24 March 2009

ဆွံ့အ ခဲ့တဲ့ည


အဲဒီညကို သူဘယ်တော့မှမမေ့တော့ဘူး။ အိပ်လို့မရတဲ့ညတွေထဲမှာ အဲဒီညက အသည်းနှလုံးထဲက စွဲထုတ်လို့မရတော့တဲ့ည။ ဘယ်တော့မှ သေဆုံးသွားမယ့်ညမဟုတ်ဘူး။ ထာဝရရှင်သန်နေမယ့်ည။ အဲဒီညမှာ ထူးဆန်းစွာ ဆွံ့အခဲ့တယ်လေ။

အလင်းရောင်…… အပြင်ဘက်က ဘယ်အလင်းရောင်ကို မှ သူ မလိုချင်ခဲ့။ တံခါးနှစ်ချပ်ကို တင်းတင်းစေ့ရုံနဲ့မလုံလောက်လို့ ခေါင်းအုံးအပိုတစ်ခုကို မျက်နှာပေါ်တင်လိုက်သေးတယ်။ အသက်ရှူကြပ်တယ်ဆိုပေမယ့် အခုအချိန်မှာ ဘယ်အကြောင်းကြောင့်မှ အဲဒီအလင်းရောင်ကို မမြင်ချင်ဘူးလေ။

အသံတွေကိုတော့ ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်မစွမ်းသာသည်မို့ စိတ်လျော့ထားခဲ့ရတယ်။ တကယ်တမ်းတော့ သူဘာကိုမှ မခံစားတတ်ချင်တော့။

အိပ်စက်ချင်ပေမယ့် အိပ်စက်လို့လည်းမပျော်ခဲ့။ အတွေးတွေနဲ့ ချာချာလည်ရင်း သက်ပြင်းမောကိုလည်းချရင်းပေါ့။ သူ ဟိုနှစ်ယောက်ကို တွေ့ခဲ့တယ်။ စိတ်ထဲမှာလည်း မသင်္ကာဘူး။ သူတို့ကိုတွေ့လိုက်တော့ သူတို့နှစ်ယောက်လည်း မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြသလားလို့။ စိတ်ထင်တာတွေလည်း ဖြစ်နိုင်ပေမယ့် သူ့စိတ်ထဲမှာ သိပ်သေချာနေခဲ့တာ။

သူအဲဒီအကြောင်းနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းဖွင့်မေးဖို့ စကားလုံးတွေ စီနေခဲ့တာ။ သူတစ်ပါးကို မနစ်နာစေတဲ့ ကြားသူနာလိုစေတဲ့ စကားတွေနဲ့ မေးဖို့အတွက်ပါ။ မေးမယ်လို့ကြံလိုက်ရင် ပြင်းထန်လှိုက်ခတ်နေတဲ့ ရင်ခုန်သံကို ကြားနေရပြန်ရော။ ဟင်း….ဆိုတဲ့ သက်ပြင်းချသံနဲ့ သက်မမောကို ဘယ်လိုထိန်းချုပ်ရမလဲ။

ဟော…သူပြန်လာပြီလားမသိ။ ပိတ်ထားတဲ့ တံခါးရွက်ကို ဟလိုက်လေသလား။ ပြီးတော့ အနောက်ဖက်က လူတွေကို ရယ်ရယ်မောမောပြောနေသံကြားတယ်။ သူ့မှာတော့ ပျော်ရွှင်ရယ်မောနိုင်သေးတယ်။ ခံစားချက်များ မရှိလေသရော့လား။ ဒါမှမဟုတ် ဒါမှမဟုတ်…သူထင်ထားတာ မှန်များမှန်နေမလား။ အို…မဖြစ်နိုင်ပါဘူးနော်။ ဖြေတွေးလေးနဲ့ တွေးရင်း ကိုယ့်စိတ်ထဲကို သူမြင်သွားမလား စိုးရိမ်မိပြန်တယ်။

မျက်နှာချင်းဆိုင်ဖို့ မနည်းကြိုးစားလိုက်ရတာ။ တကယ်တမ်းအခန်းကျဉ်းကျဉ်းလေးထဲမှာ လွယ်လွယ်လေးတွေ့နိုင်ပင်မယ့် စိတ်ရယ် မျက်နှာရယ် အဆင်သင့်ဖြစ်ဖို့ ကြိုးစားနေမိတာ။

ဘာမှမဖြစ်သလို စကားစပြောဖို့ ပြင်မိတယ်။ ပြီးတော့ ထိတ်ခနဲဖြစ်သွားတဲ့ ရင်ဘတ်ကို လက်နဲ့ဖိရင်း ရှေ့တိုးနေမိတဲ့ ခြေလှမ်းကို အမြန်ပြန်ရုတ်လိုက်ရတယ်။

အကယ်၍ သူက တစ်စုံတစ်ခုပြောလာခဲ့ရင်။ ပြီးတော့ အဲဒီတစ်စုံတစ်ခုက အမှန်တရားဖြစ်သွားခဲ့ရင် (သူစိုးရိမ်တဲ့ အတိုင်းဖြစ်နေမှာကို လက်ခံဖို့ စိုးရွံ့နေမိတာ)။ ပြောဖို့ အဆင်သင့် ပြင်ထားတဲ့ ပါးစပ်ကို နှုတ်ခမ်းနဲ့သပ်ရင်း လည်ချောင်းဝကို ပို့ထားပြီးသား စကားလုံးတွေကို နင်းကန်မြိုချလိုက်ရင်း….

