07 July 2010

ပုဂံနှင့် လူမှုပတ်ဝန်းကျင်

ဓါတ်ပုံရိုက်ဖြစ်ရင် ကျနော် အဓိက ရိုက်ဖြစ်တာ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေပါ။ လူပုံတွေ ရိုက်ဖြစ်ခဲပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဓါတ်ပုံအရိုက်ခံရတာ ဝါသနာမပါတာကြောင့်ဖြစ်မယ် ထင်ပါတယ်။ အသေချာဆုံးကတော့ ကင်မရာရှေ့ရောက်ရင် လူက အလိုလို ကြောက်မိတတ်တယ်။ ဒါကြောင့် တခြားလူကို ရိုက်တော့မယ်ဆိုရင် ကျနော် အားနာမိပါတယ်။ ရိုက်သင့်မရိုက်သင့် ချင့်ချိန်နေတုန်းမှာပဲ အဲ့ဒီရိုက်ကွက်ကို ကျနော်လွတ်ထွက်သွားတတ်ပြန်ရော။ အခုတခေါက် ပုဂံမှာ ကျနော် လူမှုပတ်ဝန်းကျင်လေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ကျနော် ရိုက်ဖြစ်ခဲ့တာ သာမာန်လက်လုပ်လက်စားလူတန်းစားတွေပါ။ နှိမ့်ချလိုတဲ့ စိတ်နဲ့ မဟုတ်ပဲ တကယ့်လူမှုပတ်ဝန်းကျင် သရုပ်အမှန်ကို ပြချင်လို့ဆိုတဲ့ စိတ်နဲ့ နားလည် ခွင့်လွှတ်ပေးပါလို့ တောင်းပန်လိုပါတယ်ခင်ဗျာ..

ကျနော်သွားခဲ့တဲ့ အချိန်က ဘုရားဖူးပါးတဲ့ ရာသီဖြစ်လို့ စျေးသည်တွေ တညည်းညည်းတညူညူနဲ့ပါ။ တိုးကားတစ်ကား ဆိုက်လာရင် အားလုံးက အမဲဖျက်သလို ဝိုင်းလို့။




ဘုရားတွေရဲ့ နံရံဆေးရေးတွေကို ကူးဆွဲထားတဲ့ ပန်းချီတွေ ရောင်းနေတာပါ။ နိုင်ငံခြားသားတွေက မလှုပ်တော့ သူတို့ကို ကျောင်းမတက်ဘူးလား၊ တနေ့ ဘယ်လောက်ကျန်သလဲ၊ အောက်က ရဲလာတော့ သူတို့တွေ ပုန်းနေတာကို တမေ့တမောငေးနေတဲ့ ကျနော့ကို အစ်ကိုပဲ ယူလိုက်ပါဗျာ။ အချင်းချင်းတွေ တစ်သောင်းပဲပေးလို့ မျက်နှာချိုသွေးကြလေရဲ့။


ကျနော်တို့တွေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းတက်ရတဲ့ မင်္ဂလာစေတီက လှေခါးထစ်တွေကို သူတို့များတော့ တထီးလွှားလွှား တက်လိုက်ဆင်းလိုက်နဲ့။ မြေပြန့်မှာပြေးလွှားနေသလို လျင်မြန်သွက်လက် လို့….


တန့်ကြည်တောင် စက်လှေဆိပ်က ခလေးနှစ်ယောက်။ သူတို့ကို ဓါတ်ပုံရိုက်တော့ ဟိုဖက်လှည့်သွားတယ်။ အကူအညီပေးလို့ မုန့်ဖိုးတောင်းနေတဲ့ ခလေးတွေပေါ့။


ငါးဖမ်းနေတဲ့ ဧရာဝတီမြစ်ထဲက ခလေးတွေ…


ဒီပုံကိုတော့ မောင်တထမ်း မယ်တရွက််လို့ နာမည်ပေးထာပါတယ်.


ဗူးဘုရား အတက်က ခလေးငယ်။ သူ့မျက်နှာ အနေအထားကို ကြည့်ပြီး ဓါတ်ပုံရိုက်ချင်လာလို့ပါ။ ခပ်တည်တည်ပဲ ရစရာရှိတဲ့အကြွေး ပြန်လာတောင်းတဲ့ ငွေရှင်လိုလို..


