05 March 2009

နှောင်ကြိုးရစ်ငင်


ဟင့်အင်း ကျနော်အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး။ အထူးသဖြင့် မင်းကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်မဟုတ်ဘူး။ အကယ်၍ကခဲ့တယ် ဆိုရင်လည်း ကြိုးတွေကြောင့်ဆိုတာတော့ မင်းသိထားစေချင်တယ်။ တစ်ဆိတ် အဲဒီကြိုးတွေကို ကျနော်မုန်းတယ်….

မြေနီကုန်းကိုကျော်လာပြီးတဲ့ နောက်ထပ်တစ်မှတ်တိုင်မှာ ကျနော်ဆင်းဖြစ်ခဲ့တယ်။ အကယ်၍ အဲဒီနေ့ကတည်းက ကျောင်းသားရေးရာကို မရောက်ဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် မထက်မြတ်ကိုအပြင်ထွက်နေတာနဲ့များ ကြုံကြိုက်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ အခါတစ်ရာမက တွေးခဲ့ဖူးတယ်။

ကျောင်းသားရေးရာ အရှေ့မှာထိုင်ရင်း ဖြည့်ရမယ့်စာရွက်ကို အပြန်ပြန်အလှန်လှန် ဖတ်နေမိတာ။ Nom ဆိုတဲ့နေရာမှာ နာမည်ထည့်ရမယ်လို့ထင်တာပါပဲ။ စာလုံးတွေအားလုံးကို လုံးစေ့ပတ်စေ့ နားမှမလည်နိုင်တာနော်။

ဘောပင် ခဏလောက်ငှားပါလားဆိုတဲ့အသံနဲ့ လက်ကမ်းလာတာမြင်မှ မော့ကြည့်လိုက်မိတယ်။ ခပ်ရှရှ အသံနဲ့ မိန်းမတစ်ယောက်ပါလား။ ငှားမယ်မဟုတ်လား ကိုယ်မေ့လာလို့ကွာလို့ အပြောလေးမဆုံးခင် ကူညီတတ်နေကြ ကျနော့လက်ထဲက ဘောပင်ကို သူ့ဘက်ပေးလိုက်ပြီးသားဖြစ်နေပြီ။

ကျနော်တက်ဖြစ်တဲ့ အတန်းက W1 weekend အတန်းပါ။ စနေ တနင်္ဂနွေ ညနေဘက် သုံးနာရီမှ အတန်းစတတ်တယ်လေ။ အတန်းထဲကို မရောက်ခင် စာကြည့်တိုက်ရဲ့ ဘေးကနေအဖြတ် အပေါ်လှေကားကနေ ရိပ်ခနဲ တစ်ချက်တွေ့လိုက်ရတယ်။ လှေကားပေါ်မှာ လူနှစ်ယောက်ထိုင်နေခဲ့တာ။

အတန်းထဲကို ၀င်တော့ ထုံးစံအတိုင်း နောက်ဆုံးခုံမှာပဲ နေရာ ယူမိပြန်ရော။ ဖတ်စာအုပ်တွေ စဝေတော့မှ သတိထားမိတယ်။ မနေ့က အမျိုးသမီး အတန်းရဲ့ ရှေ့ဆုံးညာဘက်ထောင့်မှာပါလား။ သူ့ဘေးမှာ အသားဖြူဖြူ စကားသံခပ်ဝဲ၀ဲနဲ့ အမျိုးသားတစ်ယောက်။ စာအုပ်ရဲ့ စာမျက်နှာတွေကို စစ်ရင်း စောစောက အရာတွေအားလုံး ကျနော့ရှေ့က လွင့်ထွက်သွားခဲ့တယ်။

A အာ b ဗေ c စေ d ဒေ ရွတ်သံတွေကြားမှာ သူမရဲ့ အသံက ထူးခြားနေပြန်ရော။ Bonjour! မင်္ဂလာပါလို့ သူမပြောတဲ့အသံက သိပ်ပီလွန်းပါလား။ သူမဥာဏ်ထက်မြက်တယ်ဆိုတာရယ် ဒီစာတွေကို သင်ထားပြီးသားဆိုတာရယ်ကို တော်တော်လေးကြာမှ သိလိုက်ရတာ သူသိပ်ပြီး ရိုးအလွန်းနေခဲ့ သလားလို့။

