15 January 2009

ဒီခရီး

တကယ်တမ်းက နှစ်နာရီခွဲသာသာ ခရီးလေး။ ခဏတာဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဒီခရီးက ပြီးသွားနိုင်တာ။ ဒါပေမယ့် ဒီခရီးအတွက် စခဲ့တာ လွန်ခဲ့တဲ့ နှစ်လ နိုဝင်ဘာထဲက။ ဒါပေမယ့် အခုအချိန်အထိ မပြီးနိုင်မစီးနိုင်ရှိနေတုန်း။

လေယာဉ်လက်မှတ် ၀ယ်ရခက်တယ်ဆိုလို့ နိုဝင်ဘာထဲက ဆိုင်တွေကို ဖုံးဆက်။ တော်တော်နဲ့မရဘူးလေ။ Booking တင်ရုံနဲ့ မရနိုင်ဘူးတဲ့ ပိုက်ဆံသွင်းပေးပါဆိုတော့ ကဲ လာလေရော့ပေါ့။ နောက်တစ်ရက်ကျတော့ တင်ထားတဲ့ နှစ်ရက်လုံးကျပါပြီ လက်မှတ်လာထုတ်ပါတဲ့။ မြန်သားကလား။ အင်းငွေမျက်နှာတော်တော်ကြီးတာကိုး။ စောနေတဲ့ တစ်ရက်ကို ပြန်ဖျက်လိုက်မိတယ်။ အခုတော့ပြန်လိုချင်နေပြန်ရော။ ရတုန်းက မယူထားမိတာ နာလိုက်တာဗျာ။ နို့မို့ဆို တစ်ရက်စောပြီး ပြန်ရောက်နေမှာ။ ပေးလိုက်ရတဲ့ ပိုက်ဆံက မနည်းပေမယ့် ပြန်ရလိုက်တာက တကယ့် စာရွက်အပိုင်းလေးရယ်ပါ။ ပျောက်သွားရင် ပြန်ထုတ်ပေးဦးမတဲ့။ E ticket ဆိုသကိုး အဲ့လို။

လေယာဉ်လက်မှတ်ပြီးပြန်တော့ ဟိုက ဒီက မှာတဲ့ ဟိုတစ်စ ဒီတစ်စ အတိုအထွာလေးတွေ။ ကိုယ့်ဘာသာလည်း ကောင်းနိုးရာရာ အသုံးတည့်မယ်ထင်တာလေးတွေ ဘယ်သူ့အတွက် ဘယ်ဝါ့အတွက် ဆိုပြီးဝယ်နေမိပြန်ရော။ ဒီမနက် ဖုံးဆက်တဲ့အထိကို မှာကြတုန်း။

ပြီးတော့ ပေးစရာရှိလေတဲ့ အခွန်အခများ ပေးဆောင်ခြင်း။ မရှိမဲ့ ရှိမဲ့လေးတွေခြစ်ခြုပ်ပြီး ပေးစရာရှိတာပေးပေါ့လေ။ အလုပ်ထဲက အသိတစ်ယောက်ပြောသလို ၀င်တာက တစ်ခါတည်း ထွက်တာက သိပ်များတာပဲဆိုသလို။ အင်း…ဟုတ်တော့လည်း ဟုတ်သား လခထုတ်ပြီး အားလုံးနှုတ်လိုက်ရင် လက်ကျန်က မရှိတော့။ ယူထားမိတဲ့ အကြွေးတွေက အကြွေးပူမဟုတ်လို့ တော်ပါသေးရဲ့။ မဆပ်နိုင်ရင်တော့ နောင်ဘ၀မှပဲ ဆပ်တော့မယ်လို့ ပြောရတော့မှာပါပဲ။

ဟိုက သူငယ်ချင်းတွေကလည်း ဘယ်လိုလဲ အိမ်တန်းပြန်မယ်ဆိုလို့ စိတ်မကောင်းကြဘူး။ သူတို့အတွက် အချိန်ပေးစေချင်ကြတယ်။ ခရီးတို ခရီးရှည်များလဲ သူတို့နဲ့ ထွက်စေချင်တယ် ထင်ပါရဲ့။ Platform ပေါ်က သူငယ်ချင်းကလည်း IC ပွဲရှိတယ် သွားကြည့်မယ်ဆိုပြီး လှမ်းချိန်းနေပြန်သေး။ မကြည့်ရတာလည်း ကြာတော့ ကြည့်တော့ကြည့်ချင်သား အရင်က ဗေထိဆို ရှေ့ကဖြစ်နေကြလေ။

