28 July 2010

မူးယစ်ခြင်းမှာ အကျွမ်းဝင်သူများသို့…………..

မူးယစ်စွဲလမ်းစေသော အရာများကို တမ်းတမ်းမက်မက် လိုက်ပါခုံမင်နေသူများကို မူးယစ်နေသူများဟု သတ်မှတ်သင့်သည် မဟုတ်ပါလား။ အဆိုပါ မူးယစ်စေသော အရာ ကျနော်တို့ တိုင်းပြည်တွင် ပျံ့နှံ့နေခဲ့သည်မှာ ကြာနေခဲ့ပါပြီ။ လူငယ်လူရွယ် များသည်သာမက၊ မိဘဘိုးဘွားများကပါ လူငယ်များကို မူးယစ်စေအောင် တိုက်တိုက်တွန်းတွန်း လုပ်ကြပြန်သေးသည်။ မိမိတို့ရဲ့ သားမြေးများ မောင်ဘွားများ စွဲလမ်းသွားကြသည်ကိုလည်း ဂုဏ်ယူဝံ့ကြွားစွာ လူပုံအလယ််ကြားတွင် ကြွားဝါနေသေးသည်။ ထိုမျှတွင် မက သူ့ထက်ကဲရွှေပြည်စိုးကာ စာမျက်နှာကြော်ငြာများတွင်လည်း အပြိုင်အဆိုင်ထည့်လိုက်ကြပြန်သေးသည်။ အဆိုပါမူးယစ်ဆေးမှာ တတိုင်းပြည်လုံးပျံ့နှံ့ အရိုးစွဲနေခဲ့သည်မှာ ကြာမြင့်နေခဲ့ချေပြီ………………………….

များသောအားဖြင့် ကြားရတတ်စမြဲ။ ဂျပန်သွားက သိန်းတစ်ရာ။ စင်္ကာပူသွားက သိန်းလေးဆယ်။ မလေးရှား သိန်းနှစ်ဆယ်။ နေစရာပေးမည် စားစရာပေးမည်။ ဘလာ ဘလာ အနှီ ငါးမျှားချိတ်တို့အောက်တွင် သားကောင်များ အတုံးအရုန်း။ အိမ်ပေါင်၍ တမျိုး လယ်ပေါင်၍တဖုံ၊ မရှိမဲ့ ရှိမဲ့ ခြစ်ခြုပ် ကျစ်ကုတ််ပြီး ဘုရင့်နောင်ဖောင်ဖျက် လုပ်ကြသူတွေလည်းရှိ၏။ ဟိုကဆွဲ ဒီကဆွဲနှင့် ငွေတိုးပိပြီး နောက်က လိုက်လို့ မဆုံးသူတွေလည်း ဒုနှင့်ဒေး။ စတင်မူးယစ်ပြီးသည်မှ တခေါက်ရှုံးလည်း ကြက်သွန်ဆိုကာ ထပ်ခါထပ်ခါ ငွေမျောလိုက်သူများလည်း ရှိပြန်သည်။ မည်သူ့မျက်နှာမျှ ကြည့်ရန်မလို သံသရာကြွေး ဒီဘဝတွင်သယ်နိုင်သမျှသယ်မည်ဆိုသော အပြောချို မူးယစ်ဆေးဖြန့်ချီသူ အပလီများလည်း အသိန်းအသောင်း။ မူးယစ်ဆေးကို မထိတထိ သုံးပြီးမှ လက်လျှော့သူများလည်း ရှိသည်။ မူးယစ်ဆေးကို ထိထိရောက်ရောက် သုံးစွဲနေသူများလည်း ရှိသည်။ အခုမှ စသုံးကြမည့်သူများလည်းရှိသည်။ သုံးစွဲလတ္တံ့သူများလည်း ရှိနေသေး၏။

