01 April 2009

ငြိုးမာန်ဖွဲ့ အမုန်း


ဒီရက်ပိုင်း စာတွေသိပ်မရေးချင်ဘူး။ စိတ်ထဲမှာလည်း တအုံ့နွေးနွေးနဲ့။ မနှစ်က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလေး တစ်ခုကို ပြန်သတိရနေမိတယ်။ အခွေဝယ်မယ်ဆိုပြီး ဆိုင်မှာကြည့်တော့ တရုတ်စာတန်းထိုးပဲ ရှိတယ်ဆိုလို့ ပြန်ချခဲ့ရတယ်။ ၂၀၀၆ခုနှစ်က ဇာတ်ကားအဟောင်းလေးပါ ပြီးတော့ ထိုင်ဝမ်ဇာတ်ကားတွဲလေးပါ။ ကြည့်ခဲ့တာ ကြာခဲ့ပြီဆိုတော့မှတ်မိသမျှလေးတွေကို ပြန်ချရေးလိုက်တာပါ။

မိသားစုတစ်စုရဲ့ ပျော်ရွှင်စရာ ခရီးတစ်ခုနဲ့ အစပြုထားခဲ့တယ်။ ဒါပေမယ့် သူတို့မှာ တစ်ခုခု စိုးထိတ်နေရတဲ့ပုံပါပဲ။ အမွှာညီအစ်မနှစ်ယောက်နဲ့ လူငယ်စရိုက်ကလေးတွေလည်း ပြထားပါသေးတယ်။ ညဘက်မှာတော့ အော်ခေါ်ပြီး အကူအညီတောင်းခံသံကို ကြားလိုက်ရတယ်။ အစ်မကြီးလည်း ပျောက်ဆုံးနေခဲ့တာပေါ့။ ရေအလယ်မှာ လှေတစ်စင်းနဲ့ အော်ဟစ် အကူအညီတောင်းနေတာက အစ်မကြီးကိုယ်တိုင်ပါပဲ။ သူက ရေကြောက်တတ်သူပါ။ သူအိပ်နေရာကနေ အိပ်ရာကနိုးတော့ အဲဒီရေလယ်ခေါင်က လှေထဲမှာ သူရောက်နေခဲ့တာတဲ့။ အားလုံးက တစ်စုံတစ်ယောက်လုပ်တယ် လို့ထင်နေကြတယ်။ အဲဒီတစ်စုံတစ်ယောက်က ဘယ်သူလဲ ဘာကြောင့်အဲ့ဒီလို လုပ်ရတာတဲ့လဲ။ စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းက အဲဒီနေရာကနေ ကျနော့ကို ဆွဲခေါ်သွားတော့တာပါပဲ။

အမွှာညီအစ်မရဲ့ အမေက ကျောင်းအုပ်ဆရာမကြီးပေါ့။ သူတို့ရဲ့ အဖေက ဆောက်လုပ်ရေး အင်ဂျင်နီယာထင်ပါရဲ့။ သူတို့စိုးထိတ်နေတဲ့ တစ်ယောက်က သူတို့အမေ တစ်လောက ကျောင်းထုတ်လိုက်တဲ့ ကျောင်းဆရာတစ်ယောက်ပါ။ ဘာဖြစ်လို့ ကျောင်းထုတ်လိုက်တာလဲဆိုတော့ ခပ်အေးအေးနေတတ်ပြီးသိမ်မွေ့တဲ့ သမီးအကြီးကို ထိကပါးရိကပါးလုပ်လို့ပါ။ စည်းကမ်းကြီးတဲ့ ဆရာမကြီးက ဒါမျိုးဘယ်လက်ခံလိမ့်မလဲ။ သမီးကိုထိတာဆိုတော့ ပိုအရှက်ရ ပေါက်ကွဲတော့တာပါပဲ။

ကျောင်းဆရာအနေနဲ့ကလည်း သူ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိခဲ့တယ်။ ဒါကြောင့်လည်း ဒီကောင်မလေးကို သူထိကပါးရိကပါး လုပ်ရဲခဲ့တာ။ ဇာတ်လမ်းရဲ့ ဇာတ်အိမ်က အဲဒီလျှို့ဝှက်ချက်ပေါ်မှာ တည်နေခဲ့တာ။

