23 June 2009

အမှောင်ခွင်း၍ အလင်းဆောင်အံ့

မနေ့က ကိုဆန်းဝင်းကျောက်ပန်းတောင်းရဲ့စာမရွှေပြည်သူရဲ့စာ တွေကိုဖတ်ရင်း ဒီအတွေးကိုရပါတယ်။

ကျနော်ငယ်ငယ်တုန်းက စာကြည့်တိုက်ဆိုတဲ့စကားလုံးကို မယဉ်ပါးခဲ့ရပါဘူး။ လေးတန်းတုန်းက အန်တီလေးကျောင်းမှာ ဖတ်ခဲ့ရတဲ့ သုတရတနာသိုက်ဆိုတဲ့စာစောင်တွေ ကျောင်းသားတွေဖတ်ရှုသင့်တယ်လို့ထင်မိတယ်။ စက်ရုံစာကြည့်တိုက်ဆိုတာ ကျနော် ရှစ်တန်းရောက်မှပေါ်ပေါက်ခဲ့တာပါ။ နံရံကပ်စာစောင်တွေ ၀တ္ထုတိုတွေ ဆောင်းပါးတွေ ကဗျာတွေ ဆိုတာ စာကြည့်တိုက်မှူး ဦးဇော်ကြီးတို့ကြောင့်ဖတ်မိဖြစ်ခဲ့တာ။

အလယ်တန်းအထိ ကျောင်းစာကြည့်တိုက်ဆိုတာ မရှိခဲ့ပါဘူး။ ကိုးတန်းရောက်မှ အထက်မင်းလှ အထက်တန်းကျောင်းမှာ စာကြည့်တိုက် အသင်းဝင် ဖြစ်ခဲ့ပါတယ်။ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်က နာခံတော်ဆိုတဲ့ စာအုပ်ပါ။

တက္ကသိုလ်ကျောင်းသားဘ၀ စာကြည့်တိုက်ဆိုတာ ဘယ်နားနေမှန်းတောင်မသိခဲ့ပါဘူး။ ငှားရစကောင်းလည်းမထင်မိတာပါ, ပါတယ်။ နောက်ဆုံးနှစ်မှာ ဆရာ ဦးကလင်မန့်ကြောင့်သာ အင်တာနက်ဆိုတာနဲ့ မိတ်ဆက်ခဲ့ရတယ်။ အင်တာနက်ဆိုတာ ပင်လယ်ပြင်ကြီးလို ကျယ်လှပါလားလို့ ရေအိုင်ထဲက ဖားသူငယ်မှာ မျက်လုံးအပြူးသားပေါ့။

အမျိုးသားစာကြည့်တိုက်ကို အလုပ်ကိစ္စနဲ့ရောက်ခဲ့ဖူးတယ်။ ဆောက်လက်စတုန်းကပါ။ အခုတော့ အဲ့ဒီနေရာမဟုတ်တော့ပြန်ဘူးပေါ့။ စာအုပ်စာရင်းကို အံဆွဲလေးထဲက ထုတ်ကြည့်ပြီး တကယ့်ကို အားရပါးရရှိလှပါတယ်။ များပြားလှတဲ့စာအုပ်စာရင်းနဲ့တင် ဖျားသွားခဲ့တာ။ အိမ်နားနီးနီးမှာ ဆိုကောင်းမယ်လို့ စိတ်ကူးယဉ်ခဲ့သေးတယ်။

နောက်တော့ ၂၄နာရီ ထုတ်လုပ်ရေး လုပ်ငန်းထဲမှာ လုပ်ဖြစ်ခဲ့တယ်။ အလုပ်ထဲ ၀င်ပြီဆိုတာနဲ့ ပြင်ပနဲ့ အဆက်အသွယ်ပြတ်သွားရောလေ။ အလုပ်ကို အသွားအပြန်ကြာချိန်က တစ်နေ့သုံးနာရီ။ အိမ်ပြန်ရောက်တော့ အိပ်မိပြန်ရော။ မြို့ထဲနေရင်တော်ပါရဲ့ အလုပ်နားနီးတဲ့ ရွာမှာနေလို့ကတော့ သေချာတယ် မျက်စိပိတ် နားပိတ်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်မလား သူတို့ပြထားတဲ့ ဗွီဒီယိုဆိုတာတွေကြည့်မလား။ ဒါ့အပြင် ဘာမှ မမျှော်လင့်နဲ့တော့။ မီးကလည်း မရှိလေ။ ရန်ကုန်မြို့နဲ့ ခရီးမကွာဝေးပေမယ့် မီးမရသေးတဲ့ ရွာကလေးပေါ့။

