30 December 2009

လမ်းခွဲချိန်

လမ်းတိုင်းမှာ လမ်းဆုံလမ်းခွတွေ လမ်းခွဲတွေ ရှိနေတတ်ကြတယ်။ လမ်းဆုံကနေ မိမိလိုရာကို သွားလိုတဲ့အခါ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာ ရှိတဲ့အခါ ကျနော်တို့ လမ်းခွဲလေ့ရှိကြရတယ်။ မခွဲချင်ပေမယ့် ခွဲရတဲ့အခိုက်တွေ အများကြီးကြုံရမှာပါပဲ။ အခု ကျနော်လမ်းဆုံတစ်ခုမှာ ရပ်နေတာ ကြာခဲ့ပြီ……………..

လမ်းဆုံကနေ လမ်းခွဲရမယ့် အရေးကို မျှော်နေမိတာလည်း ကြာပါပြီ။ ခွဲရမယ်ဆိုတာလည်း သိပါတယ်။ အချိန်တန်ရင် အိမ်ပြန်ကြရတယ်မဟုတ်လား။ လမ်းဆုံကို မရောက်ခင် လမ်းခုလတ်ကနေ ထွက်ပြေးဖို့လည်း ကြိုးစားဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နာကျင်မယ်ဆိုတာကို သိပါတယ်။ အမြဲတမ်းလည်း နာကျင်ရတယ်။ ဒါကြောင့် လမ်းဆုံကို မရောက်ပါစေနဲ့လို့ တိတ်တိတ်လေးကြိတ် ဆုတောင်းနေမိတယ်။ တောင်းတိုင်း ပြည့်တတ်တာမျိုးမှ မဟုတ်ပဲ။ လမ်းဆုံကို မှုန်ပြပြမြင်နေရပြီ။

မမြင်ချင်ယောင်ဆောင်ဖို့ အတင်း မျက်လုံးကိုလွှဲတယ်။ မရဘူး။ နားကိုပိတ်တယ် ကြားနေရတယ်။ ထိသိစိတ်တွေအားလုံးကို ခဏလောက် လွှင့်ပစ်လိုက်ချင်တယ်။ တဒင်္ဂခဏလောက် နားထိုင်းလိုက်ချင်တယ်ဆိုတာမျိုးပါ။ တကယ့်ကို အိုးထိန်းစက်လို သွက်သွက်ကိုလည်ပြီး ကျနော် သူရူးတစ်ယောက်လို ဖြစ်သွားတယ်။

ဒီလမ်းကို ဖြတ်ရင်လမ်းဆုံကိုတော့ တွေ့ရမှာပဲဆိုတာ သိလျက်နဲ့ မိုက်မိုက်မဲမဲ ဖြတ်မိတာ ကျနော့အမှားလား။ ကျနော် ကိုယ်တိုင်ဒီလမ်းကိုပဲ ရွေးချယ်ခဲ့တာပါ။ ဘယ်သူ ဘာပြောပြောပါလေ။ လမ်းထိပ်မှာ ရပ်ပြီး မြေပုံကိုဖြန့်ကြည့်တုန်းက ကိုယ့်ကိုကိုယ် မေးမိသေးတယ်။ မင်းလမ်းခွဲချိန်ကို ကျော်ဖြတ်နိုင်ပါ့မလား……….

ဟင့်အင်း ငါလမ်းဆုံကို ရောက်မှာ မဟုတ်လောက်ဘူးလို့ ကိုယ့်ကိုကိုယ့် ခံငြင်းမိတယ်။ ကိုယ့်ကိုကိုယ် သိပ်ယုံကြည်စိတ်ချလွန်းတယ်။ တကယ်က သိပ်နုံအလွန်းတယ်ဆိုတာကို အမေ့မေ့ အလျော့လျော့။ အခုတော့…………

ငိုမနေနဲ့။ ရှိုက်မနေနဲ့။ ကိုယ့်ကိုကိုယ် ဆုံးမတယ်။ နာကျင်လည်း ဖြစ်မြဲပဲမို့ နာကျင်လက်စ နာကျင်လိုက်ပါတော့။ ကျင်သထက် ကျင်နေရင်းက ကျဉ်ပြီး နောက်တော့ထုံသွားမှာလို့ အားတင်းတယ်။ ပြီးတော့ လက်မကို လက်သီးထဲ ကျစ်ကျစ်ဆုပ် မေးကြောတွေထောင်နေအောင် အံကြိတ်ပြီး စကားတစ်ခွန်းပြောတယ်

ကျနော်တို့ လမ်းခွဲကြပါစို့………………….

28 December 2009

ပန်းလေးတစ်ပွင့်အတွက်

လူတွေက ပြောကြတယ် ဒီပန်းပွင့် အချိန်တန်ရင်တော့ ပွင့်တတ်သတဲ့။ ပြီးတော့ သိပ်လှတယ်တဲ့။ လူတိုင်းအတွက် ပန်းတစ်ပွင့်ဆီ သီးခြားစီရှိကြတယ်တဲ့လေ။ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့မိတယ်။ ပန်းရယ် မြန်မြန်ပွင့်ပါတော့…………မြင်ချင်လှပါပြီ

ရက်ကိုလစား လကိုနှစ်စားပေမယ့် ပန်းပွင့်ကိုမှ မမြင်ရ။ အများတကာတွေ ပန်းပွင့်ကိုယ်စီနဲ့ သင်းရနံ့တွေဝေလို့။ ပွင့်လိမ့်နိုးနဲ့ မျှော်ကိုးစောင့်စားရတဲ့ ရက်တွေ အသင်္ချေ။ ပန်းပွင့်ဖို့ နေနေသာသာ အဖူးအရိပ်အယောင်တောင်မှ မမြင်ရ။

သစ်ပင်သစ်ကိုင်းကြား ရွက်ကြိုရွက်ကြားမှာ တစ်ယောက်တည်းငေးလို့။ တွေ့လိမ့်နိုးရယ် ရှာဖွေမိတတ်တယ်။ သူများတွေပြောသလို အဆင်းရယ်ကြွေစေလောက်သလား ရနံ့တွေဝေနေလောက်မလား မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေ ရေတွက်လို့ မှေးစက်မပျော်တဲ့ ညတွေများလှပေါ့။

အချိန်တန်ပြီဆိုတဲ့ ကာလကို လွန်မြောက်ပြီဆိုတဲ့နောက် ပန်းပွင့်တယ်ဆိုတဲ့စကားနားဝမှာ ခါးလာမိတယ်။ ဟိုက ဒီက ကြားလာမိရင် သိမ်ငယ်မိသလိုလိုပါပဲ။ ဒီပန်းနှယ် ပွင့်နိုင်ခဲပါဘိကော။

တနေ့မှာတော့…………………………..

လေလည်းမသာ အရွက်တွေလည်း စိမ်းလန်းဝေဆာနေတဲ့ တစ်ရက်မှာ ပန်းပွင့် အဖူးလေးကို ဖျတ်ခနဲ အမှတ်မထင်တွေ့လိုက်ရတယ်။ ပိုင်ပိုင်မတွက်နိုင်ခင် လှမ်းပြီး မြင်လိုက်ကတည်း အရူးအမူးဖြစ်နေမိပြီ။ ပွင့်ပါစေလို့ အခါတစ်သိန်းဆုတောင်းနေပေမယ့် အရိပ်အယောင်တောင် မမြင်ရခဲ့ဖူးလေ။ ဘွားခနဲ ပေါ်လာတဲ့ မယ်မင်းကြီးသားကို အရူးတစ်ယောက်လို ငေးနေမိတယ်။





ပွင့်တော့ပွင့်ပါတယ်။ ဒါပေမယ့် ဟိုးအရွက်တွေကြားမှာ။ ပင်ယံဟိုစိမ်းရွက်ကြား မွှေးရနံ့ဆင် ဆိုတာ။ ငွါးငွါးစွင့်စွင့် ပွင့်ပါတော့လား။ လူတကာ မြင်သာထင်သာ ပွင့်ပါမှ ဒီပန်းအတွက် ဂုဏ်ယူရမယ် မဟုတ်လား။ အခုတော့ အရွက်တွေဖုံးနေတဲ့ နေရာမှာမှ ပွင့်တော့တယ်။

ပန်းရယ် စောင့်ခဲ့ရ ရက်တွေအတွက် စောင့်ရကျိုးလေးနပ်အောင် ပွင့်တော့ပွင့်ရှာပါရဲ့။ လူမြင်မခံရဲလို့လား ပန်းရယ်။ ၀ံ့ဝံ့စားစား ပွင့်ပါတော့လားကွယ်။ ပန်းပွင့်ပြီကွ လို့ ကြွားချင် မော်ချင်မိတယ်။ ဒါပေမယ့် အရွက်တွေကြားမှာပဲ နေပါရစေဆိုတဲ့နောက်…………


ဒီပန်းကိုလည်း မြတ်နိုးမိပါတယ် တကယ်။ ကပ်သီးရယ် ကပ်သပ် ပွင့်ရှာလေတယ်ရယ်လို့ အသနားပိုမိတယ်။ မမြင်ဝံ့အောင် ပွင့်ရှာတယ်လို့လည်း ကရုဏာသက်မိတယ်။ လှပါတယ် လို့တဖွဖွပြောပေမယ့် မြင်သူမရှိတဲ့နောက် အပိုပါပဲလေ။

ပန်းကလေးအတွက် တခါတလေ တီးတိုးရေရွတ်မိပြန်တယ်

ချိုးလက်ရေ
မျှော်ကာတွက်
ပွင့်ရက်ဘယ်တော့

ပွင့်ပြန်တော့
စိမ်းရွက်ကြား
မျှော်သူကို မသနား

ရှက်အားပို
မျက်ထားချို
ညိုပါနဲ့
ပုန်းနွဲ့တဲ့ ပန်း...................

25 December 2009

ကော်ဖီခွက် ပုရွက်ဆိတ်၊ ရဲတိုက် နှင့် ဆေးမင်ရည် စုပ်ထိုး………………


အသက်ကလေးရလာတော့ ဟိုက ဒီက မေးကြပါတယ်။ ဘယ်တော့စားရမလဲ။ တီးတီးတိုးတိုး သဖန်းပိုးနဲ့ သီတင်းကျွတ်တော့မည် သီတင်းကျွတ်တော့မည်တဲ့။ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် အမေ့သား ဘယ်တော့ ရေတိမ်နစ်မယ်မသိသေး….

