26 January 2010

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး

မနေ့က အလုပ်ထဲမှာ မေးလ်တစ်စောင် ဖော်ဝပ်လုပ်ပါတယ်။ ဂျူရောင်းကျွန်းမှာ ပေါက်ကွဲမှုကြောင့် လူနှစ်ယောက်သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်ထဲကို မ၀င်ခင် သတိထားဖို့ အသိတရားဖြင့် ဆင်ခြင်နိုင်ဖို့ပါ။ ဒါနဲ့ပတ်သတ်ပြီး ဆက်စပ်တွေးတောမိသွားပြန်ပါတယ်………..

များသောအားဖြင့် PPE (Personal Protective Equipment) တွေ ၀တ်ဆင်ရခြင်းကို အလုပ်ပိုတွေလို့ သတ်မှတ်ကြပါတယ်။ ကျနော်တို့တွေကိုက ပေါ့ပေါ့ဆဆနေတတ်တာပဲလား မေ့မေ့လျော့လျော့ ဒါမှ မဟုတ် လူ့သဘာဝပဲလား မပြောတတ်ပါဘူး။ ဒါကြောင့် Safety Officer တွေပေါ်လာတာဖြစ်မှာပါပဲ။

ကျနော့အရင်အလုပ်က စားသောက်ကုန်ထုတ်ပါတယ်။ ISO9001, ISO4001, ISO22000 အပြင် 5S ဆိုတာကိုပါ လိုက်နာကျင့်သုံးရပါတယ်။ ထုတ်လုပ်ရေး ၀န်ထမ်းအားလုံး Safety Shoes မစီးမနေရ။ လုပ်ငန်းခွင်အတွင်း PPE အဖြစ် မျက်မှန်၊ နားကြပ်တို့ကို တပ်ဆင်ရပြီး ဝန်ထမ်းအားလုံး ရေမွှေးဆွတ်ခြင်း၊ သနပ်ခါးလိမ်းခြင်း ခွင့်မပြုပါဘူး။

သို့ပါသော်လည်း ကျနော်တို့ အလေ့အကျင့်အတိုင်း Safety rules ကို မလိုက်နာကြတာများပါတယ်။ များသောအားဖြင့် ပိုးသတ်စက်ကအထွက် နဲ့ ကုန်ချောထည့်သွင်းတဲ့နေရာတွေမှာ ပုလင်းတွေ ပေါက်တာများပါတယ်။ အဲ့ဒီနေရာက နေ့စားတွေ ဝန်ထမ်းတွေ အားလုံးကို သတိထားဖို့ PPE တွေ တပ်ဆင်ဖို့ အမြဲသတိပေးရပါတယ်။ သူတို့တွေကလည်း လစ်ရင်လစ်သလို နောက်လှည့်လိုက်တာနဲ့ ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းပါပဲ။ သူတို့အတွက်ပြောနေတယ်လို့ကော သူတို့ မသိပါဘူး။ အတင်းကြပ်တာပဲ စာအုပ်ကြီးအတိုင်းပဲလို့ ကျနော့ကို နောက်ကွယ်မှာ ပြောလေ့ရှိတာ ပြန်ကြားရတော့ စိတ်ထဲမှာ မကောင်းပြန်ဘူး။ ဒါပေမယ့် လျှော့လို့မရတော့ ခပ်တင်းတင်းပဲ နေဖြစ်ပါတယ်။

ပုလင်းကောက်တဲ့နေရာက နေ့စားလေးတွေမှာ လက်အိတ်မရှိတော့တာ၊ အလုပ်ချိန်အကူးအပြောင်းမှာ မျက်မှန်မတတ်တာတွေကို line supervisor တွေက မစစ်ကြပါဘူး။ တစ်ရက်ကျနော် လိုင်းထဲဆင်းတော့ သူတို့အားလုံး မျက်မှန်တစ်ယောက်မှ မပါဘူး။ ကဲ လိုင်းကို ရပ်ပါဆိုတော့ အားလုံးက အစ်ကိုဘာဖြစ်လို့လဲတဲ့။ အကုန်အခန်းထဲဝင်ဆိုပြီး စိတ်ကလည်းတိုတိုနဲ့ ကဲ ဓါးတစ်ချောင်း ငါ့ကိုပေးလို့ မင်းတို့အားလုံးတန်းစီ။ မင်းတို့ တစ်ဆိုင်းဆင်းခ ဘယ်လောက်ရသလဲ။ အဲ့ဒီ လခ နှစ်ဆ ငါပေးမယ် မင်းတို့မျက်လုံးတွေ ငါ့ဆီထားခဲ့ကြ ဘယ်လိုလဲလို့။


