23 March 2009

စာမျှော်ဖူးပါသလား?

စာတစ်စောင်ကို အသည်းအသန်မျှော်ခဲ့ဖူးပါတယ်။ မိဘဆီကမဟုတ်သလို ရည်းစားဆီကလည်း မဟုတ်ခဲ့ပါဘူး။ ကျနော်မျှော်နေတဲ့ စာက သူငယ်ချင်းတစ်ယောက်ဆီကပါ။ အထူးသဖြင့် ငယ်သူငယ်ချင်းတစ်ယောက်ဆီက စာတစ်စောင်ပါ။ သူ့ဆီက စာတစ်စောင်ကို ကျနော်မျှော်ခဲ့ဖူးပါတယ်။

စာကိုမျှော်သာ မျှော်တာပါ ကျနော်ကကော ရေးသလားလို့မေးကြည့်။ မရေးပါဘူး။ လုံးဝမရေးခဲ့ပါဘူး။ သူ့ဆီက စာလာမှ ငါပြန်ရေးလိုက်မယ်ဆိုပြီး မလိုအပ်တဲ့ မာနတွေနဲ့ တင်းခံနေခဲ့တာ။ တကယ်တမ်းက အဲဒီသူငယ်ချင်းဆီက စာကိုကျနော်အသေအလဲမျှော်နေခဲ့တာ။ ကျနော်စာတစ်စောင်ရေးရင် သေချာပေါက် သူစာပြန်ရေးမယ်ဆိုတာ သိသိကြီးနဲ့မျှော်နေခဲ့တာ။ အဲဒီတစ်နှစ်လုံး သူကလည်းစာမရေး ကျနော်ကလည်း စာမရေးနဲ့ အဆက်အသွယ်တွေပြတ်သွားခဲ့တာ။

နောက်နှစ်နှစ်ကြာမှ ကျနော်တို့ပြန်ဆုံတွေ့ခဲ့ကြတယ်။ သူကလည်း ပြုံးလို့ ကျနော်ကလည်း ၀မ်းသာလို့။ မင်းဘာကြောင့်စာမရေးတာလဲဆိုတော့ ငါမင်းစာကိုစောင့်နေတာလေတဲ့။ ကဲ…။ ပြီးတော့ ငါမင်းဆီကို ထွက်လာသေးတယ်တဲ့ ဆယ်တန်းကျောင်းတက်နေတဲ့ ကာလကြီးမှာ ကျနော့သူငယ်ချင်းက ကျနော့ဆီထွက်လာခဲ့တာတဲ့။ ဒါပေမယ့်သူလမ်းတစ်ဝက်ကနေ အမြင်မှန်ရပြီး လှည့်ပြန်သွားခဲ့တာ။ အဲဒီနှစ်က ကျနော်တို့နှစ်ယောက်လုံး ဆယ်တန်းအောင်ခဲ့ကြပါတယ်။

ပြီးတော့လည်း နောက်ထပ်ဝေးခဲ့ကြပြန်တယ်။ သူက ပြည်မှာကျောင်းတက်နေတုန်းက ကျနော်က ရန်ကုန်မှာပေါ့။ ကျောင်းမပြီးခင် သူ့အဖေဆုံးတော့ တစ်ခေါက်ဆုံဖြစ်ကြတဲ့နောက်မှာ နောက်ထပ် နှစ်ခေါက်လား သုံးခေါက်လား သာသာတွေ့ကြရတော့တာ။ တွေ့ဖို့ကြိုးစားရင်း လွဲနေကြတယ်ထင်ပါရဲ့။