အဲဒီညက စပြီး သူဆွံ့အသွားခဲ့တာ ယနေ့ထက်ထိ……..

11 comments:

ရွှေပြည်သူ (ShwePyiThu) said...

တခါတလေ အမှန်တရားတွေက ခါးနေတဲ့အခါ (ဒါမှမဟုတ်) ခါးနေနိုင်တဲ့အခါ... မေးခွန်းတွေမေးမယ့် နှုတ်ခမ်းတွေ ဆွံ့အသွားတာကသာ အကောင်းဆုံးပါပဲ...။ အဲဒီအိပ်မရတဲ့သူကို ကိုယ်ချင်းစာစိတ်နဲ့ သနားသွားတယ်။ စိတ်ကို တကယ်ထိရှစေတဲ့ စာတစ်ပုဒ်ပါ ကိုရွာသားလေးရေ...

khin oo may said...

ှရှင်းပြခွင့်လေးတော့ပေးပါ။တစ်ဘက်သတ် စီရင်ချက်မချပါနဲ့။

ThuHninSee said...

ကြည်ံရတာ အဆင်ပြေသွားပြီ ကိုရွာသားရေ..

yehtutnaung said...

ကိုယ့်လက်နဲ့  ကိုယ့်မျက်လုံးတွေကို ပိတ်ထားရမှာ အကြောက်ဆုံးပဲဗျာ။

WWKM said...

စကားလုံးတွေလှတယ်..
ပေတံမကိုင်ပဲ ကလောင်ကိုင်လို့ရနေပြိနော်.. :D

Phyo Evergreen said...

ဆွံ့အခဲ့တဲ့ညဆိုလို အဖြစ်တစ်ခုကိုသတိရသွားတယ်..။ ငယ်ငယ်က တစ်ည အပြင်ကိုကြည့်နေတာ သူခိုးခိုးနေတာမြင်တော့ အော်တာ အော်လို့မရဘူး.. ဘယ်လိုပြောမလဲ လန့်တာလဲမဟုတ်ဘူး.. မထင်ထားတာဖြစ်တော့.. ၁၅မိနစ်လောက် ဘာမှပြောလို့မ၇ဘူး.. .။

Phyo Evergreen said...

အော်သာအော်တာ အသံမထွက်ဘူးလေ..။

Anonymous said...

ကျနော်လည်း အဲ့လိုညတွေ ကြုံဖူးပါရဲ့ လတ်လတ်ဆတ်ဆတ်ကြီးရယ်း) အင်း..အစ်ကိုတော်တာပေါ့ ကိုယ် အိပ်မပျော်ပေမယ့် သူတို့အတွက်အကျိုးရှိသွားမယတ်မှတ်လား တခါတရံတော့လည်း ကိုယ့်ကိုယ်ကို ဟန်ဆောင်လိုက်တာက သူများအတွက် အကျိုးပိုရှိပါတယ်လေ ။ အိပ်ပျော်ပါစေ ပြီးတော့ ဆွံ့အခြင်းတွေ ပပျောက်ပါစေ ။

တန်ခူး said...

သံသယက ပူလောင်တယ်… မီးပူပူကြီး ပိုက်ထားရသလိုပဲ… တို့ သာဆို အဲဒီမီးပူပူကြီးကို ဆက်မပိုက်ထားချင်တာနဲ့  မေးလိုက်မိမှာ… ရှင်းလိုက်မိမှာ… နို့ မို့ နှုတ်က ဆွံ့ အပြီး နှလုံးသားက လောက်မြိုက်နေမှာလေ… မဟုတ်ဘူးဆိုရင် ဘယ်လောက်များ ငြိမ်းအေးသွားမလဲ… ဟုတ်တယ်ဆိုရင် ကြေကွဲရ ခဏပေါ့… သစ္စာတရားမရှိရင် ဘာမှ မရှိတော့ဘူးလေ…

ဝေလေး said...

ယနေ့အထိပဲလား
အမှန်တရားကို ရင်မဆိုင်ဝံ့တဲ့အခါ ရင်မဆိုင်ချင်သေးတဲ့အခါ ဆွံ့အခဲ့ရတာတွေ အများကြီးနေမှာ......
ဖွင့်မေးဖြစ်လိုက်တော့လည်း စိတ်ထဲပေါ့သွားတာပေါ့။
ဒါပေမယ့် မျှော်လင့်ချက်ဆိုတာလေးကို ဆက်ပြီးဆုပ်ကိုင်ထားချင်သေးတာတော့ လူ့သဘာဝပဲနေမှာပဲ....

Unknown said...

ဖတ်ပြီး ဆွံ့ အသွားတဲ့ ညက အဖြစ်လေးကို ကိုယ်ချင်းသိပ်စာမိတာပဲ
ရေးထားတာလေးဖတ်ပြီး ကိုယ်တိုင်တောင် နည်း၂ အသက်ရှူ ကြပ်သွားသလို ပဲ

(ဒါနဲ့ အခန်းဖော်က guy မလား) နည်း၂စဉ်းစားရင်း ခေါင်းခြောက်သွားတယ်