22 March 2009

မိုးပျံပူဖောင်း လွှတ်ခြင်း


“မြတ်ဘ၀မှာ ဒုတိယအကြိမ်ရွေးချယ်ခွင့် အို ဒါမှမဟုတ် နောက်ထပ် နောက်ထပ် အကြိမ်ကြိမ်တွေ ဘယ်လောက်ရှိခဲ့ ရှိခဲ့ မောင့်ကိုပဲ ရွေးချယ်မယ် တကယ်” တဲ့…..

ဒါ သူနောက်ဆုံးကျနော့ဆီ ရေးတဲ့စာထဲမှာပါတဲ့ စကားလှလှလေးပေါ့။ အချစ်ဆိုတဲ့ စကားလုံးကို တစ်စောင်လုံးမှာ သူရေလဲသုံးခဲ့တာ။ ကျနော် တစ်ခွန်းတော့ ပက်ပက်စက်စက် ပြောလိုက်ချင်တယ် အချစ်ဆိုတဲ့ စကားလုံး မင်းနဲ့မတန်ဘူးလို့။ မင်းသိထားတဲ့အချစ်က သိပ်ကို ပူလောင်တဲ့ ရမ္မက်တွေပဲ ရှိတဲ့အချစ်။ ခန္ဓာကိုယ်ချင်းနီးစပ်မှ မင်းထင်တဲ့ အချစ်မဟုတ်ဘူး။ လောကမှာ မင်းမသိသေးတဲ့ မင်းနဲ့မထိုက်တန်သေးတဲ့ အချစ်တွေအများကြီး ရှိနေသေးတယ်လို့။

မောင်...လို့ ကျနော့ကို သူစခေါ်တော့ ကျနော် အံ့သြမိတယ်။ မြတ်.....မင်းတကယ် ဆုံးဖြတ်ပြီးပြီလားဆိုတော့ အင်းလေတဲ့။ မင်းရဲ့ ဇာတ်လမ်းတွေကော ဆိုတော့ မျက်လုံးလေးစင်းပြီး သြော် အပျော်တွေပါမောင်ရယ်တဲ့ မြတ်က မောင့်ကိုပဲ တကယ်မေတ္တာရင်းမှန်ပါ မောင်ကြီးရှင့်ဆိုပြီး တဟင်းဟင်းနဲ့ မင်းသမီးစတိုင်ဖမ်းခဲ့သေးတာကို မှတ်မိသေးတယ်။

မင်းနိုင်ငံခြားကို ထွက်တော့မယ်ဆိုတဲ့ အသံကြားတော့ ဘယ်လိုလဲမြတ်ရယ် မောင်နဲ့ပဲနေမယ်ဆို မြန်မာပြည်ကို သိပ်သိပ်ချစ်တတ်သူပါဆိုတော့။ မောင်မသိပါဘူးမောင်ရယ်… မြတ်သူငယ်ချင်း ဆုလဲ့တို့လေ ဟိုမှာ အဆင်ပြေနေကြတယ် ပြီးတော့ မြတ်ကိုလည်း လှမ်းကြွားတယ်။ ပိုက်ဆံတွေအိမ်ကို သိန်းချီပို့နိုင်ပြီတဲ့ ၀တ်ထားစားထားတွေလည်း Branded တွေ။ မြတ်မခံချင်လွန်းလို့ပါမောင်ရယ်။ တစ်ခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ မိဆုလဲ့တို့လောက်တော့ မြတ်ကအသာလေး ကျောနိုင်တယ်ဆိုတာလေး ပြပြီးရင် ပြန်လာမှာပါတဲ့။ မြတ်ကမောင့်ကို ကျောရရုံကြံတာမဟုတ်ပါဘူး တကယ့်အတည်ပါ ဆိုပြီး ပြန်စနောက်ခဲ့သေးတာကို။

အေးလေ မင်းဘ၀တက်လမ်းအတွက် ကြိုးစားချင်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ မကြိုးစားချင်ခဲ့ဘူး။ စိတ်ထဲမှာတော့ စိတ်မချနိုင်တာအမှန်။ မင်းနဲ့ခွဲရမှာမို့ စိုးထိတ်နေမိတာပါလေ ဆိုပြီး ဖြေရင်း လွတ်သွားတဲ့လက်နှစ်ဖက်ကို လေယာဉ်ကွင်းက အပြန်မှာ ချွေးစို့သည်အထိ ဆုပ်ကိုင်မိတယ်လေ။

