20 May 2009

ျမတ္လွဆရာ

ပြီးခဲ့တဲ့ပို့စ်နှစ်ပုဒ်က ဆရာတွေကို မကောင်းဘူးရယ်လို့ ရေးထားတာမဟုတ်ပါဘူး။ ကျနော်ပေးချင်တဲ့ အကြောင်းအရာက တစ်ခုပါ။ အရေးအသားတော်တယ်ဆိုတော့ စာဖတ်သူတွေ တလွဲတွေတွေးစေတဲ့အထိပါပဲ။ ဒေါ်လေးအယ်ပြောသလိုပါပဲ ဆရာတွေဆိုတာလည်း လူထဲကလူတွေပဲမို့ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိပါလိမ့်မယ်။ ဖြတ်သန်းရတဲ့ လူ့ဘဝတစ်လျောက်မှာ အဆိုးအကောင်းတွေက ကြုံတွေ့စမြဲပါ။ အကျိုးအကြောင်းနဲ့ ဝေဖန်ပိုင်းခြားတတ်ဖို့သာ ကျနော်တို့ လိုအပ်တယ်ထင်ပါတယ်။ မအေးမြတ်မြတ်ကို ပြောသလို ရွာသားလေးက ဆရာကံမကောင်းဘူးဆိုတာ မဟုတ်ပါဘူးဗျာ။ သိပ်ကိုကောင်းတဲ့ဆရာတွေနဲ့တွေ့ကြံုခဲ့ရပါသေးတယ်။

ကျနော်လေးတန်းအောင်တော့ ဆရာနှစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပါတယ်။ ဆရာနဲ့ဆရာမ အိမ်ထောင်သည်တွေပါ။ ဆရာက စက်ရုံဝန်ထမ်းဖြစ်ပြီး ဆရာမက ဆရာနဲ့အိမ်ထောင်ကျမှ ကျနော်တို့စက်ရုံကျောင်းလေးကို ရွှေ့လာခဲ့တာပါ။ ဆရာက ဝါသနာနဲ့ ၈တန်းကျူရှင်ပြပါတယ်။ သချာင်္နဲ့ ရူပဘာသာတွဲပါ။ ဆရာ့ကျူရှင်မှာ ကျနော့အစ်ကိုက တက်တာမို့ ဆရာနဲ့အိမ်ကရင်းနှီးနေပါတယ်။ တစ်ရက်မှာ ဆရာကအိမ်ကိုလာပြီး ပြောပါတယ်။ ကျနော့ကို သူတို့လင်မယားနှစ်ယောက်စာသင်ချင်ပါတယ်။ အိမ်က ကျူရှင်မထားနိုင်မှန်းသိလို့ ကျူရှင်လခပေးစရာမလိုပါဘူး။ သူတို့ သားသမီးမွေးခဲ့ရင် ကျနော်က ပြန်သင်ပေးမယ်ဆို ကျေနပ်ပါတယ်တဲ့။ ဆရာက သချာင်္ ၁ ကို သင်ပေးပြီး ဆရာမက သချာင်္ ၂ ကို သင်ပေးခဲ့တယ်။ စာသင်ပေးတဲ့အပြင် အိမ်ကလိုအပ်တဲ့ ဆန်ဆီကအစ ကူညီပေးခဲ့တဲ့ မြတ်ဆရာနှစ်ယောက်ပါ။ ဆရာ့ကျုရှင်မှာ ညီအစ်ကိုမောင်နှမ နှစ်ယောက်တက်ရင် တစ်ယောက်စာ လုံးဝပေးစရာမလိုပါဘူး။ ကျူရှင်လခမပေးတဲ့သူတွေကိုလည်း ပေးရမယ်လို့ တစ်ခါမှမတောင်းဘူးတဲ့။ ကျနော်ကိုးတန်းရောက်တော့ ဆရာမက ကျနော့ကို တိုးတိုးတိတ်တိတ် အကူအညီတောင်းပါတယ်။ ပိုက်ဆံရှိတဲ့ဝန်ထမ်းသားသမီးတစ်ယောက်က ကျူရှင်လခမပေးပဲ အလကားတက်နေပါတယ်တဲ့။ ဆရာကလည်း မတောင်းရဘူးလို့ဆိုတာမို့ ဆရာမက ကျနော့ကို တောင်းပေးဖို့ အကူအညီတောင်းတာပါ။ အဲဒီတော့မှ ဆရာကျူရှင်ကို အလကားသင်သလို သင်ပေးနေပါသလားဆိုတာ သိရတယ်။ ကျနော်ဆရာ့ဆီမှာ ငါးတန်းကနေ ကိုးတန်းအထိ ပညာဆည်းပူးခဲ့တာပါ။ ဆယ်တန်းအောင်တော့ ဆရာက သူ့ကျုရှင်မှာ ဘိုင်အို ပြပေးမယ့်သူ မရှိလို့ အကူအညီတောင်းတာနဲ့ ပညာပါရမီဖြည့်ရင်း ဆရာ့ကို ကူညီပေးခဲ့ရပါတယ်။ ဆရာ့ကို ဒီတစ်ခုပဲ ကူညီနိုင်ခဲ့တယ်။ တက္ကသိုလ်တက်တော့ အိမ်က ငွေအခက်အခဲကို ဆရာကပဲ ကူညီခဲ့ပါတယ်။ အိမ်ကဆက်ပြီး မထောက်ပံ့နိုင်တဲ့ အခြေအနေထိ ရောက်ခဲ့တာမို့ ဆရာ မကူညီရင် ကျနော်ကျောင်းထွက်ရမှာ သေချာပါတယ်။ စက်ရုံမြေကို ပြန်တိုင်း ဆရာက သူစီးနေကျ ဆိုင်ကယ်လေးအိမ်မှာလာပို့တတ်ပါတယ်။ တစ်နေရာနဲ့ တစ်နေရာဝေးတာမို့ သူ့တပည့်အပြင်ထွက်ရင် စီးရအောင်လို့ပါ။ ကျနော်အိမ်က ပြန်ပြီဆိုမှ ဆိုင်ကယ်ကို ပြန်ယူလေ့ရှိပါတယ်။ ဘယ်တော့မှ မမေ့တော့မယ့် ဆရာနဲ့ ဆရာမက ဦးကျော်ရွှေနဲ့ ဒေါ်ကြည်ကြည်မြင့်ပါ။

