13 July 2009

ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံချက် နဲ့ လူတစ်ယောက်ရဲ့ ဘ၀အဆုံးသတ်


ကိုဖိုးသင်္ကြန်ရေ တဖွဖွခိုင်းလွန်းလို့ ရေးတော့ရေးလိုက်ပြီဗျ။ ကျနော်က အရေးလည်းမတတ် ဂီတကိုလည်း နားမလည်ပါးမလည် အကယ်၍ တစ်ခုခုများအမှားအယွင်းဖြစ်ပြီး လွဲချော်သွားခဲ့ရင် ခွင့်လွှတ်ပါဗျာ…..

…မိုးဇက်….မိုးဇက်…..

ဝုန်းခနဲ အသံက တံခါးရဲ့ နောက်ကွယ်မှာ။ ဘာများဖြစ်နေပါလိမ့်။

လူတစ်ယောက်လဲပြိုနေပါလား…ဟာ…လည်ပင်းမှာလည်း ဓါးနဲ့လှီးလို့။

နောက်တော့ ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံချက်တွေနဲ့ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုကို စတင်မြင်တွေ့ရပါတော့တယ်။

သူ့ဘ၀က ဒီဂီတတွေနဲ့ ယဉ်ပါးဖို့ ခဲယဉ်းပေစွ။ သူ့အဖေရဲ့ ဦးတည်ချက်တွေက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဲ့။ သူကတော့ သူဘ၀က ဂီတဖြစ်ရမယ်တဲ့။ သူဘာကိုပဲပေးဆပ်ရ ပေးဆပ်ရ။ ယုတ်စွအဆုံး ဘုရားသခင်ထံဆုတောင်းခဲ့တာသာ ကြည့်ပါတော့။

ဆုတောင်းပြည့်ခဲ့သလား (တကယ်ဆို ဒီဆုမျိုးမပြည့်သင့်ဘူးလေ) သူ့ကို ဂီတဖက်မလိုက်စေချင်တဲ့ အဖေ ရုတ်တရက်သေဆုံးရာကအစ သူဂီတ နယ်ကို ခြေစုံပစ်ဝင်နိုင်ခဲ့တယ်။

ဒါပေမယ့် မိုးဇက်နဲ့မဆုံခင်အထိပေါ့။

မိုးဇက်ကို စတွေ့တော့ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ဒါမိုးဇက်ပါလို့ ဘုရားစူးပြောရလောက်အောင်အထိ။ ကြမ်းပြင်ပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ ထွေးလား လုံးလားနဲ့။ မြင်ရတဲ့ပုံစံကို သူ့ရဲ့ ဂီတနဲ့ လုံးဝအပ်စပ်လို့ကို မရခဲ့ဘူး။

မိုးဇက်ရဲ့ ပါရမီကို မြင်ရတာကတော့ March of welcome ကနေ အစပြုခဲ့တာပါ။ သူကိုယ်တိုင်ရေးတဲ့ သီချင်းကို မိုးဇက်က နားထောင်ရုံမျှနဲ့ တစ်ပုဒ်လုံး ပြန်လည်တီးပြခဲ့ရုံမက အတီးအသော့လေးတွေနဲ့အပြင် ဆန်းသစ်မှုတွေနဲ့ပါလုပ်ပြနိုင်ခဲ့တာမို့ သူကိုယ်တိုင် တုန်လှုပ်ခဲ့ရတာပါ။

ဂီတတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သူသိပ်ချစ်တဲ့ လက်ဖျားနဲ့တောင်မထိရက်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကိုလည်း မိုးဇက်က ရရှိသွားခဲ့ပြန်တယ်။ ဘုရားသခင်ရက်စက်လွန်းလှတယ်။