ဖေက ခွင့်မရလေတော့ အလုပ်ကိုတန်းပြန်ရဦးမယ်။ မိသားစုတွေ့ဆုံပွဲနဲ့အတူ ခရီးရှည်ကြီးတစ်ခု ထွက်ဖို့ စီစဉ်ထားကြလေရဲ့။ မွေးရပ်မြေကိုလည်း တစ်ခေါက်လောက်တော့ ရောက်ဖြစ်အောင် ပြန်ချင်သေးတယ်။ အဖွားဆုံးပြီးကတည်းက ပြန်မရောက်တော့တာ နှစ်ကာလ ကြာရှည်ခဲ့ပြီ။ ပျက်စီးနေတဲ့ ဘိုးဘွားတွေဆောက်ထားတဲ့ အိမ်ကိုလည်း မကြည့်ချင်တော့တာပါလိမ့်မယ် ထင်တယ်။ ပြန်ပြင်ပေးချင်တယ်ဆိုပေမယ့် ဒီခေတ်ကြီးထဲမှာ လွယ်တာမှမဟုတ်တာ။ စိတ်ထဲမှာပဲတေးထားရတာလေ။ ဥုံဖွလို့ လုပ်လို့ရရင်လည်း ကောင်းမိကောင်းရဲ့။

ဖြစ်နိုင်ရင် အကုန်လုံးနဲ့ ပြန်ဆုံချင်မိတယ်။ တစ်နှစ်ခွဲကျော်ပြီဆိုတော့ တစ်နှစ်ခွဲစာ စကားတွေပြောဖို့ ရှိနေရင်ရှိနေမှာလေ။ တစ်ချို့ဆို အဲဒီတစ်နှစ်ခွဲအတွင်းမှာ ပျောက်ကွယ်သွားကြပြီ။ ဖြစ်ပျက်တွေက သိပ်များတော့ up-to-date လုပ်ရဦးမှာ။ ကိုယ်တိုင်လည်း ဘယ်တော့ ပျောက်ကွယ်မလဲမှ မသိနိုင်တာ။

ယူစရာ၊ သယ်စရာရှိတဲ့ စာရွက်စာတမ်းကနေ စပြီး လုပ်စရာရှိတာတွေကို လုပ်ရဦးမယ်။ မပြီးသတ်ခဲ့တဲ့ အလုပ်တွေကိုလည်း ပြတ်အောင် လုပ်ရမယ်။ မှာစရာတွေ မှာရဦးမယ်။ လွှဲစရာရှိတာတွေ လွှဲဖို့ ပြင်ဆင်ရသေးတယ်။

ပြီးတော့ ဒီဘလော့လေး။ အရိပ်တကြည့်ကြည့် တမြတ်တနိုးနဲ့ စက္ကန့်တိုင်း နာရီတိုင်းလောက် စောင့်ကြည့်နေမိတဲ့ ဒီဘလော့လေး ကျနော့ ရင်လှိုက်ပိုးလေးလေ။ ဘယ်လိုထားခဲ့ရမလဲ။ ဟိုမှာတော့ ပြန်ဖွင့်လို့ရပြီဆိုပါတယ်။ ဒါပေမယ့် ကွန်ယက်တွေနဲ့ ဝေးလံလွန်းတဲ့ ကျနော့ရွာလေးမှာ ဘလော့ဂင်းလို့ ဘယ်ရမှာလဲ။ ကျနော်စာတွေရေးနေတယ်လို့ ပြောရင်တောင် ဖေနဲ့မေက ရီကြမှာ။ သူတို့ကို ဘယ်လိုရှင်းပြရမလဲတောင်မသိ။ သူတို့အကြောင်းတွေ ဒီလိုရေးနေတာသိရင် လက်ခံပါ့မလား။

တစ်နာရီခွဲနဲ့ ပြီးဆုံးသွားမယ့် ဒီခရီးလေးကို ရက်ပေါင်းများစွာကြာသည် အထိ ညတာတွေရှည် အိပ်မက်တွေများနေမိတာ။ တကယ်တမ်းတော့ တကယ့်ကို ခဏလေးပါ ခဏတာလေးပါ…………

12 comments:

May Moe said...

မုန့်တွေအများကြီးဓာတ်ပုံ ရိုက်ခဲ့ပါဗျိုး

:P said...

Chinese New Year မှာ ပြန်မယ့်ဘလော့ဂါတွေ လေယာဉ်တစ်စီးတည်း ဖြစ်နေကြဦးမယ်......

