31 July 2010

ဘ၀အတွင်း ကြီးပြင်းလာခြင်း ပါရာဒိုင်းများ……..


အခုတလော ရုပ်ရှင်တွေ အတော်လေးကြည့်ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ကိုလည်း စူးစူးနစ်နစ် နှစ်သက်နေမိတာလည်းရှိတယ်။ The Sorcerer’s Apprentice ကြည့်တုန်းက ကြော်ငြာထိုးတဲ့ အဲ့ဒီကားကို ကြည့်ချင်မိသွားတယ်။ သူငယ်ချင်းတစ်ယောက်က မျှဝေပေးတာနဲ့ မနေ့ညက မိုးအလင်းကြည့်ဖြစ်သွားတယ်။ ဇာတ်ကားကို ကြည့်နေမိရင်း ကံကြမ္မာကို မယုံကြည်ကြသူများကို သွားသတိရမိသေးတယ်။

အချိန်ဆိုတဲ့ ရွေ့လျားမှုတွေထဲမှာ ကျနော်တို့ကြီးပြင်းလာခြင်းဆိုတဲ့ ပါရာဒိုင်းတွေ ရှိနေခဲ့တာကိုး။ ငါတို့ငယ်ငယ်တုန်းကလေ ဆိုတဲ့အတွေးတွေနဲ့ ငယ်မူငယ်သွေးတွေ ပြန်ပေါ်လာ၊ စိတ်တွေနုပျိုလာ တတ်တာမျိုးကိုး။ ပြန်မရနိုင်တဲ့ ငယ်ရွယ်စဉ်အတိတ် ဆိုတာ လူတိုင်းမှာ ရှိကြတယ်။ အဲ့ဒီလို ကြီးပြင်းလာပုံခြင်း ဘ၀တွေကို ဖြတ်သန်းလာကြတာခြင်း မတူညီကြသလို နောက်ခံအခြေအနေတွေကလည်း တမျိုးစီ။

ကြီးပြင်းလာတော့ သူငယ်ချင်းတွေ ပြန်တွေ့ အရင်တုန်းက အကြောင်းတွေ စားမြုံ့ပြန်။ ပြီးတော့ လက်တွေ့ဘ၀တွေကို ဖလှယ်။ အတော်လေး ပြောင်းလဲသွားကြတာကိုး။ ပြင်ပသွင်ပြင်လက္ခဏာတွေထက် စိတ်တွေ အမြင်တွေ အိုးး အတော်လေးပြောင်းသွားခဲ့တယ်။

ငယ်တုန်းက သူငယ်ချင်းတယောက်ကို တောင်ကြီးမှာ ပြန်တွေ့တော့ ဝဝတုတ်တုတ် နှုတ်ခမ်းထူထူနဲ့ ချစ်စရာရှမ်းကလေး မဟုတ်တော့ဘူး။ ဆေးလိပ်တွေ ခေါင်းတိုင်ဖြစ်အောင် သောက်ပြီး လက်ထဲက ပုလင်းတွေ တစ်လုံးပြီးတစ်လုံး။ ညမီးကျည်တွေ လွှတ်တော့ မီးပန်းတွေက ကွင်းထဲမှာ ဖြစ်ချင်းတိုင်းဖြစ်နေတော့ကာ မင်းဘာမှ မပူနဲ့ ငါ့ကျောနောက်မှာ နေဆိုပြီး ကွယ်ထားတဲ့ ငယ်သူငယ်ချင်း သံယောဇဉ်ကို လှိုက်ခနဲနေအောင် ခံစားမိသေးတယ်။ ဆိုင်ကယ်ကို အလယ်ကထိုင်လိုက်စေပြီး အရှေ့က သူ့သူငယ်ချင်းကို ဖြေးဖြေးမောင်း ငါ့သူငယ်ချင်းစီးရဲမှာ မဟုတ်ဘူးဆိုတော့ တစ်နှစ်လောက်ပဲကြီးတာကို လူတတ်ကြီးလုပ်နေတယ်လို့ ကျနော်ရယ်ချင် မိသွားတယ်။ နောက်တော့ အိမ်ကို ကျနော်မရှိတုန်း လာတယ်ပြောတယ်။ အတော်လေး ပြောင်းလဲသွားခဲ့ပြီ။ ငယ်တုန်းကလို ဖြူစင်တဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူးတဲ့။ တာချီလိတ်နဲ့ ဖြူးကို ကူးချည်သန်းချည် လုပ်နေတဲ့ လူရည်လည် ကုန်သည်ကြီးဖြစ်လို့နေခဲ့ပြီ။