ထန်းလျက်ခဲ ဝယ်တော့ ဆိုင်ကို ဝိုင်းအုံလာကြတဲ့ အညာကျေးလက်ခလေးတွေပုံပါပဲ။ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲသေးဘူးလို့ သူတို့ကို ကြည့်ပြီး စိတ်ထဲတွေးမိတယ်။


သေသေချာချာ စကားပြောဖြစ်တာက ရွှေစည်းခုံနဲ့ ဓမ္မရံကြီးက ဂိုက်ကြီးတွေပါ။ ကျနော်သွားတဲ့အချိန် ရွှေစည်းခုံမှာ လူကြီးလာတယ်ဆိုလား (ကျနော်ပဲ ကလေးလိုလို)၊ သူတို့ကို ဘုရားပရဝုဏ်ထဲ မလာခိုင်းတာမို့ ခိုးကြောင်ခိုးဝှက်လေးတွေပါ။ ရှင်းကလည်းပြချင် (ပိုက်ဆံရမှာမို့ပါ) ကြောက်ကလည်းကြောက်နဲ့ သူတို့ကို ကြည့်ရင်းသနားတာနဲ့ ကျနော်အချဉ်ဖမ်းခံလိုက်ပါတယ် (ဆိုလိုတာက သူတို့ရှင်းပြတာကို နားထောင်ဖို့ မသိမသာ သဘောတူလိုက်တာပါ)။ သူတို့ရှင်းပြီး ကျနော့ထုံးစံအတိုင်း တောင်မေးမြောက်မေးမှာ သူတို့လေးတွေ ခေါင်းတွေကိုယ်စီကုတ်လို့။ နောက်တော့ ဖမ်းတဲ့သူလာတာနဲ့ ပြေးပါလေရော။ ပိုက်ဆံမပေးရသေးတာမို့ နောက်ကနေလိုက်သွားတော့ တအုပ်တမကြီး မန်ကျည်းပင်အောက်မှာ။ ဓါတ်ပုံရိုက်ခွင့်ပြုပါဆိုတော့ အားလုံးက ငြင်းကြတယ်။ ဒါနဲ့ သူတို့ပုံတော့ ပါမလာဘူးဗျာ။

ဓမ္မရံကြီးက ဂိုက်ကတော့ ဘာသာနှစ်မျိုးရတယ်ဆိုတယ်။ မြန်မာလို အရင် ရှင်းပါဆိုတော့ ထုံးစံအတိုင်း ကျက်ထားတဲ့ စာတွေ ရွတ်လေရော။ နောက်တော့ ပြီးပြီတဲ့။ ဒါနဲ့ အင်္ဂလိပ်လိုရှင်းပါဦးဆိုတော့ လည်း…….သူတို့ကိုကြည့်ရင်း တဂ်ဂျမဟာထဲက ဂျမားကို မြင်ယောင်မိတယ်။ တို့တွေ သိပ်မကွာခြားပါပဲလားလို့လေ။

ဆုံခဲ့တဲ့ ခလေးတွေ စကားပြောဖြစ်ခဲ့တဲ့ ခလေးတွေ အကုန်လုံး ကျောင်းမနေကြပါဘူးတဲ့။ နှစ်ပေါက်အောင် ဒီအလုပ်ပဲ လုပ်နေကြတာ။ ဒီအလုပ်က ထမင်းကျွေးတယ်တဲ့လေ။ ကျောင်းနေပျော်၍ စာတော်ရမည်၊ မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း၊ ကျောင်းမှန်မှန်တက် စာမခက်၊ ပြည်လုံးကျွတ်စာတတ်မြောက်ရေးဆိုတဲ့ ဆိုင်းဘုတ်တွေနောက်ကို ကျနော် ရောက်သွားမိတယ်။

၀မ်းစာရေးအတွက်ဆိုတဲ့နောက်ကို အခုလို လိုက်ပြီး ပညာသင်ဖို့ ပျက်ကွက်နေတဲ့ ခလေးငယ် ဘယ်နှစ်ယောက်လောက်ရှိနေပြီလဲ။မိဘတွေအတွက် တဖက်တလမ်းက ငွေရှာရင်း အိမ်ထောင့်တာဝန်ကို အသက်မပြည့်ခင်က ထမ်းပိုးနေရတဲ့ အခုလို ခလေးငယ်တွေ ရှိနေသေးတယ်ဆိုတာကို ဒီလူမှုပတ်ဝန်းကျင်တခုနဲ့တင်…………………

16 comments:

Ree Noe Mann said...

ဒါလည်း မှတ်သားစရာ တစ်ခုပါပဲလေ

မင်းပျို said...

ကျေးဇူးပဲကိုရွာသားလေးရေ..ကျနော်လည်းပုဂံသွားမလို.စဉ်းစားနေတုန်းအခုလိုပုဂံအကြောင်းဖတ်လိုက်ရတာ..ခုမိုးရာသီဆိုတော့ သွားလို.ကောင်းပါ့မလားလို.သိချင်ပါသေးတယ်...

khin oo may said...

အချဉ်ဖမ်းရင်ရတယ်ပေါ့။

မြူးမြူး said...

ဟင်းးးး (သက်ပျင်းချသွားသည်..)

MieMie said...

မျက်နှာပေါ်မှာ သနပ်ခါး အပြည့် နဲ့ ခလေးဓါတ်ပုံလေးကြည့်ပြီး ပြုံးမိတယ် ... လှလိုက်တာဗျာ..လူးထားတာလေး..ဓါတ်ပုံဆရာ မရိုက်ခံနိုင်ယိုးလား... ဒါပေမယ့် အောက်နား က ပုံတွေနဲ့ စာဖတ်ပြီး သက်ပြင်းချသွားပါကြောင်း...


mie nge

MieMie said...

