01 February 2010

အရူးအမူး လေဒီယို

ခင်ဗျား တို့ လေဒီယိုနားထောင်ဖူးသလား…..


ကျုပ်ကတော့ အဲ့ဒီလေဒီယိုဆိုလား ဘာဆိုလား ကျုပ်ဆီရောက်လာကတည်းက စွဲလမ်းသွားခဲ့တာ အရူးအမူးဆိုပါတော့ဗျာ……..


အဲ့ဒီလေဒီယိုလေးက ချန်နယ်ဆိုသဟာလေး ရွှေ့လိုက်ရင် အသံတွေလည်း လိုက်ပြောင်းသဗျ။ ကျုပ်နားထောင်နေကြ ချန်နယ်တွေ ကျုပ်ကမှတ်ထားတာပေါ့။ တောသားဆိုပြီး ဘယ်လိုမှတ်သလဲ အထင်မသေးလိုက်ပါနဲ့။ ကျုပ်မှတ်ထားတာ ဟောဟို အစနားက မနက်ခင်း ဖွင့်ဖို့။ ဟောနားနည်းနည်းရွှေ့ရင် နေ့လည်ခင်း။ တောင်နားကနေ မြောက်နားဆို ညနေခင်း အစီအစဉ်။


လေဒီယိုလေးရှိတာ အပျင်းတော့အပြေသား။ ကျုပ်တော့ သူနဲ့တင် တစ်နေကုန်သာပါပဲ။


မနက်ခင်းဆိုလည်း မနက်ခင်းရယ်မို့ ၁ ၂ ၃ ၄ တစ်မျိုးပြောင်းဆိုလည်း ပြောင်းလိုက်တာ။ နံနက်ချိန်ခါတေးသံသာများကို ထုတ်လွှင့်ပါတော့မယ်ဆိုလည်း အပြေးအလွှား။ ဖေဖေလည်းချမ်းမြေ့ပါစေ မေမေလည်းချမ်းမြေ့ပါစေဆိုတော့ ကျုပ်မလည်း ချမ်းမြေ့တာပေါ့ဗျာ။ ဒီမနက် မနက် ပီယ၀ါစာ အသံလေးမှ မကြားလိုက်ရရင် တနေကုန် နေလို့ထိုင်လို့ရယ် မကောင်းတော့ဘူး။ မနက်စာမစား ရသလို ကတုန်ကယင်ကြီးကို ဖြစ်လို့။

နေ့လည်ခင်းကျတော့လည်း နေ့လည်ခင်းအလျောက်ပါပဲ။တစ်ယောက်တည်း သောင်သောင်သာသာရှိအောင် ရသေ့စိတ်ဖြေနေရတာပေါ့။ အလွမ်းဇာတ်တွေခင်းတဲ့အခါများဆို ကျုပ်မှာ မျက်ရည်တွေကျလို့ပေါ့။ မင်းသားမင်းသမီးများ ပေါင်းကြလေသတည်းဆို လက်ခမောင်းခတ်အောင် ပျော်မိပြန်ရော။ ထိုးပဟ ကြိတ်ပဟဆိုတော့လည်း ဘေပုံထိပုံဒီ ပါးစပ်ဆိုင်းလေးပါ ကျုပ်ကထည့်တီးလိုက်သေးတာ။ စုံထောက်ဇာတ်များဆိုပြန်တော့ ဟိုလူက တရားခံလိုလို ဒီလူက တရားခံလိုလို ကိုယ်ကတောင် ၀င်ထောက်လှမ်းနေမိသေး။ အသံနဲ့တင်ကြောက်ဖို့ကောင်းတဲ့ သရဲတစေဇာတ်ဆိုပြန်တော့ ကြောက်ကြောက် ကြောက်ကြောက်နဲ့ ခုံအောက်ကပဲ လက်ဝင်လာမလား ညအိပ်နေတုန်း ခြေထောက်ပဲလာဆွဲလေမလား တကယ့်အသည်းတယားယား။ ပြောလို့ပြောတာ မဟုတ်ဘူး ဒီလေဒီယိုလေးရှိနေလို့သာပါ။ မဟုတ်လို့ကတော့ ကျုပ်ဘ၀က နွေရာသီမှာ မြင်ရတဲ့ တောင်ကတုံးသာသာရယ်ပါ။