မိုးဇက်ရေးတဲ့ ပြဇာတ်တွေ မိုးဇက်ရဲ့ အောင်မြင်မှုတွေ…ဒါတွေအားလုံးက သူ့ကိုလှောင်ပြောင်နေသလိုပဲ။ ဂီတက သူ့ဘ၀ ဒီဂီတအတွက် အရာအားလုံးကို သူစွန့်လွှတ်ဖို့အဆင်သင့်လေ။ ဒါပေမယ့် သူ့မှာပါရမီမပါခဲ့ဘူးထင်ပါတယ်။ သူအောင်မြင်သင့်သလောက် အောင်မြင်ပါရဲ့။ မိုးဇက်လောက်လူသိမများခဲ့ဘူး။ အခုသူ ၀န်ခံချက်ပြောနေတဲ့ တရားဟောဆရာတောင် သူ့သီချင်းကိုမသိဘူးတဲ့လေ။

အောင်မြင်မှုကို မက်မောတဲ့လူထဲက လူတစ်ယောက်၊ ပြီးတော့ ဂီတကိုအရူးအမူးဖက်တွယ်ထားတဲ့ လူတစ်ယောက် အတွက် မိုးဇက်ဟာ တကယ့်ကို နတ်ဆိုးတစ်ကောင် မကောင်းဆိုးဝါးတစ်ကောင်ပါပဲ။

သူကိုယ်တိုင်ပဲ မမျှတတဲ့ ကောင်းချီးပေးခဲ့သူ ဘုရားသခင်ကို စွန့်လွှတ်လိုက်တယ်။ မိုးဇက်ပျက်စီးဖို့အရေး သူကြိုးစားလုပ်ကိုင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ခါးသီးတဲ့မုန်းတီးမှုတွေနဲ့ အရာရာကို စီမံဆောင်ရွက်ခဲ့တယ်။ အမုန်းတွေ သိပ်ကြောက်စရာကောင်းတဲ့အမုန်းတွေပေါ့။ ဒါတွေကို မိုးဇက်မသိခဲ့ဘူးလေ။

မိုးဇက်ရဲ့ တက်လမ်းတွေကို ပိတ်ဆို့ ခဲ့တာမို့ စီးပွားရေးကြပ်တည်းမှုတွေနဲ့ အကြပ်ရိုက်စေခဲ့တယ်။ မတရားသော ယှဉ်ပြိုင်မှုနဲ့ နည်းမျိုးစုံသုံးပြီး ကြိတ် အနိုင်ကျင့်ခဲ့တာ။

မိုးဇက်ကို ထိခိုက်ကြေကွဲပြီး ဘ၀ပျက်စေခဲ့တာ သူ့အဖေသေတဲ့ အချိန်ကစမယ်ထင်တယ်။ ပြီးတော့ သူကိုယ်တိုင် မိုးဇက်အဖေ၀တ်ခဲ့တဲ့ ရုပ်ဖျက်ဝတ်စုံနဲ့ မိုးဇက်ကို requiem mass ဆိုတဲ့ သီချင်းတစ်ပုဒ် ရေးစေခဲ့တယ်။ အဲ့ဒီသီချင်းနဲ့ မိုးဇက် ကိုထိုးနှက်ခဲ့တာ။ ငွေကြေးလိုအပ်နေတဲ့ မိုးဇက်ကို ဒီသီချင်းရေးဖို့ ငွေကြေးတွေနဲ့မြူဆွယ်ခဲ့တယ်။ ပြီးတော့ မိုးဇက်ကို အကြိမ်ကြိမ်တိုင် ခြောက်လှန့်သွေးပျက်စေခဲ့တာပါ။

တကယ်တမ်းတော့ မိုးဇက်ကို သူသတ်ခဲ့တာ။ သူမှားသွားခဲ့ပြီ။ ရလိုက်တဲ့နောင်တ ကြောင့် သူ့ကိုယ်သူ သတ်သေပြီး အပြစ်ကနေ ခွင့်လွှတ်ဖို့ကြိုးစားခဲ့တာတဲ့လေ…

ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံခြင်းကတော့ မိုးဇက်ကို သူသတ်ခဲ့တာပါတဲ့။ သူရယ် ဘုရားသခင်ရယ်ကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူးတဲ့….

