19 July 2010

ဘလော့ရေးခြင်း အနုပညာ (၂)

ဘလော့ဆိုတဲ့အရာကို 17 December 1997 မှာ အစပြုခဲ့တယ်လို့ ၀ီကီအလိုအရ ဆိုပါတယ်။ အဲ့ဒီအချိန် ကျနော်တို့ဆီမှာ ကွန်ပြူတာသင်တန်းတွေ အပြိုင်းအရိုင်းပေါ်ပေါက်နေချိန်ပေါ့။ ဒါပေမယ့် အင်တာနက်ဆိုတဲ့ ဆက်သွယ်မှု ကွန်ယက်နဲ့ တစိမ်းဆန်နေကြပါသေးတယ်။

အင်တာနက်ဆန်ဆန် စပြီးထိတွေ့မိတာ အလုပ်ထဲက software တခုနဲ့ ပတ်သတ်လို့ပါ။ မူရင်းဖန်တီးသူများက မလေးရှားက ဖြစ်တာမို့ modem အသုံးပြုပြီး ကျနော်တို့ system ထဲမှာ update လုပ်ဖို့ ဖြစ်လာတယ်။ နောက်ဆုံး hi I m Jack ဆိုတဲ့စာတမ်းလေး ပေါ်လာတော့ ငေါင်စင်းစင်းလေး ကြည့်နေမိသေးတယ်။ hi လို့ပြန်ရိုက်ထည့်လိုက်တော့မှ အပြန်အလှန် စကားပြောလို့ရပါလားဆိုတာ သိလာရတာပါ။

ကျနော်တို့ တက္ကသိုလ်နောက်ဆုံးနှစ် 2002 မှာ အင်တာနက် လို့ အစပြုနေပြီ။ ပထမဆုံး အသုံးပြုဖြစ်တာက အသိတယောက်ရဲ့ အိမ်မှာပါ။ Dial up access ဖြစ်တာမို့ အင်တာနက်ဆိုတာ အတော်လေး ကြာမြင့်ပါလားလို့ မှတ်ချက်ပြုမိတယ်။ Google ကို စာလုံးမှန်အောင် မပေါင်းတတ်တာမို့ search engine ကိုမရောက်လိုက် လိုင်းက ပြတ်ကျလိုက်နဲ့ပါ။ နောက်ထပ်သုံးဖြစ်သွားတာက MCC center နဲ့ Softlink မှာပါ။ အသုံးပြုဖြစ်ပုံက ကျောင်းအတွက် ပရောဂျက်တွေ တင်ဖို့ပါပဲ။

တစစနဲ့ အင်တာနက်ဆိုတာ ထဲထဲဝင်ဝင်ဖြစ်လာပြီ။ Softlink က ကွန်ပြူတာတွေ မလုံလောက်တော့တဲ့အပြင် နောက်ထပ် အခန်းတစ်ခန်းမှာပါ တိုးချဲ့လာရပြီ။ အင်တာနက်နဲ့အတူ gmail, ygn chat room စတဲ့ အရာတွေ ထပ်တူပါလာကြပြီ။ အဲ့ဒီကမှ တယောက်နဲ့တယောက် ဆက်သွယ်ဖို့ ဆိုတာကို ဦးတည်လာကြတယ်။ နိုင်ငံရပ်ခြား ရောက်နေသူများနဲ့ on the spot ပြောနိုင်လာပြီဆိုတော့ တဖြေးဖြေး နယ်မြေတွေကို ချုံ့နိုင်လာကြပြီပေါ့။

နည်းပညာခေတ်ဆိုသည်နှင့်အညီ ICT အဆောက်အဦးများ၊ လုပ်ငန်းစုများဖြင့် လူငယ်တွေ ခေတ်ကိုအမှီလိုက်လာပြီ။ ဖိုရမ်တို့ ၀ဘ်ဆိုက်တို့ဆိုတာတွေကို ကွန်ပြူတာ ပရိုဂရမ်မာတွေ၊ Network သမားတွေနဲ့ စတင်မိတ်ဆက်စပြုနေခဲ့ပြီမို့ Zawgyi font ကိုလည်း စမ်းသပ်လာကြပြီပေါ့။ ဒီကမှာ စာတိုပေစရေးတတ်သူတို့ ဟိုတစ ဒီတစ ဟိုက ဒီက တင်လာကြပြီ။ အများသူငှာ အပြိုင်အဆိုင် ဝင်ရောက်ရေးသားနိုင်တဲ့ နေရာတွေ ဖြစ်လာပြီ။ အွန်လိုင်းက သူငယ်ချင်းတွေ၊ မမြင်ရပေမယ့် ခင်ရတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆက်ရင်း အိပ်ပျက်ညတွေ များသည်ပေါ့လေ…

