21 December 2009

စံကားပွင့် ၀င်္ကပါထဲက အထွက်

ကျနော် ငယ်ငယ်ကတည်းက တစ်အားစူးစမ်းတတ်ပါတယ်။ အဖြေတစ်ခုမရမချင်း မေးတတ်တယ်လို့ မေက ပြန်ပြောပြလေ့ရှိတယ်။ မေးခွန်းတွေများလို့ အမြဲတမ်းအငေါက်ခံ အဆူခံရစမြဲ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကိုလည်း မေးခွန်းတွေ မေးလေ့ရှိတတ်တာမို့ အငြိုအငြင် အမြဲခံရတတ်ပါတယ်။ ကျနော့ကို အဆုံးထိ ဒုတ်ဒုတ်ထိသိအောင် မပြောချင်ကြရင် စကားတစ်ခွန်းမှ မဟပါနဲ့လို့ အရမ်းရင်းနှီးသူတွေကို တောင်းပန်ဖူးပါတယ်။ (တကယ်က သိပ်အ သိပ်တုံးတဲ့သူမို့ ရှင်းပြတဲ့သူတွေ မောသွားလည်း မောင်ပုံ က စောင်းမတီးတတ်စမြဲ)

စံကားပွင့် ၀င်္ကပါထဲကိုတော့ ကျနော် ကိုယ်တိုင် ၀င်ရောက်သွားခဲ့တာပါ။ တစ်ပွင့်ချင်း သီတဲ့ အဲ့ဒီ ပန်းသီကုံးထဲမှာ နှစ်ပေါင်းများစွာ ကြာအောင်ကို

စံကားဖြူပွင့်က
ငါ့အတွက် စိတ်ထိခိုက်စရာဖြစ်ပေမဲ့
နင့်အတွက် အိပ်မက်ဆန်တယ်ဆိုရင်
ငါဝမ်းသာပါတယ်
တစ်ခုပဲရှိတယ်
အိပ်မက်ကို နှစ်သက်တဲ့သူဟာ
လက်တွေ့ရဲ့ အမှန်တရားကို တုန်လှုပ်ရတတ်တယ်…






စံကားပွင့် အဖူး

“အသံသည် အသက် သိပ်မကြီးသေးသော ယောင်္ကျားငယ် တစ်ယောက်၏ အသံဖြစ်သည်။

ကျွန်မ အိပ်နေရာ စံကားဖြူပင်၏ နောက်မှလာသည်။ အသံက တိုးတိုး၊ မွမွညက်ညက်၊ နူးညံ့ သိမ်မွေ့သည်။ စိတ်ရှည်ရှည် ချော့တတ်မည့် အသံမျိုး ဖြစ်သည်။ ဘယ်သူပါလိမ့်….”

ထိုစံကားပွင့် အဖူးမှ ကျနော် စံကားပွင့်ကို အနီးကပ် ကြည့်ချင်မိသွားသည် အထိ။

“ရှင်က အခု ဘယ်မှာလဲ၊ ရှင့်နာမည်က ဘယ်သူလဲ၊ ဒီရွာသားလား “

“ အသံရှင် သည် ခပ်တိုးတိုးရယ်မောလိုက်သည်။ စကားသံ ခဏရပ်သွားပြီးနောက် သူ့ပုံပြင်ကိုသာ ဆက်ပြောနေ၏”

စံကားပွင့် အနီးကိုရောက်သွားသောအခါ ထိုစံကားပွင့်၏ ညှို့ငင်မှုအောက်မှာ ကျနော် သတိလက်လွတ်သွားပါတော့သည်။

“ဗြုန်းခနဲ ရှောင်ပုန်းချိန်မရလိုက်သော ပုံပြင်ဆရာသည် စံကားပင်၏ တစ်ဘက်မှာ ကျွန်မကို မျက်နှာချင်းဆိုင်လျက်သား ဖြစ်နေတော့မည် ဟူသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။ သို့သော် ကျွန်မ၏ မျက်စိအောက်တွင် လူတစ်ယောက်မျှ မရှိ။”

