒါတောင် ရထားနောက်ကျလို့ အတင်းဝရုန်းသုန်းကားပြေးတဲ့သူတွေ တခါတလေ တွေ့ရပြန်သေး။

တကယ်တမ်း ရထားကြာချိန်က တစ်နာရီပျော့ပျော့ရယ်ပါ။ ဒါပေမယ့် လမ်းတစ်လျှောက်မှာ ရှောင်ပေးလိုက်ရတယ်ဆိုတဲ့ တခြားရထားတွေက လျှော်ကြိုးမှာသီထားတဲ့ ခရေပန်းတွေလို စီလို့ တန်းလို့။ ဒါကြောင့်နေမှာ တစ်နေ့ကို အသွားအပြန် နှစ်ကြောင်းပဲ ဆွဲနိုင်ရှာတယ်။


နေ့ခင်းတကြောင်း အပြန်ကတော့ သိုသိုသိပ်သိပ်ပဲ။ အပျိုလေးတွေ ဇာတ်ပွဲကြည့်ပြီး အိမ်ပြန်သလို မြို့ကလူတွေ မသိလိုက်မသိဖာသာ။ ချောင်ချောင်ချိချိ စီးချင်သူများ၊ ကိစ္စကြီးငယ် မရှိသူတွေကတော့ စိတ်အေးလက်အေး ဒီအချိန်ကိုရွေးကြတယ်။ ပူပြင်းတဲ့နေ့ခင်းကြီးနဲ့အတူ တကျွီကျွီမြည်နေတဲ့ ဒီရထားတကြောင်းက ပျင်းရိစရာကောင်းတယ်ဆိုတာ တစ်မြို့လုံးအသိ။

စိတ်လှုပ်ရှားစရာအကောင်းဆုံးက ညဖက် ရထားသိမ်းတဲ့ လမ်းကြောင်း။ ရထားတင်သိမ်းတာမှ မဟုတ်ပဲ အားလုံးရဲ့ ဘဝတွေကိုပါ ဆွဲသိမ်းလာခဲ့တာ။ မသိမ်းလို့လည်း မရတော့ဘူး တမြို့လုံးရဲ့ ခြောက်သွေ့မှုကို ပြန်ဆွဲယူလာတဲ့ ဘဝတွေနဲ့ ကြဲပက်ရမှာ။ ဘူတာရုံကအထွက် ယိုင်တိုင်တိုင် မီးတိုင်တွေကြားထဲမှာ မြို့လေးရဲ့ အပြိုင်အဆိုင် မီးခွက်တွေလည်း ထွန်းနေကြပြီ။ ဘယ်သူဘယ်ဝါ ပြန်လာချိန်ဆိုတော့ ညစာထမင်းဝိုင်းတွေလည်း လက်ဆေးဇလုံနဲ့ ခင်းလို့ကျင်းလို့။

ရထားဆိုက်ပြီဆိုတာနဲ့ ဘူတာရုံနားက မုန့်ဆိုင်တွေ မျက်နှာငယ်ရပြီ။ စီခနဲနေအောင် ရှေ့ဆုံးက ပြေးသွားသူတွေအားလုံးက တမြို့လုံးရဲ့ ဆွဲလည်းတွေလေ။ ဆိုက္ကားဆရာတွေကတော့ မျက်နှာတွေ တဝင်းဝင်းနဲ့ သူသူငှာငှာ ခေါ်ပါယူပါ ဖြစ်ကုန်ပြီပေါ့။ တယောက်စနှစ်ယောက်စနဲ့ စီးပွားဖြစ်မယ်မထင်ဆိုပြီး ခွာရှပ်ပြီး မတ်မတ်ကြီးစောင့်နေတဲ့ မြင်းပေါ်က မြင်းလှည်းဆရာလည်း အနောက်ဖက်ကမ်းကိုလို့ ကျယ်ကျယ်အော် တကြော်ကြော် ဖြစ်စပြုပြီ။

သိပ်မကြာခင် လူတွေပြိုဆင်းအလာ။ မြို့လေးလည်း အခုမှ မျက်လှည့်ပြလိုက်သလို ပွဲခင်းတစ်ခုအလား စည်စည်ကားကား။ ဒီမြို့ကို ရွာနဲ့တူသလေးလို့ ပြောလို့ဒေါသတလူလူထနေတဲ့ အပျိုမငယ်လည်း ဟောကြည့် ဟောကြည့် မြို့ကြီးပါတော်လို့ ပြောရင်းဆိုရင်း အမောက လည်ပင်းရောက်နေပြီ။ ကျုပ်မှာလိုက်တာ ပါသလားဆိုပြီး မျက်နှာထားတင်းတင်းနဲ့ မေးတဲ့ အိမ်ရှင်မ မျက်နှာလည်းဝင်းလက်လို့။ မြို့ကဝယ်လာတဲ့ ပစ္စည်းတွေကို ဒီအဆင်လေး လှတယ်နော် ဟိုဟာလေးက နောက်ဆုံးပေါ်လို့ မကြွားချင် ကြွားချင် ဈေးတော်လို့ပါရှင် ဆိုတဲ့ အမျိုးသမီးတွေလည်း လမ်းပေါ်မှာ ဖြူးလို့။ ဒီတခေါက် အရင်းပြုတ်ခဲ့ပြီလို့ ငိုသူကလည်းပါသေး။ ချဲထီထိုးလိုက်တာမလား လို့ ဗိုက်ခေါက်လိမ်ဆွဲပြီးမေးချင်စိတ်တွေနဲ့ ဘေးနားက အိမ်သူကို မပူနဲ့ မပူနဲ့ဆိုပြီး ဖြောင့်ဖြပေးချင်သူလည်း ရှိရဲ့။

ကိုးနာရီမစို့မပို့မှာ ရုံပိုင်ကြီးလည်း နားချင်ပြီထင်တယ်။ ဘူတာရုံဖက်က ဖျတ်ခနဲမီးတွေ ပိတ်သွားတယ်။ ဆီမီးခွက်တွေလည်း မကြာခင် ငြိမ်းတော့မှာပါ။ နောက်နေ့မနက်မိုးလင်းရင် ကားရထား ပြန်ဆင်းလာတော့မယ်………

အဲ့ဒါပြောတာ မြို့နဲ့ရထားနဲ့ တသားတည်းကျနေတဲ့နောက်

အိမ်ကိုလွမ်းလို့ ရထားမစီးချင်ဘူး ဆိုတဲ့ ငါ့ကို မင်းတို့ အပြစ်ဆိုချင်လည်း ဆိုကြပါတော့ကွာ……….

No comments: