16 February 2010

ခ်ည္မွ်င္တစ္စ…….ဘ၀


ဗြုန်းခနဲတွေ့လိုက်ရတော့ လန့်ခနဲတောင်ဖြစ်သွားမိတယ်။ မမြင်ရတာကြာပြီဖြစ်တဲ့ ဒီချည်မျှင်တွေကိုပေါ့။ သာမန်လူတွေ အတွက်တော့ ပုံမှန်ပါပဲ။ ထူးမခြားနား ချည်မျှင်တွေလေ။ ကိုယ့်အတွက်တော့………….

ဖေကဝန်ထမ်း ပြီးတော့နယ်မှာဆိုတော့ အိမ်ရဲ့ စားဝတ်နေရေးက ခြိုးခြံချွေတာတောင်မှ လောက်ငတယ်မရှိလေ။ ဒါ့အပြင် မေသောက်ရတဲ့ ဆေးဝါးစရိတ်တွေက လခ ထက်ဝက်စာမက။ မေအလုပ်က ထွက်လာပြီးတဲ့နောက် ဘာအလုပ်မှ လုပ်ခွင့်မရှိစေရလို့ ဖေက ပိတ်ပင်ခဲ့တယ်။ ပညာရေးမှူးသူငယ်ချင်းက သူ့ကျောင်းအတွက် လုပ်ပေးဖို့လာခေါ်တာတောင် ဖေက ခွင့်မပြုခဲ့ဘူး။ အိမ်ရဲ့အသုံးစရိတ်တွေ ကျနော့ကျောင်းစရိတ်တွေကို ကျားကန်ဖို့…..ဘယ်လိုလုပ်မလဲ။ ဒီချည်မျှင်တွေကနေ ကျနော့ငယ်ဘဝကို အစပြုခဲ့တာပါပဲ။

မေက ဇာထိုးပန်းထိုးဆိုတဲ့ ပညာတွေကို တတ်မြောက်ခဲ့တယ်။ ပြီးတော့ သူက မြင်ရုံနဲ့ တတ်မြောက်တဲ့ ပါရမီပါလာခဲ့တာ။ ဒါကြောင့် အိမ်မှာနေရင်း ဒီချည်ထိုးတဲ့အလုပ်ကို ပဲ သူရွေးချယ်ခဲ့တယ်။ တစ်ချောင်းထိုး နှစ်ချောင်းထိုး ကနေ အိမ်ရဲ့အသုံးစရိတ်တွေကို ဖြည့်စွက်စေခဲ့တယ်။ သိုးမွှေးဦးထုပ်တစ်လုံးဆို တစ်နေ့တစ်လုံးပြီးလွယ်တယ်။ ဦးထုပ်မှာတပ်တဲ့ ပန်းပွားလုံးလေးတွေကိုတော့ ကျနော်ကျောင်းအားတဲ့ အချိန်မှာ ညှပ်ထားတဲ့ စက္ကူနှစ်ချပ်မှာ လုံးကူရင်းပေါ့။

နှစ်ချောင်းထိုး နဲ့ စွယ်တာ လက်ထိုးတစ်ထည်ဆိုရင်တော့ တစ်လ ကိုးသီတင်းကြာတတ်တယ်။ အဲ့ဒီအချိန်ကာလကမေ့ရဲ့ ကျန်းမာရေးပေါ်မှာလည်း မူတည်ပါတယ်။ ကျနော်တို့အတွက် အနွေးထည်တွေလည်း ကိုယ်စီကိုယ်ငှ ထိုးပေးထားခဲ့တယ်။

ပြီးတော့ ခေတ်ပေါ်အဆင်ဒီဇိုင်းတွေ (ဇဇုသီးတို့၊ မေတ္တာရေလှိုင်းတို့၊ ကျွဲချိုတို့) သာမကပဲ ဂျပန်ကတိုက်ရိုက်လာတဲ့ စာအုပ်ထဲက ဒီဇိုင်းတွေကိုလည်း မေကတီထွင်ထိုးတတ်ခဲ့ပြန်တယ်။ သူမို့ ခပ်ရှုပ်ရှုပ်ဒီဇိုင်းတွေထိုးရင် အလုပ်အရှုပ်ဆုံးက ကျနော်ပါပဲ။ သိုးမွှေးချည်ခင်တွေကို အလုံးငယ်လေးတွေ အရွယ်တော်လုံး ပြီးတော့ အိတ်ငယ်လေးတွေနဲ့ ထုတ်။ မေစထိုးပြီဆိုရင်တော့ ချည်မျှင်တွေမရှုပ်ရအောင် အောက်ကနေ ချည်လုံးလေးတွေကို လိုက်ရွှေ့ပေးရစမြဲလေ။ ဒါမှ သူစိတ်မရှုပ်ရမှာလေ။ ပြီးတော့ အပ်ထည်တွေကလည်း နောက်မှာတန်းစီနေတာ။ တစ်ထည်ပြီးလို့ တစ်ထောင်ရတယ်ဆိုလည်း တစ်ထောင်ပေါ့။ အထည်များများပြီးလေ ဝင်ငွေများလေဆိုတော့….