စံကားပွင့် တစ်ပွင့်နောက်ကို လိုက်ရင်း ကျနော် ရောက်သွားသည်က စံကားပွင့်တောအုပ်တစ်ခု အတွင်း ၀င်ရောက်နေမိပြန်ပါသည်။


စံကားပွင့် ၀င်္ကပါ


ဝင်္ကပါ အစကတော့ သိမ်မွေ့စွာ။

“ကိုယ်တို့ နှစ်ခါ တွေ့ဖူးတယ်လေ”

နှစ်ခါ….။

ကျွန်မ သူ့အသံကို မှတ်မိသွားသည်။

“အော”

ကျွန်မ စိတ်လှုပ်ရှားစွာ ပြုံးမိသွား၏။

“ကြည့်စမ်း ပုံပြောဆရာပဲ”

သူအသာရယ်လေသည်။

“ကိုယ့်နာမည်က ခွန်သာတဲ့”

ထို့နောက်တွင်မတော့ ကျနော် ၀င်္ကပါထဲကို ကိုယ်တိုင် အတင်းတိုးဝင်မိသွားပါတော့သည်။

“ကျွန်မ၏ ဆံပင်များကို နွေးထွေးသောလေတစ်ချက် လှစ်ခန ထိတို့သွားသည်ကို ခံစားလိုက်၏။ ထို့နောက် ကျွန်မ၏ပါးပြင်ဆီမှာ တစ်ခုခုက ရွရွလေး၊ ပွတ်တိုက်သွားသလို၊ အပင်ပေါ်မှ ကြွေကျလာသော စံကားဖြူလေးတစ်ပွင့်က ကျွန်မကို ကျီစယ်သွားလေသလား၊ မွှေးလည်း မွှေးလျက် နွေးလည်းနွေးသော ထိတို့မှုကလေးပါ။”

“အဲဒီကောင်ဆိုတာ ဘယ်သူ့ကို ပြောတာလဲ ဆရာ”

“ခွန်သာ မေ့မေ့သား”

ကျွန်မ သူ့ကို ငေးကြည့်နေမိတော့သည်။

အော်…..။ ကိုခွန်သာက မြဦးမေရဲ့ သား…….

ကျနော် စံကားပွင့် ၀င်္ကပါရဲ့ သုံးချိုးနှစ်ချိုးကို ရောက်သွားခဲ့မိပြီ။

“မမေဇော်….။ ခွန်သာမှ မရှိတော့တာပဲ”

“ဆရာ ဘာပြောတာလဲ”

“ခွန်သာက သေသွားပြီလေ”

မိုက်ခနဲ မူးဝေမှုကို ကျွန်မခံစားလိုက်ရသည်။

ကျွန်မတစ်ကိုယ်လုံး လေဟာပြင်တစ်ခုထဲသို့ လွင့်ကျသွားသလို လှပ်ခနဲ ဟာသွားသည်။

ဘုရား…ဘုရား။

ဆရာ ဘာပြောလိုက်တာလဲ….

“လွန်ခဲ့တဲ့ သုံးနှစ်တုန်းက”

ဟင့်အင်း….။

ဝင်္ကပါဆိုတာ သိသွားပေမယ့် ကျနော် ၀င်္ကပါထဲကို ဆက်ဝင်ကြည့်မှ ဖြစ်တော့မယ်။ ကျနော့အကျင့် အတိုင်း အဖြေကို သိဖို့ ကျနော် ကြိုးစားရတော့မယ်။

“ကို ခွန် သာ က သေ သွားခဲ့ပြီလား”

ကိုယ့်လက်ကို မင်းထိကြည့်လိုက်စမ်းပါ မေ၊ အဲ့ဒါ သေသွားပြီသားသူလား မေပဲကိုယ့်ကို ပြောပါ”

ကျွန်မကို ကမ်းပေးနေသော ညာလက်ကို ကျွန်မ လက်ဖျားဖြင့် အသာထိကြည့်လိုက်သည်။ အနည်းငယ်ကြမ်းရှသော၊ ခြောက်သွေ့သော နွေးထွေးသော လက်ဖြစ်သည်။