အခုအပြင်ကို ကတိုက်ကရိုက်ထွက်လာပြီးတဲ့နောက် ကျနော့တို့နှစ်ယောက် လုံးဝကို အဆက်အသွယ်မရှိကြတော့ပါဘူး။ သူဘယ်မှာနေ, နေသလဲ ကျနော်မသိသလို ကျနော်ဘယ်ရောက်နေလည်း သူလည်းသိနိုင်မယ်မထင်တော့။ ဒါပေမယ့် အားငယ်တိုင်း စိတ်ဓါတ်ကျတဲ့အခါတိုင်း ကျနော့ သူငယ်ချင်းဆီက စာတစ်စောင် သို့မဟုတ် အားပေးစကားလေးတွေ ကြားချင်မိတယ်။ ဒါပေမယ့် အဲ့ဒီစာက လာနိုင်ပါဦးမလားဗျာ။ ကျနော်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဘယ်ရောက်နေကြမှန်းမှမသိနိုင်တာ။

အဲဒီစိတ်နဲ့ အားငယ်တဲ့ စိတ်ဓါတ်ကျနေတဲ့ သူတွေတိုင်းကို အားပေးမိတယ်။ သူတို့ရင်ထဲက (ရေဆိုးမြောင်းလိုပေါ့ဗျာ) ခံစားသမျှတွေ ပေါ့ရင်လည်းပေါ့ပါစေ အချိန်ပေး နားထောင်ခဲ့တယ်။ ခံစားနားလည်စိတ် ကိုယ်ချင်းစာစိတ်တွေနဲ့ပါ။

တစ်ချိန်ချိန်မှာ စာလေးတစ်စောင်တစ်လေတော့ ကျနော်ဖတ်ရတန်ကောင်းပါရဲ့။ သူငယ်ချင်းရေ…ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်းရေး ငါလည်းရေးမယ်ကွာ အဲဒီအချိန်က ရောက်လာမှာပါ မကြာမတင်လေ…………………

18 comments:

Phyo Evergreen said...

မျှော်ဖူးပါသည်.. အဖြစ်ကတော့တော်တော်ဆင်တယ်.. ကျွန်တော်ကတော့ရေးလိုက်တာဘဲ..။ စာရတဲ့အချိန်ဆိုအရမ်းပျော်တာလေ..။

ThuHninSee said...

စာမျှော်ဖူးပါသည်။
နောက်ခံကြီးနဲ့ အဖြူရောင်စာလုံးက ဖတ်ရတာ တစ်မျိုးပဲ..အစ်မက မျက်စိမကောင်းလို့ထင်တယ်။

Htoo Aung Lwin said...

မျှော်သာမျှော်ပေါ်မလာသူရယ်စိမ်းကား...........
မချစ်လို့ မုန်းနေသလားကွာ ။ မျှော်လင့်ဆုံးသူလေးနဲ့ ဝေးရင်...........................
ဟဲဟဲ သီချင်းလာဆို သွားတယ်နော်။ :P

Anonymous said...

စာလား...မျှော်ဖူးတယ် ဒါပေမယ့် ဒီကိုရောက်ပြီး ၃ နှစ်တာမှာ သူငယ်ချင်းဆီက စာတစ်စောင်ပဲဖတ်ဖူးတယ်း) ။ သူကစာရေးပျင်းလို့တဲ့ ။

အဲ့..နောက်တစ်ခုကျန်သေးတယ် ချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပူလို့ တဖွဲ့တနွဲ့ရေးပြီးပို့လိုက်တာ သူပြန်လာတဲ့ စာက “ ဒီနေ့မအား နောက်နေ့နောက်ကျမယ်...ဘလာ ဘလာ ဘလာ.....” :)

အင်း ကိုယ့်ကိုယ်ကို နားလည်မှုပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ကြိုးစားရအုံးမယ်
ခုတော့..စိတ်မကောင်းဖြစ်နေသလိုလိုန့ .. ဘာမဆိုင် ညာမဆိုင် ဒီမှာ လာပေါက်ကွဲနေတယ် ဆောတီး :P

Phyo Evergreen said...

ကိုမျိုးကတော့ ဖြစ်ရမယ်..။

whiterose31 said...

hoat parrt ko ywar tarr layy yell...theres nothing more tired then waiting letters from someone..i know how u feel exactly ..a heee :P but dont hope so much until ur neck become long... :)

တန်ခူး said...