တကယ်တော့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဆိုတာ အစားပြန်မရနိုင်တာ များပါတယ်။ နောက်ပိုင်းခေတ်မှီတိုးတက်ရင်တော့ မပြောတတ်ဘူးပေါ့။ ဘယ်အချိန်ပုလင်းတွေ ထကွဲမယ်မှန်းမသိတာကို အကာအကွယ်မယူပဲ ဒီငွေကြေးလေးအတွက် အလုပ်လုပ်နေကြတာ မဖြစ်သင့်ဘူးလေ။ တကယ်ဆို ဒီပစ္စည်းတွေ မပါပဲ အလုပ်လုပ်ခွင့်လည်း မရှိဘူး။ ဒါပေမယ့် ဖြစ်သလိုလုပ်နေကြဆိုတော့ အကျင့်တွေကပါ။ ဟိုလူ့လက်ညိုးထိုး ဒီလူ့လက်ညိုးထိုး နေကြတာမို့ အလုပ်ဖြစ်ပြီးရော မျက်စိမှိတ်နေကြတာက ပုံမှန်ကိုး။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လိုင်းထဲမှာ ရှိတဲ့ panel key တွေကို လည်းဖျောက်ပစ်ကြပြန်တယ်။ ပြီးတော့ သံချောင်းတွေနဲ့ဖြစ်သလိုလုပ်ထားတဲ့ panel key တွေနဲ့ ဖွင့်လိုက်ကြတာ panel key slot တွေကို ပိန်လိန်လို့။ စက်တွေထဲမှာတပ်ဆင်ထားတဲ့ safety sensor တွေကိုလည်း ပြင်ရင်း ပြင်ရင်း bypass လုပ်လိုက်ကြတာ နောက်ဆို စက်ထဲလူရောက်နေတာတောင် စက်တွေက မရပ်တော့ဘူး။ conveyor တွေမှာတပ်ထားတဲ့ sensor reflection ပြားတွေလည်း သူတို့စက်ဘီးမှာ တပ်ဖို့ ဖြုတ်သွားကြသေးတယ်။ လိုင်းတခါလည်ခါနီးတိုင်း အဲ့ဒီ reflector ပြားတွေကိုလိုက်ရှာရ။ နှစ်လိုင်းပဲရှိတာမို့ တစ်လိုင်းလည်ရင် နောက်တစ်လိုင်းဆီကနေ ကူးပြောင်းကြပါတယ်။ နောက်ပိုင်းတော့ VLC တွေကိုပါ ကူးပြောင်းရတဲ့အထိ ဖြစ်ကုန်တယ်။

သူတို့ ဂရုတစိုက်နေတဲ့အချိန်က Accident တစ်ခုခု ဖြစ်ပြီးကာလလေးပါပဲ။ နောက်တော့လည်း ဒုံရင်း ပြန်ရောက်သွားကြတယ်။ လက်ကို ပုလင်းကွဲရှတာလည်း ခဏခဏပဲါ။ ဒါ့အပြင် ကံကောင်းလို့ မျက်စိမပစ်လိုက်ရတာလည်း ရှိပါသေးတယ်။ Labeling machine အဝင်နားမှာ ပုလင်းတွေကို တစ်လုံးချင်းဆီ ပြန်စီပစ်ပါတယ်။ ပုလင်းတွေက ကြပ်ကြပ်နေတတ်တာမို့ label operator က သွားပြီး ထုတ်ထုတ်ပေးရတတ်တယ်။ ကျနော် ညဖက် အဆင်းကျတဲ့ညမှာ ကိုယ်တော်က မျက်မှန်မတပ်ပဲသွားအထုတ် ပုလင်းကအကွဲ။ မျက်လုံးအောက်ဖက်နား နှစ်ချက်လောက်ထိသွားခဲ့တာ။ ရုံးက Standby ဆိုတဲ့ကားနဲ့ ညဖက်ဖွင့်တဲ့ဆေးခန်းကို ပြေးရတော့တာပါပဲ။ မျက်လုံးနားရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ဖြစ်ခဲ့တဲ့အချိန်လေးပဲ ဒီကိုယ်တော်က ကြောက်နေခဲ့တာ။