ဆိုတော့ ထုံးစံအတိုင်း ကျနော်ကမ,တည်တယ်။ နောက်ထပ် လစာတွေထုတ်တော့ ပြားစွန်း(ငါးကျပ်တစ်ဆယ်ပိုတာလေးတွေပါ) HR ကအမ်းတာလေးတွေကိုထည့်တယ်။ လုပ်ဖော်ကိုင်ဖက်တွေကို အလှူခံတယ်။ မန်နေဂျာတွေကို ဓါးပြတိုက်တယ် (သူတို့ကလည်း လခထုတ်ပြီးရင် ကိုယ့်ဆီကတောင်ပြန်လှည့်ချင်ကြတာ၊ အိမ်က ပြန်လမ်းမဲ့ပုံးထဲ ထည့်လိုက်ရလို့ ဘာလို့ပေါ့ဗျာ-ကိုသီဟသစ်ဆို ဒီအကြောင်းပိုသိမယ်ထင်တယ်ဗျ)။ စုဆောင်းရသမျှငွေထဲက အပတ်စဉ်ထွက်တဲ့ ဂျာနယ်လေးတွေ၊ အင်္ဂလိပ်စာ စာစောင်တွေ ၀ယ်ပြီး ကျနော်တို့ ဌာန မီတင်စားပွဲနားမှာ ထားတယ်။ အခုတော့ အဲ့ဒီအလုပ်ကို ဆက်လက်လုပ်နေကြသေးလား ကျနော်မသိတော့ပါ။

အသိဥာဏ်ရင့်သန်စေဖို့၊ ဗဟုသုတတိုးပွားစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ သိစေချင်တယ်။ ကြိုးစားရင် အရာထင်မယ်ဆိုတာ မြင်စေချင်တယ်။ သူများတွေ ဘာလုပ်နေပြီလဲ မိမိနဲ့နှိုင်းယှဉ်စေချင်တယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ်စေချင်ဘူး။ ရလာတဲ့ အသိပညာတွေကို အလုပ်ထဲမှာ ပြန်လည်အသုံးချရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို တည်ဆောက်ချင်တယ်။ ဒါကကျနော့ အတွေးတွေပါ။

ကိုဆန်းဝင်းကျောက်ပန်းတောင်းတို့လို မိမိရပ်ရွာကိုပြန်လည် အကျိုးပြုတာမျိုး တွေများပြားစေချင်မိတယ်။ ကိုတာတို့ မုံရွေးကြေးမုံမှာ စာကြည့်တိုက်တွေ ဖွင့်ကြတော့ အားကျမိတယ်။ စာပေနဲ့ အသိဥာဏ်ရင့်သန်တဲ့ လူငယ်တွေ ပြုစုပျိုးထောင်ကြရင် နောင်တစ်ခေတ်မှာ ရွှေမြန်မာတွေ တကယ့်ရွှေတွေ ဖြစ်မှာမလွဲပါဘူး။