သိပ်မကြာတဲ့ အချိန်ပိုင်းတစ်ခုမှာ သူ့ဘေးနားက အရိပ်လေး ပျောက်သွားပြန်တယ်။ ဒီတစ်ခါလည်း နောက်ကျမှ သိရပြန်တာက အဲဒီအသားဖြူဖြူနဲ့လူ သြစတြေးလျမှာ ကျောင်းသွားတက်တယ်ဆိုပဲ။ သူတို့လူကြီးချင်း သဘောတူထားတယ်လို့ အဲဒီလူက ပြောခဲ့ဖူးတယ်ဆိုလား။ သူမကို တစ်ချိန်မှာ ပြန်ပြောတော့ သူမက မငြင်းပဲ သူမရဲ့ ထုံးစံအတိုင်း တဟားဟား အော်ရယ်ခြင်းနဲ့ အဆုံးသတ်ပစ်ခဲ့တာ။ အဲဒီထဲက မင်းရဲ့ လှောင်ရယ်သံတွေကို ကျက်မိသင့်တယ်။

အခုထိမှတ်မိနေတဲ့ နေ့ကတော့ ရှားပိကန်တင်းမှာပေါ့။ အဲဒီနေ့က L’opera က စားဖိုမှူးက ချိစ် တွေရဲ့ အကြောင်းရှင်းပြတဲ့နေ့။ အမျိုးမျိုးသော ချိစ်တွေရဲ့ အကြောင်းကို စိတ်ဝင်တစားနားထောင် ငေးမောနေတုန်း နောက်ကနေ စကားလှမ်းပြောသံသဲ့သဲ့ကြားလိုက်မိတယ်။ မင်းမေးရိုးနောက်က မှဲ့အနီလေးက ချစ်စရာလေးနော်တဲ့။ ကဲ ကျနော့ကို ဘယ်လောက်အထိရှက်ရွံ့သွားစေခဲ့သလဲ။ အားလုံးရှေ့ကို အာရုံစိုက်နေတဲ့အချိန်မှာ သူမကျနော့ကို ကြည့်နေခဲ့တာပါလား။

အခန်းထဲက ကိုကျော်စွာတစ်ယောက် အခန်းရဲ့ဟိုဘက်ဒေါင့်ကို ငေးငေးနေပါတယ်ဆိုပြီး မေးမိတော့ အမောပြေလေ အမောပြေတဲ့။ လားလား အမိပါပဲလား တယ်လည်း ဟုတ်နေတဲ့ အခြေအနေ။ ကိုယ်တိုင်တွေ့လို့ အဲဒီအဖြစ်အပျက်လေးပြန်မေးရင်လည်း မောင်တစ်ယောက်ကို အစ်မတစ်ယောက်က နင်ဘာမှမသိသေးပါဘူးဆိုတဲ့ ပုံစံနဲ့ ပြန်ကြည့်နေခဲ့သေးတယ်။

မင်းပုံစံကို မပြင်တော့ဘူးလားဆိုတဲ့ မေးခွန်းကိုမေးမှ ကိုယ်ကိုကိုယ် ပြန်သတိထားမိတယ်။ ကျနော်ဘာများဖြစ်နေခဲ့လို့ပါလိမ့်။ မင်းဘာကြောင့် အင်္ကျီဖြူတွေပဲ ၀တ်နေရတာလဲ။ ပြီးတော့ ကချင်ပုဆိုးလေးတွေပဲ ၀တ်နေရတာလဲ ဆိုမှ သဘောပေါက်တော့တယ်။ ကျနော့ရဲ့ ၀တ်စားဆင်ယင်မှုကို ပြောတာကိုး။ ဟင့်အင်း ကျနော်ဒါမျိုးပဲ ၀တ်တတ်လို့ပါဆိုတော့ နှာခေါင်းကို ရှုံ့ပြီး ပြန်လှည့်ထွက်သွားခဲ့ပြန်ရော။

ဘာဖြစ်လို့ ကျနော့နားကို ရောက်ရောက်နေတာလဲ။ ကျနော့ကို ပြုပြင်ချင်တာလား ?????