အဲ့ဒီ ဆရာနဲ့ဆက်စပ်ပြီးနောက်ထပ် ဆရာတစ်ယောက်နဲ့ ခဏဆုံလိုက်ပါသေးတယ်။ အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာပါ။ စာသင်နေရင်း နယ်အပြောင်းအရွှေ့နဲ့ ပါသွားတာမို့ သင်ခန်းစာ တစ်ခန်းရပ်ခဲ့ရပါတယ်။ ဆရာဦးတင်သိန်းပါ။ အခမဲ့သင်ကြားပေးခဲ့တာပါ။ ဆရာက အခုချောက်မှာ နေပါတယ်။

ပြီးတော့ လေးတန်းတက်နေစဉ်ကာလ ရွာကျောင်းက ကျောင်းအုပ်ဆရာမ ဒေါ်လေးလေးပါ။ ကျောင်းမှာတင်မကဘူး အိမ်မှာပါ ညကျောင်းလို ကျောင်းသားတွေကို စာသင်ပေးတဲ့ ရှားမှရှား ဆရာမတစ်ယောက်ပါ။ ကျောင်းသားတွေကို မငြိုမငြင် ထမင်းပါကျွေးထားတဲ့ ဆရာမပါ။ အန်တီလေးကတော့ ဆုံးရှာပါပြီ။

ဆယ်တန်းကိုတော့ မုံရွာအထကသုံးမှာ တက်ခဲ့ပါတယ်။ ဆယ်တန်းမှာ စာတွေပြိုင်ရင်း ကျနော်တက်တဲ့ ဝိုင်းမှာ အနိုင်ကျင့်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကျနော်ကလည်းမဟုတ်မခံဆိုတော့ ပြဿနာတက်တော့တာပါပဲ။ အဲ့ဒီဝိုင်းက ထွက်တော့ စာမေးပွဲနီးနေပါပြီ။ နောက်ထပ်ဘယ်ဝိုင်းကမှ လက်မခံခဲ့ပါဘူး။ မေ့ရဲ့ ဆရာ အရင်းဖြစ်တဲ့ ဆရာဦးမောင်မောင်က ကျနော်တို့ ကျောင်းက နာမည်ကြီးဝိုင်းမှာ ခေါ်ဖို့ပြောတော့ ကျောင်းသားတွေက ငြင်းလိုက်တယ်လို့ ကြားရပါတယ်။ အဒေါ်ဆရာမရဲ့ သူငယ်ချင်းဝိုင်းကလည်း ကျနော်တက်ရင် သူတို့ကျူရှင်ထွက်မယ်လို့ ဆိုတာမို့ ဒုက္ခတွေ တစ်လှေကြီးပေါ့။