အောင်မြင်မှုဆိုတဲ့ နောက်ကို လူတိုင်းလိုက်နေမယ်ထင်တယ်။ ငွေကြေးလိုမက်မောတပ်မက်စေတဲ့ အရာတစ်ခုပါပဲ။ တစ်ချို့က ရိုးသားကြိုးစားပြီးအောင်မြင်တယ်။ တစ်ချို့က ဖြတ်လမ်းနည်းနဲ့အောင်မြင်တယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်ပါတယ်လို့ ကောက်ချက်ဆွဲလို့ရပေမယ့် မိမိရဲ့အောင်မြင်မှုဟာ လိပ်ပြာသန့်ရဲ့လား ဆိုတာကိုကော တွေးစေချင်မိတယ်။ ကိုယ့်အတွက် သူတစ်ပါးကို စတေးရမယ်။ အထူးသဖြင့် ဘ၀တွေ အသက်တွေ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေ(သူတစ်ပါး မို့ ကိုယ့်အတွက် တန်ဖိုးမရှိဘူးဖြစ်ချင်လည်းဖြစ်မှာပါ) စတေးရမယ်ဆိုရင်ကော အောင်မြင်ချင်သေးပါသလား။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့သူတွေလည်း ရှိမှာပါလေ။ ခံယူချက်ခြင်းမှ မတူနိုင်ပဲ။

နောက်တစ်ခုကတော့ အောင်မြင်မှုတွေ တစ်သီကြီးနဲ့ မိုးဇက်ရဲ့ ဘ၀ပါ…

ပါရမီကြောင့် လက်ချောင်းတွေ လှုပ်လိုက်တိုင်း လက်ခုပ်သံတွေ ဘ၀ဂ်ညံစေခဲ့တယ်။ သူအမြဲရွတ်တဲ့ စကားလိုပဲ ဒီမှာ လူတွေက သူ့ကိုချစ်ကြပါတယ်တဲ့လေ။ တကယ်တော့ သူ့ရဲ့ အောင်မြင်မှုကို မူးယစ်မနေသင့်ဘူးနော်။

တစ်ချိန်လုံးအောင်မြင်ခဲ့တဲ့ သူ့ဘ၀ နေ၀င်ချိန်ကတော့ သံဝေဂရစရာတွေနဲ့ပေါ့။ ငွေရေးကြေးရေးအခက်အခဲကြောင့် မာနတွေချခဲ့ရတာတွေ။ အနုပညာကို ဟင်းရွက်ကန်းစွန်းလိုရောင်းခဲ့ရတာတွေ။ ဘယ်လောက်အသည်းနာလိုက်မလဲ။

အဆိုးဆုံးကတော့ သူရေးခဲ့တဲ့ ဆင်ဖိုနီတွေ ကမ္ဘာကျော်ခဲ့ပေမယ့် မိုးဇက်တစ်ယောက် ဘယ်နားပျောက်မှန်းမသိအောင်ကို ပျောက်ဆုံးသွားခဲ့ရတာ။ ပိုက်ဆံမတတ်နိုင်လို့အုတ်ဂူသွင်းမထားနိုင်ခဲ့တဲ့အပြင် အများသူငှာနဲ့ ရောနှောပြီး mass grave မှာ မြုပ်နှံခံခဲ့ရတယ်။

ထိုက်တန်တဲ့အရာတစ်ခုကတော့ သူသေပေမယ့် သူ့သီချင်းတွေ မသေခဲ့ဘူး။ သူ့နာမည်မသေခဲ့ဘူးလေ။ ပတ္တမြားမှန်ရင် နွံမနစ်ဖူးထင်ပါရဲ့။