အမလဲ အဲဒီလို အဖြစ်မျိုးကြုံဖူးတယ်… ငယ်ငယ်ကတည်းက အတူစာကျက် အတူတွဲခဲ့တဲ့ သူငယ်ချင်း… တခါတခါ သူ့ ကို သိပ်သတိရတာပဲ… googleထဲကတောင် သူ့ နာမည်ရိုက်ပြီး တွေ့ လို တွေ့ ငြားရှာကြည့်သေးတယ်… အရမ်းနောင်တရတယ်… သူ့ contactကို တောင်းမထားမိတာ… ဒီတခါပြန်တွေ့ ရင် contactကို တောင်းဖြစ်အောင် တောင်းလိုက် ရွာသားလေးရေ… ပြီးတော့ သူ့ အရေးကို မစောင့်နဲ့ … ကိုယ်က ဦးအောင်ရေးလိုက်… သူငယ်ချင်းကောင်းဆိုတာ ရခဲတယ်…

အကျီင်္အသစ်လေးက လှတယ်နော်… နောက်က အညာက ထန်းပင်လေးတွေလား… မွန်ပြည်နယ်ကထန်းပင်လေးတွေလား… သူများတွေများတော်လိုက်တာ…

yehtutnaung said...

ကျွန်တော်လဲ စာ မျှော်ဖူးတယ်။ ဒါပေမယ့် ကိုယ့်က စရေးလိုက်လို့ ။ ဒီကောင်ပြန်မှ ပြန်ပါ့မလားဆိုတဲ့ စိတ်နဲ့ ဗျာ။ ကိုယ်သာစမရေးရင် ပြန်မယ့်လူတွေ မဟုတ်ဘူး။ ဒါပေမယ့် စာတွေ အပြန်အလှန် ပို့ ကြတော့မှ ပိုခင် လာကြတာတော့ အမှန်ပဲဗျ။

Anonymous said...

တခုခုရေးမလိုလုပ်ရင်း
ဘာရေးရမှန်း.. မသိလို့
ဘာမှမဟုတ်တာပဲ
ရေးလိုက်တယ်။

ထန်းပင်တွေက
အသက်ဝင်တယ်။
အညာဆန်လိုက်တာ။

khin oo may said...

ကိုရွာသား

အိမ်ကလေးကိုပြူပြင်လိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ အားမနာ တန်းပြောရရင်တော့ အဟောင်းကလေးကို ပိုကြိုက်ပါတယ်။ စာကို ကြိုက်လို့လာဖတ်တာပါ။ decoration မလိုပါဘူး။ မလှလားဆိုတော့လှပါတယ်။ သို့သော်လည်း မျက်စေ့ရှု့ပ်တယ်။ အပြာပေါ်မှ အဖြူ နု စာလုံးကို ဖတ်ဘူးပါသလား မျက်စိသိပ်အားစိုက်ရပါတယ် အဖွားကြီး တစ်ယောက် လာဖတ်နေတာ မြင်ယောင်ကြည့်ပါ။ သိတ်အားစိုက်ရတယ်။

စီပုံးက များသောအားဖြင့်ညာ ဘက် ကို ပို့ရပါတယ်။ ကာတွန်းတွေ မှာ စကားပြောခန်းကို ညာဘက် မှာဘဲ ထည့်ပါတယ။် ဘယ်ဘက်မှ မထည့်ပါဘူး။

ဒါမျိုးက ဘာနဲ့ တူသလဲဆိုတော့တက်တူး tatoo ထိုးသလိုဖြစ်ပါတယ်။ ကြာတော့ရိုးသွားတယ။် ကိုရွာသား က စာရေးကောင်းလို့ လာဖတ်တာပါ။ ကျန်တာ မလိုအပ်ပါ။

လေးစားစွာဖြင့်

ရွှေပြည်သူ (ShwePyiThu) said...