ကျောင်းစရိတ်တော်တော်များများကို ဒီချည်ထိုးတဲ့အလုပ်ကပဲ ထောက်ပံ့ပေးခဲ့တာပါ။ ဒီချည်ထိုးတဲ့အလုပ်မရှိရင် ကျနော်တို့ အတွက် တော်တော်ကို ခက်ခဲခဲ့မှာပါပဲ။

တက်တင်းကိုလည်း ဇာထိုးတာထက် ငွေပိုရတာမို့ သူထိုးခဲ့သေးတယ်။ တက်တင်းက အာရုံစိုက်ရတာ ပိုများတာမို့ နောက်ဆုံးတော့ သူလက်လျှော့ခဲ့ရပါရော။

စက်ချုပ်တဲ့သူတွေ ဇာထိုးတဲ့သူတွေအတွက် အထိခိုက်ဆုံးက မျက်လုံး ပြီးတော့ ဝမ်းချုပ်ခြင်းပါ။ မေလည်း ဒီရောဂါတွေကို တဖြည်းဖြည်းနဲ့ခံစားလာခဲ့ရတယ်။ ဇက်ကြောတွေ တအားတက်တယ်။ ပြီးတော့ ခေါင်းမူးတယ်။ လေအန်တယ်။ အခုအချိန်အထိ ခဏခဏဖြစ်နေဆဲ။ မျက်လုံးကတော့ အဝေးမမြင်ရသလို အနီးလည်းမှုန်ခဲ့ပြန်တယ်။

ကျနော်မှတ်မိသလောက် ကျနော်ရှစ်တန်းအထိ ဒီဇာထိုးတဲ့အလုပ်ကို မေလုပ်ခဲ့တယ်။ သူနောက်ဆုံးထိုးခဲ့တာ ကျနော့အတွက် သိပ်လှတဲ့စွယ်တာတစ်ထည်ပါ။ အရှေ့က အနီနဲ့ အနက်ကြားပြီး အနောက်က အနက်နဲ့အဝါကြား။ ကိုယ်တိုင်ထိုးတာမို့ ကျနော်တို့ အရပ်ဒေသက ဆောင်းတွင်းအေးကို ကောင်းကောင်းအံတုနိုင်တယ်။ ဒီကရာသီဥတုနဲ့ ဘယ်လိုမှ မအပ်စပ်လို့ ကျနော်ယူမလာဖြစ်ခဲ့ဘူး။ ယူလာဖြစ်တာက ဂျိုင်းပြတ် ဗွီပုံစွယ်တာလေး တစ်ထည်တည်းပါ။ နောက်တော့ ကျန်းမာရေးအရ ဘယ်လိုမှ မဖြစ်တော့တာမို့ ဇာထိုးခြင်းအလုပ်ကို သူစွန့်လွှတ်လိုက်ရပါတော့တယ်။

ဆယ်တန်းဖြေပြီးတဲ့နောက်ပိုင်း မေဇာထိုးတာ မတွေ့ရတော့ဘူး။ ကျနော်လည်း ဒီချည်မျှင်စတွေနဲ့ ဝေးသထက် ဝေးကွာလာခဲ့တယ်။ ဘယ်တော့မှ ပြန်မတွေ့တော့သလောက်ပဲ။ တစ်လောက အိမ်ပြန်တော့ သိုးမွှေးရှည်တွေနဲ့ သုံးထောင့်ချွန်ခြုံတဘက်နဲ့ ဦးထုပ်လှလှလေး ထိုးဖို့ပြင်နေတာတွေ့လိုက်မိသေးတယ်။ အဒေါ်တွေက သူတို့ထိုးတာလေးတွေ ကိုယ်စီခြံုနေကြတာဆိုတော့ သူလည်း ပြန်ထိုးချင်ရှာမပေါ့။

ဒီပုံကိုမြင်ရင် မြင်တဲ့သူတိုင်းက ဇာထိုးတာလို့ပဲ မှတ်ယူကြမှာပါ။ ကျနော့အတွက်တော့ ဒီချည်မျှင်တစ်စဟာ ကျနော့ဘဝပါ။ ချည်မျှင်တွေကြားမှာ ကျနော့ဘဝ စခဲ့တာပါ။ ဒီချည်မျှင်တွေနဲ့ ကျနော် ဝေးကွာခဲ့တာမို့ အခု ပုံက ကျနော့ရဲ့ ချည်မျှင်တစ်စ ငယ်ဘဝ ကိုအမှတ်တရ ရှိစေခဲ့တာပါ………..