ဘာဖြစ်လို့လဲဆိုတော့ နောက်နှစ်လလောက်အကြာမှာ စက်ထဲကို လက်ထည့်ပြီး စက်ကိုလည်လိုက်တာမို့ ကျေးဇူးရှင်ရဲ့ လက်ချောင်းက လက်တစ်ဆစ် ပါသွားပြန်ပါရောလား။

သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ကျန်တဲ့သူတွေလည်း ဖြစ်လိုက်တဲ့ခဏပဲ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကြတာမျိုးပါ။ တစ်လလောက်အကြာတော့ မေ့သွားကြပြန်ရော။ သူတို့အားလုံး အမြဲသတိရှိအောင် Accident နေ့တိုင်းဖြစ်ပေးရမလိုပါပဲ။

ကျနော့မိတ်ဆွေစာဖတ်သူများလည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ကြဖို့၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာကြဖို့ အသက်ကိုဥာဏ်စောင့်ဆိုတဲ့အတိုင်း သတိဝီရိယဖြင့် လုပ်ကိုင်ကြဖို့ တိုက်တွန်းနှိုးဆော် သတိပေးလိုက်ပါတယ်ခင်ဗျာ…………

17 comments:

ခရေညို said...

ဟုတ်တယ် ကိုရွာသားရေ
ခရေညိုတို့ ရုံးကအလုပ်သမားတွေလည်း ဒီလိုပဲ
ဖြစ်ပြီးခဏပဲ ဂရုစိုက်ကြတာ။ပြီးတော့ ဒုံရင်းဒုံရင်းပဲ။

ဇွန်မိုးစက် said...
This comment has been removed by the author.
မေဇင် said...

Safety first.... ဒီမှာအဲ့ဒါကို အရမ်းဦးစားပေးတာ..ကြိုက်တယ် ။

P.Ti said...

ဖတ်နေရင်းတောင်ကြောက်တယ်... သူတို့မို့ မကြောက်တတ်လိုက်တာ

Rita said...

မြန်မာပြည်မှာ မဟုတ်လား။

ဒီလိုပဲ စက္ကူစက်မှာ လူတကိုယ်လုံး စက် (roller) ထဲ ပါသွားတာ ကြုံဖူးတယ်။ ငါးခြောက်ပြားတော့ မဖြစ်လိုက်ဘူး။ ဘေးနားက တယောက်က switch ကို အမြန်ပိတ်လိုက်နိုင်တော့ ပြန်ကန်ထွက်လာတယ်။ ဒါပေမဲ့ ဆေးရုံမရောက်ခင် ဆုံးတာပဲ။ 19 နှစ်ဆိုလား။

ဒုက္ခ ဒုက္ခ
မရှိတာထက် မသိတာခက်။ ခေါက်ရိုးကို ကျိုးနေတာပဲ။

မိုးခါး said...

ဟုတ်တယ်
မဖြစ်သေးရင် ကိုယ်တွေ့မဟုတ်သေးရင်ပေါ့နေကြတာပဲ
ညီမလည်းပါတယ် :D
ဆိုက်ထဲဆင်းတာ ယူကို မသွားဘူး
မဖြစ်ရင် မဖြစ်ဘူးပေါ့
တကယ်တော့ ဂရုစိုက်သင့်တာ

ကာရံဆူး said...

ဟုတ်တယ် ကိုရွာသား...မြန်မာတွေကိုက ကျန်းမာရေးနဲ့ ပတ်သက်ရင် အရမ်းကို ပေါ့တယ်လို့ ထင်ပါတယ်...သူများ တကာတွေ နှာစေး ချောင်းဆိုးရင်တောင် ဆေးရုံ ဆေးခန်းရောက်နေကြပြီ... ကာရံ အလုပ်က လူတွေဆိုရင် safety အပြည့်အစုံနဲ့ မလုပ်လို့ ထိခိုက် ဒဏ်ရာရရင်တောင် ကြုံရာ ဆေးမြီးတို နဲ့ ကုကြတယ်...ကုမ္ပဏီ ဆေးခန်းမှာ ပိုက်ဆံ မပေးရတာတောင် မသွားချင်ကြဘူး...လူတွေကလဲ ခက်ပါတယ်... အများ အမုန်းခံ ဓားပြပြီး ပြောတဲ့ ကိုရွာသား စေတနာကိုတော့ လေးစားပါတယ်...

သက်ဝေ said...