အပေအတေ ကျနော်ကလည်း ကိုယ့်စာကိုပဲဖတ်မယ် ဆိုပြီးခေါင်းမာနေခဲ့တာ။ နောက်တော့ အရင်ဝိုင်းက ဘိုင်အိုဆရာမ ဒေါ်ဝင်းရီက သူ့ရဲ့ စာသင်ဝိုင်းတစ်ခုကို အတင်းခေါ်ပြီး စာသင်ပေးခဲ့တယ်။ ဆရာမကျေးဇူးက တကယ်ကြီးမားလှပါတယ်။ ကျူရှင်က အိမ်နဲ့ဝေးတာမို့ အကြိုအပို့ကိုပါ ဆရာမကတာဝန်ယူပေးခဲ့တာ။

ပြီးတော့ သချာင်္ဆရာမ ဒေါ်မာနီသန်းရဲ့ ကျူရှင်တွေကိုလည်း ဆရာမဒေါ်မာနီသန်းရဲ့ ခွင့်ပြုချက်နဲ့ အခမဲ့ တက်ခွင့်ရခဲ့ပါသေးတယ်။ အိမ်မှာ တစ်ယောက်တည်းခေါ်သင်ပေးတဲ့ ပထဝီဆရာမ ဆရာမဒေါ်ခင်စီကလည်း သူ့အားလပ်ချိန်တွေထဲက ဖဲ့ပေးခဲ့တာပါ။ ကျနော့ကို အနီးကပ်လာသင်ပေးဖို့ အိမ်ကို လာလာပေးတာက ဆရာဦးမောင်မောင်နဲ့ အင်္ဂလိပ်စာ ဆရာဦးတင်လေးတို့ပါ။

ဆရာဆိုတာ နာခြင်းပေါင်းများစွာနဲ့ပါ။ ဆရာဂုဏ်တင်မကပဲ မိဘဂုဏ်ထိုက်အောင် ကိုးကွယ်ထိုက်တဲ့ဆရာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက် ကျနော်အိမ်ပြန်တော့ ဒီဆရာတွေကို သက်ရှိထင်ရှားရှိတုန်း မှတ်မှတ်ယယ ကန်တော့ ဖြစ်အောင်ကန်တော့ခဲ့ပါတယ်။ ဆရာတွေရဲ့ ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတွေကို ထပ်တလဲလဲအောက်မေ့ရင်း လူတိုင်းလူတိုင်း ဆရာကောင်းဆရာမွန်နဲ့ဆုံတွေ့ ဆည်းပူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ…

15 comments:

khin oo may said...

တယ္ဆုိးပါလား။။။။။။။။။။။

မယ့်ကိုး said...

ဒီလို ပြန်ဖြေလိမ့်မယ်လို့ ထင်တော့ ထင်နေသား...
ဘာကိုပဲ ရည်ရွယ် စာသုံးပုဒ်လုံး ဖတ်လို့  ကောင်းပါတယ်...

ဖိုးသင်္ကြန် said...

ကျွန်တော့်လည်း ဆရာညီအကိုနှစ်ယောက်နဲ့ ဆုံဖူးတယ်။ စာသင်တာ သိပ်ကောင်းတယ်။ ရူပဗေဒသင်ရင်း တရားအကြောင်းတွေပါ ရောပြောတာမျိုး၊ ဇီဝသင်ရင်း X-Men ရုပ်ရှင်အကြောင်း ရှင်းပြတာမျိုးတို့ပေါ့။ ကြမ်းတာတော့ မိုင်ကုန်ပဲ။ ဘယ်လောက်ကြမ်းလဲဆိုရင် အောင်စာရင်းထွက်လို့ ဆေးကျောင်းရတဲ့ကောင်တွေ ဆရာ့ဆီပြန်မလာတော့ဘူး။ စာသင်ခန်းအဝမှာ ဆရာချိတ်ထားတဲ့စာသားလေးအတိုင်းပေါ့လေ။

"ဆရာသည် အိမ်သာနဲ့တူဧ။်"

Taungoo said...