နောက်နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်ကို လွန်ခဲ့တဲ့လေးလလောက်က ပြန်တွေ့ဖြစ်တယ်။ သူလိုအပ်တာတွေ ကူညီပေးရင်း သူ့ရဲ့ပြောင်းလဲမှုတွေကို လေ့လာမှတ်သားမိတယ်။ သားတစ်ယောက်အဖေဖြစ်နေပြီတဲ့လေ။ သူ့သားလေး သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတင်ထားရလို့ ညတိုင်းကျနော့ဆီဖုန်းဆက်ပြီး သူဘယ်လောက်စိတ်ပူနေတယ်ဆိုတာ ညည်းညူရင်ဖွင့်တဲ့ မိဘမေတ္တာတွေနဲ့ အရင်တုန်းက လို ဂျစ်ကန်ကန် ခလေးဘဝကို ချန်ထားခဲ့ရပြီလေ။ ဘ၀ဆိုတဲ့ ကျောင်းထဲမှာ ကျောင်းသားဘဝကျော်လွန်ပြီး တကယ်ရုန်းကန်ရချိန်တွေ မှာ အားလုံး တကွဲစီ တနေရာစီ။ အချိန်တပတ်လည်တော့ ပြန်တွေ့ဖြစ်ကြပြန်ရော။

ဇာတ်ကားထဲမှာ သူငယ်ချင်း ငါးယောက်ပြန်လည် ဆုံဆည်းတဲ့အကြောင်းကို အခြေခံပြီး လူမှုစရိုက်တွေ လက်ရှိအခြေအနေတွေကို ပြသထားခဲ့တာ။ သူတို့ရဲ့ ဘတ်စကတ်ဘော နည်းပြ ရဲ့ နောက်ဆုံးခရီးမှာ အနှစ်သုံးဆယ် အကြာမှ ပြန်တွေ့ဖြစ်ကြတာပါ။ သားသမီးတွေ ကိုယ်စီ တယောက်နဲ့တယောက် နောက်ပြောင်ကျီစယ်ရင်း ငယ်မူငယ်သွေးတွေကြွနေတဲ့ သူတို့ရဲ့ စိတ်တွေကို အတိုင်းသား။

ပြီးတော့ သူတို့သားသမီးတွေနဲ့ သူတို့ခေတ်တွေရဲ့ ကွာဟချက်တွေ။ Dotta တွေ အသေအလဲခုတ်နေ၊ သေနတ်တွေ နင်းခွပစ်ပြီးဆော့ကစားတဲ့ ဂိမ်းတွေ၊ နည်းပညာတိုးတက်မှုတွေနဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက် ကွန်ပြူတာ၊ တီဗီတွေရှေ့မှာ တချိန်လုံးဆော့ကစားနေတဲ့ သားသမီးတွေ။ အဖေတို့ခေတ်တုန်းက အံစာတုံးပစ်တဲ့ မြွေကစားနည်းက သိပ်စိတ်လှုပ်ရှားမှုပေးတာပဲဆိုတာနဲ့ ဆွဲဆောင်မှု မပေးစွမ်းတော့တာ အသေအချာ။ Navigation system တွေ၊ surfing လုပ်တာနဲ့ခဏအတွင်း ရနိုင်တဲ့ information system တွေကြားမှာ မွေ့ပျော်နေတဲ့ သားသမီးတွေကို တကယ့် ပြင်ပ ကိုယ်လက်လှုပ်ရှားမှုတွေ အဖြစ်ပြောင်းလဲပစ်ချင်တဲ့ Lenny ရဲ့ စိတ်ကို အတိုင်းသားမြင်လိုက်ရတယ်။ ကျောက်ခဲတစ်လုံးကို ကိုင်လိုက်တဲ့ သားငယ်ကို ပစ်လိုက်လေကွာလို့ စိတ်ထဲက မချင့်မရဲ တိုက်တွန်းနေကတည်းက သူဘယ်လောက်စိတ်အားထက်သန်စွာနဲ့ ဒီ lake house အစီအစဉ်ကို လုပ်ခဲ့တယ်ဆိုတာ သိသာစေတယ်။