နှစ်တွေ လွန်ပြန်တော့ blogspot ဆိုတာ စလာပြီထင်ရဲ့။ HTML code တွေကို မျှဝေသူတွေက မျှဝေကြရင်း လက်တည့်စမ်းသူ၊ အွန်လိုင်းစာရေးသူတွေ ထွက်ပေါ်လာကြတာ ဒီနေ့ထက်ထိ။ blogspot နောက်မှာ co.cc တို့ .com တို့ .net တို့တွေဆီကိုပါ။

ကျနော် စာ စရေးဖြစ်တော့ ဘလော့ဆိုတာကို လူတိုင်း မသိတတ်ကြသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများ ပြောဆိုသံ မကြားမိလို့ပါ။ ဒီ့ထက်ခိုင်လုံတဲ့အချက်က ပြည်တွင်းမှာ ဘလော့တွေဖတ်လို့ရသလို ဘလော့တွေ ပိတ်ရကောင်းတယ်လို့ မသိကြသေးတာပါပဲ။ ဒါပေမယ့် ဘလော့မှာ နေရာယူနှင့်သူတွေ၊ နေရာတကျ ဖြစ်နေသူတွေ၊ ခေတ်မှီတဲ့ သိရှိသူတွေကြားမှာ အောင်မြင်နေတဲ့သူတွေ ရှိနေနှင့်ပြီ။

ဘလော့ရေးဖို့ ဘာများလိုအပ်ပါသလဲ။ မြန်မာစာ ဖောင့်သွင်းထားပြီး ဘလော့တစ်ခုရယ် မြန်မာစာလက်ကွက် ရိုက်တတ်ဖို့ရယ်ပါပဲ။ ဘလော့ရေးမှ ကျနော် မြန်မာစာလက်ကွက်ကို ရိုက်တတ်လာခဲ့တာမို့ အစပိုင်းမှာ အတော်လေး ဒုက္ခများပါတယ်။ စိတ်ထဲက သွားသမျှကို လက်က မလိုက်နိုင်တဲ့အခါ စိတ်တိုင်းမကျမှုဆိုတဲ့ အရသာပါပဲ။ စတင်ရေးကာစမို့ အချိန်ပေးဖို့ဆိုတာ သိပ်မလိုအပ်ခဲ့တာ အမှန်ပါပဲ။ ကွန်ပြူတာတစ်လုံး ရှိမယ်၊ အင်တာနက်သုံးရလွယ်ကူမယ်ဆိုရင် ဘလော့အတွက် လုံလောက်ပြီ။ Universal truth အရဆိုရင်တော့ နိုင်ငံရပ်ခြားရောက် လူလွတ်များ၊ အလုပ်တာဝန်သိပ်မကြီးလွန်းတဲ့သူ၊ အကယ်၍ အိမ်ထောင်သည်ဆိုပါကလည်း ကလေးမရှိ သို့မဟုတ် ကလေးက လက်လွတ်လို့ရတဲ့အရွယ် စာရေးသူများ ဖြစ်နိုင်ချေ အများဆုံးရှိသည် ဟုဆိုပါသည်။ များသောအားဖြင့် အထီးကျန်ဆန်ခြင်းကို ဘလော့ဖြင့် ဖြေဖျောက်ဖို့၊ စိတ်မွန်းကြပ်ခြင်းအတွက် ထွက်ပေါက်ရှာဖို့ လို့ ထင်ရပါတယ်။ ဒါပေမယ့် သုတ၊ ရသ၊ ပညာပေး၊ လူမှုရေး၊ နိုင်ငံရေးဘလော့များလည်း အရောင်စုံလင်အောင် ဖြစ်ထွန်းလာတာမို့ ဒီပန်းခင်းကြီးက ပိုမွှေးလာတာဖြစ်ပါလိမ့်မယ်။

စရေးပြီးသိပ်မကြာခင် ဖြစ်ပွားခဲ့တဲ့ နာဂစ်အမည်ရှိ သဘာဝဘေးဆိုးကြောင့် ဘလော့ဆိုတာရယ် အွန်လိုင်းသတင်းဌာနတွေရယ် မျက်စိပွင့်လာခဲ့တယ်။ ဘလော့ရေးသူ အပြင် ဘလော့ဖတ်သူတွေ တိုးပွားလာခဲ့ပြီ။ အွန်လိုင်းစာပေ တခေတ်ဆန်းပြီလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။

ဆက်ပါဦးမည်.