အရင်ပို့စ်တုန်းက ရေးထားတဲ့ အကြောင်းအရာနဲ့ ရည်ရွယ်ချက်နဲ့ကို အမှန်တိုင်းပြောရရင် စိတ်ထဲ တမျိုးဖြစ်သွားတယ်။ အချို့စာမူခတွေရဲ့ ပေါက်ကွဲမှုတွေကို ဖတ်ပြီးတော့လည်း စိတ်မကောင်းဖြစ်မိတယ်။ ခံစားချက်တွေကို သဘောပေါက်ပေမယ့် လေးတန်းအရွယ် ကျောင်းသားငယ်တစ်ယောက်ဟာ ဆရာ(စာသင်ကျောင်းက ဆရာ) ကို ဒီလို တုံ့ပြန်မှုမျိုး ကျောင်းစာသင်ခန်းထဲမှာ ပြန်တုံ့ပြန်ရဲတယ်ဆိုတာကိုတော့ အံ့သြမိတယ်။

ပုထုဇဉ်ဖြစ်တဲ့ ဆရာ ဆရာမတွေမှာလည်း တပည့်တွေနဲ့ ပက်သက်ပြီး ချွတ်ယွင်းချက်တွေ မှားယွင်းတဲ့ အုပ်ချုပ်မှုမျိုး၊ ဆုံးဖြတ်မှုမျိုးတွေ ရှိကောင်းရှိမှာပါ။ ဘယ်ဆရာ ဆရာမကမှ ကိုယ်စာသင်နေရတဲ့ တပည့်အပေါ် အသားလွတ် မုန်းတီးနေတာမျိုးတော့ ရှိမယ်မထင်ပါဘူး။ (ရှိနေခဲ့မယ်ဆိုရင်တောင် အင်မတန် နည်းပါးပါလိမ့်မယ်)။ ရတဲ့လစာနဲ့ မလောက်ငှလို့ ကျူရှင်ပြရတာ စားဝတ်နေရေး အခက်အခဲကြောင့်ပါ။ ကျောင်းသားမိဘတွေဆီက ပိုက်ဆံယူပြီး ကျူရှင်သင်ရတဲ့ တပည့်အတွက် အဲဒီမိဘနဲ့ တပည့်ကျေနပ်အောင် အတန်းထဲက စာမေးပွဲတစ်ခုမှာ (အခြားကလေးထက်) တစ်မှတ်ပိုပေးမိတာ ဆရာ့ဖက်က ကြည့်ရင်တော့ သူ့မိသားစု ရပ်တည်ရေးအတွက် ဖဲ့ပေးလိုက်ရတဲ့ သိက္ခာတစ်မှတ်ပါ။

ကိုယ့်ကို သင်ကြားပေးခဲ့ဖူးတဲ့ ဆရာတစ်ယောက်ဆီကနေ ဘာအသိ ဘာပညာ တစိုးတစိမှ မရခဲ့ပါဘူးလို့ ဘယ်လိုတပည့်မျိုးကမှ မပြောရဲပါဘူး။ ဝလုံးက စသင်ခဲ့လို့သာ ကမ္ဘာကြီးအကြောင်းကို ဖတ်နိုင်ခဲ့တာ မဟုတ်လား။ ရုပ်ဆွအဆုံး ပြောမယ်ဆိုရင် မြေဖြူတစ်တောင့်စာတော့ အနစ်နာခံခဲ့တဲ့ ဆရာတွေချည်းပါပဲ။

တစ်ပြားမကတော့ ရှိကောင်းရှိနိုင်ပေမယ့် ပီတိချည်း ထိုင်စားနေလို့ အားမရှိနိုင်တဲ့ ကျူရှင်သင် ဆရာတွေရဲ့ ဖဲ့ပေးနေရသော သိက္ခာမှတ်လေးတွေကို နားလည်ခွင့်လွှတ်နိုင်ကြပါစေ။

မေတ္တာဖြင့်

PAUK said...

ငယ်က ဆရာ ဆရာမတွေကို ပြန်မြင်ယောင်နေတယ်။။
မူကြိုကစလို့ပေါ့။။

yehtutnaung said...

ကိုရွာသားရေ.. မြတ်ဆရာတွေ ဖတ်ပြီး ငယ်ငယ်တုန်းက ဆရာ/ဆရာမတွေကို မြင်ယောင်နေမိပါတယ်။

ဒါနဲ့ ..ကိုရွာသားကို တက်ဂ်ထားတယ်ဗျ။

ကိုလူထွေး said...