လူမှုဘ၀အတွင်းက ခွဲခွာရခြင်းတွေ။ ချစ်သောသူတွေနဲ့ သေကွဲ ရှင်ကွဲ စတဲ့ ခွဲခွာခြင်းနည်းပေါင်းစုံ။ ဖြစ်ပျက်မှုပေါင်းစုံနဲ့ သူငယ်ချင်း ငါးယောက်။ အိမ်ထောင်သုံးဆက်ဖြစ်သွားတဲ့ Rob ရဲ့ ကြေကွဲဖွယ်တွေ။ ဘယ်သံယောဇဉ်တွေမှ မချည်နှောင်ပဲ အခုအချိန်အထိ လူပျိုကြီးအနေနဲ့ ရှုပ်ပွေနေတဲ့ Marcus ရဲ့ညတွေ။ အလုပ်မလုပ်ပဲ အိမ်မှာပဲ အိမ်ထောင်ထိန်းယောက်ျား တယောက်အဖြစ် ရပ်တည်နေတဲ့ Kurt ရဲ့ ဖြစ်တည်မှုတွေ။ ပရိဘောဂ လုပ်ငန်းရှင် သူဌေးကြီးအဖြစ် ကြွားကြွားဝံ့ဝံ့ မိတ်ဆက်တဲ့ Eric ရဲ့ လိမ်လည်မှုတွေ (တကယ်က သူငယ်ချင်းတွေကို ၀မ်းသာစေချင်လို့ လိမ်လည်ခဲ့တာဆိုတာ သူနောက်ဆုံးမှာ ဖွင့်ဟ၀န်ခံခဲ့တယ်၊ လိမ်လည်ခြင်းမှာလည်း မျိုးစုံရှိနေပေမယ့် ဒီလို လိမ်လည်ခြင်းကို စိတ်ထဲက မသိလိုက် မသိဖာသာ ခွင့်လွှတ်နေမိပြန်တယ်)။ ဒီ အစီအစဉ်မှာ မီလန်သွားမယ့် Flight ကို သူ့မိန်းမ မသိအောင် ကြိုတင် cancel လုပ်ထားတဲ့ Lenny က အဓိက ဖြစ်ပါတယ်။

အဓိက ခံစားမိတာက မိဘနဲ့သားသမီးကြားက အကြောင်းအရာတွေ။ စီးပွားအရှာကောင်းနေတဲ့ မိဘတွေ… ပြည့်စုံကြွယ်ဝအောင် လိုလေသေးမရှိထားနိုင်ရင် မိဘတာဝန်ကျေပွန်တယ်လို့ အထင်ရှိတတ်ပါတယ်။ အလုပ်တွေ အရမ်းပင်ပန်းလို့ အိမ်ပြန်ရောက်တာနဲ့ သားသမီးတွေအတွက်၊ မိသားစုအတွက် အချိန်မပေးနိုင်တဲ့သူတွေ ဒီခေတ်ကြီးမှာ အများကြီးပါ။ တကယ်တမ်း ဥစ္စာပစ္စည်းတွေ တင်မကပါပဲ မမြင်မတွေ့မထိနိုင်တဲ့ စစ်မှန်တဲ့ မေတ္တာတရားက လူသားတွေအဓိက အလိုအပ်ဆုံး အရာဆိုတာကို သူတို့ မေ့လျော့နေတတ်ကြပါတယ်။ သွားကျိုးသွားတဲ့ သမီးငယ်ကို ဖုံးတဖက်နဲ့ ပြီးစလွယ်ဖြေလိုက်တာမို့ သမီးလေး စိတ်ထိခိုက်သွားတဲ့ အဖြစ်နဲ့ ချိန်ထိုးပြထားခဲ့တယ်။ ပြောပြီးမှ နောင်တရ သွားတာမို့ မအိပ်နိုင်လောက်အောင် ခံစားရတဲ့ မိခင် မေတ္တာနဲ့ ပြန်လည် ဖြေသိမ့်ပေးခဲ့ပါတယ်။

ရန်ကြွေးရန်စတွေ၊ အမုန်းတွေ။ ငယ်တုန်းက ရှုံးခဲ့တဲ့ မကျေပွဲကို ပြန်လည် ဆင်နွှဲတဲ့ ပွဲလေး။ တခါတလေကျ အနိုင်ယူလိုက်မှ စိတ်ချမ်းသာ ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ သူတပါးအတွက် ပျော်ရွှင်မှုကို မျှဝေပေးဖို့ ကိုယ့်ဖက်က အရှုံးပေးသင့်ရင် ပေးထိုက်တယ် ထင်ရင် ပေးလိုက်ကြတာမျိုးလို့ ခံစားမိတယ်။ ပြင်ပမှာတော့ အတော်လေး ခက်ခဲပါလိမ့်မယ်။ ငါ..ငါ…ငါဆိုတဲ့ ငါပြီးရင်း ငါ အတ္တတွေကြားထဲမှာ ငါနဲ့ငါသာ နှိုင်းစရာဖြစ်နေတတ်တာမို့ ဆင်ခြင်သတိကို ရရှိစေခဲ့တဲ့ ပြကွက်လေးပါ။