10 comments:

Unknown said...

Blog ဆိုတာ အထီးကျန်ခြင်းကို ရင် ဖွင့်ရာ
ခံစားချက်ကို တင်ပြရာနေရာ
အိပ်ပျက်ညများရဲ့ အဖော်

Rita said...

ဆက်ပါဦး။
အိုင်ဒီယာတူနေတယ်။
ကိုယ်လည်း နဲနဲရေးထားတယ်။ အွန်လိုင်းအကြောင်း။ ရေးရင်း ဖီးလ်ငုပ်နေလို့ လုံးဝ ဆက်လို့ မရတော့ဘူး။

ဧပရယ်လ်ပူး@ပူးတေ said...

နာဂစ်မတိုင်ခင် ရုပ်ရှင်သရုပ်ဆောင် ဒွေးဆုံးတဲ့ ကိစ္စမှာထဲက ဘလော့က တော်တော်လေး နေရာယူနေကြပြီ....ဒွေးဆုံးတာနဲ့ ပက်သက်ပြီး ဘလော့တွေ အငြင်းပွားနေကြသေးတယ်... ဒွေးသေတာ သနားစရာမကောင်းဘူး... သနားဖို့ကောင်းတယ်... မနှမြောဘူး နှမြောတယ်နဲ့ ဒွေးရှုပ်တယ်လဲပါတယ် အငြင်းပွားနေကြတာတွေ ဖတ်ခဲ့ရသေးတယ်...အငြင်းပွားခဲ့ကြတဲ့ ဘလော့ဂါအချို့ အခုထိထိ ဘလော့ရေးနေကြတုန်းပဲ

သတိရသလောက်လေး ဝင်ပြောကြည့်တာပါ....

PAUK said...

ခခ အိပ်ရင်...
ညည ယောင်ချာချာနဲ့..
အွန်လိုင်းပေါ်မှာပဲ..

:P said...
This comment has been removed by the author.
:P said...

အင်တာနက်ဆိုတာကို စတွေ့ဖူးတာ 2003 နှစ်ကုန်ခါနီးမှာ... ၊အီးမေးလ်ကို ဆိုင်က ပရင့်ထုတ်ပေးတာ ဖတ်ရတယ်။ IP star ကချိတ်တဲ့ အင်တာနက်နဲ့၊

အီးမေးလ်အကောင့် စရှိတာ 2006 မှာ၊ ခုထိ အဲ့ဒီအီးမေးလ်ပဲ (အဓိက)သုံးနေတုံး..။ အဲ့တုံးက အီးမေးလ်ပို့တော့ dial up connection နဲ့၊

စဖတ်ဖူးတဲ့ဘလော့က Dr. SH ဘလော့ဂ်၊ 2007 မှာ၊ သူငယ်ချင်းကသတင်းပေးလို့ အင်တာနက်ဝင်ပြီး ဘလော့လိပ်စာလေး ရိုက်ထည့်လိုက်တာ ကိုယ်အပြင်မှာ သိနေတဲ့ လူတွေရဲ့ ဓာတ်ပုံကို အင်တာနက်စာမျက်နှာမှာ မြင်လိုက်ရတာ တော်တော်အံ့သြသွားခဲ့ဖူးတယ်..။

ဘလော့ဂါဆိုတဲ့ စကားလုံးကို စကြားဖူးတာက ရုံးမှာ NLS တို့ ဘလော့ဂ်လုပ်နည်းသင်တန်းတစ်ပတ်လာပေးတုံးက၊ အလုပ် အရမ်းများတဲ့ အချိန်မို့ တစ်ခန်းကျော်မှာလုပ်တဲ့ သင်တန်းကို မတက်လိုက်ရဘူး၊ (တက်မိခဲ့ရင် ခုချိန် ဘလော့ဂါကြီး ဖြစ်နေလောက်ပြီ။ ...ဟိ )

ဒုတိယ ဖတ်ဖူးတဲ့ ဘလော့ဂ်က NLS ဘလော့ဂ်။ သင်တန်းတက်ခဲ့တဲ့ (လူတွေကို ချီးကျူးခဲတဲ့ ) အတူနေအစ်မသူငယ်ချင်းက ညွှန်းလို့..
ဘလော့စဖတ်ဖူးတဲ့ အချိန်မှာတော့ ADSL နဲ့ ။

အခုတော့ မြန်မာဘလော့ဂ်ဆို စောမေတို့ နောကျေအောင် ဖတ်ဖူးပေါ့... :P

July 19, 2010 8:42 PM
အချက်အလက်မှားနေလို့ ဖျက်ပြီး ပြန်ပြင်ရေးလိုက်တာပါ။ ကျွဲမြီးမတိုပါနဲ့နော် ဦးလေးဘကြီး...။

ဇွန်မိုးစက် said...