ပြီးတော့ သူတို့အဖေ သူငယ်ချင်းမိသားစု။ သူငယ်ချင်းက ဆုံးသွားပြီဖြစ်တာမို့ ကျန်ခဲ့တဲ့ သားနဲ့ တီဗီသတင်းကြော်ငြာသူ မိခင်တို့ကို ကူညီစောင့်ရှောက်ထားခဲ့တာပါ။ ကြိုးချင်းထား ကြိုးချင်းငြိတာဆိုတော့ သမီးအကြီးနဲ့ အဲဒီသားတို့ မေတ္တာမျှနေကြပုံပါပဲ။

ဇာတ်လမ်းရဲ့ အမြင့်ဆုံးအပိုင်းကိုခေါ်သွားဖို့ သမီးအငယ်က အသစ်ဆောက်နေဆဲ ကျောင်း အဆောက်အဦးပေါ်ကနေ ခုန်ချသွားခဲ့တယ်။ မြို့မိမြို့ဖတွေရော အားလုံးအုတ်အော်သောင်းတင်း ဖြစ်သွားကြတယ်။ ကျောင်းအုပ်ကြီးသမီးက သတ်သေတယ်ဆိုတော့ သတင်းတွေ အတင်းတွေ အဖျင်းတွေနဲ့ ဗရပွပေါ့။ သမီးအတွက်ရတတ်ပွေနေတုန်း စုံးစမ်းရေး ဖြေရှင်းချက်တွေနဲ့ ကျောင်းအုပ်အမေရဲ့ ရင်ထဲကိုဝင်ကြည့်ရင် ဗလောင်ဆူပွက်နေမှာပါပဲ။

ညီမငယ်ရဲ့ ကျန်နေရစ်တဲ့ အခန်းထဲကို အလွမ်းပြေ၀င်ကြည့်ရင်း စိတ်ဝင်စားစရာတစ်ချို့ကို တွေ့ရှိသွားခဲ့တယ်။ သူ့ကို chat room တစ်ခုက စကားတွေပြောနေခဲ့တာ။ အဲဒီလူက အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သတ်တဲ့ပုံပဲ။ သူ့ညီမနဲ့လည်း ပတ်သတ်ဟန်ရှိပါတယ်။ သူတို့ဘယ်သူတွေလည်း သိပ်သိချင်နေမိတယ်။ ကြည့်နေတဲ့ ကျနော်ကိုယ်တိုင်လည်း သိပ်သိချင်နေမိတော့တာ။ သူ့အတွက် အားကိုးရာဖြစ်တဲ့ သူ့ချစ်သူနဲ့ အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားတော့တာပေါ့။

သူ့ညီမနဲ့ ပတ်သတ်တဲ့ အရင်းနှီးဆုံးသူငယ်ချင်း နှစ်ယောက်ကို သူဆက်သွယ်ခဲ့တယ်။ တစ်ယောက်က ညီမငယ်အတွက် အသက်သေခံသွားတဲ့ ကောင်လေးရဲ့အစ်ကို။ နောက်တစ်ယောက်က ညီမငယ်ရဲ့ သူငယ်ချင်း။ အဲဒီကနေ ရနိုင်သလောက် သဲလွန်စတွေ သူစုဆောင်းခဲ့တယ်။ သူ့ညီမငယ်က သိပ်ဥာဏ်ကောင်းတယ်။ သဲလွန်စတွေကို လွယ်လွယ်ကူကူဖော်ထုတ်လို့ မရနိုင်အောင် သိုဝှက်သိမ်းဆည်းနိုင်ခဲ့တာ။

Chat room နဲ့ ပတ်သတ်လေတဲ့ အဖွဲ့အစည်းက နိုက်ကလပ်တစ်ခုနဲ့လည်း စပ်ဆက်နေပြန်တယ်။ ပြီးတော့ အဲ့ဒီနိုက်ကလပ်က လူတိုင်းဝင်ခွင့်မရှိပါဘူး။ သူတို့အသင်းဝင်တွေကိုသာ ၀င်ထွက်ခွင့်ရှိတဲ့ နိုက်ကလပ်ပေါ့။ အဲဒီနိုက်ကလပ်ကို သူဝင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်သေးဘူး။ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခန်းတွေကို ကြည့်ရင်း ကိုယ်တိုင်ပါ ပါဝင်လှုပ်ရှားနေမိတော့တယ်။

