19 November 2009

မှန်များနှင့်

မနေ့ညက အိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ အခန်းတစ်ခုထဲ တစ်ယောက်တည်း ရောက်နေတဲ့ ကိုယ့်ကိုကိုယ့် တွေ့လိုက်ရတယ်။ ထူးဆန်းလွန်းစွာ အဲ့ဒီအခန်းတစ်ခုလုံး မှန်တွေနဲ့ ပြည့်နှက်နေခဲ့တာ။ သေချာတာတစ်ခုကတော့ မှန်ရောင်းတဲ့ အရောင်းဆိုင် တစ်ခုမဟုတ်ဘူးဆိုတာပါပဲ။ ဒါဆို ဒီအခန်းထဲက မှန်တွေက………

စ,စချင်းမှာတော့ ပျော်ရွှင်သွားမိတယ်။ ကိုယ်ပြုံးရင် ပြန်ပြန်ပြုံးပြတတ်တဲ့ ဒီမှန်တွေကို ချစ်ကြည်နူးစွာ စွဲလန်းစိတ်နဲ့ပါ။ စူးစမ်းလိုစိတ်၊ စိတ်ဝင်စားမှုပေါင်းများစွာနဲ့ ဒီမှန်အခန်း တစ်ခုလုံးကို အနု(ဏု)လုံ ပဋိလုံ လှည့်ကြည့်နေခဲ့မိတယ်။ မှန်ဘီလုံးခုံးဆိုလား မှန်ဘီလူးခွက်ဆိုလား ပြန်စဉ်းစားနေမိသေးတာပေါ့။ တီချယ် ဒေါ်ပို သင်တဲ့ Laws of reflection လား laws of refraction လား။ ပုံရိုက်ဒေါင့် ဖိုကယ်လန့် ဆိုတာတွေနဲ့ ငယ်တုန်းက အသေအလဲမှတ်ခဲ့ရတဲ့ ပုံရှစ်ပုံကိုတွေးပြီး တစ်ချက်ရီမိသွားတယ်။ အသံထွက်အောင်ရီမိပေမယ့် မှန်တွေထဲက ပုံမှာ အသံတွေပါမနေခဲ့ဖူး။ နောက်တော့ နှစ်တန်း (ဒုတိယနှစ်)မှာ တီချယ်ဒေါ်သီတာနဲ့အတူ ပုစ္ဆာတွေကို ပုံဆွဲတွက်ခဲ့ဖူးတာမြင်ယောင်မိတယ်။ သားကနယ်ကမို့ သားကို အတန်းတစ်ခုပေးမယ်နော် ဆိုတဲ့ ချစ်စဖွယ်တီချယ့်ကို သတိရသွားမိပြန်ရော။ တီချယ်ဒေါ်အေးလှအတန်းတွေမှာ ကျနော်ဝင်လို့ မရခဲ့တာ နယ်အိမ်က ပြန်လာတာ နောက်ကျနေတာမို့လေ။ ပြီးတော့ တီချယ်လဲ့ရဲ့ မင်္ဂလာပွဲ။ ယူနီဖောင်းနဲ့ တီချယ့် အမျိုးသားကို ကြည့်ရင်း စာသင်ကောင်းတဲ့ တီချယ်လဲ့ကို ပြန်မြင်ယောင်မိပြန်ရော။ မှန်တွေနဲ့ အလင်းတွေဆက်စပ်ပြီး တီချယ်တွေကို သတိရနေတဲ့ အဖြစ်တွေကို မှန်တွေထဲမှာ ပြန်ကြည့်နေမိတယ်။ ပြန်စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကလွဲရင် မှန်တွေထဲမှာ ဘာကိုမှ မတွေ့ခဲ့ရပြန်ဘူး။