ဒါပေမယ့် တကယ့်ပြင်ပမှာတော့ ပါးရှားနေသေးတယ်။ မှေးမှိန်နေသေးတယ်။ ပျောက်ကွယ်နေပါသေးတယ်။ နိုင်ငံရပ်ခြားကို အလုပ်လာလုပ်မယ့် လူငယ်လူရွယ်တွေဟာ အင်္ဂလိပ်စာကိုလေ့လာသင့်တယ်ဆိုတဲ့ အသိတွေ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဒီကိုလာတဲ့ ခရီးမှာ မလေးမှာ အလုပ်သွားလုပ်မယ့် လူငယ်သုံးယောက်နဲ့ ဆုံဖြစ်ပါတယ်။ သူတို့တွေ အင်္ဂလိပ်စာကို နားကိုမလည်ခဲ့ဘူး။ စာမဖတ်တတ်တင်တာလားဆိုတော့ မဟုတ်ဘူးဗျ စကားပါမပြောတတ်သလို ပြောတာကိုလည်းနားမလည်ခဲ့ပါဘူး။ သူတို့က မလေးကိုမနက်ငါးနာရီမှ ကူးရမှာပါ။ လေဆိပ်ထဲမှာပဲ စောင့်နေရမှာ။ ဒါပေမယ့် ဘုမသိဘမသိဆိုတော့ Immigration မှာ ၀င်တန်းစီးကြတာပေါ့။ သူတို့ ကိုမေးလည်း ဘာမေးမှန်းမသိ။ သူတို့က လည်း ပြန်မပြောတတ်နဲ့ အဲ့ဒီအချိန် ဒုက္ခတွေ့တော့တာပါပဲ။ အနည်းအကျဉ်း white card ဖြည့်နည်းလေးလောက် Immigration officer မေးရင် ဖြေနိုင်လောက်တဲ့ အနေအထားတော့ လေ့လာသင့်တယ်။ စီစဉ်ပေးတဲ့သူတွေကလည်း ပစ္စလက္ခတ်လွှတ်လိုက်ကြတာမျိုးမဟုတ်ပဲ ကိုယ့်အမျိုးအဆွေတစ်ယောက်လို အဆင်ပြေအောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ စာတွေဖတ်ရင်းနဲ့ ဒါမျိုးတွေ ပြင်ဆင်လာသင့်တယ်ဆိုတာလည်း သိလာစေချင်မိတယ်။

အခုလိုမျိုး တစ်နိုင်တစ်ပိုင် လုပ်လာကြမယ်ဆိုရင်ဖြင့် ကိုဆန်းဝင်းတို့ လက်ပန်ကျင်းရွာကလေးကနေ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်ကနေ မန္တလေးတိုင်း၊ မန္တလေးတိုင်းမှသည် နိုင်ငံအတိုင်းအတာအထိ နောက်တော့ မရွှေပြည်ရေးတဲ့ National Library လို စာကြည့်တိုက်တွေ တဖြည်းဖြည်းထွန်းကားလာပါစေလို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်ခင်ဗျာ...

23 comments:

Anonymous said...

ကျွန်တော်လည်း ကိုဆန်းဝင်းဆီက ပို့စ်ရော မရွှေပြည်သူဆီက ပို့စ်ကိုရော မနေ့ကတင် ဖတ်ခဲ့ရပါတယ် ... ဖတ်ပြီးတော့ စိတ်ထဲ မကောင်းဘူး ... မရွှေပြည်သူပြောပြ ရေးပြ ကင်မရာနဲ့ ရိုက်ပြတာလေးတွေ မြင်ရတော့ ကိုယ်တွေ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး စိတ်မကောင်း ဖြစ်တာမျိုးပါ ... ကိုဆန်းဝင်းဆီကိုရောက်တော့ စာကြည့်တိုက်ကို စုပေါင်းဒါနပြုထားလေးနဲ့ ဖန်တီးထားတာလေး ဖတ်ရတယ် .. ကြည်နူးရတယ် ...
ဟုတ်ပါတယ် ကိုရွာသားလေး ပြောသလိုပါပဲ .. စာကြည့်တိုက်ဆိုတာ .. နိုင်ငံတစ်နိုင်ငံရဲ့ မြို့ကြီး ပြကြီးက စလို့ ကျေးလက်တောရွာမကျန် တည်ရှိသင့်တာ အမှန်ပါပဲဗျာ ... ရွှေမြန်မာများ အမှန်ရွှေနိုင်ကြပါစေ ....
နေဒေးသစ်။

ကြည်ဖြူပိုင် said...

That's right. KO Ywar Thar! I totally agree. :)

WWKM said...

၁.
သြော်.. စလုံးက ဘလော့ဂါကြီးတွေ နေ့ခင်းကြောင်တောင်လည်း ပို့စ်တင်နိုင်ကြသကိုးးးး))

လာဖတ်သွားတယ် မောင်ရွာသားရေ.
ညီမလေးမေတ္တာရောင်ပြန်က ဆက်သွယ်ထားတယ်ပြော
ပါတယ်.. အစ်မကို အကြောင်းပြန်ပေးပါ။အလှူကိစ္စ
အောင်မြင်သွားရင် စိတ်အေးပါပြီ.