ညနေခင်းဆိုပြန်တော့ ဘယ်သူမှ ဘယ်သူသို့ တေးသ၀ဏ်လွှာတွေ။ ဘယ်တော့ ကျုပ်အတွက် ပါမလဲ စောင့်နားထောင်မိသေးတာ။ လားလား တောင်ရွာက မိအေးက မြောက်ရွာက သာဂိကို စာဥသီချင်းတောင်းထားပါလားပေါ့။ သူငယ်ချင်းတွေက ကျုပ်ကို စကြသေးတယ် မင်းအတွက်သီချင်းက မနက်ဖြန်သို့မဟုတ် ဘယ်သောအခါ ငါတို့တောင်းပေးမယ်တဲ့လေ။


ဒါတင်ပဲလားဆိုတော့ ဘယ်ကမလဲ သတင်းစုံလင် အချိန် တုံ တုံ တုံ တုံ တုံတတုံ တုံ တုံ့ တုံ တုံဆိုတော့လည်း တိုင်းရေး ပြည်ရေး ကျုပ်က ဝင်ဆွေးနွေးရသေးတယ်။ သတင်းထူးပါတယ်ဆိုရင် ကျုပ်က အစ တစ်ရွာလုံး အဆုံးပေါ့။ ဘကြီးမောင် ကွမ်း အစ်နားကပ်ပြီး ဘကြီးမောင်ရေ စီးပွားရေးက ဘယ်သို့ ဒီနှစ် စပါးတွေလှောင် နှမ်းတွေလှောင်နဲ့ ယောင်တောင်ပေါင်တောင် လုပ်တတ်သေးတာကိုး။ ပြောပြောဝါးဝါး ကွမ်းငါးယာလောက် အာစောင်ထဲထည့် တဗြောင်းဗြောင်းမြည်အောင် ၀ါးတာ အရီးမြတို့က ဆန်ကြိတ်ရင်ငှားချင်သာ ဒီပါးစပ်လို့ ပြောမှ ရပ်တော့တာသာ ကြည့်တော့။


ညဖက်ဆိုတော့ ညချမ်းတေးနုယဉ်လေးနဲ့ပေါ့။ ကျုပ်အကြားချင်ဆုံး သီချင်းတွေ ကျုပ်လေ နေ့တိုင်းကို ကြားချင်မိသာ။ ဒီသီချင်းလေးမှ မကြားရရင် ဘ၀င်မကျသလို အိပ်လို့လည်း တယ်မပျော်ဘူး။


အခုတော့ ကျုပ် စားမ၀င် အိပ်မပျော်တာ တစ်လလောက်ကြာခဲ့ပြီ။ ကျုပ်လေဒီယိုလေး ပျက်သွားလို့ ဘက်ထီဆိုလား လောင်တယ်တဲ့လေ။ တစ်လကိုးသီတင်း ဖွင့်ချင်တိုင်းဖွင့်တဲ့နောက် သူကလည်း ချူချာလာမှာပေါ့။ မြို့က ဆိုင်မှာ မထားချင်ထားချင်နဲ့ အပ်ထားခဲ့ရတာ။ ပြန်သာပြန်ခဲ့ရတယ် ကျုပ်စိတ်က အဲ့ဒီနားမှာ အခုချိန်ထိ မပြန်သေးဘူး။


မြို့သွားတဲ့လူကြုံတိုင်း ကျုပ်လေဒီယိုလေး ပြင်ပြီးပလား တခုတ်တရမှာရတာအမော။ ခလောက်သံကြားတိုင်း သူတို့တော့ ယူလာပဟဲ့လို့ အပြေးအလွှားကြိုမိလို့ အမေကတောင် မျက်စိနောက်တယ်။ မနက်ဆွမ်းခံကြွတဲ့ ဆရာတော်တွေ နေပူမစိုးလို့ ဆွမ်းလောင်းကူပါဟဲ့ဆိုရင်တောင် အဲ့လောက်မမြန်ဘူး။ တကတည်းတော် လို့အော်တတ်တယ်။