Anonymous said...

နောက်ပိုင်းကို စိတ်မပူနဲ့ သွားစရာရှိတာကို ဖြောင့်ဖြောင့် သွား ။ ဒီဘလော့လေးလား ကိုယ့်ညီတစ်ယောက်လုံး ရှိနေတာ ဘယ်ချောက်သွားထိုးထားမလို့ တုန်း ဒါကြောင့်ပြောတာ အဲ့ခေါင်းကြီးက သုံးလို့မရပါဘူးဆိုတာ ဟိဟိ စောင့်ရှောက်ထားပေးမယ် ပြန်လာရင်သာ အထုတ်ကြီးကြီး ( ဘာဖြစ်ဖြစ် စားလို့ရရင်ပြီးကော ) ၀ယ်ခဲ့ပေး ။ မင်းသားကြီးဆိုတော့လည်း မျှော်တဲ့သူက ပေါတာပေါ့လေ နိုင်အောင်သာက ကိုယ့်လူ ကိုယ်ခင်းတဲ့ဇတ်ဆိုတော့ :D

sait phay yar said...

ပြန်မဲ့အရေးပဲများနေတယ်တော့ ၇ွာပြန်ရင်တော် ကျုပ်အတွက် လက်ဆောင်လေးဝယ်ခဲ့နော်တော်
အမေတို့တစ်တွေကိုလည်းနှုတ်ဆက်တယ်လို့နော် ပြောလိုက်နော်. သမီးလေးလည်းနောက်မှလာတွေ့မယ်လို့နော်.
ကျူပ်လည်းပြန်ချင်တာတော်.
ဟီဟီ
စသွားတာနော်
ပြန်မဲ့လူတွေကိုအားကျလို့ပါ။

ThuHninSee said...

အစစအရာရာအဆင်ပြေပါစေ။
ကျွန်ုပ်ကိုယ်စား မရမ်းသီးစားလာခဲ့ပါ။
Have a nice trip. :D

khin oo may said...

ဟိုကိုလည်း လွမ်း.. ဒီကိုလည်းလွမ်း...လွမ်းတတ်လိုက်တာ နော။်။။
ရည်းစားများ ရှိ ဘယ်လိုလွမ်းမလဲ မသိ.။
.နစ်လဲ ကုန်ပြီ..မေမိုးပြောထားတာလဲ အကောင် အထည်မပေါ်။
kom မပြန်သေးပါ။ kmsl ပြန်မှာပါ။
၁၀ ရက် ဆိုတာ က ရွာသားလေး ကို နောက်တာပါ။

Anonymous said...

Let me go hommmmmmmmmmmmmmmme..
ဟင့်.. ရွှတ်.. အားကျပါရဲ့ဂျာ..
ကောင်း၂ပြန်နော်.. တိုရွာတားယေး
မိသားစုနဲ့အတူ အစစအရာရာအဆင်ပြေ ချောမွေ့ပါစေ။

ThuHninSee said...

မရမ်းသီးအစိမ်းပါ. မရမ်းချိုသီးမဟုတ်ဘူးနော်။
naynaynaing.blogspot.comမှာ သေချာအောင်
ကြည့်သွားနော်။

ဗီလိန် said...

လိုက်မယ်။ အဟင့်။

:P said...

တောင်ငူသားတော့ မြန်မာပြည်မှာ အချစ်တွေ့ခဲ့ပြီ ကြွားနေတယ်......ရွာသားလေးလည်းးးးး........အားကျမခံ.......
:P:P

ဇင်ယော် said...

အင်း ကိုရွာသားများ လျှော့တွက်နေလိုက်ကြတာ ပြောတော့ပါဘူး အဟီး။ ဟိုမှာ မဆုံဖြစ်တော့လို့  ဒီမှာပဲ ခဏခဏ ဆုံတော့မယ်ဗျာ ဘယ်လိုလဲ လိုက်ရဲသေးလား။

Unknown said...

အပြန်ခရီးလေးကို လွမ်းသွားတယ် သတိယမိတယ် အမိမြေကို တို့ တုန်းကဆို Chinese New Year နဲ့ အ၇မ်းကပ်သွားလို့ လေယာဉ်လက်မှတ်ကို အပြင်ကနေ ဈေးတော်၂ကြီး၂ပေးဝယ်လိုက်ရတာ ဘာဖြစ်၂ပြန်ရလို့ ဝမ်းသာတာနဲ့  အားလုံးကိုမေ့သွားရော