“စာကိုမျှော်သာ မျှော်တာပါ ကျနော်ကကော ရေးသလားလို့မေးကြည့်။ မရေးပါဘူး။ လုံးဝမရေးခဲ့ပါဘူး။” ဟုတ်ကဲ့... အဲဒါ ကိုရွာသားလေးပါပဲ...း) (ရန်ထပ်စတာ)

ရွှန်းမီ said...

bro..
မျှော်ဖူးတယ်..
ရေးဖူးတယ်..
နောက်တော့ မရေးတော့ဘူး..
မောင်မျိုးပြောသလိုပဲ လူတွေကို နားလည်ကြည့်ဖို့ ကြိုးစားလိုက်ပါဦးမယ်။

Phyo Maw said...

အင်း ဟုတ်တယ်။ ချစ်သူ ခင်သူကြားမှာ ဘာမှ မဟုတ်တဲ့ မာန မထားကောင်းဘူး...

ဂျူနို said...

သူငယ်ချင်းက စာဘယ်ရေးမလဲ
သူ့ ပိုက်ဆံပြန်မပေးသေးလို့ နေမှာပေါ့။
အ၀တ်တွေ ငှားဝတ်ပြီး ပြန်မပေးလို့ နေမှာပေါ့။
သူဝယ်ကျွေးတဲ့ခါ အလိုက်မသိ စားလို့ သောက်လို့ နေမှာပေါ့။
သူ့ ညီမကိုရိသဲ့သဲ့လုပ်ခဲ့လို့ နေမှာပေါ့။
သူ့ ရည်းစားကို ပြူးတူးပြဲတဲ ကြည့်လို့ နေမှာပေါ့။
ဒါတောင်မသိဘူး။ အံ့ပါရဲ့ ။

မိုးခါး said...

အာ .. စာရေးတာများ မာနတွေထားနေသေးတယ် ..း(

ဝေလေး said...

စာမျှော်ဖူးတယ်.......
ရေးလည်းမရေးဘူး။ သူငယ်ချင်း က စရေးမယ့်နေ့ကိုမျှော်နေတာ.
ဟဲ ဟဲ တူနေတယ်.....
ဒါထက် စာဆိုတဲ့အထဲမှာ email ဆိုတာရောပါလား။ မေးလ်ပို့တာထက်စာရင် တစ်ကယ့်စာကိုဖတ်ရတာ ပိုကောင်းမှာနော်...

Unknown said...

ဒီစာလေးဖတ်ပြီး ငယ်ငယ့်တုန်းက ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းလေးကို သတိယသွားတယ် သူရေးခဲ့တိုင်း ကိုယ်ပြန်ရေးဖို့  ပျင်းနေခဲ့တာကို စိတ်မကောင်းခံစားမိတယ်
(သူငယ်ချင်းလေးက တစ်ဦးတည်းသော ကလေးဆိုတော့ သူ ကိုယ့်စာကို သေချာပေါက် မျှော်မှာပဲဆိုတာ ခံစားမိသွားတယ် )
သတိပေးတဲ့အတွက် ကျေးဇူး

ကြည်ဖြူပိုင် said...

အနော်လည်းလေခု..သူငယ်ချင်းတစ်ယောက်နဲ့အရမ်းကိုတွေ့ပြီးအားပါးတရစကားတွေပြောချင်နေမိတယ်။ရင်ဖွင့်နေချင်မိတယ်။
သူ့ဆီကစာလေးတွေဖတ်ချင်နေမိတယ်
အနော်ကတော့မာနနဲ့သူစရေးမှရေးမယ်ဆိုပြီး
စောင့်နေခဲ့တာမဟုတ်။သူ့လိပ်စာသူ့contact ဘာမှမရှိတော့လို့လေ။
သူကတော့အနော့်နေရပ်သိလိမ့်မယ်မဟုတ်ဘူး။
ခုအချိန်မှာလေအရမ်းကြီးကိုလှိုက်လှိုက်လှဲလှဲ သူ့အဆက်အသွယ်ကိုမျှော်လင့်
နေမိလို့ဒီိပို့စ်လေးလာဖတ်တာ.
ဒါပေမယ့်လေcontact တွေပျောက်ဆုံးနေတဲ့ဘ၀.