ကိုယ်ကတော့ ရေမွှေးမဆွတ်ရတဲ့ နေရာမှာ အလုပ်မလုပ်ချင်ပေါင်...း))

ISO 14001 အတွက် စက်ရုံတွေထဲ ဆင်းတုန်းက အဲလိုအကြောင်းတွေ ကြားဖူးတယ်...
Accident ဆိုတာ နေရာမရွေး အချိန်မရွေး ဖြစ်တတ်တာမို့ အစစ သတိထားဖို့ လိုတာပါပဲ...။

ကိုရွာသား ဓါးကြိမ်းကြိမ်းတတ်တာ အခုမှသိတယ်... ဒါနဲ့များ လူမိုက်လို့ လာခေါ်နေသေးတယ်...း((

ဇွန်မိုးစက် said...

ပထမစာကြောင်း အထင်အမြင်နဲ့ ဆိုလိုရင်း လွဲသွားလို့ အရင်မန့်ထားတာ လာဖျက်လိုက်တယ်။

ဒီမှာ safety ကိုတော်တော်ဦးစားပေးတယ်။ အရင်အလုပ်မှာဆို safety နဲ့ပတ်သက်တဲ့ workshop seminar တွေ၊ course တွေ ခဏခဏ organize လုပ်ပေးရတယ်။ လုပ်ငန်းခွင်တိုင်း "safety first" ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ထားပြီး လက်တွေ့ကျင့်သုံးနိုင်ရင် ဝန်ထမ်းတိုင်း ဘေးကင်းရန်ကင်းတာပေါ့။

ရွာသားလေး ရေးပြမှ မြန်မာပြည်လုပ်ငန်းခွင်ထဲက safety rules လိုက်နာမှု အခြေအနေတွေ သိရတယ်။

ဒီပိုစ့်လေး တန်ဖိုးရှိလိုက်တာ။

P.S. ဓါးပြပြီး ကြိမ်းလိုက်တာ ဖတ်တဲ့သူတောင် လန့်သွားတယ် :D

ကောင်းကင်ပြာ said...

ကျေးဇူးတင်ပါတယ် ရှင့်..း)

ချစ်ကြည်အေး said...

ဟိုတယောက်ကလည်း ရေမွှေးမဆွတ်ရ သေမှာကျနေတာပဲ...၊ ဒါနဲ့ တဆိတ်လောက် ရွာသားနဲ့ ဆက်သွယ်ချင်လို့ပါ...ကိစ္စက............သိတယ်နော်....လောင်ကဆက်...။ ဒီဒီယူများ နားကိုမလည်သေးတာ:)

MieMie said...

အမျိုးထဲက တယောက် ရယ် သူငယ်ချင်း ထဲက တယောက် ရယ် ဗမာပြည်မှာ တုန်းက ကြံရည်ဆိုင်ဖွင့်ထားတာ အိမ်မှာ....ဆံပင် အရှည်ကို မစည်းထားတော့ ကြိတ်စက်ထဲပါ သွားလို့ ဆေးရုံရောက်ပြီး ကတုံး တုံး ပစ် လိုက်ရတယ်...
အသက်ကို ဥာဏ်စောင့်တယ် ဆိုတဲ့ စကားကတော့
သိပ်မှန်တယ် ...

mie nge

khin oo may said...

ဒီနေ့ဘတ်စကားက ကားကွေ့လိုက်တာ လူက ဘုတ်ကနဲ့ဘေးကို ပြူတ်ကျသွားတယ် ။ မကိုင်ထားမိလို့။

Phyo Maw said...

ဟုတ်ကဲ့ ကိုယ့်ကိုယ်ကို ဘာမှမသိမှန်း ခုမှသိတော့တယ်
ISO ကို ကင်မရာက ဟာများလား တွေးသေးတယ်
ငါ့နှယ့်နော်..

မျှော်လင့်ခြင်း said...

ပညာပေး ရေးထားတာ ကောင်းလိုက်တာ

စကားမစပ် လုပ်ငန်းခွင်မှာ ချစ်သူကို လွမ်းနေရင်လဲ
အန္တရယ်ရှိတယ်နော်
Safety First ပေါ့

ပန်းခရမ်းပြာ said...

ဒါးကြိမ်း ကြိမ်းနေပါလား။ ပြေးမှ။ မျက်လုံးတော့ မထားခဲ့နှိုင်ဘူး။ စကားမစပ်.. ဒီပို့စ်မှပဲ ဖတ်လို့ ရတော့တယ်။ အရင် လေးထောင့်တုံးတွေချည်းပဲ။

မချို

Talkii said...

ကိုရွာသားရေးထားတဲ့ စာကြွေးတွေ ဖတ်နေတာ တှောတှောကြာသွားပြီ။ ခဏနားဦးမှပဲ။ :)