နောက်တော့ အလုပ်ခွင်ဖယ်ရီကားပေါ်က မှန်တစ်ချပ်နဲ့ အမြဲအလုပ်ရှုပ်နေတတ်တဲ့ အပျိုကြီးတစ်ယောက်ကို စနောက်နေကျဆိုတာ တွေးမိသွားပြန်တယ်။ ဖယ်ရီပေါ်ရောက်မှ တို့ဖတ်လေးရိုက် ဘာလေးညာလေး လုပ်တတ်တဲ့အပျိုလေးတွေထက် သာလွန်စွာ မနက်ခင်းတိုင်း ဖယ်ရီပေါ်မှာ အလှပြင်နေကျ သူကတစ်မူထူးခြားလွန်းတယ်လေ။ ဒီတစ်ခါတော့ စိတ်မထိန်းနိုင်စွာ ကျနော်ရီနေကျ ထုံးစံအတိုင်း တဟားဟား အော်ရီမိတော့တယ်။ အရုပ်တွေကို ပြန်လည် ဖော်ပြပေးနိုင်တဲ့ မှန်တွေက မတုန်မလှုပ် ဒီအတိုင်း တည်ရှိနေပြန်တယ်။ လှုပ်ရှားမှုသိပ်ပြင်းရင်တော့ မှန်တွေတည်ရှိနေတဲ့ နံရံတွေကြောင့် မှန်တွေလှုပ်ကောင်းလှုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အသံတွေတော့ မပြန်နိုင်တာ သေချာလွန်းပါလား။

နောက်တော့ ဒီမှန်အခန်းတစ်ခုလုံးမှာ ကျနော်တစ်ယောက်တည်းဆိုတာ စဉ်းစားမိလာတယ်။ ပတ်ပတ်လည် မှန်တွေကြားမှာ ကိုယ်တစ်ယောက်တည်း။ အရှေ့တုန်းက ရီနေမိပင်မယ့် အခုတော့ သွေးပျက်စွာ ခြောက်ခြားစ ပြုလာခဲ့ပြီ။ ကျနော်ရီရင် မှန်အချပ်တိုင်းက လိုက်ရီနေတော့တာ။ သူတို့တွေ ကျနော့ကို လှောင်ပြောင်နေကြတာလား။ မှန်ချပ်တွေရဲ့ အမှန်တရားက ဘာတဲ့လဲ။ တည့်မတ်စွာ ပြန်လည်ပြသနေတာ အမှန်လား။ ဒါဆိုမှန်တွေရဲ့ နောက်ကွယ်မှာကော။ တကယ်တမ်းက ကျနော့မှာ ကြောက်လန့်တတ်တဲ့စိတ် ရှိမနေတတ်ပင်မယ့် မှန်တွေရဲ့နောက်ကွယ်က အကြောင်းတရားတွေကြောင့် ကျနော့လက်ဖျားတွေ အေးစက်လာပါတယ်။ ii နဲ့ ii’ မှာ ကျနော်မြင်နေရတာက ဘယ်အရာလဲ မသဲကွဲတော့ပါဘူး။ မျက်စေ့ကို အသေအချာပွတ်ပေမယ့် မှန်တွေရဲ့ နောက်ကွယ်ကို ကျနော်သွားလို့ မရတဲ့နောက် အတည့်အတိုင်းမြင်နေရတာလားဆိုတာ ကျနော် မဆုံးဖြတ်နိုင်တော့ပါဘူး။

မှန်တစ်ချပ်နောက်ကို သွားဖို့ ကျနော်အပြင်းအထန်ကြိုးစားမိပါတယ်။ ဒါပေမယ့် ကျနော်သွားလို့ မရပါဘူး။ မှန်တွေက အချင်းချင်းပိတ်ဆို့ထားကြတယ်ထင်ပါတယ်။ သူတို့တွေအလစ်ကို ကျနော်စောင့်ကြည့်တယ်။ ဒါပေမယ့် မရဘူးဗျာ။ သိချင်စိတ်နဲ့အတူ ဇောချွေးတွေ စို့လာမိတယ်။

မှန်တစ်ချပ်ကို ကျနော်ချခွဲကြည့်သင့်သလား။ အနီးဆုံးမှန်တစ်ချက်ကို ကျနော် လက်သီးနဲ့ ထိုးခွဲချလိုက်တယ်။ ဘယ်တော့မှ အသံပြန်မကြားရတတ်တဲ့ မှန်တွေဆီက ခွမ်းဆိုတဲ့အသံနဲ့အတူ ကျနော့လက်က ပူခနဲဖြစ်သွားတယ်။ နောက်တော့ သွေးတွေဖြာနေတဲ့ လက်ဖမိုးတစ်ခုကို မှန်ချပ်တိုင်းမှာ မြင်ရပြန်တယ်။ ကွဲသွားတဲ့မှန်ကို ကျနော်မတွေ့ရပေမယ့် အခန်းထဲမှာ သွေးစက်တွေက အတိုင်းသား…….