ဒီဇာတ်ကားကို ကြည့်ဖြစ်ခဲ့မယ်ဆိုရင် sound box ကိုတော့ ဖွင့်ရပါလိမ့်မယ်။ အတီးတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးက စွဲဆောင်မှုအပြည့်။ သူတို့ခေတ်ရဲ့ ပြဇာတ်ယဉ်ကျေးမှုကိုလည်း တစေ့တစောင်း မြင်ရပါလိမ့်မယ်။

အဆုံးသတ်မှာတော့ သူသိပ်မုန်းတယ်ဆိုတဲ့ မိုးဇက်ရဲ့ ရယ်သံဆန်းဆန်းကို မမေ့တော့ဘူးဆိုတာ အာမခံပါတယ်……

သူဆိုတာကတော့ Antonio Salieri ပါ........(အိပ်ချင်မူးတူးနဲ့ နာမည်မှားရေးထားပါတယ် :P)

14 comments:

ဖိုးသင်္ကြန် said...

ထောင့်စေ့အောင် ရေးထားတာပဲ။
ကောင်း၏။
comment ပေးရတာ အဆင်မပြေတော့ စာလာဖတ်သူတွေအတွက် နောက်ထပ်Link တွေ မပေးနိုင်တော့ဘူးဗျာ။
သိချင်သူတွေ ကိုယ့်ဖာသာ ဖော်စားကြပါစေတော့။

ဖိုးသင်္ကြန် said...

နောက်တစ်ဇာတ်ရေးဖို့ ပေးဦးမယ်။

puluque said...

ရုပ်ရှင် ကြည်ရတာ ပျင်းပါတယ် ဆို ကြည့်ချင်အောင် ဆွဲဆောင်နေပါလား။ ကြည့်ဖို့ အကြွေး ၂ ကားရှိပီပေါ့ဗျာ။ ကြည့်ဖြစ်အောင် ကြိုးစားလိုက်ဦးမယ်ဗျာ.. ရုပ်ရှင်ကြည့်မယ်ဆို အိပ်ငိုက်သွားတာက ဆိုးသဗျ။

တန်ခူး said...

ရေးထားတာ လှလွန်းလို့  မိုးဇက်ရယ် သူရယ်… ပြီးတော့ အောင်မြင်ကြော်ကြားခြင်းတွေရယ် မနာလိုဝန်တိုခြင်းတွေရယ် နောင်တတွေရယ်… အားလုံးက ကိုယ့်ရှေ့ ကို ပိတ်ကားချပ်ကြီးကျ တကွက်ပြီးတကွက်မြင်လိုက်ရသလိုပဲ… မကြည့်တော့ပါဘူး… ဒါလေးဖတ်ထားတဲ့ အရသာလေး ဒီတိုင်းထားချင်လို့ … တခါတခါ အရုပ်ကြီးတွေ ကွက်ကွက်ကွင်းကွင်း မြင်ရတာထက် ဒီလိုလေးဖတ်ပြီး တစိမ့်စိမ့်တွေးရတာ ပိုအရသာရှိသလားလို့ … အောင်မြင်မှုဆိုတာ စိတ်မထားတတ်ရင် အတော်ပူလောင်တာပဲနော်… သူများကို နင်းခြေရမှ ခရီးတခုရောက်မယ်ဆိုရင် မသွားရလဲနေပါစေတော့ ကြွေနေတဲ့ ပန်းကလေးတွေတောင် မနင်းရက်ပါဘူး….

Anonymous said...

