15 July 2010

တိုက်မိခြင်းများအတွက်

ဒီနေ့ ရုံးကတံခါးကို ကမန်းကတန်း ဖွင့်ပြီး အထွက် လူတယောက်နဲ့ တိုက်မိမလိုဖြစ်သွားခဲ့တယ်။ အချိန်တွေ သိပ်မလောက်ဘူးလို့ ယူဆထားသူချင်း အတူတူ အကြည့်တချက်လောက်စီနဲ့ပဲ ကိုယ့်လမ်းကို ဆက်လျှောက်ဖြစ်သွားကြတယ်။ ဒီလိုတိုက်မိခြင်းတွေက ဘ၀မှာ ဘယ်လောက်ရှိနေခဲ့ပြီလဲ………

ကျနော့ရဲ့ အမှတ်မထင် တိုက်မိခဲ့တဲ့သူတွေ အင်း…ဘဝတလျှောက်လုံးစာဆို နည်းမှ မနည်းပဲ။ ခလေးဘဝတုန်းက ခုန်လိုက်ပေါက်လိုက် ပြေးလိုက်လွှားလိုက် ဝင်ဝင်တိုက်ဖြစ်တာတွေ။ သတိထားမိလား………တိုက်မိတာခြင်းတူပေမယ့် စိတ်အခြေခံတွေ မတူကြတော့တာကိုပါ။ ခလေးဘဝတုန်းက တိုက်မိခဲ့ရင် ဟာဒီခလေး ရှပ်တီးရှပ်ပြာနဲ့လို့ပဲ ဆူပြောလေး ပြောတတ်ကြတယ်။ ဒါပေမယ့် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ ပြောသွားတဲ့ပုံစံတွေပါပဲ။

အရွယ်လေးရောက်လာတော့ တိုက်မိတဲ့ ဇာတ်လမ်းတွေကို သိရှိလာခဲ့ပြီ။ အမှတ်မထင်ကနေ အမှတ်ထင်ထင်တွေလည်း ရှိရှိလာခဲ့ပြီပေါ့။ အရွယ်ရောက်လာတာနဲ့ အကြောင်းအရာ တော်တော်များများ ပြောင်းလဲသွားခဲ့ပါကလား။

တိုက်မိတာခြင်းတူတာတောင် ဒေါသတွေ မာန်မာနတွေက အနောက်မှာ အပြည့်။ ဒါလေးတောင် မမြင်ဖူးလား၊ အဲ့လောက် နမော်နမဲ့နိုင်ရလား၊ ဆပ်ပြာသည် လင်ပျောက်နိုင်လှချည်လား စသည် စသည် မဆုံးနိုင်တဲ့ ဂမုန်းခိုင်တွေ တသီကြီး လွှတ်ချင်လွှတ်တတ်ကြပါဦးမယ်။ တဖက်က ငြိမ်မနေပဲ ပြန်ပြောရင် အကျယ်အကျယ် မ,ငြိမ်းဖွယ်တွေဖြစ်မယ်။ အခုဖတ်ပြီးသွားတဲ့ စာအုပ်ထဲက စစ်တွေဖြစ်ရခြင်းအကြောင်းအရင်းက ဒီလိုတိုက်မိတာလေးနဲ့လည်း စတင်နိုင်တယ် ဆိုတာကိုလည်း တွေးမိသွားပြန်တယ်။

ကျနော်တို့တွေ ဒီလို တိုက်မိခြင်းကို သာမာန်ရိုးရိုးလေး တွေးမပေးနိုင်ကြတော့ဘူးလား (ဒါကျနော့် တွေးနေတဲ့အဓိကအချက်ပါ)။ မတော်တဆ ဆိုတဲ့ အကြောင်းအရာကို မေ့ပျောက်ပြီး ကြိုတင်ကြံစည်မှုလိုလို လုပ်ကြံမှုကြီးတခုလို ဖြစ်စေခဲ့တာ ဘာကြောင့်များပါလိမ့်။ ကျနော်တို့ရဲ့ လူသားဆန်မှုတွေ ပျောက်ဆုံးကုန်လို့လား။ ပြုံးပြီး ခွင့်လွတ်ကြည့်နဲ့ တခါတလေ ကြည့်လိုက်စမ်းပါဗျာ။ ဟိုတခြမ်းကလူလဲ အားနာပြီး သူ့ရဲ့ မတော်တဆမှုအတွက် တောင်းပန်ပြုံးလေး ပြန်ရမှာပါ။