ကြားဖူးနားဝရှိတဲ့ ပုံနှစ်ခုက

ရုံးက အစ်ကိုကြီးတစ်ယောက်က ပြောတဲ့ ဥပမာက ကော်ဖီခွက်နဲ့ ပုရွက်ဆိတ်တွေ…………….
လူပျိုလေးတွေက ခွက်နှုတ်ခမ်းက ပုရွက်ဆိတ်တွေနဲ့ တူကြတယ်တဲ့ ခွက်ထဲက ကော်ဖီကို ပူမှန်းမသိ အတင်းခွက်ထဲခုန်ဆင်းမယ်ချည်းဆိုပဲ။

Supplier အစ်ကိုတစ်ယောက်ပြောတာက အိမ်ထောင်ပြုတာကို ရဲတိုက်တစ်ခုနဲ့ ဥပမာပြုတယ်။ အိမ်ထောင်မပြုရသေးတဲ့ သူတွေက ရဲတိုက်ထဲကို ၀င်ချင်ကြသတဲ့။ ၀င်ချင်ဆို ရဲတိုက်ကြီးကလည်း တယ်ခမ်းနား ကြီးကျယ်တာကိုး။ အိမ်ထောင်ပြုပြီးသူတွေကတော့ ရဲတိုက်ထဲကလူတွေတဲ့ ရဲတိုက် အပြင်ဘက်ကို ဖြစ်နိုင်ရင်ပြေးထွက်ချင်ကြတယ်တဲ့လေ။

အိမ်ထောင်ပြုခြင်းနဲ့ စပ်လျဉ်းပြီး အိမ်ထောင်တစ်ချို့အကြောင်းကို တွေးမိသွားစေခဲ့တယ်။

က

မေက မောင့်မျက်နှာတစ်ရွာထင်ပြီး လိုက်လာခဲ့ပြီ။ မောင်တို့ဆီမှာက မောင်နှမ ဆယ့်သုံးယောက်။ မေက ရွှေဘုံစံမင်းသမီး ရွှေလင်ပန်းနဲ့အချင်းဆေး မင်းမွေးသလို မွေးထားတဲ့ သမီး။ မောင်တို့က ဦးလေးတွင်ခုံမှာ မိသားစု တွေ ၀ိုင်းလုပ်ဝိုင်းစားပေါ့။ ဆင်းတယ်ရဲတယ် မေဘယ်မမှုပေမယ့် သောက်ဟယ်စားဟယ် မောင်တို့ အသိုင်းအ၀ိုင်းမှာ မေ့တွက်တာ နေရာခက်လှတယ်။ ကျန်တဲ့အချိန် စင်းလုံးချော ကောင်းလေတဲ့ မောင့်အသွေး၊ သေရည်တွေ ၀င်ရင်တော့ သွေးဆိုးတွေဖြစ်နေခဲ့သည်တဲ့။ ဒီသေရည်သောက်သည့်အချိန်တိုင်း စကားတွေများ ရန်တွေဖြစ် နောက်ဆုံး လက်တွေပါသည်အထိ။ အကြိမ်ကြိမ်ပြိုကွဲမယ်လို့ ကြံစည်မိတဲ့ အိမ်ထောင်ရေးတစ်ခုပေါ့။ ဒါပေမယ့် သားလေး မွေးပြီးတဲ့ နောက်မှာတော့ မောင်ပြောင်းလဲသွားခဲ့တယ်။ အစစအရာ ပြောင်းလဲမှုတွေနောက်မှာ မောင့်ရဲ့ အရိပ်ဟာ မေ့အတွက် အေးရိပ်သာဖြစ်စေခဲ့တယ်။ နွေးထွေးတဲ့ မောင့်လက်တစ်စုံဟာမေ့အတွက် ဘယ်အရာမဆို ရင်ဆိုင်ရဲတဲ့ ခွန်အားတစ်ရပ်ပါ။ အခုအခြေအနေကို မြင်ကြတဲ့ သူတိုင်းက ငြိမ်းချမ်းလေခြင်း ကံကောင်းလေခြင်းဆိုပြီး မေ့ကို အားကျချီးမွမ်းကြတယ်။ တကယ်ဖြတ်ခဲ့ဖူးတဲ့ မေ့ဘ၀ ခရောင်းတောကာလကို သူတို့ မသိခဲ့ကြပါဘူး။ သူတို့မြင်ရတဲ့ ကာလက ရွှေရောင်လွှမ်းတဲ့ မေ့တိုင်းပြည်ဖြစ်နေခဲ့ပြီလေ။



ကျွန်ကုလား မယားတောသူ၊ ဒီစကားပုံကို ဘာဖြစ်လို့ ယုံမိပါလိမ့်။ မရွှေအေးတို့က ဟိုးတောဆိုမှ တောထဲက။ ကားလမ်းခရီးဆိုတာတောင် ဖြစ်ဖြစ်ြမည်အောင် သွားဖို့ ခက်ခဲဘိခြင်း။ လေယာဉ်ခရီးကျတော့လည်း ငွေရေးကြေးရေးက မတတ်နိုင်ရင် လေယာဉ်ဆိပ်သွားဖို့တောင် အနိုင်နိုင်။ မရွှေအေးတို့ အိမ်ထောင်ကျတော့ ယောင်နောက် ဆံထုံးပါ ရန်ကုန်မြေကို ခြေချပြီပေါ့။ သူပြောနေကျ စကားက ကိုယ်တွေတုန်းက တောမှာနေလို့ နိမ့်ကျခဲ့သတဲ့။ သူ့သားသမီးတွေ မနိမ့်ကျအောင် ရန်ကုန်မြေက တလက္မမှ မရွှေ့ချင်ဘူးဆိုပဲ။ အိမ်လခလား ယောက္ခမပေးလိမ့်မယ်။ ဆန်နဲ့ဆီိ ယောက္ခမပေးလိမ့်မယ်။ မရွှေအေးဘာလုပ်နေလဲ ဟုတ်လား။ အားတယ်ကို မရှိပါဘူး အိမ်ရှေ့က ပူတော့ အိမ်နောက် ပြောင်းအိပ် အိမ်နောက်က ပူတော့ အိမ်ရှေ့ပြောင်းအိပ် နေ၀င်မိုးချုပ် အလုပ်တွေသိပ်ရှုပ်ပေါ့။ မရွှေအေးတို့ကျေးဇူးရှင် ယောက္ခမကို ဘယ်လိုထားသလဲ သိလား။ သူရန်ကုန်တက်လာရင် မြန်မြန်ပြန်အောင် လုပ်တာပေါ့။ နားဆူတယ်လေ။ လိုအပ်တဲ့ ငွေကြေးအကူပဲယူမယ် ယောက္ခမ အပူမယူလို။ သူတို့သားအမိတွေကြား ရန်တိုက်ပေးလိုက်တယ်။ အိမ်က နွားကလည်း မရွှေအေးပြောသမျှ ယုံတယ်လေ။ ခပ်ပါးပါးပါပဲ တစ်ချက်နှစ်ချက် ပုတ်လိုက်ရင် ဘွားတော်ကြီး အိမ်ပြန်ခရီးပေါ့။



တံခါးနောက်ကွယ်က အဖြစ်တွေကို ဘယ်သူမှ သိကြမယ်မဟုတ်ဖူး။ ကိုကိုက သိပ်ချစ်တယ်တဲ့။ ယုံပါတယ် ကျွန်မယုံပါတယ် ကိုကို ကျွန်မကို သိပ်ချစ်တယ်ဆိုတာ အခုတော့ ကျွန်မသိပြီလို့ ပြောရမတတ်အောင်ကို ယုံပါတယ်။ ယောင်္ကျားလေးတွေနဲ့ မပတ်သတ်ရဖူး။ သူငယ်ချင်း ယောင်္ကျားလေးတွေနဲ့ ချက်တင်မှာ စကားပြောတာ ဖုံးပြောတာတောင် လက်မခံနိုင်ဖူးတဲ့လေ။ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း မိန်းကလေးတွေချည်းဖြစ်ရမတဲ့။ ဖုန်းတဂွမ်ဂွမ်ဆက် ယောင်္ကျားလေးအသံတစ်ခုများကြားရင် အခုချက်ချင်း ပြန်ခဲ့ရမတဲ့။ ဘယ်လောက်မွန်းကြပ်လိုက်သလဲ ကျွန်မဘ၀က ဘယ်လောက် ကျဉ်းကျပ်သလဲ။ လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ဒီလို ဘောင်တစ်ခုနဲ့ နေရမယ်ဆို လှောင်အိမ်ထဲက ငှက်တစ်ကောင်နဲ့ထပ်တူ ဖြစ်နေတော့မပေါ့။ အကယ်၍များ စကားတွေများကြပြီဆိုရင် လမ်းခုလတ်မှာ သန်းခေါင်သန်းလွဲဖြစ်လည်း ကျွန်မကို မငဲ့ကွက် ထားခဲ့ရက်ပြန်တယ်။ ဒီထက်ပိုပြီး မိန်းကလေးပီပီ အနိုင်ယူစိတ်နဲ့ ကိုကို့အသားကို လက်သည်းချွန်တစ်ချက်ဆွဲမိရင် ကျွန်မမျက်နှာ အညိုအမည်းထင်ပြန်တယ်။ ဒါ သိပ်ချစ်တာတဲ့လား ကိုကိုရယ်။ အကျဉ်းထောင် တစ်ခုလို ငရဲခန်းတစ်ခုလို ဖြစ်နေတဲ့ အိမ်ထောင်ဆိုတဲ့အရာကို ရှင်တို့များ အားကျနေမိသလား။ လွတ်လပ်စွာ ကိုယ်သွားချင်တဲ့နေရာကို သွားလာနေကြတဲ့ အိမ်ထောင်မရှိသေးတဲ့ ကျွန်မ သူငယ်ချင်းတွေကို မြင်ရင် အတောင်ဖြတ်ခံထားရတဲ့ ငှက်တစ်ကောင်လို ကျွန်မ လှောင်အိမ်ထဲက အတောင်တကြွကြွ ဖြစ်နေဆဲပါလေ…………


…..


……

.
.
.
.
.

.
.


သံတူကြောင်းကွဲ မျိုးစုံသော အိမ်ထောင်ရေးတွေ အက္ခရာတစ်အုပ်စာ မက ရှိပါလိမ့်မည်။

အိမ်ထောင်ပြုဖို့ဆိုရင် ကျနော် ပထမဆုံးစဉ်းစားမိတဲ့ အချက်က နားလည်မှုဆိုတာပါပဲ။ အပြန်အလှန်နားလည်မှုရှိပြီး ကျနော့လက်ကို ထာဝရတွဲသွားမယ့်သူက ကျနော့အိမ်ထောင်ဖက်ဖြစ်မှာပါ။ တစ်ဖတ်သတ်ကြည့်ပြီး မိမိလိုအင်ဆန္ဒကို ရှေ့တန်းတင်ကြမယ်ဆိုရင် သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာမယ်လို့ ကျနော် မမြင်မိပါဘူး။

အခုအချိန်ထိမရင့်ကျက်နိုင်သေးတဲ့ ကျနော်လို လူတစ်ယောက် အိမ်ထောင်ရေးဆိုတဲ့ အမြင်ကို ဆွေးနွေးနိုင်ဖို့ သိပ်ခဲယဉ်းလွန်းပါတယ်။

ကျနော် အိမ်ထောင် ဘယ်တော့ပြုမလဲ…ဟုတ်ကဲ့ အိမ်ထောင်ပြုဖို့ အခွင့်အခါ ကြုံကြိုက်ရင် အိမ်ထောင်ပြုဖြစ်ပါလိမ့်မယ်။ ကျနော့အသက်လား ငယ်ပါသေးတယ်။ ဘာမှတောင် မဘာရသေးလို့ လူအများဆူလည်း ခဏပေါ့။ ခလေးပဲရှိသေးတာကိုး။ မယုံရင် အမေ့ကိုမေးကြည့်ကြပါ…………………

24 December 2009

ခြေလှမ်းသစ်

နေ့စဉ်နေ့တိုင်း ခြေလှမ်းတွေတော့ လှမ်းမြဲလှမ်းနေတာပါပဲ။ ပုံမှန်ခြေလှမ်းတွေကြားမှာ နေသားကျနေခဲ့ပြီ။ ခြေလှမ်းသစ်လှမ်းဖို့ ဟမ်……………လိုအပ်တယ်လား……………………….