နာကျင်မှုတွေကြောင့် ဒီအိပ်မက်ကနေ နိုးထဖို့ ကြိုးစားတယ်။ ကျနော် မြင်နေရတဲ့ မှန်ချပ်တွေက ကျနော့ အသိမိတ်ဆွေတွေ ဖြစ်သွားကြတယ်။ ပြီးတော့ ကျနော် မရီပါပဲ ကျနော့ကို ၀ိုင်းပြီး ဟားတိုက်ရယ်မောနေကြတယ်။ ဟင့်အင်း မှန်တွေပါ မင်းတို့တွေ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ ရီနေကြတုန်း………..

ဒီမနက် ကျနော် အိပ်မက်ကဘယ်လိုနိုးခဲ့သလဲ မသိတတ်တော့ ။ မျက်နှာသစ်ရင်း မှန်ကို ကြည့်တော့ လက်ဖမိုးက အမွှေးတွေထောင်လာတယ်။ ဒါဆို………ကျနော် မှန်ကြောက်နေပြီလား……………………..ခက်ပြီ………….

16 comments:

Vista said...

အင်းမလွယ်ပါလား..
တရားမှတ်ပါ...
စိတ်ကယောင်ခြောက်ခြားဖြစ်နေတယ်ထင်တယ်....

ကောင်းကင်ပြာ said...

ဖြစ်တတ်ပါတယ်၊ နောက် အဆင်ပြေသွားမှာပါ၊ သေချာကြည့်ကြည့်ပါ..း)

သက်ဝေ said...

ရေးထားတာ ကြိုက်တယ်…။
မှန်တွေဟာ လူကိုတွေးစရာတွေ တော်တော်ပေးနိုင်တာပဲ…။

အခုလောလောဆယ်တော့ အပြင်မှာ သည်းသည်းမဲမဲရွာနေတဲ့ မိုးတွေကို မှန်ထဲကနေတဆင့် လှမ်းကြည့်နေမိတယ်… မှန်က အကြည်မို့ အားလုံးကို ကြည်ကြည်လင်လင် မြင်နေရတယ်… ဒီတော့ သူ့ကို ထိုးထွင်း ဖေါက်ခွဲထွက်ပြီး နောက်တဖက်ကို သွားကြည့်ဖို့ မကြိုးစားချင်တော့ဘူး… မြင်နေရသလောက်ပဲ ကြည့်နေတော့မယ်…။

(မှန်ချပ်က အချိန်တွေကြာလို့ သိပ်ဟောင်းသွားတဲ့ အခါကျရင်တော့လဲ သူ့အလိုလို ဝေဝါးသွားနိုင်ပါသေးတယ်…)

Rita said...

သိပ်တော့ နားမလည်ဘူး။
ဒါပေမဲ့ အလေးအနက် ဖတ်သွားပါတယ်။

ရယ်သံတွေကို ဘယ် ပြန် ထုတ်ပေးမလဲ။ မှန်က ရုပ်ဝတ္ထုကိုပဲ တန်ပြန်ပေးတာ။

တီချယ်ဒေါ်သီတာ ဆိုလို့ ကိုယ် ၁ဝ တန်းနှစ်က Physics ကျူရှင် သင်ဖူးတဲ့ ဆရာမ လားလို့။ အဲဒီတုန်းက ကြို့ကုန်းကျောင်းက ကထိက။

မိုးခါး said...

ကိုရွာသားရေ
အိပ်မက်ဆိုးတွေမက်နေတာလား
ဘာတွေ ဖြစ်နေလို့လဲ
ဘုရားရှိခိုးမအိပ်ဘူးထင်တယ် .. မဟုတ်လည်း ထမင်းလုံး တစ္ဆေခြောက်တာလား မသိဘူး ..
(ကိုယ့်မျက်နှာကိုယ်မြင်ပြီး လန့်တာတော့ မဟုတ်ဘူးမလားဟင် .. :D)

မျှော်လင့်ခြင်း said...

မှန်ဆိုတာ ကိုကရီရင် သူကလဲ ရီပြမယ်
ကိုကငိုရင် သူကလဲ ငိုပြမယ်
တကယ် ကိုယ်နဲ့ အတူ ခံစားနေတယ်လို့  မထင်လိုက်ပါနဲ့ 
သူ့ မှာ ဘာခံစားချက်မှ မရှိပါဘူး
ပုံရိပ်ယောင်တွေလေ

အနီးဆုံးက ပုံရိပ်ယောင် က ကြောက်စရာအကောင်းဆုံး
ကိုယ့်ကို အိမ်မက်ဆိုးတွေ အပေးဆုံး

ခရေညို said...