အဲဒီအချိန်မှာ သမီးတွေကို အနှောင့်အယှက်ပေးနေတာ သူအလုပ်က ထုတ်ပစ်လိုက်တဲ့ ကျောင်းဆရာပါလို့ တစ်ထစ်ချ စွဲနေတဲ့ ကျောင်းအုပ်ဆရာမကြီးကလည်း အဲဒီကျောင်းဆရာကို သူ့နည်းသူ့ဟန်နဲ့ သတ်ပစ်ခဲ့ပါတယ်။ ပြီးတော့ ကျောင်းဆရာသိထားတဲ့ လျှို့ဝှက်ချက်ကလည်း သူ့အတွက် အများကြီးအရှက်ရစေခဲ့ ခြောက်လှန့်ခဲ့တာကိုး။ မြေဖြူကိုင်တဲ့လက်က လူသတ်တော့ သူကိုယ်တိုင်လည်း လိပ်ပြာမလုံခဲ့ပါဘူးလေ။ သူ့အပြစ်အတွက် သူကိုယ်တိုင်ပဲ ဆေးကြောခဲ့တယ်ထင်ပါရဲ့။တုန်လှုပ်နေတဲ့ သူရဲ့ အမူအယာ၊ မိသားစုကို ထိန်းသိမ်းစောင့်ရှောက်သူ (ပြိုကွဲလုနီးပါ အိမ်ထောင်ရေး)၊ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်တစ်ယောက်၊ မိသားစုအရှက် (အထူးသဖြင့် သူ့သမီးတွေရဲ့ အရှက်) အတွက် ကာကွယ်တဲ့သူ အဖြစ် သရုပ်ဆောင်ပီပြင်လွန်းခဲ့ပါတယ်။

သဲလွန်စတွေ ပေါ်လုလု အချိန်မှာတော့ နှလုံးသားတွေ နာကျင်စရာ အပြည့်နဲ့ပါပဲ။ ဘယ်သူတွေက ဘာအကြောင်းကြောင့် ဒီပြစ်မှုတွေကို လုပ်ခဲ့တယ်ဆိုတာ သိရတဲ့အချိန်မှာ အဲဒီအကြောင်းတွေ စုံစမ်းမှုမပြုခဲ့ရင် ကောင်းမှာဆိုတဲ့ ထိခိုက်နာကျင်ပြီးမှရတဲ့ နောင်တကို ရလိုက်မိတယ်။ ပြီးတော့ ကိုယ့်ဘေးနား ပတ်ဝန်းကျင်ကလူတွေ ဘယ်သူတွေက ကိုယ့်ကို စိတ်ရင်းစေတနာမှန်နဲ့ ဆက်ဆံနေခဲ့တာတဲ့လဲ။ ဘယ်လိုသိနိုင်ပါ့မလဲဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပေါ်လာမိတယ်။ လူမှုပတ်ဝန်းကျင်ထဲက မိသားစုတွေရဲ့ ကြုံဆုံလာရတတ်တဲ့ ပြဿနာတွေ သစ္စာဖောက်ဖျက်မှုတွေ နောင်တမဲ့ကျူးလွန်မှုတွေ ဒါတွေဟာ လူသားတွေရဲ့ ဓလေ့စရိုက်တဲ့လား။ လူတိုင်းမကြုံတွေ့နိုင်ပေမယ့် ဒီအဖြစ်အပျက်တွေ တကယ်ရှိခဲ့နိုင်ပါတယ်။

အရာအားလုံးရဲ့ အဆုံးသတ် တရားခံကတော့ အဲဒီ အမုန်းတွေပါပဲ။ ဆရာမဂျူးခေါင်းစဉ်တပ်ခဲ့သလို အမုန်းကြောင့်ဖြစ်တဲ့ စစ်ပွဲတွေပါ။ အမုန်းတရားတွေကနေ ရန်ငြိုးဖွဲ့ပြီး အစီအစဉ်တကျ လက်စားချေခဲ့တာတွေပေါ့။ ဖြစ်နိုင်ရင် ဘယ်ရန်ငြိုးမှ မရှိချင်ခဲ့သလို ဘယ်လိုအကြောင်းကြောင့်မှ ဒီကမ္ဘာမြေကို အဲဒီ အမုန်းတရားတွေနဲ့ မညစ်နွမ်းစေချင်ဘူး။ လူတိုင်း လူတိုင်း အမုန်းတရားတွေ ကင်းဝေးကြပါစေ။ ဘယ်သောအခါမှ ငြိုးမာန်ဖွဲ့အမုန်းတွေနဲ့ မကြုံကြ မဆုံကြပါစေနဲ့လို့…..

13 comments:

ရွှေပြည်သူ (ShwePyiThu) said...