ဒီပုံမှန်ခြေလှမ်းတွေနဲ့ တစ်နှစ်ပြည့်တော့ အစ်ကိုတစ်ယောက်က မေးတယ် ဘာလုပ်မှာလဲတဲ့။ ဘာလုပ်ရမလဲ ကိုယ့်ကို ကိုယ်မေးဖို့ လိုအပ်နေခဲ့ပြီ။ ဘာလုပ်သင့်သလဲ ဘာလုပ်ရမလဲ အား…. ခေါင်းတွေပူလာပြီ။ အခု မကြီးဝါက နောင်ငါးနှစ်အတွက် မေးပြန်ပြီ။

ဒီနိုင်ငံမှာ အလုပ်လုပ်တဲ့နောက် ဒီနိုင်ငံမှာ ဆက်နေသင့်သလား။

Permenant Resident (PR) လျှောက်သင့်သလား။

Citizen ပြောင်းသင့်သလား။

ဒါမှ မဟုတ် တတိယနိုင်ငံတစ်ခုကို ကူးရမလား (အမေရိကား၊ သြစတြေးလျား စသည်…)

ဥမကွဲ သိုက်မပျက်နေဖို့ ရွှေပြည်ကြီးကို ပြန်သင့်သလား။

PR ကကော လျှောက်တိုင်းရမှာတဲ့လား။ PR ရရင်ကော ဘာတွေထူးခြားလာမလဲ ငါးနှစ် နေထိုင်ခွင့် ပြီးတော့ အချိန်မရွေးအလုပ်ထွက်နိုင်ခွင့်လက်မှတ်တစ်ခု ကိုင်ဆောင်နိုင်တာထက် ဘာမှ ပိုလာမှ မဟုတ်တဲ့အပြင် CPF (Central Provident Fund) လစဉ် အဖြတ်ခံရမှာတော့ သိပ်သေချာပါတယ်။

အခုလတ်တလောမှာ PR တွေကို Citizen ဖြစ်အောင် တွန်းအားတွေ များလာသလိုတွေ့လာရတယ်။ ကျောင်းလခတွေ တိုးလာတာ အပြင် PR နဲ့ Citizen ခံစားမှု မညီမျှခြင်း စတဲ့အချက်တွေက Citizen ပြောင်းဖို့ အဓိက စဉ်းစားစေတဲ့အချက်တွေပါပဲ။ ပြည်ပခရီးတွေ အထွက်များတဲ့သူဆို ခြားနားချက်တွေကို ပိုသိမှာပါလေ။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတော့လည်း ကိုယ့်ရွာက ကြက်ဖ သူတပါးရွာမှာ ကြက်မပေါ့။ နိုင်ငံသားစွန့်လွှတ်ဖို့ အခုအထိတော့ အစီအစဉ်မရှိသေးပါဘူး။ တို့ပြည်ကိုချစ်လွန်လွန်းလို့ အတင်းဖက်တွယ် ပြောရအောင် အပြင်ကိုရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မတင့်တယ်ဖူးထင်ပါရဲ့။

နောက်ထပ်နိုင်ငံကူးဖို့ ဘယ်လိုကူးရမလဲ။ ဟိုဟိုဒီဒီ ခပ်လွယ်လွယ် သွားနိုင်လောက်အောင် ခိုင်ခန့်တဲ့ ပညာအရည်အချင်းကလည်း မပြည့်ဝလေတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပြီလေ။ ကျောင်းဆက်တက်ခြင်းနဲ့ ကူးဖို့။ ဟင့်အင်း မပြောပါနဲ့ ပညာရေးက ဆုံးခန်းတိုင်ပြီထင်တယ် တော်ပြီလေ သေစာရှင်စာ ဖတ်တတ်နေမှပဲ။

တကယ်သွားဆိုရင်တော့ သွားချင်မိတယ် အမေရိကား။ သူများ ကားလို့ ကားတာပါ ကိုယ်တိုင်က ရောက်ဖူးလို့ မှ မဟုတ်ပဲ။ လျားမယ်ဆိုလည်း လျားမယ်လေ သူများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိဆိုတာ ကျနော်မှ အစစ်။ လျားသာ လျားချင်တာ အဖြစ်တော့ တယ်မရှိ။ အခုအချိန်အထိ ဘာကိုမှ မပြင်ဆင် မလေ့လာ။ ဒုံရင်းက ဒုံရင်းဆိုတော့…..ဘာဖြစ်သေးလဲ တစ်နေ့တစ်လံ ကား လျား ဘယ်ရွေ့မလဲပေါ့။ ရှေ့တိုးမယ့် ရွာသား နောက်ခြေလှမ်း ကိုးဆယ်ဆုတ်ပစ်လိုက်တယ်။ လှုပ်သာ လူးသာ ရှိအောင်ပါ ကျနော် ၀တာ လူမသိစေအောင်လည်း ပါတာပေါ့။ နောက်မှ ဦးတည်ချက်လွဲတော့လည်း GPRS မကောင်းတာကြောင့်လို့ ပဲ အပြစ်ဖို့တော့မယ်။

ပြန်မယ်ဆိုရင်ကော… ဒီအချက်ကတော့ တော်တော်လေး စဉ်းစားစရာတွေကို ပေးပါတယ်။ ဘာလုပ်မလဲ ဘယ်လိုနေမလဲဆိုတာက စတာကနေ အင်တာနက် သုံးလို့မရရင် နေနိုင်ပါ့မလား။ အခုလိုဒေါင်းလုပ် လုပ်လို့နှေးနေရင်တောင် စိတ်မရှည်တာ ဟိုမှာ စိတ်ရှည်ပါ့မလား။ ဒေါ့ကွန်းတွေတောင် ဖွင့်ရခက်တဲ့နေရာမှာ ဘလော့စပေါ့ဒေါ့ကွန်းကို ဘယ်လို ရေးမလဲ။ ဖယောင်းတိုင်တွေ မီးစက်သံတွေ ခြင်တွေနဲ့ တစ်သားတည်းမဖြစ်ခင် အိပ်ရေးဘယ်လောက်ပျက်ဦးမလဲ၊ အရင်လို ရေတင်ဖို့ မနက်လေးနာရီထနိုင်ပါဦးမလား၊ ၂၀၇ ၂၀၄ ဘတ်စ်ကား ကြပ်ခြင်းနဲ့ ၃၅ ၅၁ စပယ်ယာတွေရဲ့ အဆိုအငေါက် ကို ခံနိုင်ပါ့မလား အဆုံး အားလုံးကို တွေးတောနေမိတယ်။

ကြီးကြီးကျယ်ကျယ် စီးပွားရေးတွေလုပ်ဖို့ စိတ်ကူးယဉ်ထားတာတွေတော့ ရှိပါတယ်။ အကယ်၍များဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ….

၁။ စာအုပ်ဆိုင် (အရောင်းဆိုင် ဖြစ်ဖြစ် အငှားဆိုင်ဖြစ်ဖြစ်ပါ ဖတ်ရင်းရောင်း ရောင်းရင်းဖတ်ဖို့ပါ)
၂။ အခွေအငှားဆိုင် (ကားကောင်းလေးတွေ စုချင်လို့ ဘာကားကောင်းလဲ မမေးပါနဲ့)
၃။ ဖက်ရှင်ဆိုင် (ကိုယ်လည်းဝတ် သူများတွေလည်း ၀တ်ပေါ့၊ ရိုးရာဖျင်ကြမ်း ပုဆိုး ဖက်ရှင်ပါ)
၎။ စားသောက်ဆိုင် ကောင်းကောင်း (ကုသိုလ်လည်း ရ ၀မ်းလည်း ၀ ဆိုတာမို့)
၅။အင်တာနက်ဆိုင် (ကိုယ်တိုင် ဆိုင်ဖွင့်ရင် ဆိုင်ပိတ်ချိန်ပူစရာမလိုတော့ဖူးဆိုတော့ တစ်ချက်ခုတ် လေးငါးချက်ပြတ် သတိ -မခင်ဦးမေ လက်မခံပါ)

လူကုန်ကူးဖို့ လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်သွားနိုင်တယ်။ တနေ့ကပဲ customer တစ်ယောက် marketing ပြန်ဆင်းသွားတယ် မြန်မာပြည်က လူတွေ ဒီကို သွင်းချင်လို့ဆိုပဲ။ စိတ်ဝင်စားရင် လက်တို့လိုက်ပါတဲ့။

ရည်ရွယ်တဲ့လမ်းဟာ ဘယ်လောက်ဝေးဝေးကွယ် ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာလိုတယ် ပထမဆုံးဒီခြေလှမ်းဟာ အို နောက်ဆုံးတော့ ပန်းတိုင်ရောက် နိုင်မယ်…………သီချင်းသံ သဲ့သဲ့ကြားတယ်။ ဘယ်နားကပါလိမ့်…

အခုတော့ ဘယ်ခြေစလှမ်းရမလား ညာခြေစလှမ်းရမလား အဆုံးအဖြတ်အတွက် ခေါင်းပန်း လှန်ဖို့ နှစ်ထပ်စေ့ တစ်စေ့ ရှာနေတုန်း……………..

(စာဖတ်သူတွေပါ ၀ိုင်းဆွေးနွေးပေးမယ် အကြံဥာဏ်ပေးကြမယ်ဆိုရင်တော့ နောနော် ပါခင်ဗျာ)

21 December 2009

စံကားပွင့် ၀င်္ကပါထဲက အထွက်

ကျနော် ငယ်ငယ်ကတည်းက တစ်အားစူးစမ်းတတ်ပါတယ်။ အဖြေတစ်ခုမရမချင်း မေးတတ်တယ်လို့ မေက ပြန်ပြောပြလေ့ရှိတယ်။ မေးခွန်းတွေများလို့ အမြဲတမ်းအငေါက်ခံ အဆူခံရစမြဲ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကိုလည်း မေးခွန်းတွေ မေးလေ့ရှိတတ်တာမို့ အငြိုအငြင် အမြဲခံရတတ်ပါတယ်။ ကျနော့ကို အဆုံးထိ ဒုတ်ဒုတ်ထိသိအောင် မပြောချင်ကြရင် စကားတစ်ခွန်းမှ မဟပါနဲ့လို့ အရမ်းရင်းနှီးသူတွေကို တောင်းပန်ဖူးပါတယ်။ (တကယ်က သိပ်အ သိပ်တုံးတဲ့သူမို့ ရှင်းပြတဲ့သူတွေ မောသွားလည်း မောင်ပုံ က စောင်းမတီးတတ်စမြဲ)

စံကားပွင့် ၀င်္ကပါထဲကိုတော့ ကျနော် ကိုယ်တိုင် ၀င်ရောက်သွားခဲ့တာပါ။ တစ်ပွင့်ချင်း သီတဲ့ အဲ့ဒီ ပန်းသီကုံးထဲမှာ နှစ်ပေါင်းများစွာ ကြာအောင်ကို

စံကားဖြူပွင့်က
ငါ့အတွက် စိတ်ထိခိုက်စရာဖြစ်ပေမဲ့
နင့်အတွက် အိပ်မက်ဆန်တယ်ဆိုရင်
ငါဝမ်းသာပါတယ်
တစ်ခုပဲရှိတယ်
အိပ်မက်ကို နှစ်သက်တဲ့သူဟာ
လက်တွေ့ရဲ့ အမှန်တရားကို တုန်လှုပ်ရတတ်တယ်…






စံကားပွင့် အဖူး

“အသံသည် အသက် သိပ်မကြီးသေးသော ယောင်္ကျားငယ် တစ်ယောက်၏ အသံဖြစ်သည်။

ကျွန်မ အိပ်နေရာ စံကားဖြူပင်၏ နောက်မှလာသည်။ အသံက တိုးတိုး၊ မွမွညက်ညက်၊ နူးညံ့ သိမ်မွေ့သည်။ စိတ်ရှည်ရှည် ချော့တတ်မည့် အသံမျိုး ဖြစ်သည်။ ဘယ်သူပါလိမ့်….”