ရွာသားရေ အိပ်ယာမဝင်ခင် ဘုရားရှိခိုးပြီးမှ အိပ်ပါ။ စိတ်ငြိမ်ဆေးပါတခါတည်းသောက်လိုက်။
ခရေညိုတို့ကမှန်မကြောက်ဘူး မှန်ကြိုက်တယ် ဟိ

မဆုမွန် said...

ပို့စ်လေးကိုဖတ်ပြိး မှန်ကြည့်ဖြစ်တယ်............
မှန်က အမြဲပြောင်းပြန်ပေါ်တတ်တဲ့ သဘောရှိတယ်တဲ့....

တန်ခူး said...

ဒီပို့ စ်နဲ့ ဆိုင်မဆိုင်တော့ မသိဘူး… အမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်တခုရှိတယ်… စေတနာမှန်ရင် အကျိုးပေးမယ်ဆိုတာလေ… တဖက်က မှန်တချပ်ပဲဖြစ်ခဲ့ဦး ကိုယ်ဘယ်လက်ထောင်ပြလို့  ညာလက်ပဲ ထောင်ပြဦး… တချိန်ကျရင် ကိုယ့်စေတနာမှန်တာကို နားလည်သွားမှာပါ… အချိန်တော့ ယူရမှာပေါ့… အမကတော့ မှန်မကြည့်ပဲ သနပ်ခါးလိမ်းတတ်တဲ့ အကျင့်ရတာ ကြာနေပြီ… တခါတခါ မှန်တွေက လိုကို လိုအပ်သလို တခါတခါကျပြန်တောမှန်မရှိလဲ ဆက်ရှင်သန်နိုင်နေသေးတာပဲလေ…

Anonymous said...

အက်ဆေးလို့ ခေါ်လို့ မရဘူးလား။ (မသိလို့နော်)
အတွေးကောင်းတခုဖြစ်သလို အရေးကောင်းလေးပါပဲ။

တောင်ပေါ်သား said...

မှန်တဲ့လား... မှန်ဆိုတာက ကိုယ်ကြည့်လိုက်ရင် ကိုယ့်ရုပ်ကို ကိုယ်ပြန်မြင်ရတာပါပဲ။ ကိုယ်ပြုံးရင် ပြုံးပြမယ် ကိုယ်မဲ့ရင် မှန်ထဲကအရိပ်ကလဲ လိုက်မဲ့တတ်တာပါပဲ.. ဘာကြောင့်လဲဆိုတော့ မှန်ဖြစ်နေတာကိုး.. တခါတလေ ဘေးမှာရှိတဲ့မှန်တွေထဲမှာလဲ အရိပ်တွေက ကိုယ်ပြုံးပေမဲ့ သူတို့တွေက မဲ့နေတတ်ပါတယ် အဲတခါတလေကြတော့ ကိုယ်မဲ့ပြပေမဲ့ သူတို့ပြန်ပြုံးပြနေတယ်လေ ဘာပဲပြောပြော မှန်တွေကတော့ ကျနော်တို့ဘ၀မှာ လိုနေပါတယ် ကောင်းသည် ဆိုးသည် ဖြစ်စေပေါ့ဗျာ


လေးစားလျက်
တောင်ပေါ်သား

ကြိုးမဲ့စွန် said...

မှန်လေးပါပဲ
ဒါပေမယ့်တွေးပြီး ခံစားပြီးရေးတတ်လိုက်တာ
ချီးကျူးတယ်ဗျာ
ကျွန်တော်ကြိုက်တယ်...အရေးအသားလေးကစာဖတ်သူကိုစွဲဆောင်နိုင်တယ်

purplemay said...

အတွေးလေးကြိုက်တယ်အစ်ကိုရေ...:)

ရွှေပြည်သူ (ShwePyiThu) said...

မှန်တွေထဲက အရိပ်တွေက တုန်လှုပ်စေတယ်ဆိုရင် ဥပက္ခာပဲ ပြုထားရမှာပါပဲ။ တကယ်တော့ “မှန်”ဆိုတာလည်း ပညတ်သက်သက်ပါပဲ...

NangNyi said...

အစ်ကိုလည်း အဲလိုခံစားနေရတာကိုး..

ဗီလိန် said...

မီးပိတ်ထားရင် အဲဒီ့ မှန်လဲ အမှောင်ပါပဲ။