မင်းအတွက်ဆိုတဲ့ ပြက္ခဒိန်တစ်ခု။ သာမာန်မဟုတ်တဲ့ ကိုယ်တိုင်လက်နဲ့ လုပ်ထားတဲ့ ပြက္ခဒိန်တစ်ခုဆိုတာ မြင်ယုံနဲ့သိသာစေခဲ့တာ။ ရက်တွေကို လေးထောင့်ပုံ ပလတ်စတစ်လေးနဲ့ ရွှေ့လို့ရအောင် ဘယ်လိုများလုပ်ခဲ့ပါလိမ့်။ အပေါ်ဆုံးက ပုံလေးက ကျနော်တို့ အတန်းရဲ့ အမှတ်တရ ဓါတ်ပုံလေးနဲ့လေ။ ပုံထဲမှာတော့ လက်ပိုက်ပြီး အခန့်သားရပ်နေတဲ့ သူမမျက်နှာနောက်မှာ ဒီပြက္ခဒိန်ရဲ့ လျှို့ဝှက်ချက်တွေ မြင်နေခဲ့မိရင်ကောင်းမှာ။

Écoute(listening) မရတဲ့ ကျနော့ အတွက် တိတ်ခွေတွေနားထောင်ဖို့၊ သူမသိပ်ကြိုက်တဲ့ စာကြည့်တိုက်အပေါ်က ရုပ်ရှင်ပြခန်းလေးထဲမှာ ရုပ်ရှင်ပြရင်ကြည့်ဖို့ အမြဲ တိုက်တွန်းခဲ့တယ်။ လင်းရဲ့ အဲဒီ စာကြည့်တိုက်ကနေ အပေါ်ကိုတက်တဲ့ ဒီလှေကားလေးကို ကိုယ်အရမ်းချစ်တယ်လို့ ဘာဖြစ်လို့ တစ်ဖွဖွပြောခဲ့ပါလိမ့်။

Écouteတင်မကဲပဲ écrit (writing) မှာလဲ စာရေးဖို့ မစွမ်းပြန်ဘူး။ စာရေးဖို့ နေနေသာသာ verd form တွေနဲ့ကို ပတ်ချာလည်နေတော့တာ။ အတိတ်တွေ ပစ္စုပန်တွေအပြင် အထီးတွေ အမတွေကလည်း ပါနေတော့ ဥာဏ်နည်းတဲ့ ကျနော့အတွက် တကယ့်ကို အခက်အခဲ။ သူမ ရှိနေလို့သာပေါ့။ အင်းလေ တကယ်တော့လည်း သူမရဲ့ တည်ရှိမှုကို အသိအမှတ်ပြုသင့်ပါတယ်လေ။

combien de langue parlez vous? (How many languages can you speak?)ဆိုတော့
အဟဲ (Only four) ပါဆိုတော့ ကျနော့မျက်ခုံးတွေအပေါ်ကို ပင့်ကုန်ပါရောလား။ မိန်းမတစ်ယောက်ရဲ့ ဘ၀အတွက် လိုအပ်ချက်တွေက ဘာတွေပါလိမ့်။

ကိုယ့်မှာ သူငယ်ချင်းမရှိဘူးတဲ့ ငယ်ငယ်တည်းကဆိုပဲ။ ဘာလို့များလဲ။ မသိဘူးလေတဲ့ ဆယ်တန်းတုန်းက သူငယ်ချင်းတွေကလည်း အောင်စာရင်းနဲ့အတူ ပျောက်သွားကြတယ်တဲ့။ ဒါဆိုဘေးနားကလူတွေရောဆိုတော့ အပျော်တွေပါ လင်းရာတဲ့။ တတ်လည်းတတ်နိုင်ပါပေတယ်။

သူမပျောက်သွားတဲ့ တစ်ပတ်နှစ်ပတ်မှာ ကျနော့အတွက် ကျောင်းတက်ရက်တွေက ပျင်းရီငြီးငွေ့ဖွယ်ကောင်းနေပြန်ရော။ တစ်ခြားသူတွေရှိနေတတ်ပင်မယ့် စကားနည်းတဲ့ ကျနော့အတွက် မိတ်ဆွေဖြစ်ချင်တဲ့သူက ရှားပြန်ရော။ အမျိုးမျိုးမြင်တတ်သူတွေရဲ့ ကြားမှာ ကျနော်တို့ရဲ့ ရင်းနှီးမှုက အရောင်စုံနေခဲ့ပြီ။ ဒါပေမယ့် ကျနော့အင်္ကျီတွေ အဖြူရောင်ပါပဲ။

ကျောင်းပြန်တက်တဲ့နေ့က ထူးထူးခြားခြား ကျောင်းမှာ Performance ပြတဲ့နေ့လေ။ ကျောင်းကြီးတစ်ခုလုံးကို ကြိုးတွေနဲ့ သိုင်းချည်ထားတာပေါ့။ အခုအချိန်ထိ ဘာအဓိပ္ပါယ်လည်း မသိခဲ့။ ကျနော် သိလိုက်တာကတော့ အဲဒီမြင်ကွင်းကို ကြည့်ပြီး သူမ မျက်ရည်ကျနေခဲ့တာကိုပါပဲ။ တကယ်ပြောတာ အမြဲမာရေကျောရေ နိုင်လှတဲ့ လူတစ်ယောက် မျက်ရည်ကျတယ်ဆိုတာ မယုံနိုင်အောင်လောက်အောင်လေ။ တစ်ချို့လူတွေက အထဲကနူးညံ့မှုကို မမြင်လွယ်အောင် အပြင်ဘက်မှာ မာကျောခက်ထန်တတ်ကြသတဲ့။ သူတို့ရဲ့ ကြောက်ရွံ့မှုက သူတို့ကြောက်တတ်တာကို လူတွေသိမှာစိုးလို့ သတ္တိကောင်းဖို့ကြိုးစားရင်း သတ္တိကောင်းသူများအဖြစ် ထင်မြင်လာစေသတဲ့။ သူမလည်း အဲလိုမျိုးများလား။

ငိုစရာရှိခဲ့သလို ပျော်စရာတွေလည်း ရှိခဲ့ဖူးပါတယ်။ ကျနော်တို့ လှည်းတန်းက အပြန် ကျောင်းရှေ့ကို တက္ကစီငှားပြီးပြန်ခဲ့တဲ့နေ့ပေါ့။ ကျနော်တို့ကျောင်းနာမည်လည်း ပြောလိုက်ရော မင်းတို့အဲဒီကျောင်းကလားတဲ့။ အဲဒီကို ငှားစီးတဲ့လူတွေရော သူတို့အချင်းချင်းကော မျက်စေ့ မျက်စေ့ဆိုပြီး ပြောတတ်ကြတယ်နော်လို့ ပြောတော့ ကျနော်တို့နှစ်ယောက် ကားဆရာကိုလည်း အားနာ ရီကလည်းရီချင် မနည်းအောင့်အီးပြီး ကားပေါ်က အပြေးဆင်း ကျောင်းက လုံခြုံရေးဂိတ်ရှေ့မှာ တဟားဟားနဲ့ အော်ရယ်ခဲ့ကြဖူးသေးတယ်လေ။ တကယ်တော့ အဲဒီနေ့ရက်တွေက ရွှေရောင်နေ့ရက်တွေပါ နေ……။

နေ တကယ်တော့ ကျနော့ရဲ့ စာမျက်နှာအတော်များများကို နေ,ဖတ်ခွင့်ရခဲ့တာပါ။ အကုန်လုံးမဖတ်ပဲ ကျော်ဖတ်သွားတာရှိနိုင်သလို၊ ဖတ်ပြီးပင်မယ့် မသိချင်ယောင်ဆောင်ခွင့်လည်း ရှိပါတယ်။ စာမျက်နှာတွေကတော့ ဒီနေ့အထိ တစ်ရွက်မှ မဆုတ်မပြဲ တည်ရှိနေဆဲပါ။

ရင်းနှီးခင်မင်ခြင်းမှသည် ကျနော့အတွက် နေဆိုတဲ့ မှတ်တိုင်တစ်ခုက ပြတ်ပြတ်ထင်ထင်ရှိလာပြီဆိုခါမှ နေရယ်။ ဟိုတစ်ခါ တစ်ပတ်နှစ်ပတ်ပျောက်သွားတုန်းက သွားဖြေခဲ့တဲ့ ဂျပန်နိုင်ငံက စကောလားရှစ်နဲ့ ဟိုမှာ နှစ်ပေါင်းများစွာ သွားရတော့မယ်ဆိုတဲ့ သတင်းနဲ့ ကျနော့ကို လှုပ်နိုးခဲ့တယ်။ နောက်တစ်ပတ်ကစပြီး ဂျပန်စာသင်တန်းမှာပဲ အချိန်ပြည့်ရှိမယ်ဆိုပြီး အနားက ပြန်ထွက်သွားပြန်ရော။

လင်းရယ် သံယောဇဉ်ဆိုတာ မရှိသင့်ဘူးတဲ့။ တကယ်တမ်း ဒီလိုမျိုးမဖြစ်သင့်ဘူးမဟုတ်လားဟင်တဲ့။ တို့နှစ်ယောက်ရဲ့ သူငယ်ချင်းအဖြစ်ကို ဒီလိုမျိုး ခွဲရမယ်လို့ မထင်ထားချင်ဘူး။ မဟုတ်ဘူး တကယ်တော့ အဲဒါတွေကို ကိုယ်ကြိုသိပါတယ်။ ဒါပေမယ့် လင်းရယ်..ကိုယ်လင်းကို ဒုက္ခပေးမိပြီထင်ပါရဲ့ လို့ မငိုပဲ မရွှင်တဲ့ မျက်နှာနဲ့ ပြောခဲ့ဖူးတယ်။