ထိုစံကားပွင့် အဖူးမှ ကျနော် စံကားပွင့်ကို အနီးကပ် ကြည့်ချင်မိသွားသည် အထိ။

“ရှင်က အခု ဘယ်မှာလဲ၊ ရှင့်နာမည်က ဘယ်သူလဲ၊ ဒီရွာသားလား “

“ အသံရှင် သည် ခပ်တိုးတိုးရယ်မောလိုက်သည်။ စကားသံ ခဏရပ်သွားပြီးနောက် သူ့ပုံပြင်ကိုသာ ဆက်ပြောနေ၏”

စံကားပွင့် အနီးကိုရောက်သွားသောအခါ ထိုစံကားပွင့်၏ ညှို့ငင်မှုအောက်မှာ ကျနော် သတိလက်လွတ်သွားပါတော့သည်။

“ဗြုန်းခနဲ ရှောင်ပုန်းချိန်မရလိုက်သော ပုံပြင်ဆရာသည် စံကားပင်၏ တစ်ဘက်မှာ ကျွန်မကို မျက်နှာချင်းဆိုင်လျက်သား ဖြစ်နေတော့မည် ဟူသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။ သို့သော် ကျွန်မ၏ မျက်စိအောက်တွင် လူတစ်ယောက်မျှ မရှိ။”

စံကားပွင့် တစ်ပွင့်နောက်ကို လိုက်ရင်း ကျနော် ရောက်သွားသည်က စံကားပွင့်တောအုပ်တစ်ခု အတွင်း ၀င်ရောက်နေမိပြန်ပါသည်။


စံကားပွင့် ၀င်္ကပါ


ဝင်္ကပါ အစကတော့ သိမ်မွေ့စွာ။

“ကိုယ်တို့ နှစ်ခါ တွေ့ဖူးတယ်လေ”

နှစ်ခါ….။

ကျွန်မ သူ့အသံကို မှတ်မိသွားသည်။

“အော”

ကျွန်မ စိတ်လှုပ်ရှားစွာ ပြုံးမိသွား၏။

“ကြည့်စမ်း ပုံပြောဆရာပဲ”

သူအသာရယ်လေသည်။

“ကိုယ့်နာမည်က ခွန်သာတဲ့”

ထို့နောက်တွင်မတော့ ကျနော် ၀င်္ကပါထဲကို ကိုယ်တိုင် အတင်းတိုးဝင်မိသွားပါတော့သည်။

“ကျွန်မ၏ ဆံပင်များကို နွေးထွေးသောလေတစ်ချက် လှစ်ခန ထိတို့သွားသည်ကို ခံစားလိုက်၏။ ထို့နောက် ကျွန်မ၏ပါးပြင်ဆီမှာ တစ်ခုခုက ရွရွလေး၊ ပွတ်တိုက်သွားသလို၊ အပင်ပေါ်မှ ကြွေကျလာသော စံကားဖြူလေးတစ်ပွင့်က ကျွန်မကို ကျီစယ်သွားလေသလား၊ မွှေးလည်း မွှေးလျက် နွေးလည်းနွေးသော ထိတို့မှုကလေးပါ။”

“အဲဒီကောင်ဆိုတာ ဘယ်သူ့ကို ပြောတာလဲ ဆရာ”

“ခွန်သာ မေ့မေ့သား”

ကျွန်မ သူ့ကို ငေးကြည့်နေမိတော့သည်။

အော်…..။ ကိုခွန်သာက မြဦးမေရဲ့ သား…….

ကျနော် စံကားပွင့် ၀င်္ကပါရဲ့ သုံးချိုးနှစ်ချိုးကို ရောက်သွားခဲ့မိပြီ။

“မမေဇော်….။ ခွန်သာမှ မရှိတော့တာပဲ”

“ဆရာ ဘာပြောတာလဲ”

“ခွန်သာက သေသွားပြီလေ”

မိုက်ခနဲ မူးဝေမှုကို ကျွန်မခံစားလိုက်ရသည်။

ကျွန်မတစ်ကိုယ်လုံး လေဟာပြင်တစ်ခုထဲသို့ လွင့်ကျသွားသလို လှပ်ခနဲ ဟာသွားသည်။

ဘုရား…ဘုရား။

ဆရာ ဘာပြောလိုက်တာလဲ….

“လွန်ခဲ့တဲ့ သုံးနှစ်တုန်းက”

ဟင့်အင်း….။

ဝင်္ကပါဆိုတာ သိသွားပေမယ့် ကျနော် ၀င်္ကပါထဲကို ဆက်ဝင်ကြည့်မှ ဖြစ်တော့မယ်။ ကျနော့အကျင့် အတိုင်း အဖြေကို သိဖို့ ကျနော် ကြိုးစားရတော့မယ်။

“ကို ခွန် သာ က သေ သွားခဲ့ပြီလား”

ကိုယ့်လက်ကို မင်းထိကြည့်လိုက်စမ်းပါ မေ၊ အဲ့ဒါ သေသွားပြီသားသူလား မေပဲကိုယ့်ကို ပြောပါ”

ကျွန်မကို ကမ်းပေးနေသော ညာလက်ကို ကျွန်မ လက်ဖျားဖြင့် အသာထိကြည့်လိုက်သည်။ အနည်းငယ်ကြမ်းရှသော၊ ခြောက်သွေ့သော နွေးထွေးသော လက်ဖြစ်သည်။

အမှန်တကယ်တော့ ကျနော်ထင်သလောက် ၀င်္ကပါက မလွယ်ကူ။ ဝင်္ကပါတို့၏ သဘောအတိုင်း စတင် ရှုပ်ထွေးစ ပြုလာခဲ့ပြီ။

“ဟောဒီ နေရာမှာ ကိုယ့် နှလုံးခုန်နေတယ်၊ မေ့လက်နဲ့ ထိကြည့်”

သူတင်းကြပ်စွာ ဆုပ်ကိုင်ထားသော ကျွန်မလက်ကို သူ့ဘယ်ဘက် ရင်ညွန့်ပေါ်သို့ တင်းတင်းဆွဲဖိပေးသည်။

အို…..

ကျွန်မ လက်ဖ၀ါးအောက်မှာ တဆတ်ဆတ် လှုပ်ခုန်နေသော…..


ကျနော့ကို တစ်အားမလှည့်စားပါနဲ့ ၀င်္ကပါရယ်။ ခေါင်းတွေလည်း ပူလှပြီ။ ဒီည ဘယ်လိုလုပ် ကျနော် အိပ်ပျော်နိုင်ပါတော့မလဲ။

“ မသေ ရင် သူကျွန်တော်နဲ့ ဆက်သွယ်မှာပေါ့ မမေဇော်။ ကျွန်တော့်ကို မုန်းနေတယ်ဆိုရင်တောင် ဒေါ်တင်ဆီ မလာစရာ ဘာများရှိမှာလဲ။ ဒီအိမ်ထဲမှာ ပြန်မနေစရာရော ဘာများ ရှိမှာလဲ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် သူ့အလောင်းကို မြေမြုပ်ခဲ့တာလေ”


ဒီစာအုပ်ကို ညဘက်မှာ ဖတ်မိတာကိုက ကျနော့အမှားပါ။ တစ်ခုခုဆို သတ္တိကြောင်တာမျိုး မဟုတ်ပေမယ့် ကြက်သီးမွေးညှင်း ခဏခဏ ထ တတ်သူမို့ လက်ဖျံပေါ်က အမွှေးတွေ ခဏခဏထောင်လာမိတယ်။ နေနှင့်ဦးပေါ့ ကိုခွန်သာ……

“ငါ တို့ဖော်လို့ ရတဲ့ အလောင်းမှာ လက်တစ်ဖက် ပျောက်နေတယ် မေဇော်”

ကျွန်မ ကြောင်ပြီး သူ့ကို ငေးနေမိ၏။

လက်ကျိုးတာက ဘယ်လက်၊ လက်စွပ် ၀တ်ထားတာလဲ ဘယ်လက်။ အခုအလောင်းမှာက အဲဒီလက် ရှိမနေဘူး”

ဟာဗျာ အဖြေနားရောက်က မှ ဘဲဥအစ ရှာမရသလို ဖြစ်ပြန်ပါရောလား။



စံကားပွင့် ၀င်္ကပါ အဆုံး

ခုတင်ခေါင်းရင်းသို့ ရောက်သောအခါ ကျွန်မ ရင်တလှပ်လှပ် ခုန်လျက် မွေ့ရာပေါ်သို့ ငုံ့ကြည့်လိုက်သည်။ ကျွန်မ မျှော်လင့် မှန်းဆထားခဲ့ပြီးသော မြင်ကွင်းဖြစ်ပေမယ့် တကယ် မြင်လိုက်ရသည့်အခါ မိုက်ခနဲ ပြာဝေကာ ယိုင်သွားလေသည်။

ဘုရား..ဘုရား။

ကျွန်မ၏ခေါင်းအုံးပေါ်တွင် ရှည်သွယ်သော ပွင့်ချပ်တွေ အထပ်ထပ်ဖြင့် ဖြူဆွ ကြွရွသော စံကားဖြူပန်းတစ်ပွင့်။

ကြယ်စံကားဖြူ။

“မင်းခေါင်းအုံးပေါ်မှာ တစ်ယောက်ယောက်က ဒီပန်းလေးကို လာတင်ထားစေချင်သလား”

ကိုခွန်သာ…..

ပုစ္ဆာက အရမ်းကိုခက်ခဲလွန်းတယ်။ ဒီဝင်္ကပါထဲမှာ ဘယ်လို ပြန်ထွက်ရမလဲ။

“ပန်းကလေးတစ်ပွင့်က နင့်အတွက် အဲ့ဒီလောက်တောင် အရေးကြီးနေသလား မေဇော်။ ညသန်းခေါင်ကြီးမှာ လူလား တစ္ဆေ လား၊ လူကောင်းလား၊ လူဆိုးလား မသိတဲ့လူတစ်ယောက်ကို ရှိမှန်း မရှိမှန်း မသိဘဲ သွားရှာဝံ့ရလောက်အောင် အရေးကြီးသလား”

“ကြီးတယ်၊ တစ်ခါတစ်ခါကျတော့ ပန်းတစ်ပွင့်ဟာ ပန်းတစ်ပွင့်သာမကတော့ဘူး။ ဆုံးဖြတ်ချက်တစ်ခုလည်း ဟုတ်တယ်။ ဝေဒနာတစ်ခုလည်း ဟုတ်တယ် မင်းညို။ အဲဒီဝေဒနာကို ငါက အသိအမှတ်ပြုမှ ဖြစ်မှာပေါ့”

“ဒါပေမယ့် အဲ့ဒီပန်းကို လာတင်ထားတဲ့သူက ငါဖြစ်နေရင်ကော”

သေချာနေပါပြီ ကျနော် ၀င်္ကပါရဲ့ အခက်အခဲ အနက်အနဲဆုံးအပိုင်းကို ရောက်နေခဲ့ပြီ။

“နင် ဘာဖြစ်လို့ အဲဒီစံကားပွင့်ကို မှ ခူးခဲ့တာလဲဟင်”

အော်…၊ လှလို့လေ

ဟင် လှတာတွေက အများကြီး၊ ဘာလို့ သူ့ကိုမှ….