အမှန်တကယ်တော့ ကျနော်ထင်သလောက် ၀င်္ကပါက မလွယ်ကူ။ ဝင်္ကပါတို့၏ သဘောအတိုင်း စတင် ရှုပ်ထွေးစ ပြုလာခဲ့ပြီ။

“ဟောဒီ နေရာမှာ ကိုယ့် နှလုံးခုန်နေတယ်၊ မေ့လက်နဲ့ ထိကြည့်”

သူတင်းကြပ်စွာ ဆုပ်ကိုင်ထားသော ကျွန်မလက်ကို သူ့ဘယ်ဘက် ရင်ညွန့်ပေါ်သို့ တင်းတင်းဆွဲဖိပေးသည်။

အို…..

ကျွန်မ လက်ဖ၀ါးအောက်မှာ တဆတ်ဆတ် လှုပ်ခုန်နေသော…..


ကျနော့ကို တစ်အားမလှည့်စားပါနဲ့ ၀င်္ကပါရယ်။ ခေါင်းတွေလည်း ပူလှပြီ။ ဒီည ဘယ်လိုလုပ် ကျနော် အိပ်ပျော်နိုင်ပါတော့မလဲ။

“ မသေ ရင် သူကျွန်တော်နဲ့ ဆက်သွယ်မှာပေါ့ မမေဇော်။ ကျွန်တော့်ကို မုန်းနေတယ်ဆိုရင်တောင် ဒေါ်တင်ဆီ မလာစရာ ဘာများရှိမှာလဲ။ ဒီအိမ်ထဲမှာ ပြန်မနေစရာရော ဘာများ ရှိမှာလဲ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် သူ့အလောင်းကို မြေမြုပ်ခဲ့တာလေ”


ဒီစာအုပ်ကို ညဘက်မှာ ဖတ်မိတာကိုက ကျနော့အမှားပါ။ တစ်ခုခုဆို သတ္တိကြောင်တာမျိုး မဟုတ်ပေမယ့် ကြက်သီးမွေးညှင်း ခဏခဏ ထ တတ်သူမို့ လက်ဖျံပေါ်က အမွှေးတွေ ခဏခဏထောင်လာမိတယ်။ နေနှင့်ဦးပေါ့ ကိုခွန်သာ……

“ငါ တို့ဖော်လို့ ရတဲ့ အလောင်းမှာ လက်တစ်ဖက် ပျောက်နေတယ် မေဇော်”

ကျွန်မ ကြောင်ပြီး သူ့ကို ငေးနေမိ၏။

လက်ကျိုးတာက ဘယ်လက်၊ လက်စွပ် ၀တ်ထားတာလဲ ဘယ်လက်။ အခုအလောင်းမှာက အဲဒီလက် ရှိမနေဘူး”

ဟာဗျာ အဖြေနားရောက်က မှ ဘဲဥအစ ရှာမရသလို ဖြစ်ပြန်ပါရောလား။



စံကားပွင့် ၀င်္ကပါ အဆုံး

ခုတင်ခေါင်းရင်းသို့ ရောက်သောအခါ ကျွန်မ ရင်တလှပ်လှပ် ခုန်လျက် မွေ့ရာပေါ်သို့ ငုံ့ကြည့်လိုက်သည်။ ကျွန်မ မျှော်လင့် မှန်းဆထားခဲ့ပြီးသော မြင်ကွင်းဖြစ်ပေမယ့် တကယ် မြင်လိုက်ရသည့်အခါ မိုက်ခနဲ ပြာဝေကာ ယိုင်သွားလေသည်။

ဘုရား..ဘုရား။

ကျွန်မ၏ခေါင်းအုံးပေါ်တွင် ရှည်သွယ်သော ပွင့်ချပ်တွေ အထပ်ထပ်ဖြင့် ဖြူဆွ ကြွရွသော စံကားဖြူပန်းတစ်ပွင့်။

ကြယ်စံကားဖြူ။

“မင်းခေါင်းအုံးပေါ်မှာ တစ်ယောက်ယောက်က ဒီပန်းလေးကို လာတင်ထားစေချင်သလား”

ကိုခွန်သာ…..