ရေးထားတဲ့ စွဲဆောင်အားကြောင့် မဆိုင်းမတွ ယူကျုကနေ မိုးဇက်ကို သွားကြည့်ဖြစ်လိုက်တယ်၊ ရသတွေ အများကြီးရသွားတယ်။ မိုးဇက်ဟာ တကယ်ပဲ အဲဒီလို ရယ်တယ်နော်။ Antonio Salieri ရဲ့ မနာလိုဝန်တိုတာကြောင့် မိုးဇက်ကို သွေးပျက်စေတာတွေတော့ ဆက်မကြည့်ဖြစ်လိုက်ဘူး၊ ရွာသားရေးပြတာနဲ့တင် လုံလောက်ပါပြီ၊ နာကျင်ရတဲ့ရသတွေကို မကြည့်ရက်ဘူးလေ။ အခုလိုဇတ်ကြောင်းပြန်ပေးတဲ့အတွက် ကျေးဇူးပါ၊ ပုံမှန်ဆိုရင် မကြည့်ဖြစ်ဘူး၊ မကြည့်ဖြစ်တော့ ကမ္ဘာ့ဇာတ်ခုံလောကကို သိနိုင်စွမ်းသလောက် အားလုံးမသိရဘူးပေါ့။

Rita said...

ကြည့်ချင်မိသွားပြန်ပြီ

ကြည်ဖြူပိုင် said...

ငွေရေးကြေးရေးအခက်အခဲကြောင့် မာနတွေချခဲ့ရတာတွေ။ အနုပညာကို ဟင်းရွက်ကန်းစွန်းလိုရောင်းခဲ့ရတာတွေ။ ဘယ်လောက်အသည်းနာလိုက်မလဲ။

ဒီစာသားလေးကိုကြိုက်စ်။ တစ်ပုဒ်လုံး ကိုဖတ်ပြီး ဟာ့တ်ထိသွားစ်

ပုံရိပ် / Pon Yate said...

ပြန်ကြည့်ချင်စိတ်ပေါက်လာပြီ။ တကယ်တော့ သူကသနားဖို့ ကောင်းပါတယ်။ ပြိုင်ဖက်အပေါ်မှာ မုဒိတာ ဆိုတာ ထားနိုင်ခဲ လှတယ် ထင်ပါရဲ့။ ပြန်ကြည့်ဦးမယ်။

Phyo Maw said...

မိုးဇက်ဆိုတာ ရန်ကုန်က အဆိုတော် အောက်မေ့တာ
အဲလိုသာမန့်လိုက်ရင် ကိုကိုရွာသားတို့ ရင်နာမှာဆိုးလို့
အလကားပြောတာပါ တကယ်ပြောတာပါ

Mogok Thar said...

အခွေ ရှယ်ပေးပါး။
တောင်းဆိုးးးပါးးဒယ်။
ဂီတကို မြတ်နိုးပေမဲ့ နားထောင်သူ အဆင့်သာ ဆိုတော့ကာ....
ငယ်တုန်းက ကြည့်ဖူးပေမဲ့ ရွာစား ပြောမှ ပြန်ကြည့်ချင်သွားတယ်ဗျာ။

သီဟသစ် said...

စာကိုဖတ်တာနဲ့ လုံလောက်သွားပါပြီ
အမှန်အတိုင်းပြောရရင် ကြည့်ရမှာပျင်းတယ်

Thanks

ခင်မင်စွာဖြင့်
သီဟသစ်

ကောင်းကင်ပြာ said...

တော်တော် ပျင်းတဲ့ သီဟပဲ၊ တို့တောင် ကြည့်ပီးပီ

မိုးခါး said...

ဒါ ဟိုနေ့တည်းက ဖတ်ပြီးသား
အဲဒီနေ့က မန့်လို့မရဘူး
မန့်ဖို့နေရာကို ရှာမတွေ့တာ
ဘာဖြစ်တာလဲဟင် ..

ဒီဇာတ်လမ်းလည်း ဖတ်ရင်း စိတ်ဝင်စားတယ် ..း)

Unknown said...

ဒီဇာတ်ကား တို့ မသိခဲ့ဘူး (မိုးဇက် ကိုတော့ သိတယ်)
ကြည့်လို့ ကောင်းမယ့်ဇာတ်ကားပဲ ဂီတတွေကိုနှစ်သက်မိတယ်