ကျုပ်ကလည်း ကျုပ်ပါပဲ။ ဘုရားရှိခိုးပြီးလို့ အမျှဝေဆုတောင်းရင်တောင် လေဒီယိုလေး မြန်မြန်နေကောင်းပါစေလို့ ထည့်တောင်းနေကျ။ ဒါမှ ကျုပ်ဆီ လေဒီယိုလေး မြန်မြန်ပြန်လာနိုင်မှာလေ။


တနေ့က ရွာဦးကျောင်းက ဆရာတော် ခေါ်ဆူပါသေးတယ်။ ပစ်စည်းသင်ခါရ လူသင်ခါရတဲ့ (ကျုပ်မှတ်ထားတဲ့ စာအုပ်ထဲကစာအတိုင်းရေးလိုက်တာပါ)။ ဒကာ ပိန်သထက်ပိန်လာပြီ စိတ်ကိုလျှော့လေတဲ့။ တင်ပါ့ဘုရားလို့ ပါးစပ်က ခပ်သွက်သွက် လျှောက်လိုက်ပေမယ့် စိတ်ထဲကတော့ လူပျိုကြီးဖြစ်တဲ့ ကျုပ်ဘ၀မှာ ဒီလေဒီယိုလေးပဲ ချစ်ပါရစေလို့ ချေပနေလိုက်တာ တောက်လျှောက်ဆိုပါတော့….


ဆရာတော်မသိအောင် ပြန်လာတဲ့ တစ်လမ်းလုံး တိုးတိုးသက်သာ ရွတ်နေခဲ့တာ ကျုပ် လေဒီယိုလေး မြန်မြန်နေကောင်းပါစေလို့.....




27 comments:

Sein Lyan Tun said...

ရေဒီယို လေ မြန်မြန်နေကောင်းပါစေ။

ခုဘာနားထောင်နေလဲ

ဇွန်မိုးစက် said...

တကယ့်အရေးအသား ရွာသားလေးပါပဲ။ ချစ်စရာကောင်းတဲ့ စာတစ်ပုဒ်ပါ။း)

Sein Lyan Tun said...

ရေဒီယို အသစ်လေး ဝယ်ပေးချင်လိုက်တာ

ဒါပေမယ့် ရေဒီယိုလေး ကိုတော့ သနားမိတယ်း)

ကောင်းကင်ပြာ said...

ရော့ ရော့ တလုံးက မီးထွန်းဖို့
တလုံးက ရေဒီယို ဖွင့်ဖို့ လာပို့သွားတယ်...း)

khin oo may said...

အဲဒါဘက်ထရီမဟုတ်ဘူး ကွိုင်ပြန်ပတ်ရမှာ။

သူရဲကောင်းကြယ် said...

ရေဒီယိုလေး မြန်မြန်ကျန်းမာပါစေဗျာ။
လူပျိုကြီးဘဝ ကြားရတာ နားဝ မချမ်းမသာ ဖြစ်မိပါရဲ့။

မျှော်လင့်ခြင်း said...

အရင်တုန်းက ရေဒီယို နားထောင်ရတဲ့ အရသာ
ရွေးချယ်စရာ မရှိတော့လဲ ကောင်းတာပါဘဲ

အခုတော့ channel 8 , channel 5 , channnel U , sports channel နဲ့  DVD အခွေတွေ
Internet Download ကြည့် လို့ ရတဲ့ သီချင်းတွေ ရုပ်ရှင်တွေ

ဒါပေမယ့်  စနေ နေ့ လည်တွေမှာ တော့ Gold 90 FM က သီချင်းလေးတွေ နားထောင် နေတုန်းပဲ

ရေတမာ said...

သဘောကျမှကျး))))))

neking said...

ရေဒီယိုခေတ်လေးကိုပြန်လွမ်းဆွေးသွားပါတယ်ခင်ဗျ

သက်ဝေ said...

သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်း ဘယ်သူဖြတ်နိုင်ပါ့...း))

ဘယ်အရာမဆို အစွဲအလန်း သိပ်ကြီးလွန်းတာ မကောင်းဘူး ဒကာလေးရဲ့...
ယောနိသော မဏသီကာရ...
အရာရာကို အသင့်အတင့် နှလုံးသွင်း ဆင်ခြင်ရမယ်တဲ့...
(တကယ်တော့ ကိုယ်လဲ ကြိုးစားနေဆဲပါပဲ...)

ခရေညို said...

ရေဒီယိုလေး မြန်မြန် နေကောင်းပါစေတော်။

Mogok Thar said...

ခုတော့ FM Radio,.. City FM Radio ဆိုတာတောင် ခောတ်နောက်ကျ ကျန်နေခဲ့ပြီထင်ရဲ့...

အလွန်အကျွံ စွဲလန်းမှုမျိုးဟာ လူကို သာယာကြည်နူးစေတတ်သလို ဒုက္ခလဲ ဖြစ်စေတတ်တယ် ဆိုတာလေး လက်တို့ပြောသလိုပဲဗျာ...

ပစ္စည်းသင်္ခါရ.. လူသင်္ခါရ....တဲ့...

လေဒီယို လေးးး မြန်မြန်နေကောင်းပါစေ...။

sait phay yar said...

အော်.. အော် ...အော်.... ဘာမှဆက်မပြောချင်တော့လို့နော်..
၇ွာကလူတွေဘ၀ကိုမြင်ယောင်မိတယ်.

ချစ်ကြည်အေး said...

အရှေ့ရွာက ချစ်ကြည်မ မှ မျောက်ရွာက မောင်ရွာသားလေး အတွက် တောင်းဆိုပေးလိုက်တဲ့ သီချင်းကတော့.... "လေဒီယို လား...လေဒီအို လား စဉ်းစား" ဖြစ်ပါတယ်ရှင်....

naychi said...

အရေးအသားကောင်းတယ်။ ဇာတ်လမ်းလေးလည်း ကြိုက်တယ်။း)

ကာရံဆူး said...

အော် ကိုရွာသားရေ...လေဒီယိုလေးကိုတောင် ဒီလောက် စွဲလန်းတတ်ရင်... အင်းးးးးး.....ပြောတော့ပါဘူး...

WWKM said...

အဲ..ဒီဘလော့ဂ်ကို သိသလိုလိုပဲ..ဘယ်သူ့ဘလော့ဂ်ပါလိမ့်..း) သြော်..သိပြီး အရေးအသားမှာ ပြိုင်စံရှားတဲ့ မောင်ရွာသား ဘလော့ဂ်ပေပဲကို.. ဟဟ
မရောက်တာကြာပြီ.. ဘယ်မှ မရောက်ဖူး.သီချင်းတွေနဲ့ လုံးချာလိုက်နေတာ.(စာလုံးပေါင်းမှားရင် ပြင်ဖတ်):D
ရေဒီယို ထင်နေတာ လေဒီယိုကို.. ပါမောက်ခပြောမှပဲ အဲ ရေးမှပဲသိတော့တာ.(မှားရင် ပြင်ဖတ်)း))

ဒါနဲ့ ရွာသားက သီချင်းလက်ဆောင်တွေတောင်းဖူးလို့လား.၁၉၉၀ - ၁၉၉၄ ခုနှစ်မှာ အစ်မတို့က ရေဒီယိုမှာ အဲ လေဒီယိုမှာ စတားပေါ့..း))လိုင်းပေါင်းစုံမှာ သီချင်းပေါင်းစုံကို အစီအစဉ်ပေါင်းစုံအတွက်တောင်းခဲ့တာလေ။နေ့တိုင်း ကိုယ့်နာမည်လေးမှ မကြားရရင် စားမ၀င် အိပ်ပျော်ဘူး။မနော်ဟရီ( မေခ)နဲ့ အတူတူပေါ့။သူနဲ့ အစ်မနဲ့က မွေးသက္ကရာဇ် ချင်းလဲတူ..လေဒီယို လိုင်းပေါင်းစုံမှာ သီချင်းလက်ဆောင်တောင်းကြတာလည်း တူပြီး လေလှိုင်းပျော် မိတ်ဆွေတွေ ဖြစ်ပြီး ခင်မင်ခဲ့ကြတာပေါ့။VOA, BBC, AIR,KFBS,Radio( myan, eng;)၊ ပီကင်း အသံမှာ ရွှီးရှောင် ရွှီးရှော် မြန်မာသံ မပီမသလေးနဲ့ ပြောတာလည်း တောင်းတာပဲ...း))နောက်ရှိသေးတယ် မမှတ်မိတော့ဘူး။း))မွေးနေ့တေး၊သီချင်းလက်ဆောင်၊ မင်္ဂလာလက်ဆောင်၊ရှေ့တန်းရောက်တပ်မတော်သားများအတွက် လက်ဆောင်။အကုန် ပို့တာ.:P :D :P

ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်။ အစ်မက လေဒီယို သီချင်းလေးတွေကို အရမ်းကြိုက်တယ်။
“အခုပဲ မေတ္တာကမ္ဘာများဖြင့်မခြားလိုတယ်”သီချင်းကို ဆိုနေတာ ကီးက လုံးဝ မလိုက်နိုင်ဘူး။ ရအောင်ဆိုဦးမှာ။း))

ကဲ..ရွာသားဆီ ရောက်တုန်း စကားတွေ အများကြီး ပြောသွားပြီ။ ရွာပတ်လိုက်ဦးမယ်.. ဘယ်မှ မရောက်တာ ကြာပေါ့။း)

မကြီးဝါ

မဆုမွန် said...

လေဒီအိုလေး မြန်မြန်နေကောင်းပါစေနော်..

မယ့်ကိုး said...

အရေးအသားကောင်းမှကောင်း =)

Moe Cho Thinn said...

ရွာသားရေ.. အမကို လိပ်စာ ပို့ပါ။
သူပြောတဲ့ ဘက်ထီ ဆိုတာ ပို့ပေးမလို့..
အသစ်စက်စက်ကြီး ၁၀လုံးလောက် ပို့ပလိုက်မယ်။ စိတ်ကြီးတယ်။ :))

NangNyi said...

iPod ပဲ iPod ပဲ

Anonymous said...

လူပျိုကြီးကို ကိုယ်ချင်းစာတယ်၊


ကိုယ်လည်း ငယ်ငယ်က ရေဒီယိုသိပ်ကြိုက်တာ၊
ကျောင်းစာလုပ်ရင် ရေဒီယိုလေးဖွင့်ထားတယ်၊
တက္ကသိုလ်တက်တဲ့ တလျှောက်လုံးရောပဲ။ အခုတော့ ဝေးတာကြာပြီ၊
ဘယ်လိုစိတ်ကူးရပြီး ရေဒီယိုကို ရေးပါလိမ့်၊

Talkii said...

လူလေး လူလေးနဲ့ ပြောတတ်တဲ့ ကျောက်ဆစ်ပုံတောင်ရွာက ဒွေးလေးကို သတိရထှာ ...။ သူပြောနေသလား အောက်မေ့ရတယ်။

Talkii said...

အဲ ရွာနာမည်တောင် စာလုံးပောင်းမှားကုန်ပြီ။ အဲသလောက်ကို ချစ်တာ။

မိုင်:ခိုဝ်: said...

အဲ့လောက်ထိပါပဲလား ရွာသားလေးရယ်..။
ဘ၀က ခပ်ဆင်ဆင်မို့ ကိုယ်ချင်းစာမိပါတယ်ဗျာ..။
ဒီတစ်ခါ ချေးပေါက်ရင် အသစ်စက်စက်လေးတစ်လုံးလက်ဆောင်ပေးပါ့မယ်..။ :D

ခင်မင်စွာဖြင့်
ထိန်းငြောင့်

ကြည်ဖြူပိုင် said...

လေဒီယိုလေး
နေကောင်းသွားပြီလား

Ko Ba Tint said...

စာပေဗိမာန်ဆုရလောက်သောဆောင်းပါးဖြစ်သည်။