ပုစ္ဆာက အရမ်းကိုခက်ခဲလွန်းတယ်။ ဒီဝင်္ကပါထဲမှာ ဘယ်လို ပြန်ထွက်ရမလဲ။

“ပန်းကလေးတစ်ပွင့်က နင့်အတွက် အဲ့ဒီလောက်တောင် အရေးကြီးနေသလား မေဇော်။ ညသန်းခေါင်ကြီးမှာ လူလား တစ္ဆေ လား၊ လူကောင်းလား၊ လူဆိုးလား မသိတဲ့လူတစ်ယောက်ကို ရှိမှန်း မရှိမှန်း မသိဘဲ သွားရှာဝံ့ရလောက်အောင် အရေးကြီးသလား”

“ကြီးတယ်၊ တစ်ခါတစ်ခါကျတော့ ပန်းတစ်ပွင့်ဟာ ပန်းတစ်ပွင့်သာမကတော့ဘူး။ ဆုံးဖြတ်ချက်တစ်ခုလည်း ဟုတ်တယ်။ ဝေဒနာတစ်ခုလည်း ဟုတ်တယ် မင်းညို။ အဲဒီဝေဒနာကို ငါက အသိအမှတ်ပြုမှ ဖြစ်မှာပေါ့”

“ဒါပေမယ့် အဲ့ဒီပန်းကို လာတင်ထားတဲ့သူက ငါဖြစ်နေရင်ကော”

သေချာနေပါပြီ ကျနော် ၀င်္ကပါရဲ့ အခက်အခဲ အနက်အနဲဆုံးအပိုင်းကို ရောက်နေခဲ့ပြီ။

“နင် ဘာဖြစ်လို့ အဲဒီစံကားပွင့်ကို မှ ခူးခဲ့တာလဲဟင်”

အော်…၊ လှလို့လေ

ဟင် လှတာတွေက အများကြီး၊ ဘာလို့ သူ့ကိုမှ….

သူက ပိုလှလို့ပေါ့ဟာ

နင်ကလဲ ဘယ်လိုပိုလှတာလဲ၊ ပွင့်ချပ် ဘယ်နှခုဆိုရင် လှတာလဲ၊ နည်းတာ လှသလား များတာလှသလား

နည်းတာလှတာပေါ့၊ များရင် ဘယ်လှပါ့မလဲ၊ ရှုပ်ကုန်မှာပေါ့

ကျွန်မ သူ့အဖြေကြောင့် စိတ်ထင့်သွားသည်။ ကျွန်မ၏ ခေါင်းအုံးပေါ်က စံကားဖြူသည် ဟောဟိုဥယျာဉ်ထဲက စံကားဖြူပင်တွေ အားလုံးတွင် ပွင့်ချပ်အများဆုံး ပန်းပွင့်လေ။

သေချာလွန်းမက သေချာလွန်းတဲ့ အဆုံးမှာတော့ ကျနော် အဲ့ဒီ စံကားပွင့် ၀င်္ကပါထဲမှာ ဘယ်လို မှ ပြန်ထွက်လို့ မရအောင် ပိတ်မိသွားခဲ့ပြီဆိုတာပါပဲ။ နောက်ထပ် တိုက်ဆိုင်တာက စာရေးဆရာက ဒီစံကားပွင့်ကို ပြီးဆုံးသွားတဲ့ ရက်။ ဘယ်လိုမှ မေ့စရာမရှိတော့။