အမှန်အတိုင်းပြောရယင် အင်တာနက်နဲ့ စောစောစီးစီးရင်းနှီးခဲ့ပေမယ့် ဘလော့ဂ်နဲ့တော့ နောက်ကျတယ်။ ၂၀၀၈ လောက်မှာမှ စသိတာ။ ဒါတောင် သိရုံပဲသိပြီး လိုက်မဖတ်ဖြစ်သေးဘူး။ မဇွန်ကို အဲဒီ့ကတည်းရေးပါလားလို့ တိုက်တွန်းခဲ့သူရှိတာတောင် စိတ်မ၀င်စားမိဘူး။ နာဂစ်နောက်ပိုင်း သူငယ်ချင်းက NLS ဘလော့ဂ် ၀င်ဖတ်ရင်း၊ သူပြောတာတွေ နားထောင်ပြီးနောက်မှာမှ ၀င်ကြည့်မိတယ်။ ၂၀၀၉ မှာမှ ဘလော့ဂ်တွေကို သေချာလိုက်လည်ပြီး ဖတ်ဖြစ်တာ။ သူများရေးတာတွေဖတ်ပြီး ကိုယ်လည်းရေးချင်လာတယ်။ ဒါပေမယ့် အချိန်မပေးနိုင်မှာစိုးလို့ ၆လလောက် စဉ်းစားလိုက်သေးတာ။ ကိုယ်စရေးတဲ့အချိန်မှာ ဘလော့သက်တမ်း ၃နှစ်လောက်ရှိပြီးသူတချို့က ဆက်တောင်မရေးတော့ဘဲ နားသွားကြပြီ။

မန့်ချက်ရှည်သွားပြီကွယ်။

ဆက်ဖတ်ဖို့ စောင့်နေပါသည်။

ဧပရယ်လ်ပူး@ပူးတေ said...

ကိုရွာသားရေ

ပူးတေ မနေ့က မန့်ခဲ့တာကို ဆရာကြီး လုပ်တယ်မထင်ပါနဲ့နော်... ဒွေးဆုံးတဲ့ အချိန်က ပူးတေလဲ မြန်မာပြည်မှာပဲ ရှိပါသေးတယ်... စင်္ကာပူလာဖို့ အင်တာနက်ကနေ စင်္ကာပူက cousin တယောက်နဲ့ အဆက်သွယ်လုပ်နေချိန်ပါ...ဒွေးဆုံးလို့ စိတ်မကောင်းဖြစ်ပြီး Dwe နဲ့လား "ဒွေး" နဲ့လား မမှတ်မိတော့ဘူး။ ကီးဝါ့ဒ်နဲ့ ရှာကြည့်တာ အဲဒီတုန်းကတော့ ဒွေးရဲ့ နာရေးပုံတွေ ကြည့်ချင်လို့ရယ် update သတင်းတွေ ဖတ်ချင်လို့ပါပဲ...အဲဒီတုန်းကတော့ အများကြီးတွေ့ခဲ့တယ်...ခုလိုက်ရှာတော့ သိပ်မရှိတော့ဘူး... အဲဒီအချိန်က မှတ်မှတ်ရရ နေ့တိုင်းနီးပါး သွားသွားဖတ်တဲ့ ဘလော့လေးက
http://maydar-wii.blogspot.com/2007/07/blog-post_9946.html (မမေဓါဝီရဲ့ ဘလော့မှာ မခင်မင်းဇော်ကစပြီး အငြင်းပွားထားတာနဲ့ ဒွေးကိုကြိုက်တဲ့ ပရိတ်သတ်တယောက်အနေနဲ့ပဲ သွားဖတ်ခဲ့ပါတယ်..အဲဒီတုန်းက ကွန်မန့်ပေးချင်စိတ် မရှိခဲ့သေးဘူး...မပေးခဲ့ မပေးခဲ့ဖူးပါဘူး)

