09 January 2009

စာကလေးတစ်စောင်မှသည်


စာတွေရေးဖူးကြမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာမှသည် အရာအားလုံးအတွက် စာလေးတစ်စောင်တစ်လေတော့ ရေးဖူးကြမှာပါ။ မရေးဖူးဘူးဆိုလည်း ယုတ်ဆွအဆုံးဖတ်ဖူးကြမှာသေချာပါတယ်။ ဒီစာလေးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဖတ်ဖူးခဲ့တာပါ။ အခုတော့ အကြောင်းတိုက်ဆိုင်လို့ ပြန်လည်သတိရနေမိတယ်။

အခုလက်ရှိ လူအများစုက သိပ်အလုပ်ရှုပ်ကြပါတယ်။ စားဝတ်နေရေး အတွက်လှုပ်ရှားရုန်းကန် ကြရတာ ဆိုတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်နဲ့ တကယ်ကို မတူတော့ပြီလားမသိ။ များသောအားဖြင့် အလုပ်အလုပ် ငွေ….ွငွေ မအားဘူး အချိန်မရှိဘူး ဆိုတဲ့ အသံတွေကြားမှာ တကယ့်ကို ပြောင်းလဲခဲ့တာလား ကျနော်မပြောနိုင်ခဲ့ဘူး။ ကျနော်မသိနိုင်တာက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အကြောင်းလေ။

စာလေးကို စာတိုက်ကနေပဲပို့လိုက်တာပါ။ စာလေးကို ဖတ်ပြီးပြီးချင်း ဖေငိုင်သွားခဲ့တယ်။ မေကြီးရေ ရွှေဇင်တော့ ဆုံးရှာပြီတဲ့။ ကလေးပီပီစူးစမ်းစွာ စာလေးကို သွားကိုင်ကြည့်မိတယ်။ ဒါပေမယ့် မဖတ်တတ်ခဲ့ဘူး။

ရွှေဇင်ဆိုတာ မြန်မာလူမျိုးမဟုတ်ပါဘူး။ ဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဂျပန်လူမျိုးတစ်ယောက်ပါ။ ခေါ်ရလွယ်အောင် သူတို့တွေကို မြန်မာနာမည်တွေကိုယ်စီပေးထားကြတာပါ။ ဒီစက်ရုံစတည်တော့ တည်ဆောက်ရေးအတွက် တာဝန်ပေးခြင်းခံရတဲ့ သူတွေထဲက တစ်ယောက်ပေါ့။ သူတို့ကျနော့ကို ချစ်ခင်စွာ ချိုချဉ်တွေ မုန့်တွေ ပေးခဲ့ဘူးတာတော့ မှတ်မိသေးတယ်။ အံဆွဲထဲမှာ အခုချိန်ထိ ရှိနေသေးတဲ့ ကျနော့ ကလေးဘ၀ဓါတ်ပုံတွေက သူရိုက်ပြီး ဂျပန်က ပို့ပေးလိုက်တာတွေပေါ့။

စက်ရုံကြီး ဆောက်လုပ်ပြီးစီးပြီဆိုတော့ ရွှေဇင်တို့တွေ နေရပ်ကို ပြန်သွားကြတယ်။ ဒါပေမယ့် နှစ်စဉ်မပြတ် ပို့စကတ်တွေ အမှတ်တရ စာတွေ သူ့ဆီက ရတတ်ပါတယ်။ တစ်ချို့ အရာရှိတွေ ဂျပန်ကို ပညာတော်သင်သွားလို့ သူနဲ့ဆုံဖြစ်ခဲ့ရင် ဖေ့အတွက် လက်ဆောင်ပစ္စည်းတွေ တခုတ်တရ သူထည့်ပေးတတ်တယ်။

အခုဒီစာကို သူ့ဇနီးက ပို့လိုက်တာပါ။ သူ့အမျိုးသားဟာ တောင်တက်ရင်းနဲ့ ရုတ်တရက်သေဆုံးသွားတဲ့အတွက် မိတ်ဆွေတွေအားလုံးကို အကြောင်းကြားအပ်ပါသည်တဲ့။ သူ့အမျိုးသားရဲ့ စာပို့နေကျ လိပ်စာတွေအားလုံးကို တန်းစီပို့လိုက်ဟန်တူပါတယ်။