စံကားပွင့် ဝင်္ကပါ အထွက်

ဝင်္ကပါအထွက်က လမ်းနှစ်သွယ်ကိုဖြစ်စေခဲ့တယ်။ ဘယ်လမ်းကိုလိုက်ရမလဲ စာရေးဆရာကို မေးကြည့်တော့ စာဖတ်သူ ကြိုက်တဲ့လမ်းကို လိုက်လို့ရပါတယ်တဲ့။ စာရေးဆရာက ဘယ်လိုမျိုးဖန်ဆင်းခဲ့တာလဲခင်ဗျာဆိုတော့ ခွန်သာကို သက်ရှိတစ်ယောက်အနေနဲ့ ဖန်ဆင်းခဲ့တာဖြစ်ပြီး ခွန်သာက မေဇော်ကို ချစ်မြတ်နိုးစွာဖြင့် အနစ်နာခံ စွန့်လွှတ်တဲ့ချစ်ခြင်းကိုသာ ရွေးချယ်ခဲ့တဲ့ ချစ်သူတစ်ဦးပါ။ သူလို အညတရတစ်ယောက်နဲ့ နေရင် မေဇော်ဘ၀ မလှပ မှာစိုးတဲ့အတွက် သက်ရှိထင်ရှား ဘ၀ကို သူ ထွက်မလာခဲ့ပါဖူး။

ဒါကြောင့်လည်း သူနဲ့အတူ ကျနော် ဒီစံကားပွင့် ၀င်္ကပါထဲမှာ ပိတ်မိနေခဲ့တာ။

အခုတော့ ဒီဝင်္ကပါကနေ ကျနော် လွတ်မြောက်သွားခဲ့ပါပြီ………………………………………….

ကျနော့မေးခွန်းတွေကို ဂရုတစိုက်ဖြေကြားပေးတဲ့ ဆရာမ ဂျူးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ.........

Credit to : ချစ်သူလား စံကားတစ်ပွင့် ပွင့်ခဲ့တယ် ဂျူး

17 comments:

ကြည်ဖြူပိုင် said...

ချစ်သူလား စံကားတစ်ပွင့် ပွင့်ခဲ့တယ်
ဝတ္ထုလေးဖတ်ခဲ့တုန်းက.. မြောက်များလှစွာတဲ့ကိုယ်မမြင်ဖူးသေးတဲ့စကားပန်းမျိုးစုံကိုကြည့်ပြီးစွဲလမ်းနစ်မြောဖူးတယ်
ခုလဲကိုရွာသားရဲ့ ရိုက်ချက်လေးတွေက
ို ကြည့်ရင်း
စံကားပန်းလေးတွေကိုစွဲလမ်းသွားပြန်ပေါ့။

Anonymous said...

အင်း ဒီဝတ္ထုဖတ်ခဲ့တုန်းက ကာရွာသိုး တွေးသလိုပဲ ပဟေဠိပေါင်းများစွာနဲ့ တော်တော်နဲ့ ထွက်လို့မရခဲ့ဘူး။ အဖြေကို အဲ့လိုမှန်းပေမယ့် အရေးအသားက သိပ်ကိုပြောင်မြောက်တော့ စာဖတ်သူကိုယ့်မှာသာ ကြောက်ကြောက်နဲ့ ပြန်တွေးလိုက်၊ မဟုတ်လောက်သေးပါဘူး ငြင်းရလိုက်နဲ့ တစ်ယောက်တည်းကိုရှုပ်နေတော့တာ။ ဆရာမဂျူးရဲ့ သိပ်ကိုနှစ်သက်စွဲလန်းခဲ့ရတဲ့ စာအုပ်တစ်အုပ်ပါ။
ဓါတ်ပုံတွေလှတယ် ကာရွာသိုး။

ကောင်းကင်ပြာ said...

ကျေးဇူးတင်ပါတယ် ရှင်...

khin oo may said...

ဝတ်ထု မဖတ်လိုက်ရဘူး။

မျှော်လင့်ခြင်း said...

ဂျူးကို ညွန်းနေမှန်း ရုတ်တရက် မသိဘူး
နောက်ဆုံးနားရောက်မှ သဘောပေါက်တယ်

ချစ်မြတ်နိုးစွာ အနစ်နာခံ စွန့် လွှတ်တဲ့  ချစ်ခြင်း
ဂျူး ရဲ့  စာတွေထဲ မှာဘဲ တွေ့ ရမယ် ထင်ပါရဲ့  ။

Unknown said...