ပူးတေ အင်တာနက်နဲ့ စတင်မိတ်ဆက်တာ ကိုရွာသားထက် နောက်ကျမယ်ထင်ပါတယ်... ၂၀၀၃ ခုနှစ်လောက်မှာ သူငယ်ချင်းတယောက်(လူကြီးသားသမီးတယောက်) အိမ်မှာ သူက google ကို စသင်ပေးပါတယ်... နောက်အရမ်းသုံးချင်သွားတော့ အိမ်ကို ပူဆာပြီး နာရီ ၂၀ စာပါတဲ့ Assess Kit လို့ခေါ်တဲ့ဟာလေးတွေကို ဝယ်ပြီး အိမ်ကဖုန်းလိုင်းနဲ့ချိတ်သုံးပါတယ်... အဲဒီအချိန်ထဲက ပူးတေရဲ့ အားနည်းချက်ကတော့ ADSL တို့ Dial up တို့ကို ကြားပဲကြားဖူးပြီး ဘယ်ဟာက ဘာမှန်း မခွဲခြားတတ်ခဲ့ဘူး။ 2004 နှစ်ကုန်ပိုင်းလိုက်မှာတော့ သူငယ်ချင်း၃ ယောက် ပုဂံနတ်က Mail4U အီးမေးလ်အကောင့်ကို ၁ နှစ်စာ ငွေသွင်းပြီး အီးမေးလ်ကို free mail တွေကို မသုံးချင်လို့ဆိုပြီး ကိုယ်ပိုင်မေးလ် ဖွင့်သုံးခဲ့ဖူးတယ် (အဲဒီတုန်းက နေမြင့်ပြီး အရူးရင့်နေတဲ့ အချိန်မို့ ဖြစ်မယ်။း) နောက်တော့ ဒီမေးလ်ဖော်ယူက အထွက်ရော အဝင်ရော ပုဂံနတ်က စစ်ဆေးနေတာခံရလို့ gmail တို့ထက် ပိုကြာတယ်ဆိုတာ သိခဲ့ရတော့ စွန့်လွှတ်ခဲ့ကြတယ်..)...2005 မှာတော့ ရန်ကုန်က ကုမ္ပဏီမှာစလုပ်တော့ ကုမ္ပဏီအီးမေးလ်နဲ့ပေါ့...ခုတော့လဲ personal မေးလ်က free mail ဖြစ်တဲ့ gmail ပါပဲ... :)

ရေးရင်းရှည်သွားပြီ... သိသလောက်လေး ပြောခဲ့တာပါ... ဆရာလုပ်တယ် ထင်မှာဆိုးလို့ ပြန်လာရှင်းပြတာပါနော်.. အနှောင့်ယှက်ဖြစ်ရင် တောင်းပန်ပါတယ်...
:)

Maung Myo said...

ကိုရွာသားလေးရဲ့ ဘလော့ဂါ ဖြစ်လာရခြင်း အကြောင်းရင်းများပေါ့ စောင့်မျှော်ဖတ်ရှု့နေပါတယ်ခင်ဗျားး

ဘလော့ရေးတာလည်း အနုပညာတစ်ခူုပေါ့နော့် ခုမှပဲ ကိုယ့်ကိုယ်ကို အနုပညာရှင်လို့ခံစားလိုက်ရတယ် ဟီးဟီး မင်္ဂလာပါ ပရိတ်သတ်ကြီး ။

Moe Cho Thinn said...

အမကတော့ ရွှေဝါရောင်တော်လှန်ရေးကမှ ဘလော့ဆိုတာကို စ ဖတ်ဖူးတာ..။ သတင်းတွေ လိုက်ဖတ်ရင်း လင့်ခ်တွေကတဆင့် ဘလော့ တွေကို ဖတ်ဖူးခဲ့တာ..။ သိပ်သဘောကျမိတာ အမှန်ပဲ။ စာကို ဒီလောက် စိစစ်ရေးမရှိ လွယ်လွယ်ကူကူ ပို့စ်လုပ်နိုင်ပြီး ကိုယ့်ဖာသာကိုယ် တာဝန်ယူနိုင်၊ ကြိုက်တာ မကြိုက်တာ ရွေးချယ် ဖတ်နိုင်၊ စာဖတ်သူနဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အချက်တွေကို သဘောအကျဆုံးပဲ။ ဘလော့တွေဖတ်ရင်း အဖေ့ကိုလဲ သတိအရဆုံးပဲ။