ပထမဆုံး comment ရေးခွင့်ရလို့ ဂုဏ်ယူပါတယ်း)) ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းမယ့် ဇာတ်ကားတစ်ကားပါ။ ဖြစ်နေတဲ့ ဆိုးဆိုးရွားရွား ကိစ္စတော်တော်များများဟာ အမုန်းကြောင့် ချည်းပါပဲလေ...

Htoo Aung Lwin said...

အဲ့ဒိကားသားလဲကြည့်ချင်တယ် ရှိရင်ပေး..............

yehtutnaung said...

ကိုရွာသားရေ.. အဲဒီကားလေး ကြည့်ဦးမယ်ဗျာ။ စိတ်ဝင်စားသွားပြီ။

WWKM said...

ရွာသားလေးပြောတာနဲ့ ဒီဇာတ်လမ်းလေးကြည့်ချင်သွား
ပြီ...
လူသားတွေအားလုံး အမုန်းတရားတွေကင်းဝေးစေနိုင်
ကြပြီး တစ်ဦးအပေါ်တစ်ဦး မေတ္တာတွေထားနိုင်ကြရင်
တော့ ဒီကမ္ဘာကြီးဟာ ငြိမ်းချမ်းပျော်ရွှင်မှုတွေနဲ့ ပြည့်
စုံနေမှာပဲနော်... သို့သော်..သို့သော်လည်း.....

လူတိုင်း လူတိုင်း အမုန်းတရားတွေ ကင်းဝေးကြပါစေ။ ဘယ်သောအခါမှ ငြိုးမာန်ဖွဲ့အမုန်းတွေနဲ့ မကြုံကြ မဆုံကြပါစေနဲ့လို့.......

ဖတ်လို့ကောင်းတယ် ရွာသားလေးရေ...
ကျေးဇူးတင်ပါတယ်နော်.

မကြီးဝါ

Unknown said...

Thank for new post. Want to watch this movie after reading this post.
"Stop the hate, Spread the love " .
The world will be peaceful.

khin oo may said...

ဖတ်သွားတယ်။

အိုင်လွယ်ပန် said...

စိတ်ဝင်စားစရာလေးပဲဗျ ...

ကောင်းသောနေ့ပါဗျာ ....

ThuHninSee said...

ကြည့်အုံးမယ်ကိုရွာသားရေ..ဒါကတော့ ပေရယ်ဖူးလ် မဟုတ်ပါဘူးနော်။

Anonymous said...

မမုန်းပါဘူး...နောက်ဆုံး အဆုံးသတ်လေးက ဆုံးမစကားလေးလိုနဲ့ ဖတ်ရတာ အနှစ်သာရ ရှိတယ် ကျေးဇူး အစ်ကို ။

တန်ခူး said...

ချစ်လျှင်အကျိုး၊ မုန်းလျှင်အပြစ်တဲ့
ချစ်တုန်းက အကုန်အကောင်းမြင်ခဲ့တာတွေ မုန်းတဲ့အခါအပြစ်တွေဖြစ်သွားတတ်ရော…
မုန်းတာထက် ဥပေက္ခာထားလိုက်တာ ပိုငြိမ်းချမ်းမယ်နော်…

မိုးခါး said...

ကြည့်ချင်သွားတယ် ရှာရဦးမှာပေါ့ .. :D

ဝေလေး said...

ဒါကြောင့်ပြောတာ
ချစ်ခြင်းမုန်းခြင်းကင်းသောကိုယ်ဖြစ်ရပါလို၏လို့လေ.....
ဥပက္ခာတရားနဲ့ပဲနေလို့ရရင်သိပ်ကောင်းမှာပဲ.

Unknown said...

ဇာတ်ကားလေးအကြောင်း ဖတ်ရတာ တော်၂စိတ်ဝင်စားဖို့ ကောင်းတာပဲ (ရှာပြီး ကြည့်ဦးမယ်)
အမုန်းကြောင့် စစ်တွေဖြစ်တယ် ရန်ငြိုးတွေရှိလာတယ် လက်စားချေတာတွေဖြစ်လာတယ်
ဒါကြောင့် ကမ္ဘာလောကကြီး ညစ်နွမ်းလာတယ်
ဖတ်ပြီး သင်ခန်းစာယူသွားတယ်
ဒီနေ့ ကစပြီး အားလုံးကို ချစ်ခြင်းအပြည့်နဲ့  မေတ္တာဝေတယ် အမုန်းတရား မာနတရားတွေ ကင်းတဲ့ စစ်မှန်ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေ ပိုင်ဆိုင်နိုင်ပါစေ