ကျနော့မှာ ဓါတ်လှေခါး အတွေ့အကြုံလေးတခု ရှိခဲ့တယ်။ ဒီနေ့အထိ မေ့မရပါဘူး။ တရက်ကျနော် အသိအိမ်ကနေ အပြန်။ သူတို့အိမ်က ၈ထပ်မှာမို့ ပြီးတော့ သွားစရာလည်း အရေးတကြီးရှိနေပြန်၊ ဓါတ်လှေခါးကို သုံးခဲ့တယ်။ နံပါတ်၁ကို နှိပ်ပြီး နောက် စိတ်ထဲမှာ ဆက်လုပ်ရမယ့် အရာတွေကို တွေးနေမိတယ်။ ဓါတ်လှေခါးပွင့်သွားတော့ တက်သုတ်ရိုက်ထွက်တာပေါ့။ အရှေ့က ဝင်လာတဲ့လူကို အမှုမဲ့အမှတ်မဲ့ပဲ။ ဝင်တိုက်မိတယ်။ ဟာ ဆောရီးဆိုပြီး တောင်းပန်တယ်။ သူက ကျနော့ကို ကြည့်ပြီးရီနေတော့တာ။ ကျနော်လည်း ခပ်ရှက်ရှက်ပဲ ဘာလုပ်ရမှန်းမသိတော့ဘူး။ တကယ်ဆို သူက စိတ်ဆိုးရမှာလေ။ ကျနော်က အိုးတိုးအမ်းတန်းဖြစ်လေ သူက ဖိပြီးရယ်လေ။ ပြီးတော့ ဓါတ်လှေခါးအပေါ်ကိုလည်း လက်ညိုးထိုးပြီးရယ်။ တခုခုတော့ မှားပြီပေါ့။ သူက ကျနော့ကို ပြန်ဝင်ခဲ့ လို့ခေါ်တယ်။ ဟုတ်ပါတယ် တကယ်က သုံးထပ်ပဲရှိသေးတာ။ ကျနော်ဆင်းမှာက မြေညီထပ်အထိလေ။ ကြုံပလေ ဘုံဘွေပေါ့ဗျာ။ ဓါတ်လှေခါး မြေညီထပ်ရောက်တော့ ကျနော်တို့ နှစ်ယောက် တွေးမိပြီး နောက်တခေါက် ရယ်ဖြစ်ကြပြန်ရော။

တကယ်တမ်း ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အဖြစ်လေးတွေပါပဲ။ ကျနော်တို့ စိတ်မှာ ဘယ်လိုခံယူသင့်သလဲ။ ကိုယ်က ပေါ့ပေါ့ပါးပါးလေးဆို တဖက်လူမှာလဲ ပေါ့ပေါ့ပါးပါးလေးဖြစ်သွားမှာ မဟုတ်လား။

ကျနော့ဘဝမှာ အမှတ်မထင်ရော အမှတ်ထင်ထင်ရော မတော်တဆ ဝင်တိုက်မိတဲ့သူတွေ ရှိပါတယ်။ နောက်ထပ်လည်း တိုက်မိကောင်း တိုက်မိပါလိမ့်မယ်။ အကယ်၍များ တိုက်မိဖြစ်ခဲ့ရင် ကျနော်တို့ ပြိုင်တူပြုံးပြီး သင်ပုန်းချေလိုက်ကြရင် မကောင်းဘူးလားလို့ပါ…………

(အရင်က တိုက်မိပြီး ကျနော်ဒေါသဖြစ်မိခဲ့တာတွေလည်း ရှိခဲ့မှာပါပဲ။ အဲ့ဒီအတွက် ပြန်တောင်းပန်လို့ မမှီတော့မယ့်အတူတူ အခုအချိန်မှာ နောက်ထပ်မဖြစ်စေရတော့ဘူးလို့ပဲ စိတ်ထဲမှာ ရည်ရွယ်ထားပါတယ်..)

16 comments:

ချစ်ကြည်အေး said...

ပြိုင်တိုင် ပြုံးပြီး ဖြစ်နေတယ်...နောက်ဆုံးပိုဒ်မှာ ပြင်လိုက်ပါ....
ပုံ/ပြုံးပြနိုင်သော်လည်း လုံးဝ စာလုံးပေါင်း မှန်စေချင်သူ

linn said...