သူက ပိုလှလို့ပေါ့ဟာ

နင်ကလဲ ဘယ်လိုပိုလှတာလဲ၊ ပွင့်ချပ် ဘယ်နှခုဆိုရင် လှတာလဲ၊ နည်းတာ လှသလား များတာလှသလား

နည်းတာလှတာပေါ့၊ များရင် ဘယ်လှပါ့မလဲ၊ ရှုပ်ကုန်မှာပေါ့

ကျွန်မ သူ့အဖြေကြောင့် စိတ်ထင့်သွားသည်။ ကျွန်မ၏ ခေါင်းအုံးပေါ်က စံကားဖြူသည် ဟောဟိုဥယျာဉ်ထဲက စံကားဖြူပင်တွေ အားလုံးတွင် ပွင့်ချပ်အများဆုံး ပန်းပွင့်လေ။

သေချာလွန်းမက သေချာလွန်းတဲ့ အဆုံးမှာတော့ ကျနော် အဲ့ဒီ စံကားပွင့် ၀င်္ကပါထဲမှာ ဘယ်လို မှ ပြန်ထွက်လို့ မရအောင် ပိတ်မိသွားခဲ့ပြီဆိုတာပါပဲ။ နောက်ထပ် တိုက်ဆိုင်တာက စာရေးဆရာက ဒီစံကားပွင့်ကို ပြီးဆုံးသွားတဲ့ ရက်။ ဘယ်လိုမှ မေ့စရာမရှိတော့။

စံကားပွင့် ဝင်္ကပါ အထွက်

ဝင်္ကပါအထွက်က လမ်းနှစ်သွယ်ကိုဖြစ်စေခဲ့တယ်။ ဘယ်လမ်းကိုလိုက်ရမလဲ စာရေးဆရာကို မေးကြည့်တော့ စာဖတ်သူ ကြိုက်တဲ့လမ်းကို လိုက်လို့ရပါတယ်တဲ့။ စာရေးဆရာက ဘယ်လိုမျိုးဖန်ဆင်းခဲ့တာလဲခင်ဗျာဆိုတော့ ခွန်သာကို သက်ရှိတစ်ယောက်အနေနဲ့ ဖန်ဆင်းခဲ့တာဖြစ်ပြီး ခွန်သာက မေဇော်ကို ချစ်မြတ်နိုးစွာဖြင့် အနစ်နာခံ စွန့်လွှတ်တဲ့ချစ်ခြင်းကိုသာ ရွေးချယ်ခဲ့တဲ့ ချစ်သူတစ်ဦးပါ။ သူလို အညတရတစ်ယောက်နဲ့ နေရင် မေဇော်ဘ၀ မလှပ မှာစိုးတဲ့အတွက် သက်ရှိထင်ရှား ဘ၀ကို သူ ထွက်မလာခဲ့ပါဖူး။

ဒါကြောင့်လည်း သူနဲ့အတူ ကျနော် ဒီစံကားပွင့် ၀င်္ကပါထဲမှာ ပိတ်မိနေခဲ့တာ။

အခုတော့ ဒီဝင်္ကပါကနေ ကျနော် လွတ်မြောက်သွားခဲ့ပါပြီ………………………………………….

ကျနော့မေးခွန်းတွေကို ဂရုတစိုက်ဖြေကြားပေးတဲ့ ဆရာမ ဂျူးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ.........

Credit to : ချစ်သူလား စံကားတစ်ပွင့် ပွင့်ခဲ့တယ် ဂျူး

19 December 2009

2009 Year End










15 December 2009

နတ်တော်လကွယ်နေ့

ယနေ့ နတ်တော်လကွယ်နေ့………………………ထို့အတူ……….

မနက်က ဆရာတော်ကြီးကို ဆွမ်းကပ်အပြီး ပုံမှန်အတိုင်း ရုံးတက်ဖို့ သုတ်သီးသုတ်ပျာ လုပ်နေဆဲ ရှစ်ပါးသီလယူမည့်သူများ တရားနာရန်ကြွပါဆိုတော့မှ သတိရတယ် ယနေ့နတ်တော်လကွယ်နေ့ ဥပုသ်နေ့။

ဘဝမှာ မှတ်ရလွယ်တဲ့ နေ့ရက်တွေနဲ့ အဖြစ်အပျက်တွေက သိပ်တိုက်ဆိုင်လွန်းနေသလား။

တန်ဆောင်မုန်းလပြည့်နေ့ မေ့မွေးနေ့ပါ။ မေ့မေ့ပျောက်ပျောက်ကို မဖြစ်နိုင်လောက်အောင် သိသာတဲ့နေ့ပေါ့။ လမင်းကြီးသာသလို မေ့မျက်နှာငွေလဝန်းကလည်း ဝိုင်းစက်လို့။ အဲ့ဒီနေ့ ရောက်တိုင်း မပျက်မကွက်မေ့ကို ကန်တော့ရင်း သူလိုချင်တဲ့ မွေးနေ့လက်ဆောင်လေးတွေ ပေးနေကြ။ ကျနော်တို့ အိမ်မှာက မိသားစုဝင်တစ်ယောက်မွေးနေ့ ရောက်တိုင်း စက်ရုံနယ်မြေမှာ အကောင်းဆုံးလို့ ဆိုရတဲ့ သရက်ပင်ဆိုင်မှာ မုန့်စားခွင့် ရလေ့ရှိတယ်။ တစ်နှစ်မှာ သုံးခေါက်ပဲဆိုတော့ ဒီအခွင့်အရေးက လက်မလွတ်သင့်ဖူးလေ။ ကျနော် အပြင်ထွက်လာပြီးတဲ့နောက်ပိုင်းတော့ သူတို့နှစ်ယောက်တည်း အခုလိုမှ လုပ်ဖြစ်သေးရဲ့လား မသိတတ်တော့။

သီတင်းကျွတ်လပြည့်နေ့ ကျနော်သုံးနှစ်သားမှာပဲ မေ့ဖက်က အဖိုးဆုံးပါတယ်။ သီတင်းကျွတ်ကာလမို့ အမျိုးတွေဆုံနေတုန်းပေါ့။ အဲ့ဒီနေ့ နေ့လည်က ကျနော်က အဖိုးရဲ့ အနောက်ဖက် ကုတင်မှာ အိပ်နေခဲ့တာ။ ငိုသံတွေကြားလို့ အိပ်ချင်မူးတူး ထကြည့်တော့ မေတို့ ညီအစ်မတွေ ငိုကြွေးနေကြတယ်။ ရွှေတောင်ကြီးပြိုပေမယ့် ကျနော်က ငယ်လေတော့ ဘာရယ်ကို မသိခဲ့။ ဆရာမတွေ အိမ်မို့ ကျောင်းသားတွေ တရုန်းရုန်းနဲ့ ပျော်ဖို့တောင် ကောင်းသေးတော့။ အခုတော့ ခဏခဏပြောင်းလေတဲ့ သချင်္ ိုင်းနောက်မှာ အဖိုးတောင် ဘယ်နားရောက်နေပြီလဲ။

ပြည်ထောင်စုနေ့ မေ့ဖက်က အဖွားဆုံးတဲ့နေ့ပါ။ အဖွားဆုံးတော့ ကျနော်က ရန်ကုန်မှာပါ။ အဖွားဆုံးပြီ ကြည့်မြင်တိုင်က အစ်မကို ခေါ်ပြီး အမြန်လိုက်လာပါတဲ့။ ရန်ကုန်-မန္တလေး အမြန်ရထားကို မနက်ငါးနာရီ လက်မှတ်တန်းစီပြီး ဝယ်ရတယ်။ ပထမဆုံးတစ်ယောက်တည်းသွားရတဲ့ ခရီးမို့ အနည်းငယ်တော့ စိုးရိမ်မိတယ်။ ဆယ်တန်းဖြေပြီးကတည်း မုံရွာကို ပထမဆုံးပြန်ရောက်တဲ့ခရီးပေါ့။ ကားကွင်းကို အပြင်ထုတ်ထားပြီမို့ အရင်လို အိမ်နားအထိ မရောက်တော့။ မြို့ထဲကို သွားတဲ့ကားကို စီးရင်း စျေးဟောင်းနားရောက်တော့ ဖေနဲ့ ဦးလေးကို ဆိုင်ကယ်နဲ့တွေ့လိုက်တယ်။ ဒါနဲ့ကမန်းကတန်းပြေးဆင်းပြီး အိမ်ကို ပို့ခိုင်းရတယ်။ အိမ်က သူတစ်စိမ်းတစ်ယောက်ကို ကြိုသလို ခံစားရတယ်။ အဖွားဆုံးတော့လည်း မငိုမိပြန်ဖူး။

အချိန်ကာလတွေပြောင်းပေမယ့် အဟောင်းတွေကို မမေ့နိုင်သေး။ တစ်နှစ်ပြီးတစ်နှစ် ထိုနေ့ရက် အသစ်များကလည်း ဖြတ်ကျော်ဆဲ။ ထို့အတူ နတ်တော်လကွယ်နေ့သည်လည်း ယခု တစ်ဖန် ဖြတ်ကျော် ပြန်လေပြီ။

06 December 2009

မရွယ်ပဲ ရောက်ဖြစ်တဲ့ခရီး

ဒီနှစ်ထဲမှာ ခရီးထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ပထမ ဖူးခက်တဲ့။ စျေးချတဲ့ အချိန်လေး ကြိုတင်လက်မှတ်တွေ အပြေးအလွှားဝယ်ဖို့ ရတဲ့ အချိန်က ခဏဆိုမှ ခဏလေး။ အခုမြင် အခုပျောက်ခေတ်မို့ မင်းလိုက်မလား ငါလိုက်မလား မေးနေတုန်းမှာ လက်မှတ်က မကျန်တော့။ ဖူးခက်ကို စီစဉ်သူကိုယ်တိုင်က စိတ်နာနေတာမို့ ဘယ်လိုမှ မအောင်မြင်တဲ့နောက် ဘာလီဆိုပြီး လက်တို့မိပြန်ရော။ ဘတ်ဂျတ်က ဘယ်လောက်လဲ တောင်စဉ်းစား မြောက်စဉ်းစားနေတုန်းမှာပဲ ဘာလီခရီးစဉ်လည်း ပျက်ပြန်ပါရောလား။ နောက်ဆုံးတော့ အပန်းဖြေ ခရီးစဉ် လန်ကာဝီဆိုတာကိုရွေးပြီး ဇကာတင်ခြောက်ယောက်ကို မနက်မှာပြော ညနေမှာ အတည်ပြု နောက်နေ့ မနက်မှာ ကြိုတင်စာရင်းသွင်းဖြစ်ခဲ့တယ်။ မွေးနေ့ ပတ်စပို့နံပါတ် ကုန်ဆုံးမယ့်ရက် လိုအပ်သည့်အချက်အလက်တွေကို ပေးပို့ပြီး လေယာဉ်လက်မှတ်ကို အမြန်ဝယ်ခဲ့လိုက်တယ်…………