အဆင်ပြေပါစေ.

WWKM said...

အဟတ် အဟတ် ၃ .တဲ့

နေဒေးတို့ကတော့ အားပါ့ကွယ်.း)

မမသီရိ said...

ရွှေပြည်သူတို့ ကိုဆန်းဝင်းတို့က ဘာတွေ
ရေးထားသလဲလို့ ဖွင့်ကြည့်သေးပေးမဲ့ ဖွင့်မရ လို့
မသိခဲ့ရဘူး
ဒါပေမဲ့ မောင်လေးရေ
အမတွေ့ ဖူးတဲ့ မြန်မာပြည်ထဲက
(အစိုးရစီစဉ်သော)
ကျေးလက်စာကြည့်တိုက်တွေက အထဲမှာ
ဘာမှ မရှိသလောက်ပါ
အကုန်လုံး အသက်မဲ့ နေတာတွေ့ခဲ့ရတယ်.
ဝမ်းနည်း စိတ်မကောင်းစရာပါပဲ..

လင်းဒီပ said...

ကောင်းပါတယ်ဗျာ...ကိုဆန်းဝင်းတို့လုပ်တာကော မရွှေပြည်သူရေးထားလေးကော ကိုရွာသားရှင်းပြတာလေးရော...
စာပေမြင့်မှ လူမျိုးတင့်တယ်တဲ့ မဟုတ်ဘူးလား ကိုရွာသားရေ.(လူရွှင်တော်သံဖြင့် ဖတ်ရန်)

ကိုသီဟသစ်ရဲ့ ပြန်လမ်းမယ့်ပုံး အကြောင်းလေးလည်း အကျယ်တဝင့် ရေးပြမယ်ဆို ဖတ်ချင်ပါတယ်..။
ကိုယ်က ဒါတွေ သိပ်သိတာ မဟုတ်ဘူးလေ..။

ခမ်းကီး said...

ရွာသားလေးလို ရွာသားအများကြီး ပေါ်ပေါက်ပါစေ...

Ree Noe Mann said...

စာကြည့်တိုက်ရှိခြင်းက ရွာအတွက်ကောင်းသလို
လူတိုင်းအတွက် လိုအပ်တဲ့ ဗဟုသုတတွေ ကိုရှိစေပါတယ်။
ကျနော်က စာအုပ်ဆို အကုန်ဖတ်တယ်။

ရီနို

Rita said...

ကောင်းပါလေ့ရှင်

သီဟသစ် said...

စာကြည့်တိုက်လေးတွေ အကြောင်းဖတ်ရတာကောင်းပါ့
..

ပြန်လမ်းမဲ့ပုံးနဲ့ သီဟသစ် ကတော့ ဘာမှလည်း မဆိုင်ဘူးဟွန်း.. လူပျိုကြီးဖြစ်ပါစေဗျာ :D

ခင်မင်စွာဖြင့်
သီဟသစ်

khin oo may said...

ရေးလိုက်ဖျက်လိုက်နဲ့ ပြန်သွားသည်။

ဝေလေး said...

စာကြည့်တိုက်တွေ များပြားရုံမက စာဖတ်ချင်တဲ့စိတ်လေးတွေပါ များပြားလာကြရင် အတိုင်းထက်အလွန်ပေါ့နော်......

အိုင်လွယ်ပန် said...

ကိုရွာသားရေးတဲ့အထဲမှာ
ဆောင်းပါးတွေကို အတော်သဘောကျမိတယ်ဗျာ ...
ကောင်းသောနေ့ပါဗျာ ...

Sein Lyan Tun said...

ဆောင်းပါးရှင်ရဲ့ ဆန္ဒတွေပြည့်ဝပါစေ

ဆောင်းပါးလေးဖတ်လို့ကောင်းတယ်ဗျာ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ဆန်းဝင်း said...