ဇာတ်ကားထဲက အမျိုးသားငါးယောက်ရဲ့ စကားဝိုင်းတွေတိုင်းမှာ ကံကြမ္မာကို မယုံကြည်ကြသူများထဲက အမျိုးသမီးတွေရဲ့ စကားဝိုင်းနဲ့ ချိန်ထိုးမိတယ်။ ဘဝကြီးပြင်းမှုတွေတိုင်းမှာ ငယ်ဘ၀ရဲ့ အရိပ်တွေ ကြီးစိုးလွန်းပါတယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် မဖြစ်မနေ ကြုံဆုံ ရဦးမှာပါပဲ။ အခက်အခဲတွေရှိမယ်။ ပျော်ရွှင်မှုတွေ ရှိမယ်။ ငိုယိုခြင်းတွေရှိမယ်။ အပြောင်းအလဲတွေရှိမယ်။ ခွဲခွာခြင်းတွေရှိမယ်။ အတိုက်အခိုက်တွေ ရှိမယ်။ တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန်၊ အကြောင်းအရာတခု နဲ့ တခု၊ ရပ်တည်မှုတွေ မတူ ဖြစ်တည်မှုတွေ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ ဒီပါရာဒိုင်းတွေကို ကျနော်ဘေးကနေ ဝင်ကြည့်နေမိတယ်။ ကျနော် ရဲ့ ကြီးပြင်းလာခြင်းနဲ့ နှိုင်းစာကြည့်တယ်။ နီးလာလိုက် ဝေးသွားလိုက် ကြီးသွားလိုက် ငယ်သွားလိုက်….

7 comments:

khin oo may said...

ဒီမှာ သတိရနေတာ.။

Maung Myo said...
This comment has been removed by the author.
Rita said...

ကြိုက်တယ်။
ဒါမျိုးအကြောင်းအရာတွေကို...

အဲဒီ ဝတ္ထုကိုလည်း ကြိုက်တယ်။

ဇွန်မိုးစက် said...

တို့လည်း ဒီပို့စ်မျိုးကို ကြိုက်တယ်။ ရုပ်ရှင်တော့ မကြည့်ဖူးဘူး။

အဲဒီ့ဝတ္ထုနဲ့ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ အမြင်ချင်း ကွဲခဲ့ဖူးတာ သွားအမှတ်ရတယ်။ သူက အဲဒါဖတ်ပြီး သိပ်မကြိုက်ဘူးလို့ ပြောတယ်။ ယောက်ျားတွေ မကောင်းတဲ့အကြောင်းကို ဇောင်းပေးတယ်လို့ သူကယူဆတယ်။ သူက အစ်ကိုတွေမောင်တွေကြားမှာ ကြီးပြင်းခဲ့ပြီး သူ့တို့က သူ့အမြင်မှာ သိပ်ကောင်းနေတာကိုး။
ကိုယ်ကတော့ အဲဒီ့ထဲက ယောက်ျားတွေရဲ့စရိုက်ကို လက်ခံတယ်။ ကိုယ့်ပတ်ဝန်းကျင် ဆွေမျိုးသားချင်းထဲမှာ အိမ်ထောင်ရေး ကံမကောင်းတဲ့သူတွေရှိတယ်။ အထူးသဖြင့် ယောက်ျားတွေ သစ္စာမဲ့တာပေါ့လေ။ သူက သူ့ပတ်ဝန်းကျင်နဲ့ချိန်ထိုး၊ ကိုယ်လည်း ကိုယ့်ပတ်ဝန်းကျင်နဲ့ ချိန်ထိုးကြည့်မိတာပဲ။
ဖြစ်နိုင်ရင် ကံကြမ္မာစာအုပ်ကို နောက်တစ်ခေါက် ထပ်ဖတ်ချင်မိတယ်။

ညိမ်းနိုင် said...

ဒီလို အကြောင်းလေးတွေကို သဘောကျတယ်...။
အသက်အရွယ်ရလာလေလေ...သူငယ်ချင်းတွေကို ခင်
တွယ်လာလေပဲ....။ပြီးတော့ ကြီးပြင်းလာရတဲ့ ဘဝတွေကို
ယှဉ်ပြီး၊ချိန်ထိုးကြည့်ချင်သေးတယ်...။ငွေရေး၊ကြေးရေး၊
အောင်မြင်မှု၊ပေးဆပ်လိုက်ရတာတွေ၊မနာလိုစိတ်၊ပြိုင်ဆိုင်
လိုစိတ်နဲ့တော့မဟုတ်။အထူးသဖြင့် စိတ်ခံစားမှုတွေကို
ဖလှယ်ကြည့်ချင်တယ်...။

ThuHninSee said...

အဲဒီကားကို ပြီးတဲ့အထိ မကြည့်လိုက်ရဘူး။ ပြန်ငှားကြည့်ဦးမှပဲ။
ဂျူးရဲ့ အဲဒီစာအုပ်ကိုကြိုက်တယ်။ ရွာသားလေးပြောတဲ့ကားအတော်တော်များများ အစ်မကြည့်ဖြစ်တာတွေ ဖြစ်နေတတ်တယ်။

ညီလင်းသစ် said...

ဒီပို့စ်ဖတ်ပြီးမှပဲ အဲဒီကားကို ကြည့်ချင်လာတယ်ဗျ၊

အင်း...အချိန်ရရင်တော့လား... ... :)