ဒါပေမယ့် ကျနော် ပြန်ပြောမိခဲ့တဲ့ စကားက

ဟင့်အင်း ကျနော်အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး။ အထူးသဖြင့် မင်းကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်မဟုတ်ဘူး။ အကယ်၍ကခဲ့တယ် ဆိုရင်လည်း ကြိုးတွေကြောင့်ဆိုတာတော့ မင်းသိထားစေချင်တယ်။ တစ်ဆိတ် အဲဒီကြိုးတွေကို ကျနော်မုန်းတယ်….

တောက် တစ်ချက်ခေါက်ပြီးတဲ့နောက် နေဆိုတဲ့ မိန်းမတစ်ယောက် ကျနော့အနားက ထာဝရပျောက်ဆုံးသွားခဲ့ပါတယ်။

တကယ်တမ်း သံယောဇဉ်ဆိုတာ နဲ့ ကျနော်တို့ ရပ်တန့်နေမှာတဲ့လား။ ပြီးတော့ ကျနော်က သူ့ကို ယုံကြည်နိုင်ပါ့မလား။ သူမရဲ့ အပျော်အပျက်တွေကြားမှာ ကျနော့ကို ဘယ်နေရာမှာ ထားမှာတဲ့လဲ။ ကျနော်ကကော သူမ ပေးတဲ့ နေရာတစ်ခုမှာ ကျေနပ်ပျော်ရွှင်နေမှာတဲ့လား။ မဖြစ်နိုင်ဘူးထင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် အတ္တတွေ လောဘတွေ မာနတွေနဲ့ ရှင်သန်နေတတ်ကြတာလေ။

အဲဒီညနေ က ကျနော့ ဒိုင်ယာရီထဲမှာ စာတစ်ချို့ ချရေးဖြစ်ပါတယ်။

နှောင်ကြိုးရစ်ငင်
ချစ်ကြင်ချင်လည်း
ခင်သူ မ၀ံ့
မဆင်ရဲ

ပြီးတော့ အောက်ဆုံးနားမှာကပ်ပြီး

au revoir

နောက်နေ့မှာလည်း အင်္ကျီအဖြူရောင်လေးဝတ်ပြီး ကျနော်ကျောင်းတက်ခဲ့ပါသည်။ အတန်းထဲမှ လူများထူးဆန်းသလို အကြည့်ကိုလည်း ကျနော် သတိထားမိပါသည်။

ထိုနေ့မှစ၍ ကျောင်းတွင် ချည်ထားခဲ့သောကြိုးများ လုံးဝမရှိတော့ပါ။ ကျနော်သိပ်ကြိုက်သွားမိတဲ့ သီချင်းလေးက Celine Dion ရဲ့ je t’aime encore ဆိုတာပါပဲ။


ရှေ့ဆက်ရန်မရှိတော့ပါ

12 comments:

Unknown said...

Start with the very interesting and meaningful words.
The words lead me to read your story carefully.But you stop the story at the peak point." To be continue" dissapointed me .
Anyway I believe that it will be very nice love story.

khin oo may said...

စာရေးကောင်းပါသည်။

သူမကို တစ်ချိန်မှာ ပြန်ပြောတော့ သူမက မငြင်းပဲ သူမရဲ့ ထုံးစံအတိုင်း တဟားဟား အော်ရယ်ခြင်းနဲ့ အဆုံးသတ်ပစ်ခဲ့တာ။ အဲဒီထဲက မင်းရဲ့ လှောင်ရယ်သံတွေကို ကျက်မိသင့်တယ်။

မီယာ said...

ဇာတ်လမ်းကောင်းလေး နောက် တစ်ပုဒ် စောင့်ဖတ်နေပါတယ်...

Anonymous said...

လာပါတော့မည် မနှင်းဆီ

မောင်ရွာသားနှင့်အပိုင်းပိုင်းအစစ အချစ်ဇတ်လမ်းများ ပြီးလျှင်ဝတ္ထုထုတ်ပေးပါမည် ။

ပုံ/
မောင်မျိုး (ကြောင်၃ကောင်စာအုပ်တိုင်ပိုင်ရှင်နှင့် ဘာမှမတော်စပ်သူ) :P

Htoo Aung Lwin said...