ကျွန်တော်ထင်တယ်.ရွာဓလေ့ပဲဖြစ်ဖြစ် မြို့ပြပဲဖြစ်ဖြစ် စာဖတ်တတ်စ အရွယ် မူလတန်း အလယ်တန်း အရွယ်ပေါ့ အဲဒီအချိန်မှာ စာကို အရမ်းဖတ်ချင်ပါတယ်။ ရွာတွေမှာ ဘုရားရှိခိုး စာလုပ် နဲ့ ဘတ်စ်ကားပေါ်မှာ တစ်အုပ်တစ်ရာ ဆိုတဲ့ ပုံပြင်စာအုပ်တွေ လောက်ပဲ ရနိုင်တယ်။ စာဖတ်ချင်တဲ့အချိန် ဖတ်စရာစာအုပ်ကမရှိတော့ အများနည်းတူ ငှက်ပစ် ၊ ဆက်ရက် တဲ့ဖက် မဲသာသွားတယ်။ ဒါ စာအုပ်စာပေ လက်လှမ်းမမှီခြင်းကြောင့် ဖြစ်ရတဲ့ အဖြစ်ပါ။
ကျွန်တော် ငယ်ငယ်က စာ အရမ်းဖတ်ချင်ပါတယ် ။ အဖေက ဂျာနယ် သူတ ရသ စာအုပ်တွေ ၀ယ်ရကောင်းမှန်း မသိဘူး လူဦးရေများလှတဲ့ အိမ်ထောင်တာဝန် စီးပွားရေးပဲ လုံးလည်လိုက်နေတယ်။ ငါးပိထုတ်တဲ့ သတင်းစာကိုလဲ ဖတ်ဖူးတယ်။ နွေရာသီဆို ကိုးတန်း ဆယ်တန်း က မြန်မာစာ ပုံပြင်တွေကို ဖတ်ဖြစ်တယ်။ ပထဦးဆုံးဖတ်မိတဲ့ စာအုပ်က အချစ်ဝတ္တုဖြစ်နေပါတယ်။ အဆိပ်စာ လို့ပဲပြောချင်တယ် .. မဖတ်သင့်တဲ့အရွယ်မှာ ဖတ်မိတာ အဲဒီစာဟာ အဆိပ်ပဲ။ တကယ်တော့ ကျောင်းသင်ခန်းစာနဲ့ သိပ်မဝေးတဲ့ ဂျာနယ်တွေ ပေါ့ ခေတ်ကို ကြည့်မြင်နိုင်မယ့် စာပေမျိုးကို ဖတ်ခဲ့မိရင် ........

ဆန်းဝင်း said...

ကိုရွာသားလေး ရေ.. စောတီးဗျာ။ 81084173 ပါ.....
အရိုင်း ကျေးငှက်လေးက ရွှေပင်နားတော့ ရွှေကျေးဖြစ်ရတာပေါ့ဗျာ။ အဲလိုပဲ ဘလော့ဂါ မြေကိုရောက်တော့ ဘလောဂါတွေ ဘာတွေလုပ်လဲ ကြည့်ရင်း ကျွန်တော့ ရွာအတွက် အစီအစဉ် စဖြစ်ပါတယ်။ ..:P

ကဗျာမလေး said...

အကျိုးမျှော်နှိုးဆော်ခြင်းဖြင့် ဆန္ဒရှင် အောင်မြင်ပါစေ ... ဖြစ်လာရမှာပေါ့ဗျာ :)

Unknown said...

သိပ်မှန်တာပဲ... နောင့် တို့ရွာမှာလဲ စာကြည့်တိုက်မရှိဘူး စာအုပ်ဆိုင် မရှိဘူး မီးမရှိဘူး ဗွီဒီယို ရုံ မရှိဘူး လဘ္ကရည်ဆိုင်မရှိဘူး..ဘာဆိုဘာမှ မရှိတဲ့ အိမ်ခြေ 100 တောင်မရှိတဲ့ ရွာလေးပါ..။ အဲ့ဒီ ရွာလေး ကနေ ..ခု စင်္ကာပူကိုရောက်နေ တာ 5 ယောက်ရှိပါတယ်။ အဲ့ဒီ ထဲက မှ ဒီမှာ နိုင်ငံသား ဖြစ်နေတဲ့ ဦးလေး ကမတည်ငွေလေး စထည့်ပြီး ကျန်တဲ့ 4ယောက်က အလှုငွေထည့်ပြီး..ကျောင်းမနေနိုင်တဲ့ ကလေးတွေ ကို ကျောင်းထားပေးဖို့ စီစဉ်နေတာ အထမြောက်နေပါပြီ..နောက်ဆို ကိုရွာသား ပြောသလို...စာကြည့်တိုက်လေး ပါလုပ်ပေးနိုင်အောင် ကြိုးစားရဦးမယ်..။

puluque said...