သို့သော် မူးယစ်ဆေးနောက်ကွယ် ကန့်လန့်ကာကို မည်သူမျှ ယောင်၍ဖွင့်မကြည့်ခဲ့ကြ။ ကန့်လန့်ကာ အရှေ့က တဆောင်တပြောင်နိုင်လှစွာသော ဖောင်းကြွ ရွှေစာလုံးကြွားကြွားဝံ့ဝံ့ကိုပင် အားပါးတရကြည့်သွားကြသည်။ အတော်လေး နေရာကျပြီဟုဆိုကာ တခမ်းတနား အမွှန်းတင်ကြပြန်သေးသည်။ ကန့်လန့်ကာနောက်ကို မည်သူမျှ မကြည့်ခဲ့ကြ။

သူတပါးတိုင်းပြည်ကို ရောက်ပြီဆိုတော့ လာကြိုမည့်သူ မရှိသည့်အဖြစ်များ။ အရာအာလုံးသည် စာရွက်ထဲတွင်သာ ရှိ၍ ပြင်ပတွင် မည်သည့်ဖြစ်တည်မှုမျှ မရှိသည့်အဖြစ်များ။ ထို့ထက်ဆိုးရွားစွာ မူးယစ်ဆေးကို မှောင်ခိုပြု၍ မိကောင်းဖခင် သမီးပျိုတို့ ကိုယ်ကျိုးနည်းသည့် အဖြစ်များ။ အစကပြောတော့တမျိုး လက်တွေ့လုပ်ရသည်က တခု။ လစာ မည်ရွှေ့မည်မျှ ရမည်ဆိုသော်ငြား ဝမ်းဝရုံသာရသော အဖြစ်မျိုးနဲ့ကြုံရပြန်သေးသည်။ စားပွဲတွင် လက်တင်၍သာ လုပ်ရမည်ဆိုသော်လည်း တကယ်တမ်းကျတော့ စားပွဲအောက်ကြမ်းတိုက်တာက စသည်ဟု ငုံ့ဝင်ရသည်လည်း ရှိ၏။

ပေါက်သည့်နဖူးမထူးပြီဟု ကြိတ်မှိတ်ပြီး ဆေးကိုမှီဝဲသူက မှီဝဲ၏။ လက်မခံနိုင်ဟု တွန်းလှန်ပြီး ဆေးဖြတ်သူကဖြတ်။ မိမိ၏ဆေးစွဲခြင်းကို ဂုဏ်ယူ ဝံ့ကြွားနေမည့် မိဘဆွေမျိုးများ မျက်နှာရစိမ့်သောငှာ အံကိုကြိတ်ပြီး ခေါင်းကို ငုံ့နိုင်သမျှငုံ့ မဝရေစာ ကိုယ့်ဝမ်းကိုယ် မသထာနိုင်ပဲ မူးစုပဲစု စုဆောင်းထားသမျှကို ငွေသားအဖြစ်ပို့သည်ပို့။ ပစ္စည်းအဖြစ် ဝယ်သည်ကဝယ်။ ရလေလိုလေ အိုတစေ မျိုးဆွေညာတကာနဲ့ဆိုပါက ရှာသမျှ အဟောသိကံ။ ပလိုင်းပေါက်နှင့် ဖားကောက်၊ ခြင်းကြားနဲ့ ရေသယ် မိုက်လေတဲ့ သူငယ်။ တနေ့တမျိုး မရိုးအောင် ပေါ်ပေါက်နေသော လူသုံးပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများက သင့်ခါးကို ချိုးရန် အဆင်သင့်ဖြစ်နေကြပါပြီဟု မျက်စပစ်နေသည့်နှယ်။

ထိုထိုသော အကြောင်းအရာ အဖြစ်အပျက် မျိုးစုံတို့အနက် မည်သူ့တိုက်တွန်းချက်မျှမပါပဲ ကျနော်သည် ၁၈နှစ်သက်ပြည့် မိမိဖာသာ ဆေးစွဲသူတစ်ဦးဖြစ်ပါသည်။ အဆိုပါ မူးယစ်ဆေးဝါးကို တရှိုက်မက်မက် မစွဲ စွဲအောင် မိမိအစွမ်းအစဖြင့် စတင်ရှာဖွေသုံးစွဲခဲ့ခြင်းလည်းဖြစ်သည်။ နည်းလမ်းကောင်းများဟု ကြံဆောင် ကြိုးကုတ် အားထုတ်ခဲ့သူလည်းဖြစ်ပါသည်။ မူးယစ်စွဲလမ်းသူများထဲတွင် ပါဝင်နိုင်ခဲ့ပြီဟု ရင်ကော့ ခေါင်းမော့နိုင်ခဲ့ပါသည်။