21 comments:

ကြည်ဖြူပိုင် said...

အမေကိုအဲလိုကူလုပ်ပေးတယ်ဆိုတော့
သိပ်လိမ္မာတာပဲ
ကိုရွာသားအမေကလဲတော်လိုက်တာ
တက်တင်းလဲတတ်တယ်
တကယ်တမ်းကျ တက်တင်းကလက်ဝင်သလိုပဲ။
နှစ်ချောင်းထိုးကမှလွယ်သယောင်

တော်တဲ့အန်တီကိုလေးစားပါရဲ့။
ချည်မျှင်တစ်စ...ဘ၀ဆိုတဲ့ခေါင်းစဉ်လေးကိုကြိုက်တယ်။
တကယ်တမ်းကျတော့ လူတိုင်းရဲ့ဘ၀ဟာချည်မျှင်တစ်စပါပဲ။

စံလင်းထွန်း said...

ချည်မျှင်တစ်စဘဝ စိတ်ဝင်စားလို့ ဖတ်သွားတယ်။

ကျန်တာတွေဖတ်ဖို့ ကော်ပီဒေါင်းသွားပါတယ်ဗျာ။

khin oo may said...

မိဘတွေကိုသတိရစရာဖြစ်သွားတယ်။

khin oo may said...

တို့သူငယ်ချင်းကတော့သူသင်တဲ့တပည့်ထဲမှာ တို့တစ်ယောက်ကိုဘဲသင်လို့မရတာတွေ့ဘူးတယ်တဲ့။

ကိုလူထွေး said...

ခြည်မျှင်တွေကြားက ဘဝများကို ထပ်တူထပ်မျှ ခံစားမိပါတယ်...

အရေးကောင်းလို့လည်း ပါမယ်ထင်ပါရဲ့ဗျာ...

းဝ)

T T Sweet said...

ရွာသားလေးရဲ့ စာလေးတွ သိပ်နူးညံ့တယ် ... ဖတ်ကောင်းပါတယ်။ အစ်မလဲငယ်ငယ်က တစ်ျေောင်းထိုး ဇာတွေထိုးဖူးတယ်။ ပင်ပန်းပါတယ်။ အမေ့ကျေးဇူးဆပ်နိုင်တဲ့ သားလေးဖြစ်ပါစေ။

okn said...

လူတိုင်းမှာ မိဘတွေကို သတိရစရာ အမှတ်ရစရာ မှတ်မှတ်ရရ တခုခု ရှိတတ်ပါတယ်။

Nge Naing said...

ဆောရီး ခုနက okn နဲ့ ပေးထားတဲ့ မှတ်ချက်က ကျော်း G-mail လိပ်စာနဲ့ ၀င်သွားတာ ဖြစ်ပြီး မှတ်ချက်က အစ်မမှတ်ချက်ပါ။

မေလေး said...

ကိုရွာသားအမေကတော်လိုက်တာ
တက်တင်းကထိုးရတာ စိတ်ရှည်မှ
လက်ဝင်တယ်လေ
အမေကိုကူညီတတ်တဲ့သားလိမ္မာကိုရွာသားလေးပေါ့။
မိဘကျေးဇူးသိတတ်တဲ့ သားသမီးဘယ်တော့မှဒုက္ခမရောက်ဘူး။
အခက်အခဲတွေ့လဲခဏဘဲ။
ပျော်ရွှင်ပါစေ။

Anonymous said...

ဒီစာကို ဖတ်ရတော့ ငယ်ငယ်က အကြောင်းတွေ သတိယသွားတယ်၊
ချည်မျှင်တွေက ကိုယ့်ရဲ့ ဘ၀ တစိပ်တပိုင်းထဲ ပါခဲ့တာကိုပေါ့၊

(စာတွေ ကျဲလှချည်လား)

sait phay yar said...

မေ့သားလေးက သိပ်လိမ်မာတာဘဲ
ကြီးပွါားဦးမှာ..

jr.lwinoo said...

ိကိုရွာသား .. ချည်မျှင်တွေကို ဖြည်ချပြသွားတာ လွမ်းမောဖွယ် ..

ရွှေရတုမှတ်တမ်း said...

ဪ...လွမ်းစရာလေးတွေနော်...

Vista said...