စာကြည့်တိုက် ကတော့ အားလုံး အတွက် ကောင်းပါတယ်။

ကိုရွာသားရေ..နည်းနည်း ဘဝင်မကျတာလေးမေးချင်လို့ဗျ..“တက္ကသိုလ်ကျောင်းသားဘ၀ စာကြည့်တိုက်ဆိုတာ ဘယ်နားနေမှန်းတောင်မသိခဲ့ပါဘူး။ ငှားရစကောင်းလည်းမထင်မိတာပါ, ပါတယ်။” အဲဒါတကယ်လားဗျာ...လှိုင်သာယာ စာကြည့်တိုက်ကို ကျတော်လဲရောက်ဖူးသဗျ..PTU စာကြည့်တိုက်လောက်တောင်မဆုံပါ။ ကျတော်ကတော့ ကြို့ကုန်းကျောင်းကြီး ထဲက စာကြည့်တိုက်မှာတော့ မွှေနေကျ။ ဋ္ဌာန စာကြည့်တိုက်ကို လဲ ရောက်တဲ့အခါ ရောက်ပေါ့ဗျာ..တကယ်ကို စာကြည့်တိုက်ကို မရောက်ဖြစ်တာလားဗျ။ ကျတော့လို လှိုင်သာယာမှာ ခိုးတက်တဲ့ကောင်တောင် မကြာမကြာ ရောက်ပါတယ်ဗျာ...

ဂျူနို said...

နီယွန်မီးကြီး မထွန်းနိုင်ခင် ဖယောင်းတိုင်လေး ထွန်းလို့ ရတယ်။ အနည်းဆုံး ကိုယ့်နားတော့ လင်းတယ်။

ဖယောင်းတိုင်နဲ့ ဖတ်တဲ့စာအုပ်ကြောင့် ဦးနှောက်တခုလုံး အမှောင် မဖုံးဖို့ တော့ သတိထားရမယ်။

အာဏာရှင်စနစ် မကောင်းဘူးလို့ သမိုင်းက ပြောကြတယ်။
အာဏာရှင်ကို ဆန့် ကျင်ရင်း ကိုယ်တိုင်လည်း အာဏာရှင်ဖြစ်သွားတတ်တယ်တဲ့ ကပ်စထရိုက သက်သေပြထားတယ်။

ရထားကြီးနဲ့ ခရီးသွားဖို့ ခေါ်ပါတယ်။ ဘယ်ဘူတာမှာ ခရီးဆုံးမလဲ တော့ မသိဘူး။
ဒါပေမဲ့ ဒွိဟ စိတ်နဲ့ တော့ မဖြစ်ဘူး ထင်တယ်။ လိုက်မယ်ဆိုလည်း လိုက်သာ လိုက်ခဲ့။ နောက်ရထားဆိုတာ မသေချာဘူး။

ဘာပဲဖြစ်ဖြစ် လွတ်လပ်တဲ့ စိတ်နဲ့ ပျော်ရွှင် ချင်ကြတာပဲ မဟုတ်လား။



ဒေါ်လေး

မိုးခါး said...
This comment has been removed by the author.
မိုးခါး said...

မျှော်လင့်ပါတယ် ကိုရွာသားရေ ..
အင်္ဂလိပ်စာညံ့တဲ့အထဲ ပါတယ်လေ .. (ကြွားတာ :P)
အင်္ဂလိပ်စာလုံးများများမြင်လိုက်ရင် လူကငိုက်ရော :P
(အပေါ်က မိုးခါးမှားသွားတာ :D)

Unknown said...

စိတ်ထားလေးက သိပ်မွန်မြတ်တာပဲ

ဖတ်ရင်းနဲ့  စဉ်းစားမိတယ်
ပြည်တွင်းဖြစ်ဂျာနယ်မှာ ထည့်ချင်စိတ်ပေါက်တာပဲ
ဒီဆောင်းပါးလေးကို