တလောက အိမ်အပြန် မူးယစ်ဆေးဝါး မထိတွေ့ဖူးသူများနှင့် ဆုံတွေ့ဖြစ်ခဲ့သည်။ ကျနော့သူငယ်ချင်း အရင်းခေါက်ခေါက်တယောက်ပါသည်။ တကယ်က ကျနော် မူးယစ်ဆေးဖြတ်လိုလှသည်။ ဤသည်ကို အိမ်မှလည်း သိသည်ဟု ကျနော်ထင်သည်။ မူးယစ်ဆေးစွဲခြင်း၏ ကောင်းကျိုးများကို တီးတိုးတမျိုး ကျယ်ကျယ် တဖုံ နားမဝင် ဝင်အောင်သွင်းနေသည်ကိုလည်း ကျနော် မသိမဟုတ် သိပါသည်။

သူငယ်ချင်းကိုယ်တိုင် လွန်ခဲ့သောတစ်နှစ်အကြာက မူးယစ်ဆေး အကြောင်းကို အားကျမက်မောစွာ စတင်မေးမြန်းဖူးသည်။ မူးယစ်ဆေး သုံးစွဲဖြစ်သွားသည့် အကြောင်းများ၊ မည်သို့မည်ပုံ မူးယစ်ဆေးသုံးစွဲပုံ စသည်စသည် ထွေလီကာလီများဖြင့်။ သို့သော် ယခုတခေါက်တွင်မူ မူးယစ်ဆေး အကြောင်းကို စဉ်းငယ်မျှ မသိုးသီတော့။ လက်ထဲတွင် ငါးထောင်တန်ကို အထုပ်လိုက် ကိုင်သုံးနိုင်သော၊Made in Japan ဆိုသော ဆိုင်ကယ်နှစ်စီးပိုင်သော၊ အိမ်တွင် ဇိမ်ခံပစ္စည်းများကို လိုအပ်သည်ထက် ပိုလျှံအောင် ဖြည့်စွမ်းနိုင်သော သူတယောက် အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ထို့အတွက် သူပေးဆပ်လိုက်ရသည်က ကျနော် မပေးဆပ်နိုင်သောအရာများပင်။ သူတင်ပဲလားဆိုတော့ မဟုတ်ခဲ့ပါ။ အတန်းဖော်သူငယ်ချင်း ရွယ်တူများ အားလုံး ထိုနည်းနှင်နှင်။

သူငယ်ချင်းတယောက်၏ညီမငယ် အဖြစ်ကိုလည်း အမှတ်မထင်ကြားမိလိုက်သည်။ သို့သော် ကြားဖူးနေကြ အဖြစ်ပျက် တခုအဖြစ် အများကလျစ်လျူရှုနိုင်သည်ကို ကျနော်ကသာ ရင်တမမ ဖြစ်နေမိသည်။ သိပ်မထူးဆန်းသည်က ဆိုင်ရာပိုင်ရာ အဖေလောက်ရှိသော လူကြီးတယောက်ထံတွင် အစမ်းခန့်မှ အမြဲတမ်းဝန်ထမ်းဖြစ်ရေးအတွက် စတေးလိုက်ရသော အဖြစ်အပျက်။ ရုပ်ရှင်ထဲမှာပင် ရှိသည်ဟု ကျနော်မှတ်ယူထားသော အဖြစ်များ ပြင်ပတွင် တကယ့်ဇာတ်ကောင်များအဖြစ် မြင်တွေ့ရသောအခါ ကျနော့မူးယစ်ဆေးကို ကျနော် သတိရမိသည်။