အကြောင်းကတော့ ကောင်းနေပြီဗျ ဆက်တင်နော် မြန်မြန်လေး.........

Moe Cho Thinn said...

သူစကားပြောတဲ့လေသံ အသွားအလာကိုက သိပ်ပိုင်နိုင် အပေါ်စီးကျတယ်။ ငါ့မောင်တော့ ခံရအုံးမယ်။ မြန်မြန်နဲ့ များများ တင်ပါဟေ့..

Anonymous said...

အစ်ကိုရေ ...လာလည်သွားပါတယ် ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေး ။
ဆက်ရန်ကို စောင့်ဖတ်မယ် ။ ပျော်ရွှင်ပါစေ ။ :)

RePublic said...

ဆက်ရန် .. ရပီလား ၊၊ စောင့်နေကြပါတယ် ရွာသားကြီး ၊၊ မင်္ဂလာပါခင်ဗျ၊၊

Anonymous said...

Celine Dion ရဲ့ je t’aime encore ရဲ့သီချင်းနားထောင်ဖူးတယ် ဂရေဟမ်ရဲ့ မိုးသည်းထဲမှာ သီချင်းလိုလေ ကောင်လေးက ကြိုးတွေနဲ့ရစ်ပတ်ထားတဲ့ကောင်မလေးကိုကော ချစ်ခဲ့လား ဒါမှမဟုတ်ရင်ခုန်ခဲ့ဖူးသလား သိပ်မရှင်ဘူးကွဲ့ သေချာတာကတော့ ကြိုးဆိုတဲ့ ရစ်ပတ်တွယ်နှောင်တဲ့ ဘယ်အရာမဆိုမကောင်းပါဘူး ။် ချည်ထားခဲ့သောကြိုးများ လုံးဝမရှိတော့ပါတဲ့ အဲ့လိုဆုံးဖြတ်နိုင်တာလေးစားတယ် ။ ဇတ်လမ်းက ပထမပိုင်းမှာလိုဖြတ်ရပ်မှန်တွေမပါတော့ဘူး ရန်သူမျိုးငါးပါးရှောင်လိုက်လို့ထင်တယ်း)

Phyo Evergreen said...

ကြိုးဆိုတာရစ်ပတ်နှောင်တွယ်တတ်တဲ့.. အနှောင်အဖွဲ့ကင်းတဲ့ ဘ၀လေးသာအကောင်းဆုံးပါ..။

ရွှေပြည်သူ (ShwePyiThu) said...

အစကနေအဆုံး ဖတ်တဲ့သူကို စိတ်မောမောနဲ့ ပါသွားအောင် ဆွဲခေါ်သွားပါတယ်။ Language လေးခုတတ်တဲ့အတွက် “မိန်းမတစ်ယောက်ရဲ့ ဘ၀အတွက် လိုအပ်ချက်တွေက ဘာတွေပါလိမ့်။” ဆိုတဲ့ မေးခွန်းကို လင်းဘာလို့မေးလည်း စဉ်းစားနေမိပါတယ်... ကိုရွာသားလေးရေးတဲ့ ၀တ္ထုတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ပါ။

Unknown said...

ဖတ်လို့ သိပ်ကောင်းတာပဲ
အမြင်လေးတွေပါ ထည့်ရေးထားလို့  မေးခွန်းလေးတွေ တောင် ကိုယ့်ဘာသာပြန်မေးမိတယ်
အဖြေကတော့ တခါသူတွေ ထင်တာနဲ့ များ ကွဲနေနိုင်တာမလို့  ကိုယ့်ဘာသာပဲ ပြန်ဖြေလိုက်တယ်

၁- မိန်းမတယောက်ရဲ့  ဘ၀အတွက် လိုအပ်ချက်က ဘာတွေပါလိမ့် ဆိုတာရယ်

၂- အထဲက နူးညံ့မှုတွေမမြင်လွယ်အောင် အပြင်ဘက်မှာ မာကျောခက်ထန်တတ်ကြတယ် သူတို့ ကြောက်ရွံ့ တတ်တာကို လူတွေသိမှာစိုးလို သတ္တိကောင်းဖို့  ကြိုးစားရင်း သတ္တိကောင်း သူများအဖြစ် ထင်မြင်လာစေတယ်ဆိုတာရယ်