လေယာဉ်လက်မှတ်ပြီးပြန်တော့ ဟိုတယ်။ စီစဉ်သူက စိတ်ကူးယဉ်ဆန်စွာ ရေတွေထဲက ဟိုတယ်လေးတွေ လိုချင်သေးတယ်။ လိုက်မယ့်သူတွေက ညအိပ်ရုံပဲမို့ နေဖြစ်တယ်ဆို အိုကေတဲ့။ ဒါနဲ့ နောက်ဆုံးတော့ အလယ်အလတ်ကိုပဲကြားချပြီး အဆင်ပြေနိုင်မယ့်ဟိုတယ်ကိုပဲ ဘွတ်ကင်တင်ခဲ့လိုက်တယ်။ လေဆိပ်နဲ့အတော်လေးနီးပါတယ် ဒါပေမယ့် ပင်လယ်ကမ်းခြေက အစစ်မဟုတ်ခဲ့ဘူး။ ပြီးတော့ စားသောက်ဆိုင်တန်း လူစည်ကားတဲ့အရပ်နဲ့ ဝေးလံနေခဲ့တယ်ဆိုတာ ရောက်တော့မှ သိခဲ့ရတာ။

ထုံးစံအတိုင်း ခရီးတစ်ခုမှာ အခက်အခဲပေါင်းများစွာနဲ့။ ခြောက်ယောက်မှာ တစ်ယောက်သောသူက မရောက်သေးခဲ့။ ဖုံးတွေဆက်တော့ လာနေတယ်လမ်းမှာတဲ့။ ရောက်ပြန်တော့လည်း သူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ အထဲကို မဝင်နိုင်ခဲ့ပြန်သေး။ စ စချင်းဖြစ်တာကတော့ အတူခရီးသွားမယ့်သူတစ်ယောက် သူရဲ့ SPass ကို cancel လုပ်ပြီး white card နဲ့နေ,နေ ဆဲကာဖြစ်နေတယ်။ ပြီးတော့သူက ပြန်ဝင်လာဖို့ Visa ကိုလည်း မလျှောက်ထားမိခဲ့ဘူး။ ဆိုတော့ လူဝင်မှုကြီးကြပ်ရေးက တစ်ခါတည်း သူ့ white card ကိုသိမ်းသွားပါလေရော။ အဲဒီတော့မှ ဟင့်အင်း ငါမလိုက်တော့ဘူး ပြန်ဝင်မယ်တဲ့။ အရာရှိက မရပါဘူးလို့ ဇွတ်ငြင်းတော့တာပါပဲ။ လေဆိပ်က လူဝင်မှု ဌာနမှာ စုံစမ်းပေမယ့် အကြောင်းမထူးပါဘူး။ မလေးကနေ visa လျှောက်ပြီး ပြန်ဝင်လာခဲ့ပါတဲ့။ နောက်ဆုံးမတော့ သူလည်း စိတ်မပါလက်မပါနဲ့ boarding ဆီကို သွားရတော့တာပါပဲ။

ဒုတိယတစ်ခုကတော့ ရေဗူး။ အထဲမှာ ရေဆာရင်သောက်ဖို့ ရေဗူးနှစ်ဗူးကို စျေးကြီးကြီးပေးဝယ်မိခဲ့တယ်။ boarding ဝင်တော့မယ်ဆိုတော့ ရေဗူးထဲက ရေကို သွန်ပါတဲ့။ စျေးကြီးကြီးရယ် ရေဗူးရယ် တစ်လှည့်ဆီကြည့်ပြီး နှမြောနေမိတော့တာပါပဲ။ ပါလာတဲ့ တစ်ယောက်က အမျှော်အမြင်ကြီးစွာ ငါအကုန်သောက်မယ်ဆိုပြီး သောက်ရှာတယ်။ အထဲကရေတော့ ပြန်ဖြည့်လို့ ရပါတယ်။ ဒါပေမယ့် ဟိုရေလေးတွေက စျေးအကြီးသား…





Air Asia နဲ့ ပထမဆုံးအကြိမ်ပေါ့။ နောက်ကတစ်ဖွဲ့ကတော့ စကားတွေဖောင်ဖွဲ့လို့။ နာဆီလာမက်စားကောင်းတယ်ဆိုပြီး အမှာကောင်းပေမယ့် online ကနေ ကြိုမှာမထားတဲ့အတွက် မရလိုက်ပါတဲ့ဗျား။ ဓါတ်ပုံရိုက်မယ့်သူတွေကလည်း ကင်မရာတစ်ပြင်ပြင်ပေါ့။ တိမ်တွေကို ရိုက်မယ် ရှုခင်းရိုက်မယ်နဲ့ ကင်မရာကြီးတစ်ချိန်ချိန်။ သိပ်မကြာခင်မှာပဲ ကျွန်းစု ငယ်လေးတွေကို မြင်ရတယ်။ ရေပြင်တွေကြားက ကျွန်းစုလေးတွေကို ရိုက်နေမိသေးတယ်။


လေယာဉ်ဘီးလုံးချပြီဆိုတော့ ငြိမ့်ခနဲပဲ။ မြန်မြန်ထက်ထက်ဆင်းပြီး လေယာဉ်ကွင်းက ရှုခင်းတွေကို ရိုက်ဖို့ အဆင်သင့်ပြင်။ လေယာဉ်ထိပ်ဖူးကိုင်ရိုက်ချင်တဲ့သူ ရှိသေးတယ်ဗျ။ ဟဲဟိုးလေဆိပ်လေးလိုပါပဲ။ သိပ်မကြီးလွန်းမသေးလွန်းပေမယ့် သေသပ်လှပတဲ့ လေဆိပ်ငယ်တစ်ခုပါ။ အဲယားကွန်းမရှိတာတစ်ခုပဲ။


တတိယအခက်အခဲကတော့ ခရီးသွားသူ ခြောက်ယောက်ထဲမှာ တစ်ယောက်တည်း မလေး လူဝင်မှုမှာ ကျန်နေခဲ့တာပါပဲ။ သူတို့ computer system down သွားတာမို့ ခဏစောင့်ပါဆိုတော့ သူတစ်ယောက်တည်း အဲ့ဒီဖက်အခြမ်းမှာ။ လေယာဉ်တစ်စင်းလုံးက ခရီးသည်တွေ ဒီဖက်ရောက်ကုန်ပြီလေ။ အသွားတင်ပဲလားဆိုတော့ မဟုတ်ဘူးခင်ဗျ အပြန်မှာလည်း သူ့အလှည့်မှာ system down ပြန်ရော။ ဘာဆုများတောင်းခဲ့လဲ မသိနော်။


လေဆိပ်ငယ်လေးထဲမှာ ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်။ ပြီးတော့ ပြန်ဝင်မယ့်သူအတွက် KLလေယာဉ်လက်မှတ်တစ်ခါတည်းဝယ်။ များတယ်လုပ်နေသေးတယ်နော် ရွေးစရာလမ်းမှ မရှိတော့ပဲ။ အိုကေပြီ ဆိုတော့ ကားစငှားရပြီ။ ၁၈ကျပ်ပဲ ပေးရတယ်ထင်တယ်။ သိပ်မှမဝေးပဲ။

ဟိုတယ်အခန်းတွေက အဆင်ပြေပါတယ်။ ဘန်ကောက်က ဟိုတယ်တွေလောက် မကျဥ်းဘူး။ ခဏနားပြီးရင် ခရီးပြန်စဖို့ ကျနော်က ခရီးသွားကောင်တာမှာ တောင်မေးမြောက်မေးလုပ်ရင်း စျေးတွေဆစ်နေခဲ့တာ။ တော်လောက်ပြီထင်နေတာ တကယ်က များသေးသတဲ့။ အကြိုအပို့ကားခနဲ့ဆိုရင်တော့ သိပ်မကွာပါဘူး။

ရေမိုးချိုး အဝတ်စားလဲ ပြီးနေ့လည်စာ စားဖို့ အချိန်က သိပ်မကျန်တော့။ ကားက သိပ်မကြာခင်လာကြိုတော့မှာ။ ရွေးချယ်ချိန်သိပ်မရတာမို့ ဟိုတယ်က စားသောက်ဆိုင်မှာပဲ ထမင်းကြော်ချည်း မှာပစ်လိုက်တယ်။ ထမင်းတွေက ထွေးနေတာမို့ သူတို့ထမင်းကြော်က တစ်မျိုးပဲ။ ပိုက်ဆံရှင်းတော့ အတော်လေးကျသွားတာ အင်းဟိုတယ်မို့ နေမှာပါလေ။ တကယ်က ပိုက်ဆံမှားတောင်းတာဆိုပြီး နောက်တစ်နေ့မှာ ပိုက်ဆံတွေလာအမ်းသွားပါတယ်။ accountant တစ်ယောက်မှ မပါတာ အဲ့ဒီမှာ နာတာပဲ။

ပထမဆုံးက ကိုယ်ဝန်ဆောင်မိန်းမပုံဖြစ်နေတဲ့ ကျွန်းဆီကိုပါ။ လာကြိုတဲ့ကားက ကျနော်တို့ဆီက ကားလိုပဲ တကယ့်ကကြီးရေချာ ၀စ္စနှစ်လုံးပေါက်ကား။ အနှီကားရယ် တောလမ်းလိုလို အိမ်ကလေးတွေရယ်က ရွှေပြည်ကြီး လွမ်းအောင်ဖန်တာပေါ့။ ကြယ်ငါးပွင့် ခမ်းနားလှတဲ့ ဟိုတယ်ကြီးရှေ့မှာ အဖြူ အာမို နှစ်ယောက်ကို သွားကြိုတော့ ဒီဟိုတယ် တည်းချင်လိုက်တာ ဖြစ်ကြပြန်ရော။ အပြန်မှ ဓါတ်ပုံရိုက်မယ်တေးထားခဲ့ပေမယ့် မရိုက်ဖြစ်ခဲ့ပြန်ဘူး။


စက်လှေဆိပ်ကိုရောက်တော့ ကောင်းကင်ပြင်ရယ် ပင်လယ်ရယ် ရှုခင်းတွေက တမေ့တမော။ အဲ့ဒီအချိန်မှာ အလုပ်အကြောင်းတွေ ခေါင်းထဲမှာ မရှိ ဘယ်ပူပင်သောကမှ မရှိတော့တာမို့ ခရီးထွက်ရခြင်း အကျိုးပေပဲလို့ ကိုယ့်ဖာသာ မှတ်ချက်ချမိတယ်။ ဒါမှလည်းနောက်ထပ် ခရီးတွေသွားဖြစ်နေမှာလေ။

ရေပြာပြာ လှိုင်းဖွေးဖွေးကို လက်ကထိရင်း အင်းထဲမှာ စက်လှေစီးရတာရယ် မကွေး-မင်းလှ စက်လှေခရီးရယ်ကို ပြန်တွေးမိသွားပြန်ရော။ နေရာချင်းမတူပင်မယ့် အိမ်ပြန်ခရီးလိုခံစားမိသွားလို့ပါလေ။