ပထမဆုံး ခရီးစဉ်၌ ကျနော့ကို လေဆိပ်တွင် ကူညီခဲ့ဖူးသော ညီငယ်လေးနှင့် ယခုတခေါက် ပြန်တွေ့သည်။ သူက ကျနော် မြောက်ဥက္ကလာပမှာ ခြံဝိုင်းလေး ဝယ်ထားတယ်အစ်ကို ဆိုတော့ ကျနော် ငိုင်တွေဆင်းသွားခဲ့ပြီး ကျနော့မူးယစ်ဆေးကို ပထမဆုံးအကြိမ်ငြိုငြင်မိသွားခဲ့သည်။ ကျနော့တွင် ခြံဝိုင်းထားလို့ ဝိုင်းစရာ စက်ဝိုင်းခြမ်းတောင် ရှိမနေသေးသည် ကိုတွေးမိသွား၍ ဖြစ်ပါသည်။ နှစ်ရာကျော်လေးပဲ ဆိုသည့် အချက်ကို ပေ့ါပေါ့ပါးပါးလေး ပြောသွားသည့် သူ့ကို ကျနော် အားကျငေးမော ကြည့်ရင်း မူးယစ်ဆေးဖြတ်ချင်လာပြန်သည်။

မူးယစ်ဆေးစွဲနေသော ကျနော့တွင် နာမည်နှင့် ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားဆိုသော အရာတို့သာ အကောင်းအတိုင်း ကြွင်းကျန်ရစ်သည်။ ဆေးစွဲပြီးကာလနှင့် ဆေးမစွဲခင်ကာလသည် ဘာမှ ထူးထွေသည့် အံ့ရာသော် မရှိလေခဲ့။ ကျနော် မပေးဆပ်နိုင်သော အရာတို့ကြောင့် မူးယစ်ဆေး ဖြတ်ဖို့ကို ကျနော် အတော်လေး စဉ်းစားယူရပါဦးမည်။ အိမ်က မင်းဒါတွေ ရင်းနိုင်သလား ဆိုသော မေးခွန်းကို မေးလာခဲ့ရင် ဖြေဖို့ ကျနော် အဆင်သင့်မဖြစ်သေးပါ။

ဟုတ်ကဲ့ ကျနော် အဆိုပါ မူးယစ်ဆေးစွဲနေသည်မှာ ယနေ့ည ရှစ်နာရီကျော်ဆိုလျှင် သုံးနှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။

ဘာကြောင့် နိုင်ငံရပ်ခြားထွက်ခဲ့တာတဲ့လဲ
ဆော်လမွန်ငါးတို့အပြန်

16 comments:

PAUK said...

သိပ်ပြီး..မစဉ်းစားနဲ့..
ကျနော်ဆို..ခခဆွဲပေးတဲ့ အိမ်ကလေးနဲ့တင် ကျေနပ်နေရတယ်..။
အခုတောင်င် သူများအိမ်နား ခိုနေရတာ ။

khin oo may said...

ညကတည်းက ဖတ်ပြီးပြီ။

Unknown said...

ရုံးမှာ exchange rate တွေ အကြောင်းပြောတော့
မြန်မာ ပြည် ရဲ့  ငွေလဲ နှုန်းကို မှီတဲ့ နိုင်ငံမရှိဘူးလေ
1 SGD= 700 + Kyats
နင်တော်တော်ချမ်းသာ နေပြီပေါ့လို့  ပြောတိုင်း
ရီရတာ အမော

ပြောလိုက်ဦးမယ် မြန်မာပြည်မှာ သိန်း ၂ ရာ မပြောနဲ့ 
သိန်း ၂ထောင်ဆိုတဲ့ ပိုက်ဆံတောင် ဘာမှ မရှိသလို ပေါ့ပေါ့ပါးပါး ပဲ ပြောနေကြပါတယ် ......
ဒါပေမယ့် ဆင်းရဲ ရုန်းကန်နေရတဲ့လူတွေ ကတော့ အရင်ထက် ဆိုးနေတုန်း

Rita said...

ကိုယ့်ဘာသာ ရွေးချယ်တဲ့လမ်း။

မိုးခါး said...