ဖတ်ရင်း စကားပွင့်ထဲမှာ မြောပါသွားတယ်
မေးခွန်းတွေအတွက် အဖြေကို ဆွဲဆောင်မှုရှိစွာနဲ့  ရေးသားနိုင်တဲ့ ရွာသားလေးရဲ့  အရေးအသားကလည်း စကားတပွင့်ပါပဲ

Sein Lyan Tun said...

ဂျူး ကို ကြိုက်တယ်။။

အထူးသဖြင့် ဂျူးရဲ့ အမှတ်တရ ထဲက စုစုထွေးကို ခုထိစွဲနေတုန်း

ဇွန်မိုးစက် said...

nice presentation!
i'm a big fun of 'Juu'. i like all her stories. this story is beautifully written along with sakar flowers background. it's good that you had a chance to ask her about your puzzle. i got her signature in my old 'ahmhattaya' book on Sunday. :)

Thant said...

အဲဒီလိုပိတ်မိနေခဲ့တာကြောင့်လဲ အဲဒီဝတ္တု (ခွန်သာ)ကိုမမေ့နိုင်ခဲ့တာ.....

Rita said...

ဟုတ်လား ကိုယ်တော့ အဲဒီ ဝတ္ထုကို သိပ်မကြိုက်ဘူး။

ဒါနဲ့ ဂျူးကို အဲလို ထမေးခဲ့ သေးတာပေါ့ :)

ကိုယ်ဆိုရင်တော့ မေးမှာ မဟုတ်ဘူး။ တခါတလေ ဘာမှန်းမှ မသိရတာက ပိုကောင်းတယ်။

ဒါနဲ့ အဝါရောင်နဲ့ ရေးထားတာတွေ သိပ်ဖတ်လို့ မရဘူး ရွာသား။ ကိုယ်ကလည်း မျက်စေ့က အားနည်းနေတာကြောင့် ဖြစ်မယ် ထင်တယ်။

ညီလင်းသစ် said...

မဖတ်ရသေးသူမို့လား မသိဘူး၊ ဟိုတစ်စ ဒီတစ်စ ဆွဲထုတ်ထားတဲ့ စာသားတွေက တကယ့်ကို ဖတ်ချင်စိတ် ပေါ်လာစေတယ်ဗျ..၊

ကိုဝိုင်တီယူက စာအုပ်ကြော်ငြာတွေမှာ ရေးကြသလိုမျိုး တစ်ကြောင်းဖတ်မိတာနဲ့ စာအုပ်ကို မဖြစ်မနေ သွားဝယ် မိစေမယ့် စာကြောင်းတွေကို ရွေးထားတာပဲ၊ ပုံတွေရဲ့ background blur တွေကို ကြိုက်တယ်၊

စကားမစပ်...flickr မှာကျနော်ဖိတ်လိုက်တာ ရမယ် ထင်ပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

ဂျူး ရေးသမျှကို အတော်လေးကို နှစ်သက်လို့လား မသိပါဖူး ဖတ်မိတိုင်း ရင်ထဲမှာ
မှတ်မှတ်ရရ တစ်ခုခု ကျန်ကျန်နေခဲ့ တတ်ပါတယ်။

စိတ်ဝင်စားစရာနေရာလေးတွေနဲ့ ထပ်ဆင့်ညွှန်းဆို ခြယ်ပြတဲ့ အတွက်
ကျေးဇူးပါနော်..။

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်...

တန်ခူး said...