ဒီလို အမေကိုကောင်းကောင်းကျေးဇူးဆပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အန်တီကျန်းမာပါစေ။

ကြည်ဖြူပိုင် said...

ပြန်အောင်ဒင်ဗိုလ်လာပြီကွ
ဘယ်ပြေးမလဲ မိချိုသဲ
ငှဲငှဲငှဲ......:P

Ree Noe Mann said...

ကျနော်လည်း တစ်ချောင်းထိုးနှစ်ချောင်းထိုးဖူးတယ်။

တက်တင်းလည်း သင်ဖူးတယ်။ ပါရမီမပါလို့ထင်ပ့
ဘယ်လိုသင်သင် မတက်ဘူး။

တစ်ချောင်းထိုးတော့ ကောင်းကောင်းတက်တယ်။
အမေရဲ့ ခေါင်းစည်းကြိုးတို့၊ လက်ကိုင်ပုဝါ အနာလှလှ
လုပ်တာတို့ပေါ့။ ကြီးကြီးမာမာတော့ မတက်ဘူး။
နှစ်ချောင်းထိုးတော့ ရိုးရိုးဆိုရတယ်။ ဆန်းဆန်းဆိုရတော့ဘူး။
ခုတော့ မေ့သွားပြီလို့ ထင်တာပဲဗျ။

ကျနော်ကတော့ အမေ့အတွက် ဒီဖိုင်းနာပေါ့။

တန်ခူး said...

ကျောင်းတွေ ပိတ်တုန်းက အမလဲ သိုးမွှေးထိုးတဲ့ အလုပ်လုပ်ခဲ့ဖူးတယ်… နောက်ပိုင်း အိမ်မှာပါ သင်တန်းပြန်ပေးဖြစ်တယ်… အမကတော့ တချောင်းထိုးပိုကျွမ်းပြီး နှစ်ချောင်းထိုးသိပ်မရဘူး… ရွာသားလေးမေမေ့ဆီတောင် သွားသင်ချင်မိတယ်… ဟုတ်တယ်… အပ်ထည်လက်ခံရတာ အတော်ပင်ပန်းတယ်… နောက်ပိုင်းအမအဖေက မျက်လုံးထိမယ်ဆိုလို့  မလုပ်ဖြစ်တော့တာ… ၀ါသနာကတော့ ကျန်သေးတယ်… ရွာသားမေမေလဲ အပျင်းပြေတော့ ထိုးချင်ရှာမပေါ့… ချည်မျှင်လေးတွေကတဆင့် မေမေ့ကျေးဇူးကို သတိရတတ်တဲ့ သားလေး အစစအောင်မြင်မှာပါ…
စကားမစပ်… ရွာသားဘလော့ကို ခုအကုန်မြင်ရပြီသိလား… အရင်ကလို COPY AND PASTE လုပ်ပြီး ဖတ်စရာမလိုတော့ဘူး… ပျော်လိုက်တာ…

သက်ဝေ said...

ဒီပိုစ့်ကို အကြိမ်ရေ တော်တော်များများ ပြန်ဖတ်ဖြစ်တယ်... ပြီးတော့ ဘာပြောရမှန်းကို မသိလို့ ဒီတိုင်း ပြန် ပြန်သွားရတယ်...

တကယ့်ကို အမှတ်တရ ဖြစ်စရာကောင်းတဲ့ အကြောင်းအရာလေးပါ...

Unknown said...

ရေးထားတာကောင်းလိုက်တာဗျာ။ မေမေချစ်တဲ့သားပေါ့။ နွေးထွေးသွားတာပဲ။ ကိုယ့်မေမေကိုလည်း သတိရသွားတယ်။

ချစ်ကြည်အေး said...

တချောင်းထိုး စထိုးတတ်တော့ အဖွားအတွက် ယောဂီတဘက် အညိုလေး အပွင့်ချင်းဆက်ပြီးထိုးရတဲ့ ခြုံထည်လေး ထိုးပေးဖြစ်ခဲ့တာ သတိရမိတယ်....:)

ဇွန်မိုးစက် said...

မေကတော်သလို သားကလည်း လိမ္မာလိုက်တာ။
တို့တော့ အချုပ်အလုပ်မှာ ပါရမီမပါဘူး။ ၅တန်းလောက်က ဖွတ်မြီးထိုးတဲ့အဆင့်ပဲ ကျွမ်းကျင်လိုက်တယ်။ အချက်အပြုတ်ကို ပိုစိတ်ဝင်စားတယ်။ :D
ချည်ထည်တစ်စကို ဆွဲထုတ်ပြီး ဘဝတစ်ပိုင်းကို ဖြေချပြသွားတာ သိပ်ကောင်းတာပဲ။