မျက်နှာပေါ်မှာ သနပ်ခါး အပြည့် နဲ့ ခလေးဓါတ်ပုံလေးကြည့်ပြီး ပြုံးမိတယ် ... လှလိုက်တာဗျာ..လူးထားတာလေး..ဓါတ်ပုံဆရာ မရိုက်ခံနိုင်ယိုးလား... ဒါပေမယ့် အောက်နား က ပုံတွေနဲ့ စာဖတ်ပြီး သက်ပြင်းချသွားပါကြောင်း...


mie nge

Moe Cho Thinn said...

ရင်မောရပါလား ရွာသားရယ်..
သနပ်ခါးနဲ့ ကလေးက ကြွေးရှင်ပုံစံ ပေါက်နေတယ် ဆိုလို့ တကယ် ဖြစ်ပါစေ ဆုတောင်းမိပါတယ်။ သူများကို ကြွေးပေးနိုင်အောင် ချမ်းသာ ကြွယ်ဝ ကြပါစေ ကလေးတို့ရေ..

linn said...

ဟဟ ... သူ့ အကြွေးလိုက်တောင်းနေတဲ့ ကလေးရဲ့ ပုံ အရမ်းမိုက်တယ် ... သူလိမ်းထားတဲ့ စတိုင်က မိုက်နေတာ ...

ဘယ်နေရာတွေပဲ သွားလည်လည် ဒီလို လူတန်းစား ကွာခြားချက်တွေက တွေ့နေရတာပါပဲ ...

ဒါပေမဲ့လဲ တွေ့တာတွေကို ကြည့်ပြီး ပြန်လာရုံသက်သက်မျှသာပဲ တတ်နိုင်တာဆိုတော့ .... :(

linn said...

မောင်တစ်ထမ်း ၊ မယ်တစ်ရွက် အားကျလာခဲ့တယ် ဆိုပါတော့ ... :)
စတာ ... :)
ခင်မင်စွာဖြင့်
လင်း

T T Sweet said...

ပါးကွက်နဲ့ခလေးလေးကို ချစ်လိုက်တာ ... သူ့အပေါ်က မြစ်ကမ်းဘေးက ပုံတွေ အစ်မမှာရှိတယ်။ နောက်မှ တင်ဦးမယ်။

:P said...

မျက်ခုံးမွေးပါဆွဲထားသကိုး...ငွေရှင်ကြီးက...
.
ရွာသားလေး အေးအေးဆေးဆေးသွားနိုင်တာ အားကျတယ်။
စိတ်မကောင်းဖြစ်ဖို့ ရေးထားတာ မဟုတ်သော်လည်း စိတ်မကောင်းဖြစ်မိတယ်။
အောက်ဆုံးပုံမှာ အဖြူအစိမ်းဝတ်ထားတဲ့ ကလေးကို သတိထားမိတယ်။ကျောင်းနေတုံးက ဝတ်စုံကိုပဲ ဝတ်ထားတာနေမှာ။ အကျီအဖြူက ကြေး(ဂျီး) တွေနဲ့ ဂျွတ်တက်နေပြီ၊ ကြယ်သီးပြုတ်တဲ့နေရာမှာတွယ်ချိတ်လေးထိုးထားတာပါတွေ့တယ်။

အိမ်နောက်လမ်းလေးထဲက ကလေးတွေကို သတိရမိတယ်။ သူတို့လိုလေးတွေပဲ၊ ကျောင်းလည်း သိပ်မနေကြတာများတယ်။ ကိုယ့်အနီးအနားမှာ ရှိနေတာပါပဲ။ ကိုယ်ကလည်း ဘာမှ မတတ်နိုင်ပါဘူး၊ ဒီလိုပါပဲ ...။

ကြည်ဖြူပိုင် said...

ရင်မောသွားတယ်

ဇွန်မိုးစက် said...

သနပ်ခါးနဲ့ ကလေးလေးက တကယ့်ကို ချစ်စရာလေး။

ဟင်း.... သက်ပြင်းအရှည်ကြီး ချသွားသည်။း(

Mirror said...

ဒါမျိုးလေးတွေ ချပါဗျ..။ ဓာတ်ပုံလဲ ခံစားရင်း ဓာတ်ပုံဆရာရဲ့ ခံစားမှုထဲ ကိုယ်ပါ ခိုစီးလို့ ရတာပေါ့..။

မိုးခါး said...

မပြောင်းလဲသေးဘူးနော် ...
စားဝတ်နေရေးတွေ ပိုများဆိုးလာမလား
အဲဒီကလေးတွေ မြင်ရတာ တခါတခါလည်း စိတ်ဆိုးဖို့ကောင်း တခါတခါလည်း သနားမိပြန်ရော ... ဟူးးးးးးးးးးးးးး

ရွှေပြည်သူ (ShwePyiThu) said...

ဗူးဘုရားအတက်က ကလေးကို ချစ်လိုက်တာ...း))