အင်းးးးးးးးး
မစွဲလည်းကောင်း စွဲလည်းကောင်း
တန်ဆေး လွန်ဘးပေါ့ ..း)
တွေးတွေးတောတော ကြံကြံဆဆလေးပေါ့ အကိုရာ
ဒီလိုပါပဲ တခုလိုချင် တခုတော့ပေးရမယ်ဆိုတော့ကာာ

မေဇင် said...

6 နှစ်လောက်စွဲပြီး တော်ရောပေါ့လို့ ကိုယ့်ဘာသာထင်ပြီး နောက် 3 နှစ်လောက်ဆို...ဒီ မူးယစ်ဆေး ကို ဖြတ်တော့မယ်လို့ စဉ်းစားထားတာပဲ။ ဒါပေမယ့်....နောက် 3 ရက်တောင် ဘာဖြစ်မယ် မသိတာ..နောက် 3 နှစ်ဆိုတာ ဘာမှ မပြောနိုင်ဘူးလို့တော့ ပြန်တွေးထားပါတယ်။

naychi said...

ဒီအတွေးမျိုးကို အရမ်းနှစ်သက်မိတယ်။

ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းဆိုတော့ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ။

အခုတလော ပတ်ဝန်းကျင်မှာ မူးယစ်ဆေးစွဲသူတွေ ကို အတော်တွေ့လာရတယ်။ ကိုရွာသားပြောသလို ကလန်ကာနောက်ကွယ်ကို မြင်အောင် ကြည့်စေချင်တယ်။ သူတို့မမြင်လို့ မြင်အောင် ပြောပြလည်း လက်မခံနိုင်လောက်အောင်ကို မှိုင်းမိနေကြတာတော့ စိတ်မကောင်းဘူး။

ဇွန်မိုးစက် said...

မစွဲဖူးသေးတဲ့ လူတွေက စွဲအောင်ကြိုးစားကြ၊ စွဲပြီးသားလူတွေက ဖြတ်ချင်ကြ။

ကိုယ်တော့ လောလောဆယ် ဖြတ်ဖို့အစီအစဉ် မရှိသေးဘူး။ ကိုယ့်မောင်လေး ကျောင်းမပြီးသေးလို့။ ဘဝမှာ မှန်းထားတဲ့အတိုင်း ဖြစ်မလာတာတွေများလို့ အရှည်သိပ်မတွေးဘဲ လက်ရှိအခြေအနေပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် နေနေတယ်။

Maung Myo said...

ိဟိုမှာ စွဲစရာ ဆေးမရှိလို့ ဒီမှာလာစွဲတာ ပြောရင်တော့ အများကြီး ကိုယ့်ပေါင် ကိုယ်လှန်ကုတ်သလိုဖြစ်မှာဆိုးလို့မပြောတော့ပါဘူး အရည်တွေ ပျော်ကုန်ပြီးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီမူးယစ်ဆေးကလည်း ကြောက်စရာကောင်းတာပါဘဲလား..
ရုန်းထွက်ဖို့တော့ အတော်ခက်ပါတယ်..
တစ်ချို့ကတော့ ဒီထဲမှာ အသားတကျ ပျော်ဝင်နေကြပါရဲ့...
ရုန်းထွက်ချင်တော့ပုံ မရပါဘူး..

ဧပရယ်လ်ပူး@ပူးတေ said...

ဆေးဖြတ်ဖို့ ကြိုးစားနေဆဲ.... :)

Talkii said...

မူးတယ် မူးတယ်

Anonymous said...

မူးယစ်နေသူလား၊
သရဖူဆောင်းနေသူလား၊

မတွေးချင်ပါဘူး၊

Thant said...

ဖတ်ပြီးတော့......ဝမ်းနည်းသွားတယ်....... :(((

သက်ဝေ said...

စွဲစွဲလမ်းလမ်းကြီး မဟုတ်ခဲ့သော်လည်း ဒီအချိန်မှာတော့ ရောဂါက တော်တော်ကျွမ်းနေပါပြီလေ...

ဆေးမမှီတော့ပါ...

လင်းဒီပ said...

ဆိုနေကျ သီချင်းလေးပါပဲ
“ရုပ်ဝတ္တုတို့ဆီ လိုက်ရင်း ပြေးရင်း ဖိနပ်လည်း ပါးတော့မယ်...”