အင်း ..ဟုတ်တယ် ...
နေရတဲ့ ဘ၀ ခဏလေးမှာ မတော်တဆပဲ တိုက်တိုက် ၊ အမှတ်တမဲ့ပဲ ၀င်တိုက်တိုက် တိုက်မိတဲ့ နှစ်ဦးသားက လူသားတွေ ဖြစ်နေခဲ့ရင် " SORRY ! " စကားတစ်ခွန်းလောက်နဲ့ ပြိုင်တူ အပြုံးတွေ ဝေမျှနိုင်ရင် အကောင်ဆုံးပါ ...

တစ်ဘက်က သက်မဲ့ (ခဲလုံး လိုမျိုး) ကို စိတ်ချဉ်ပေါက်ပေါက်နဲ့များ ၀င်တိုက်ခဲ့ရင်တော့ သူက " ဟမ်.. အသားလွတ်ကြီးပါလား " ဆိုပြီး ပြူးကြောင်ကြောင်လေး ကြည့်နေခဲ့ရင် ကိုယ်ကပဲ အော်ရယ်ပေးလိုက်ပါ ... :)

ခင်မင်စွာဖြင့်
လင်း

သက်ဝေ said...

လူတိုင်း လူတိုင်းမှာတော့ ဘဝမှာ မတော်တဆ ဝင်တိုက်မိခဲ့တဲ့သူတွေ အများကြီး ရှိကြမှာပါ။ အဲဒီလို တိုက်မိတာတွေရဲ့နောက်မှာ ကိုယ့်ကို တမင်များ ဝင်တိုက်သွားတာလား ဆိုတဲ့ သံသယအတွေးတွေ ပေါ်မလာအောင်ပဲ ကြိုးစားရမှာပေါ့...။

mirror said...

လှေကားခွင်လေးမှာ.. မုတ်ဆိတ်များနဲ့အကိုကြီးက ကောင်မလေးလှလှလေး တယောက်ကို ၀င်တိုက်မိ..။
ဖွား ခနဲ လက်ထဲက စာအုပ်တစ်ထပ်ကြီး လွင့်စင်ကျ..
ကျနော် ကောက်ပေးပါရစေ..။
နေပါစေ ရပါတယ်..။
အိုး နေ၀င်းမြင့်၊ခင်ခင်ထူးတွေပဲ..။ခင်ဗျား သူတို့စာတွေ ကြိုက်တာလား။ ဖတ်ဖြစ်တယ်ပေါ့။
ဟုတ်ကဲ့ ကျမ ဖေးဘရိတ်စာရေးသူတွေပါပဲ..။

သည်လိုနဲ့...
..
...
.....

ပုံပြင်လေးကတော့ ဒါပါပဲကွယ်.။

အဟီး.. နောက်ချင်နေတာက ခက်တယ်။ :D

chocothazin said...

ဟာ တိုက်မိဖူးတာပေါ့။ အဲ မတိုက်ဘဲ မိသွားတာလား။
အမှတ်မထင်ပဲလေး)

သူကအပြန် ကိုယ်ကအသွားလားမသိပါဘူး။
ပြုံးပြနှုတ်ဆက်ခဲ့တယ်လေ။

Ree Noe Mann said...

ခဏခဏ တိုက်မိတော့လည်း ခဏခဏ ပြုံးနေရတော့မှာပေါ့ဗျာ။
ရန်သွားတွေ့နေလို့လည်းဘာထူးမှာတုန်း။
အစွမ်းကုန် ပြန်ပြုံးပြ လိုက်ပါ။
အေးချမ်းပါတယ်လေ

လင်းဒီပ said...

အစုံပဲ တိုက်သလားမမေးနဲ့ ...။
ကောင်မလေးတွေနဲ့ကော အန်တီကြီးတွေနဲ့ကော
ကုလားကြီးတွေနဲ့ကော
ဂေးကြီးတွေနဲ့ကော

တိုက်မိတဲ့သူပေါ်မူတည်ပြီး တုံ့ပြန့်မှု အမျိုးမျိုးပဲ..။

Rita said...

ကိုယ့်အတွက်တော့ ဖတ်ရတာက ပိုလွယ်တယ်။ ဖတ်ပြီး ရွာသားပြောသလို လိုက်လုပ်ချင်စိတ် ပေါက်မသွားဘူး။ ဝင်တိုက်ပြီးတဲ့နောက်မှာ
ခွင့် လွှတ် ချင် မှ လွှတ် မယ်။

(တကယ်တော့ အများညီနေမယ့် ဒီလိုစာမျိုးကိုဖတ်ပြီးရင် အများသူငါတွေပြောသလို "ဟာ ဟုတ်တာပေါ့။ နှစ်ဦးနှစ်ဘက် ပြန်ပြုံးပြသင့်တာပေါ့... " ဘာ ညာ ဘာ ညာ ဖေါလျှောလုပ်သင့်တာ။ ဒါပေမဲ့ ရိုးးးးးးးးးးလို့)

နေ၀သန် said...