ရှုမဆုံးတဲ့ ပင်လယ်ပြင်အလှကိုတော်တော်လေး ကျော်လာပြီး စ စချင်းမြင်ရတာက တံတားရှည်တစ်စင်းပါပဲ။ ပင်လယ်ထဲကိုထိုးထွက်နေတဲ့ တံတားရှည်အဆုံးမှာ ခရီးစဉ်တစ်ခုပေါ့။ တောင်ပေါ်ကို တက်ရင်း ရေချိုကန်တွင်းတစ်ခုကို သွားရတယ်။ နိုင်ငံခြားသားတစ်ချို့က တဘက်တစ်ထည်ရေကူး ဝတ်စုံနဲ့ဆိုတော့ ဘာများပါလိမ့်ပေ့ါ။ ရေချိုကန်မှာ ရေဆင်းကူးကြမယ်ထင်ပါတယ်။ သဘာဝကန်ကို chemical တွေနဲ့ ညစ်နွမ်းပျက်စီးမှာ စိုးတာကြောင့် ရေချိုးဖို့အသုံးအဆောင် ဆပ်ပြာ ခေါင်းလျှော်ရည်တွေ သုံးစွဲခွင့် မပြုပါဖူးတဲ့။ အင်းလေးကန်ကိုကော ထိန်းသိမ်းဖို့ အင်း……………

ကန်အတွင်းမှာ အပျော်စီးဖို့ ခြေယက် လှေကလေးတွေ ကန်တော်မင်ပန်းခြံထဲမှာ ကျနော် ဂျီကျလို့ ဖေနဲ့မေ ခြေညောင်းအောင် ယက်ခဲ့ရတဲ့ လှေမျိုးလေးတွေပါပဲ။ ဓါတ်ပုံတွေ အားရအောင်ရိုက်ပြီးတော့ တံတားဖက်ကိုပဲ မြန်မြန်လျှောက်ဖြစ်ခဲ့တယ်။ ဘာမှလည်း လောက်လောက်လားလား မရှိဘူးလေ။


လူပြိုကြီးလုပ်လာတဲ့ တစ်ယောက်ကလည်း ဟိုနား တစ်ပုံလောက် ဒီနားတစ်ပုံလောက်ဆိုလို့ ရိုက်ခဲ့ပေးရပါသေးတယ်။ ရှုခင်းပုံတွေက သဘာဝအလျောက် လှနေလျက်သားနဲ့ သူပါမှပဲ ပျက်တော့တယ်။ ဇနီးနဲ့သားလေးအတွက်လို့တော့ ပြောတာပါပဲ။ ချင့်ယုံကြတာပေါ့ဗျာ။

နောက်တော့ လန်ကာဝီရဲ့ အဓိကဇာတ်ဆောင်တွေရှိတဲ့ဆီပေါ့။ ကင်မရာ မှန်ဘီလူးရှည်ကိုလဲလိုက် မှန်ဘီလူးတိုကိုလဲလိုက်။ မြန်လိုက်တဲ့ ငါ့ကောင်တွေရ။ ဖျတ်ခနဲထိုးဆင်းလိုက် သေချာချိန်ပြီး ရိုက်လိုက်တော့ လေဟာနယ်။ ကဲ..ဓါတ်ပုံဆရာတော်ပါတယ်ဆို ငါ့ကောင်တွေရယ် ဖြည်းဖြည်းသက်သာ ပြန်ပါတော့လို့ ညည်းယူရတယ်။ အလင်းအမှောင် ချိန်ဖို့ကို သတိမရတာမို့ နှိပ်လာသမျှ ပုံတွေကလည်း မှောင်နဲ့မည်းမည်း လရောင်လည်းမသဲကွဲဆိုသလို။ ပညာရပ်ဆိုတာ သင်လို့ကို မဆုံးနိုင်ဘူးနော်။

နောက်တော့ ကျွန်းငယ်လေးတစ်ခုကို လိုက်ပို့ခဲ့တယ်။ ပင်လယ်မှာ ရေပြင်ကြည်စိမ်းနေတာနဲ့ ပြာလဲ့နေတဲ့ အရပ်တွေရှိတယ်။ အခုနေရာက ပြာလဲ့နေတာပေါ့။ ရေကြိုက်တဲ့ ကိုယ်လိုလူက ရေထဲဆင်းချင်လိုက်တာ။ အဖြူစုံတွဲက ပါလာတဲ့ အပေါ်ကအဝတ်တွေကို အဆင်သင့်ချွတ် အောက်က ရေကူးဝတ်စုံကိုယ်စီနဲ့ ရေထဲဆင်းချိန်မှာ ကျလိကျလိဖြစ်နေခဲ့ပြီ။ well prepare လုပ်ဖို့ လိုသွားခဲ့တာပါပဲ။ မဟုတ်ရင် ရေထဲမှာ ပျော်ရမှာ။

အိမ်ပြန်ချိန်ကျ နေလုံးက ညိုနေပြီ။ ခဏလေးပါလားနော်။ အင်း ပိုက်ဆံများ ရှာရတာ ခက်သလောက် အခုလို သုံးလိုက်တော့ အသံတောင်မကြားလိုက်ရ။ ကမန်းကတန်း ရေချိုး ညစာစားဖို့ အပြင်ဖက်ကို အစာထွက်ရှာဖို့ပါ။ အနီးအနားမှာ မုန့်စျေးတန်းဆိုတော့ အပြေးအလွှားအပေါ့။ တွက်ရေးက စက်သူဌေး တွက်ကြည့်တော့ စက်မရှိ အစားအစာတွေက ကိုယ်တွေအကြိုက်မဟုတ်တာမို့ နယ်မြေသစ်ရှာဖွေဖို့ ခြေလှမ်းစ။ ကိုလံဘတ်လိုဘာလိုလိုပါ။ ၁၈ ကျပ်ပေးခဲ့ရတဲ့ ခရီးကိုလမ်းပြန်လျှောက်တယ် လေဆိပ်ရောက်မှ တက္ကစီကိုငှားပြီး လမ်းတဝက်က အဖော်တွေကို ခေါ်တင်ခဲ့တာပေါ့။

ပင်လယ်စာ ပင်လယ်စာ ပင်လယ်မြင်ကတည်းက တကြော်ကြော်ကျွေးကြော်လာခဲ့တာ။ အကောင်းဆုံးစားသောက်ဆိုင် ရောက်တော့ အမျိုးတွေနဲ့တွေ့ပြန်ရော။ အစ်ကိုတို့ဘာသုံးဆောင်မလဲဆိုကတည်းက အဖွဲ့ကျ သွားတော့တာပါပဲ။ ဟိုဟင်းလေးမြည်းကြည့် ဒီဟင်းလေးမြည်းကြည့် နဲ့ ညွှန်းတော့တာကိုး။ အဲ့ဒီမှာပဲ ကျနော်တို့ ဇာတ်လိုက်ကျော် ဦးကျော်နဲ့စတင်ဆုံဆည်းခဲ့ကြတယ်။ ကျနော်တို့အတွက် တကယ့် လမ်းပြတစ်ယောက် အစ်ကိုတစ်ယောက်ပါပဲ။ နောက်နေ့ကစလို့ ပြန်တဲ့ မနက်အထိ ဦးကျော်ရဲ့ အကူအညီတွေ အများသားပါ။

ဒုတိယနေ့မှာတော့ ဟိုသွားမယ် ဒီသွားမယ်ကနေခြေခင်းလက်ခင်းသာတုန်း ဟိုးအဝေးက တောင်ပေါ်မှာ cable car စီးကြမယ်ဖြစ်သွားတယ်။ မိုးတွေတစ်အားရွာတတ်တယ်။ မိုးတွေရွာရင် cable car မစီးရတော့ဘူးဆိုတော့။ ဒီရောက်မှတော့ စီးဖြစ်အောင်စီးမယ်ပေါ့။ ဒီမှာ စီးမယ်ဆိုပေမယ့် စျေးက အကြီးသားလေ။

သွားတဲ့လမ်းခရီးမှာ ရွက်လှေဆိပ်လှလှလေးရှိတယ် ဆိုတော့ ကင်မရာသမားနှစ်ယောက်က မျက်စိလေးတွေ အရောင်တောက်သွားတယ်။ ဒါပေမယ့် တကယ်တမ်း ရောက်တော့ နေကတစ်အားပူနေခဲ့တာ။ ရွက်လှေဆိပ်ကတော့ လှပါတယ်။ တောင်ပေါ်တက်တဲ့လမ်းကလေးက မေမြို့လမ်းကလေးလိုလို တောင်ကြီးလမ်းကလေးလိုလို။

Cable car နေရာကိုရောက်တော့ မထင်လောက်အောင် ငြိမ်သက်တိတ်ဆိတ်လို့။ အဝင်က ဆိုင်လေးတွေမှာလည်း မလှုပ်တလှုပ်။ အကောင်လေးတွေ မွေးထားတဲ့ ဥယျာဉ်ငယ်လေးကိုလည်း ဖြတ်ခဲ့တယ်။ လက်မှတ်ဖြတ်တဲ့နေရာ ရောက်တော့လည်း ပုံမှန်လိုပဲ။ တိုးတိုးကြိတ်ကြိတ်မရှိလှ။


မျဉ်းအဝါရောင်လေးတွေ မြင်တော့ please stand behind the yellow line ဆိုတဲ့အသံမကြားရပါလားလို့တောင် တွေးနေမိသေးတယ်။ တကယ်က MRT မှာမှ မဟုတ်ပဲကိုး။ တစ်စင်းပြီးတစ်စင်း သူ့အလိုအလျှောက် တံခါးလေးတွေပွင့်လာခဲ့တာ။ အရမ်းချစ်ခင်ကြတဲ့ ကျနော်တို့ ခြောက်ယောက်လုံး စည်းလုံညီညွတ်စွာ တစ်စင်းထဲမှာတက်ခဲ့ကြတယ်။ လေဟာနယ်တစ်ခုကို ရောက်ပြီဆိုတော့မှ သတ္တိကောင်းသူကြီးနှစ်ယောက်ကို တွေ့ရတော့တယ်။ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်လို့ အားပေးနေကြတာ။ ဒါတောင် သိပ်မမြင့်သေးဘူး။ တစ်ယောက်တစ်စင်းစီများ စီးခဲ့ရင် အပေါ်မရောက်ခင် သူတို့အသက်မှီပါ့မလား မသိနိုင်လောက်ပါ။ မြင်ကွင်းတွေ သိပ်လှတယ် လက်မလွတ်စေနဲ့ ကြည့်ဆိုလည်း ဟင့်အင်း မျက်စိကိုအတင်းမှိတ်ခေါင်းကို အတွင်ခါ။

ပထမအဆင့်ရောက်သွားတော့ အေးမြတဲ့လေထု နှင်းနုတွေကို ကြုံရပြီ။ မြူမှုန်တွေဖွေးခနဲ ဖွေးခနဲ ကြဲကြဲချနေတော့တာ။ cable car ပေါ်ကဆင်းတော့ အပေါ်မှာ ကြောက်ခဲ့တာ သူတို့နှစ်ယောက်မဟုတ်သလို ဟိုနား ဓါတ်ပုံရိုက်လိုက် ဒီနားဓါတ်ပုံရိုက်လိုက်။ နောက်တစ်ဆင့်တက်မယ်ဆိုတော့ သူတို့ဇာတ်လမ်းပြန်စပေါ့။ အပျင်းတော့ပြေသား။