သိပ်မကြာခင်မှာပဲ အောင်မြင်လှတဲ့ မြတ်ရဲ့သတင်းတွေက အလုံးအရင်းပေါ့။ အပျော်အပြက်တွေလား အတည်အတန့်တွေလား မသိနိုင်လောက်အောင်ရှုပ်ယှက်ခပ်နေခဲ့သည်ကော။ ဖုံးဆက်တိုင်းပြန်ပြောတတ်တာက ဒီရပ်ဝေးမှာ သူတို့ရဲ့ အကူအညီလိုအပ်တယ်တဲ့။ မြတ်တစ်ယောက်တည်း မဖြစ်နိုင်ဘူးလေ တကယ့်ကိုရိုးရိုးသားသား ခင်ကြတာပါတဲ့။

ရိုးရိုးသားသားခင်မင်တယ်ဆိုတဲ့ သူတွေရဲ့ ရင်ခွင်ထဲမှာ မင်းလိုအပ်တဲ့ အကူအညီဆိုတာ တကယ်ရခဲ့ရဲ့လား မြတ်။ မင်းလိုချင်သမျှ ဖြစ်ထွန်းခဲ့တယ်တဲ့လား မြတ်။ ငိုပြခဲ့ရဲ့လား။ ပျော်ပြခဲ့တယ်လား။ အရင်းကဘာလဲ အမြတ်ကဘာတဲ့လဲ။ သူတို့ဘာလိုချင်လို့ ချဉ်းကပ်တယ်ဆိုတာ မင်းမသိဘူးလို့ မငြင်းဆန်လိုက်ပါနဲ့ မင်းကိုယ်တိုင်က ပေးအပ်ချင်နေတာလို့ မောင်မစွပ်စွဲပါရစေနဲ့။ မြတ်ရေ ပူလောင်တဲ့ ချစ်ခြင်းတွေ ဘာအတွက်လိုအပ်ခဲ့တာလဲ။ တည်ငြိမ်တဲ့ ဘ၀တစ်ခုကို စွန့်လွှတ်ပြီး မင်းဘာအတွက် စတေးနေခဲ့တာလဲ။ မင်းနောက်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစု မင်းဘ၀အဆင့်အတန်း ဘာကိုမှ ထောက်ထားငဲ့ညှာစရာ မရှိတော့ဘူးတဲ့လား။ ပညာဆိုတဲ့ အသိနဲ့ ချွှန်းအုပ်လို့ မနိုင်လောက်အောင် အကျင့်သိက္ခာမဲ့ခဲ့တယ်လားကွာ။

သူထွက်သွားအပြီး တစ်နှစ်အပြည့်မှာ စာတစ်စောင်နဲ့အတူ သူ့ရဲ့ မျက်ရည်ဆိုတာတွေထည့် ပေးခဲ့တယ်။ သူ့ဘ၀အသစ်မှာပဲ ပျော်ပါရစေတော့တဲ့။ ပြီးတော့
“မြတ်ဘ၀မှာ ဒုတိယအကြိမ်ရွေးချယ်ခွင့် အို ဒါမှမဟုတ် နောက်ထပ် နောက်ထပ် အကြိမ်ကြိမ်တွေ ဘယ်လောက်ရှိခဲ့ ရှိခဲ့ မောင့်ကိုပဲ ရွေးချယ်မယ် တကယ်”……

အဲဒီနေ့ညနေကစပြီး ညနေတိုင်းမှာ ကျနော်မိုးပျံပူဖောင်းတွေ ၀ယ်ပြီး လွှတ်တင်ခဲ့တယ်။ မိုးပျံပူဖောင်းလေးတွေ ပျံတက်တာကို စောင့်ကြည့်တယ်။ တစ်လုံးပြီး တစ်လုံးတန်းစီပြီးတော့ပေါ့။ အရောင်စုံတွေဖြစ်တတ်ပေမယ့် အဖြူရောင်ဆိုတာ တစ်လုံးမှ မပါခဲ့။ အခုနောက်ပိုင်း ပုံစံအစုံနဲ့ ရတော့ ကျနော်အထူးသဖြင့် ၀ယ်မိတာက အသည်းပုံ မိုးပျံပူဖောင်းလေးတွေပေါ့။

ဒါပေမယ့် သူတို့အောက်ပြန်မကျခင် ကျနော် အိမ်ကို အမြန်ပြန်ခဲ့တယ်။ အိမ်ကို အမြန်ပြန်ခဲ့တယ်……..