း)... အင်းလေ... မတော်လို့တိုက်မိတာ ခွင့်လွှတ်နိုင်ရမှာပေါ့......


ခင်မင်တဲ့
နေ၀သန်

jr.lwinoo said...

ကောင်းတယ် bro. အဲလိုလေး ပေါ့ပေါ့ပါးပါးနေဦးမှ။
သူတို့နဲ့ယောယောင်ပြီး ကိုယ်ပါ အကျင့်တွေပါနေတာ။
တခုခုဆို ပြန်စောင်လိုက်မယ်ပဲ။

အထပ်မှားတာတော့ ဟုတ်တယ်..ဟိုနေ့ကလဲ ရုံးနောက်ကျနေပါတယ်ဆိုမှ.. ကိုယ့်အထပ်မရောက်ခင် ဓါတ်လှေကားပွင့်သွားတော့ ပြေးထွက်ပြီး အမြန်မြန်သွားတာ။ ပြီးမှ .. မှားနေမှန်းသိတယ်။
ထူးပါဘူးလေ..
better late than never မလား။
:D

ဇွန်မိုးစက် said...

တို့က ခွင့်လွှတ်တတ်တာ ကြာခဲ့ပြီ။ မနက်တိုင်း ရထားကျပ်ကျပ်တိုးစီးရင်း မကြာခဏ တွန်းထိုး အတိုက်ခံရတာ။ မတော်တဆပဲဖြစ်ဖြစ် တမင်ပဲဖြစ်ဖြစ် အတိုက်ခံရသူတဲ့ စိတ်တစ်ခုကပဲ အရေးကြီးတာပါ။ နောက်ဆက်တွဲက သူ့စိတ်ကြောင့် ဖြစ်လာမှာလေ။

Anonymous said...

ကိုယ်လည်း တိုက်ဖူးပါတယ်၊
အခြေအနေအရ အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေအရ
သူသူ ကိုယ်ကိုယ် တခါတလေလည်း စိတ်ဆိုးမယ်၊ တခါတလေလည်း ခွင့်လွတ်မယ်၊
ရပါတယ်” စကားနဲ့ ပြီးမယ်၊ ပြုံးပြမယ်၊
အဲဒီလိုမှ မဟုတ်ပဲ သူအပြိုင် ကိုယ်အပြိုင် စိတ်ဆိုးမယ်ဆိုရင်တော့ စစ်ပွဲတွေ ဆုံးမှာ မဟုတ်ဘူးပေါ့၊
စိတ်ကြည်နေဖို့ စိတ်ကောင်းနေဖို့ လိုအပ်ကြပါတယ်။

khin oo may said...

ခံစားချက်ခြင်းမတူနိုင်ဘူးပေါ့။ ခဏတာ ဝင်တိုက်သွားတဲ့သူက မေ့နိုင်ပေမဲ့. မမေ့နိုင်တဲ့သူကလည်းရှိချင်ရှိနေမှာဘဲ။

Maung Myo said...

တိုက်ရုံတင်မကဘူး တက်နင်းသွားဖူးတဲ့ သူတွေကြုံဖူးသလို တက်နင်းဖူးတာတွေလည်းရှိပါ့ ။


တမင်ရည်ရွယ်ပြီး တိုက်တာမှမဟုတ်တာလေ ဖြစ်သွားတော့လည်း ဖြစ်သွားတယ်ပေါ့ ဘာမှမဟုတ်ပါဘူး ။ အစ်ကိုလည်း ကျနော့်ကို နေ့တိုင်းလာတိုက်ပါလား (ဘီယာ )း)

purplemay said...

ပြိုင်တူပြုံးပြီး သင်ပုန်းချေနိုင်ဖို့ ကြိုးစားပါဦးးမယ်....အစ်ကိုရေ...။

ပေတူး said...

သယ်ရင်းနှစ်ယောက်က ဒီပို့စ်ကို သွားဖတ်ကြည့်ပါ ဆိုလို့ လာဖတ်တယ်...