အမြင့်ဆုံးတောင်ပေါ်မှာတော့ မြူတွေက အုပ်ဆိုင်းမှုံမှိုင်းနေပြီ။ sky bridge ကိုသွားမယ်ဆိုတော့ ထုံးစံအတိုင်း သတ္တိခဲတွေက နောက်ခြေလှမ်းနေပြီ။ လာပါကွာ အရမ်းလှတယ်။ မလျှောက်တော့လည်း အစမှာနေခဲ့ဆိုမှ ပါလာခဲ့တာ။ တကယ်တမ်းလျှောက်ပါဆိုတော့ ဘောင်ကိုင်ပြီးလျှောက်တာတောင် ရှေ့ခြေမလှမ်းရဲ။ ဒါနဲ့ အမျိုးသမီးအာဇာနည်နှစ်ဦးက ကူပြီး မျက်ကန်းနှစ်ယောက်ခေါ်သလို မျက်စိမှိတ်ပြီး တံတားကို ကူးခိုင်းရတာ။ အဲ့လောက်ထိ။ ဗိသုကာပညာရပ်တွေနဲ့ လှပတဲ့ကြိုးတံတားတစ်ခုပါပဲ။ အမြင့်နဲ့ပနာရလောက်အောင် ဆောက်ထားတဲ့ ဗိသုကာပညာကတော့ အံမခန်းပါ။

Cable car နောက်ပြန်ဆင်းချိန်မှာတော့ ဉာဏ်ကြီးရှင်က အောက်ကိုဆင်းတဲ့ဖက်မှာ နေရာဦးခဲ့ပြီးနေပြီ။ ဒါတောင် အလယ်ကိုလုနေကြသေးတယ်။ တောင်အောက်ရောက်တော့ ဗိုက်အတော်ဆာနေခဲ့ပြီ။ အနီးအနားမှာဆိုင်ရှိတယ်ဆိုပေမယ့် တော်တော်လေး ဝေးဝေးကို ပြန်ဆင်းခဲ့ရတယ်။ ငါတို့ဆိုတဲ့ စားသောက်ဆိုင်လေးပါ။ ပြည်ကြီးငါးကြော်ကို တော်တော်လေး အရသာတွေ့မိတယ်။



နောက်တော့ ရေတံခွန်ဆီပေါ့။ ဒီတစ်ခါတော့ well plan မို့ ရေတံခွန်မှာ ရေချိုးခဲ့ရတယ်။ အေးစက်ကြည်လင်တဲ့ ရေကြောင့် တောင်ပေါ်တက်ခဲ့သမျှ အမောတွေ ပြေရောဆိုပါတော့။ ရေတံခွန် ကနေ ပြန်တော့ လူကပင်ပန်းစပြုလာပြီ။ ဒါပေမယ့် သဲသောင်ပြင်အမည်းတွေရှိတဲ့ဆီကို သွားဖြစ်ခဲ့သေးတယ်။ ကျိန်စာသင့်တယ်လို့ အဆိုရှိတဲ့နယ်မြေပေါ့။ ထူးဆန်းစွာ အဲ့ဒီကမ်းခြေလေးတစ်ဝိုက်မှာပဲ သဲတွေမည်းနေခဲ့တာ။ သစ္စာဆိုတဲ့ စကားလုံးကို သက်သေပြဖို့ ဖြစ်မယ်လို့ တွက်ဆမိတယ်။

ပြီးတော့ နောက် အစီအစဉ်အတွက်လက်မှတ်ဝယ်ရင်း နောက်ထပ်ကမ်းခြေတစ်ခု။ အဲ့ဒီကမ်းခြေမှာ ညနေ လေးနာရီကျော်ရင်လူသွားလမ်းလို သဲလမ်းလေးတစ်ခု ပေါ်လာတတ်ပြီး ပင်လယ်ထဲတော်တော်လေးနက်သည် အထိ ကိုသွားလို့ရခဲ့တယ်။ အင်းတော်ကြီး အိုင်မှာ ပေါ်တဲ့လမ်းလိုမျိုးဖြစ်မယ်လို့ ထင်မိတယ်။ ကျန်တဲ့အချိန်မှာတော့ ပင်လယ်ပြင်ကြီးသက်သက်ပဲ။

နောက်ဆုံးမှာတော့ Eagle Square ကိုသွားကြမယ်ဆိုပြီး ညနေစောင်းကို အချိန်ဖြုန်းခဲ့သေးတာ။ ညနေစာကိုတော့ နောက်ထပ်အမျိုးတွေရှိတဲ့ ကိုရီးယား ဆိုင်မှာပါ။ အညာဆေးရိုး အန်းဂျော့တို့နောက်ပိုင်းမှာတော့ အမကဘယ်ကလဲ ဟာ အစ်ကိုကြီးကလည်း ဗမာပဲလား ဖြစ်ကုန်ရော။ အကြိုက်ဆုံးကတော့ အာလူးကြော်လေးတွေပါပဲ။ ဆင်းရဲတဲ့မလေးမိသားစုတွေလာစားဖြစ်ရင် အလကားမတ်တင်း ပေးတတ်တဲ့ ဟင်းရံလေးတွေနဲ့ မှီးစားကြတယ်တဲ့။ ကျနော်တို့လည်း သုံးပွဲလောက် အပိုချပေးပါတောင်း ထားရတယ်။ ပင်လယ်စာတွေနဲ့စာရင် စျေးအတန် ကြီးနေတာကိုး။


တတိယနေ့ကိုတော့ မယ်လမုလေးများ ရလေမလား ရှာကြည့်ဖြစ်ခဲ့တယ်။ မတွေ့ပါဘူးလေ။ တကယ်က သူလာနေလည်း အနားက လူဆိုးတွေနဲ့ဆိုတော့ ဘယ်လာရဲမလဲ။ မယ်လမုတန်းအလွမ်းပြေဆိုပြီး စာတစ်ပုဒ်ဖြစ်နိုင်လောက်ရဲ့။ နိုင်ငံတကာက ကိုယ်ပိုင်ရွက်လှေတွေ သင်္ဘောတွေလာရပ်တဲ့ နေရာကိုလည်း ရောက်ဖြစ်သေးတယ်။ လင်းနို့ဂူကိုတော့ အနံ့နဲ့တင် အဝေးက နေမိတယ်။ အထဲမှာ ဘာရှိရှိ မကြည့်ချင်တော့။


နောက်တော့ ပင်လယ်ဝ ဆီကို ထွက်လာဖြစ်တယ်။ ပင်လယ်ကမ်းခြေ တစ်ခုမှာ ရေချိုးခွင့်ပြုမယ်လို့ မနေ့က သဘောတူညီချက်ယူခဲ့တာကိုး။ ပုံပြင်ဆန်တဲ့ ဂူလေးတစ်ခုကိုလည်း ရောက်ခဲ့သေးတယ်။ ထိုင်းမင်းသမီးတစ်ပါး ထွက်ပြေးပုန်းအောင်းတဲ့ နေရာတစ်ခုပေါ့။ တကယ်တမ်း ရေချိုးမယ့် ကမ်းခြေကိုပြတော့ တကယ့် ကမ်းခြေသက်သက် ရေအနက်ကိုမေးတော့ ကိုယ့်တစ်ရပ် မကတော့။ ပြီးတော့ အဝတ်အစားလဲဖို့ ရေချိုချိုးဖို့ နေရာမရှိဆိုတော့ ကဲ ပြန်ပါတော့လို့။ ထမင်းလည်း ဆာပြီလေ။

နောက်တော့ ပင်လယ် လှိုင်းတွေကြားထဲ အလူးလူးအလိမ့်လိမ့်။ ဂျူးရဲ့ဇာတ်ကောင်ကိုတောင် သတိရမိသေးတယ်။ အခုနေ ဘယ်သူမှ လာမမေးလို့သာပေါ့။ ဘုရားတရားတရင်း လှိုင်းလူးနေတဲ့ စက်လှေဘောင်ကို အတင်းကိုင်ရတော့တာပါပဲ။ ကြောက်တတ်တဲ့သူတွေလား မမေးပါနဲ့တော့ဗျာ..

နေ့လည်စာကိုတော့ ရေပေါ်စားသောက်ဆိုင်လေးမှာပါပဲ။ ပင်လယ်ထဲနီးလို့ထင်ရဲ့ စျေးအတော်ချိုတယ်။ ငါးတွေကိုလည်း ပြနေတာတွေ့မိသေးတယ်။ ဒါပေမယ့် မိုးလည်း နည်းနည်းရွာနေတာမို့ ဆိုင်ထဲမှာပဲ ပြန်ထိုင်ရင်း ရောက်လာမယ့် နေ့လည်စာကို မျှော်နေခဲ့မိတယ်။

အပြန်မှာတော့ နာမည်ကျော် မင်းသမီးရဲ့ ပြတိုက်ကို သွားကြည့်ဖြစ်ခဲ့တယ်။ မင်းသမီးရဲ့ ကျိန်စာသင့် နယ်မြေတစ်ခုဖြစ်နေခဲ့တဲ့ ဒီအရပ်က အခုမှ ဖွံ့ဖြိုးတိုးတက်လာတာ ကျိန်စာသင့်ကာလ ကျော်လွန်လာတဲ့နောက်လို့ ယုံကြည်နေခဲ့ကြတယ်။ မသွားဖြစ်ခဲ့တဲ့ နေရာတစ်ခုကတော့ မီးလောင်တဲ့ ဆန်တွေရှိတဲ့အရပ်ပါပဲ။

အိမ်မပြန်ခင် ညနေစာကိုတော့ အမျိုးတွေရဲ့ ပင်လယ်စာဆိုင်မှာပါပဲ။ နောက်နေ့ပြန်တော့မှာမို့ နှုတ်ဆက်ညစာ ဖြစ်ခဲ့တယ်ဆိုပါတော့။ ဦးကျော်နဲ့လည်း ထမင်းလက်ဆုံစားဖြစ်ခဲ့တယ်။

နောက်နေ့ မနက်မှာတော့ နာမည်ကျော် လန်ကာဝီကို ကျောခိုင်းဖို့ ပြင်ကြရပြီ။ လေယာဉ်ဆိပ်မှာ ပစ္စည်းတွေကို စစ်ဆေးပြီးကြောင်းတံဆိပ်ကပ်တဲ့ အစောင့်အလုပ်ကို အပူအပင်ကင်းလိုက်တာ အဲ့လိုအလုပ်မျိုးလုပ်ချင်တယ် ညည်းခဲ့ကြသေးတယ်။ အလုပ်ကို ပြန်ဝင်ရတော့မယ်ဆိုတော့ အဲ့လို စိတ်တွေ ဂယောက်ဂယက် ဖြစ်ချင်လာကြပြီ။

ဒါပေမယ့် အဲ့ဒီရက်ပိုင်းကာလမှာတော့ ပျော်ရွှင်ခဲ့ရတယ်။ ဘဝအသစ်တစ်ခုလို အဲ့ဒီရက်ပိုင်းလေး က ဖြစ်တည်စေခဲ့တယ်။ ဒါကြောင့်လည်း ခရီးတွေထွက်ရင်း အပန်းဖြေဖို့ အမြဲကြိုးစားနေဖြစ်ခဲ့တာ။

ပြန်လာတဲ့လေယာဉ်နဲ့အတူ လန်ကာဝီခရီးစဉ်က ပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဓါတ်ပုံတွေ ပြန်ကြည့်ဖြစ်တိုင်း ဒီနေရာလေးမှာ ဘယ်လိုပျော်ခဲ့ကြတာဆိုတဲ့ စိတ်ကတော့ ကုန်ခဲ့ရတဲ့ အချိန်ကာလ ငွေတွေအတွက် နှမြောတသ မဖြစ်စေခဲ့တာ သိပ်သေချာနေခဲ့တယ်။

အခက်အခဲတွေလည်း ကြုံခဲ့တယ်ဆိုပေမယ့် နောက်နှစ်မှာလည်း ခရီးတစ်ခုခုတော့ သွားဖြစ်ဦးမှာပါ………..