ဝန်ခံချက်- စိတ်ကူးယဉ်သက်သက် ဖန်တီးမှုများသာ ဖြစ်ပါသည်ခင်ဗျာ။

15 comments:

Phyo Evergreen said...

ရင်မောတယ်.. စိတ်ကူးသက်သက်မို့သာ.....။

yehtutnaung said...

ကြားဖူးလေ့ ရှိတဲ့ ဇာတ်လမ်းလေး ဆိုပေမယ့် ခံစားမှု မြောက်တယ်ဗျာ..။

khin oo may said...

ပထမဆုံး မြင်တာက ဝတ်ထု တို ဆိုတော့ ဝတ်ထု မဖတ်ချင်ဘူး.. ကိုယ်တွေ့ဘဲ ဖတ်ချင်တယ်။ လို့ ကိုယ့်ဘာသာ တစ်ယောက်ထဲ ပြောလိုက်တယ။်ြီ့ပီးတော့ ဆက်ဖတ်တယ်။

စဖတ်တုံးကတော့ သိတ်မမိုက်ပါဘူး ရိုနေတဲ့ဇတ်ာလမ်းလေး တစ်ပုဒ်ဘဲ။ ဒါပေမဲ့ အဆုံးသတ်


(အဲဒီနေ့ညနေကစပြီး ညနေတိုင်းမှာ ကျနော်မိုးပျံပူဖောင်းတွေ ၀ယ်ပြီး လွှတ်တင်ခဲ့တယ်။ မိုးပျံပူဖောင်းလေးတွေ ပျံတက်တာကို စောင့်ကြည့်တယ်။ တစ်လုံးပြီး တစ်လုံးတန်းစီပြီးတော့ပေါ့။ အရောင်စုံတွေဖြစ်တတ်ပေမယ့် အဖြူရောင်ဆိုတာ တစ်လုံးမှ မပါခဲ့။ အခုနောက်ပိုင်း ပုံစံအစုံနဲ့ ရတော့ ကျနော်အထူးသဖြင့် ၀ယ်မိတာက အသည်းပုံ မိုးပျံပူဖောင်းလေးတွေပေါ့။

ဒါပေမယ့် သူတို့အောက်ပြန်မကျခင် ကျနော် အိမ်ကို အမြန်ပြန်ခဲ့တယ်။ အိမ်ကို အမြန်ပြန်ခဲ့တယ်……..်)

ဖတ်ရင်းနဲ့ကြက်သည်းထမိအောင် ခံစားသွားရတယ။် အဖွဲ့အနွဲ့ကောင်းတယ်။

ရည်းစာစာ ရေ့းပေးစေချင်သူများ ကိုရွာသားကို အကူအညီတောင်းရန် recommendation ပေးလိုပါ၏၏၏၏။

Moe Cho Thinn said...

ရောင်စုံ မိုးပျံပူဖောင်းတွေနဲ့ မိန်းကလေးရဲ့ လှည့်ဖျားတတ်တဲ့ အချစ်ကို နှိုင်းယှဉ်တာ ဒီတခါပဲ ဖတ်ဖူးသေးတယ်။ လှလိုက်တာ။ သူတို့ အောက်ပြန်မကျခင် အိမ်အမြန်ပြန် ရွာသားရေ။
ကြွေတဲ့ ခရေ ကမှ မွှေးပါအုံးမယ်လေ။

မီယာ said...

စာတွေတော့ တပုံကြီး ရေးဖို့သာ ပြင်ထားတော့.. မမKOM ကြော်ငြာပေးနေပြီ :D

Anonymous said...

မခင်ဦးမေတို့
မမိုးချိုသင်းတို့ ပြောသလိုပဲ
အဆုံးသတ်လေး
အရမ်းလှတယ်။

khin oo may said...

သုံးခါ ပြန်ဖတ်တယ်။ ခံစားရတုံးဘဲ

khin oo may said...

ဒါဘဲ. ဒီနေ့ အသစ်ထပ်မတင်ပါနဲ့ စာဖတ်ပရိသတ်တွေ ကို စာကောင်းလေး ပေးဖတ်လိုက်ပါဦး.။ အသစ်တက်လာရင် လူ့သဘာဝက နောက် ဆုံးကိုဘဲ ဖတ်သွားတာ များတယ်။ အဲဒီတော့ အခုလို ကောင်းတာ လေး မဖတ်မိလိုက်ရင် စိတ်မကောင်းစရာ.