ကျွန်တော်က မူလတန်းတုန်းက ဆရာမကို အိပ်မက်ထဲတောင် ထည့်မက်တာ...
ဆရာမကလဲ အိပ်မက်ထဲမှာတောင် ကြိမ်လုံးကြီးနဲ့ လိုက်ရမ်းနေတုန်း

moekhar said...

း)
ဒီလိုပဲ ကောင်းတာရော ဆိုးတာရော ကောင်းတဲ့လူနဲ့ရော ဆိုးတဲ့လူနဲ့ရော ကြုံနေရဦးမှာပဲနော် ..

မိုးခါး

Htoo Aung Lwin said...

ဘဝထဲမှာ အမှတ်တယ ဖြစ်စေခဲ့တဲ့ ဆရာ/ဆရာမ တွေက အများကြီးပါ။

ဝေလေး said...

အင်း..
ဆရာတွေမကောင်းဘူးလို့ရေးထားတယ်လည်း မထင်ပါဘူး။ အကောင်းရောအဆိုးပါ ရောနေတတ်တာကိုက သဘာဝပဲကို....

ကောင်းကင်ပြာ said...

ပီတိ ကိုပဲ စာတဲ့ ဆရာတွေလဲ အများကြီးရှိတယ် ရွာသားရေ၊ နောက်ကြောင်းလေးတွေ တောင် သတိရမိပါရဲ့

Rita said...

မယ်ကိုး ပြောသလိုပဲ
ဒါမျိုး post လေး ပြန်ရေးမယ် ဆိုတာ သိသားပဲ
ရေးအောင် တမင် ပြောလိုက်တာ
ဖတ်ချင်လို့ ရေးပါဦး ဆို ရေးချင်မှ ရေးမှာကိုး
:)

JulyDream said...

ဆရာဆိုတာ လူတွေထဲက လူသားတစ်ဦးပဲ ဖြစ်တဲ့အတွက်... ကျွန်တော်လည်း ကောင်းတဲ့ ဆရာ ဆရာမတွေနဲ့ ကြုံဆုံခဲ့သလို ဆိုးလှ ညစ်လှတဲ့ ဆရာတွေ ဆရာမတွေလည်း ကြုံဆုံဖူးပါရဲ့ဗျာ။

ဂရေစ့် said...

ကိုကူးကူး
အမှန်းတရားပျောက်ဆုံးခြင်းကိုဖတ်ပြီးဇာတ်ကောင်ရဲ့ခံစားမှုကိုနားလည်ပါတယ်။ မဟုတ်မခံရှိတဲ့ကလေးတစ်ယောက်ရဲ့ ရဲဝံ့မှုကချီးကျူးစရာပါ။ ဒါပေမဲ့ နုနယ်တဲ့ကလေးဘဝက စွဲမိတဲ့နာကျည်းမှုကို သေရာပါမှာစိုးလို့ဖြေသိမ့်တဲ့သဘောနဲ့ မန့်မိတာပါရှင်။

မတရားတာတွေပြောမယ်ဆိုရင်တော့...နေရာတိုင်းပါပဲ အကြီးအသေးပဲကွာပါလိမ့်မယ်။ (အထူးသဖြင့် ကျွန်မတို့ရဲ့ရွှေပြည်ကြီးမှာပေါ့။)မတရားမှုတွေထွန်းကားနေတဲ့ခေတ်ကိုပဲအပြစ်တင်ရမလိုဖြစ်နေပီ။

အမှတရသိမ်းထားမယ်ဆိုလို့စာမူခလဲပေးရသေးတယ်။ ကျိတ်ချိုးရဝူးနော်။

Unknown said...

ဆရာကောင်းတွေ တွေ့ ခဲ့တဲ့အတွက်လည်း
ကြည်နူးဝမ်းသာမိပါတယ်
ဆရာတွေကို နာမည်နဲ့ တကွ မှတ်တမ်းတင်နိုင်တာပဲကိုး
ဆရာတွေသာ ဖတ်မိရင်တော့ ၀မ်းသာလွန်းလို့  မျက်ရည်တောင် ကျလောက်ပါပေတယ်

(ကိုယ်တိုင်လည်း မျက်ရည်လည်သွားတယ် ငါဟာ ခေါင်းလည်း အက်ဆီးဒန့် မဖြစ်ပဲ အတိတ်ကို မေ့နေပါလားဆိုပြီးတော့)