ရွာသားရေ… ၀င်္ကာပါထဲက မထွက်နိုင်သေးလို့  မေးကြည့်လိုက်မှ ရှင်းရှင်းသိတော့တယ်… ဒီပိတ်ရက်မှာ စကားတောထဲ ခဏ၀င်ကြည့်လိုက်ဦးမယ်… ခွန်သာ့အချစ်ကို ခံစားကြည့်ချင်လို့ …. ဒီဝတ္ထုဖတ်တဲ့သူတွေတိုင်းက ခွန်သာက ၀ိညာဉ်လို့  ထင်မှတ်ကြတာ… အမက ခွန်သာဆိုတာ ကောင်မလေးရဲ့ စိတ်ကူးနဲ့ ဖန်တီးပြီး တကယ်ရှိတယ်လို့  ထင်မှတ်မှားနေတဲ့ စိတ်ကူးလူသား တယောက်လို့  ခံစားမိတာ…. ခုခွန်သာ့အချစ်ကို သိလိုက်ရတော့မှ ဘယ်သူမှ ထင်မထားတာ ဖြစ်နေတယ်… ဒီဝတ္ထုမှာ စာရေးသူက သိပ်များလျို့ ဝှက်သွားသလားလို့ … ဘာပဲဖြစ်ဖြစ် အဲဒီဝတ္ထုငြှိ့ ငင်အား ဘယ်လောက်ကောင်းသလဲဆို ဖတ်နေတုန်းမှာ လက်ရှိ ပတ်ဝန်းကျင်ဆီက ခဏဝေးပြီး စကားတောထဲ ကိုယ်ကိုယ်တိုင်ရောက်သွားခဲ့တာ… ပြီးတော့ အိပ်မက်ထဲက လူတယောက်လို ယောင်ယောင်ဝါးဝါးနဲ့ လေ… စကားနံ့ လေးတွေတောင် ရနေသလိုပဲ… အဲဒီဝတ္ထုဖတ်ပြီးမှ ဒီနိုင်ငံမှာ စကားဖြူ၊စကားဝါပင်တွေ ပေါပါလားဆိုတာ ပိုသတိထားမိလာတာ… ပြီးတော့ အိမ်မှာ စကားပင်လေးတပင် စိုက်မိခဲ့သေးတယ်….

ချစ်ကြည်အေး said...

မောင်ရွာသားရေ...စိတ်လျော့မှပေါ့ကွယ်...။ တကယ်က အဲဒီဝတ္ထုဖတ်ပြီးတဲ့အထိ မရှင်းသေးဘူး၊ ဒါပေမဲ့ လူကြီးဆိုတော့လေ မသိတာကို သိအောင်မလုပ်ဘူး။ ဒီအတိုင်းပဲ မေ့ထားလိုက်တယ်၊ ခုဒေါ့ သိပြီ...။

ဝေလေး said...

ဝင်္ကပါထဲက ဆွဲထုတ်ပေးတဲ့အတွက်လည်း ကိုရွာသားကိုကျေးဇူးအထူးတင်ပါတယ် :)

Crystal said...
This comment has been removed by the author.
Crystal said...

ပြောရရင် ဖတ်မိသမျှ ဝတ္ထုတွေထဲမှာ မမေ့နိုင်တဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။ ကျိုင်းတုံက သစ်တစ်ပင်တောင်ကုန်းကနေ အောက်ကို ကြည့်လိုက်ရင် စကားပန်းတွေအများကြီးတွေ့ခဲ့ရဖူးတယ်။ 2003ခုနှစ်တုန်းကပေါ့။ နောက် 2007ရောက်တော့ သွားတဲ့အခါမှာတော့ ကဗျာဆန်တာလေးတွေမရှိတော့ဘူးလေ။ အဲဒီနားမှာများ ဆရာမဂျူးရောက်ခဲ့ဖူးသလားလို့၊ ဝတ္ထုထဲကနဲ့ သိပ်တူတာပဲ။ အခုလို ထပ်ဆင့် တင်ပြအားကောင်းကောင်းနဲ့ ဆိုတော့ သတိရစရာတွေ ဖြစ်ကုန်တယ်။ ကိုယ့်အဖြစ်နဲ့တော့ မတူပါဘူး။ အလွမ်းတွေကို သတိရဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။ ရွာသားလေး ရင်ထဲမှာရှိတဲ့ အနုပညာတွေကို လာဖတ်သွားပါတယ်။