အသစ်တင်ချင်ရင် သန်းကောင် ကျော်မှတင်ပါ.။

Anonymous said...

ပုံလေးက ကဗျာဆန်ပြီး ကြည်နူးဖို့ကောင်းတယ် ဒီပို့စ်လေးက တစ်မျိုးလေးပဲ ။ အားပေးနေတယ် အစ်ကို အဆင်ပြေပါစေ ။

ရွှေပြည်သူ (ShwePyiThu) said...

မြတ်... သိပ်ဆိုးတယ်။ သိပ်မှားတယ်။ ဒါပေမယ့် “သြော် အပျော်တွေပါမောင်ရယ်တဲ့ မြတ်က မောင့်ကိုပဲ တကယ်မေတ္တာရင်းမှန်ပါ မောင်ကြီးရှင့်ဆိုပြီး တဟင်းဟင်းနဲ့ မင်းသမီးစတိုင်ဖမ်းခဲ့သေး” တုန်းကတည်းက အဲဒီမောင်ကြီးက ဘာလို့များ မရှောင်ခဲ့ပါလိမ့်...း) ရေးပြီးတော့ စိတ်ကူးထဲမှာ မိုးပျံပူဖောင်းကို အပ်နဲ့ဖောက်လိုက်တယ်... ဖောင်းကနဲပဲ... (ရန်ဖြစ်လို့ရပြီလို့ အချက်ပေးတာပါး)) စတာနောက်တာ တွေပြီးတော့ အတည်ပြောပါတော့မယ်...း) အရေးအသားသိပ်ကို ကောင်းပါတယ်... အဆုံးသတ်ကို အကြိုက်ဆုံးပါပဲ...

Phyo Maw said...

စိတ်ကူးရင်ပဲ ရေးရေးပါ အသည်းပုံ ဗူဖာင်းတွေ လွှတုန်းပဲလား...။ သဘောကျ၏။

အန်တီ KOM ပြောသလို နောက်ဆုံးအသစ်တွေချည်း ဖတ်တာတော့ မဟုတ်ပါဘူး။ ကောင်းရင် ကောင်းသလို ပထမဦးဆုံး အပုဒ်ထိရောက်အောင် ဖတ်ပါသည်။ :D

Rita said...

စိတ်ကူးယဉ်တယ် မထင်ပါဘူး
တကယ့်ဟာလို့ပဲထင်တယ်

မြတ် (သူငယ်ချင်းတွေက အဲလိုပဲခေါ်တယ်)

ဝေလေး said...

" မြတ်က မောင့်ကိုပဲ တကယ်မေတ္တာရင်းမှန်ပါ မောင်ကြီးရှင့်ဆိုပြီး တဟင်းဟင်းနဲ့ မင်းသမီးစတိုင်ဖမ်းခဲ့သေးတာကို မှတ်မိသေးတယ် "

ဒီစာသားလေးဖတ်ပြီး ရီနေမိတယ်......
မိုးပျံပူဖောင်း ဘယ်နှစ်လုံးလောက်လွှတ်လည်း......

Unknown said...

အပြင်က တကယ့်အဖြစ်အပျက်လေးကို
အခြေခံထားသလို ခံစားရတယ်
ကျနော် ၀ယ်ပြီးလွှတ်တဲ့ မိုးပျံပူဖောင်းလေးတွေလို ကျနော့စိတ်တွေရော တကယ် လွတ်လပ်ခဲ့ရဲ့ လားလို့  စဉ်းစားမိတယ်

(စိတ်ကူးယဉ်လေး သိပ်ကောင်းတာပဲ)

Unknown said...

စိတ်ကူးယဉ် ဖန်တီးတဲ့သူရဲ့ အတွေးထဲမှာ

(မြတ်ဘ၀မှာ ဒုတိယအကြိမ် ရွေးချယ်ခွင့် အို ဒါမှမဟုတ် နောက်ထပ် နောက်ထပ် အကြိမ်၂တွေ ဘယ်လောက်ပဲ ရှိခဲ့ ရှိခဲ့ မောင့်ကိုပဲ ရွေးချယ်မယ် တကယ်)

ဆိုတဲ့ အတွေး ဘယ်လိုများရလိုက်ပါလိမ့် လို့ 
အပြင်းအထန် စဉ်းစားနေမိတယ်