ဒါဟာ သူ့အတွက် အလုပ်ပိုတစ်ခု ဖြစ်ပေမယ့် လုပ်သင့်လုပ်ထိုက်တာကို သူလုပ်ပေးလိုက်တာပါ။ ဘာသာလ၀ါစိတ်နဲ့ နေလည်း နေပေါ့။ အချိန်ပေး အလေးထားပြီး စာပို့ပေးတယ်ဆိုတာ တကယ့်ကို လေးစားစရာလို့ ကျနော်တော့ယူဆမိတယ်။ မှားကောင်းလည်း မှားနိုင်ပါတယ်။ များသောအားဖြင့် မအားမလပ်တဲ့ လူတွေကြားမှာနေမိတဲ့ သူဆိုတော့ သူများအတွက် အချိန်ပေးရတယ်ဆိုတာ တကယ့် အစိမ်းသက်သက်စကားလိုပါပဲ။

ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကို ငါးမိနစ်စာ အချိန်မျှဝေပေးပါဆိုတဲ့ စာလေးဖတ်ရတုန်းကလည်း ဒီစာလေးကို ပြန်သတိရမိသေးတယ်။ ကိုယ်ပိုင်တဲ့ အချိန်လေးတွေကို သတိတရ မျှဝေပေးဖို့ တတ်နိုင်သလောက်တော့ ကြိုးစားမိတာပါပဲ။ ဒါပေမယ့် အတ္တကြီးတဲ့ လူသားပီပီ အတ္တနောက်ကမှ ပရဖြစ်ဖြစ်သွားတတ်တော့ အမြဲတမ်းရယ်လို့ကံသေကံမ မပြောနိုင်ဘူးပေါ့။

ဘယ်သူမဆိုတော့ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေဆီက စာတွေ ဖုန်းတွေ မျှော်နေတယ်ဆိုတာတော့ သေချာပါတယ်။ စာလေးဖတ်လိုက်ရရင် ဖုန်းလေးပြောလိုက်ရရင်ကို ခွန်အားတွေ အင်အားတွေ ဖြစ်ဖြစ်သွားတတ်တယ်လေ။ စာရေးပျင်းတဲ့ ကျနော့လိုလူအတွက် (ဒီဘလော့ကစာတွေ ဒီလောက်တင်တာဆိုပြီး မမြင်ပါနဲ့ဗျာ တကယ်တမ်းအပြင်မှာ ကျနော်စာရေးဖို့ သေလောက်အောင်ကို ပျင်းတာပါ) ကျနော့ မိဘ မိတ်ဆွေတွေ အပေါ်မှာ ပျက်ကွက်ခဲ့ပေါင်းများလှပေါ့။

အခုလည်း ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်ရဲ့ “ဘ၀ကြီးကို ဘယ်လိုပျော်ရွှင်စွာ ဖြတ်ကျော်ရမလဲ ပျင်းရိငြီးငွေ့ဖို့ ကောင်းလိုက်တာ အလုပ်ပြီး အလုပ်ဆိုတဲ့ ဒီဘ၀” ဆိုတဲ့ ညည်းတွားသံကို စဉ်းစားရင်း ဒီစာလေးက ခေါင်းထဲကို အလိုလို ရောက်လာတာပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကျနော်တို့ဘ၀ကို ပျော်ရွှင်အောင် ကျနော်တို့ကြိုးစားသင့်တယ် ထင်တာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ မိသားစုဆိုတာက ကျနော်တို့နဲ့ လက်တစ်ကမ်းအကွာမှာမရှိကြလို့ပါပဲ။

ပြီးတော့ ကျနော်တို့အနားမှာရှိနေတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကျနော်တို့ တန်ဖိုးထားလေးစားစေချင်မိတယ် ဖြစ်နိုင်ရင်ပေါ့လေ…..

11 comments:

Anonymous said...

သိပ်ကို တန်ဖိုးရှိလှတဲ့ ပိုစ့်ကလေးပါပဲလား ...ဖတ်ပြီးတဲ့အခါမှာ ရင်ထဲကို ၀င်လာတဲ့ အသိတရားတွေက နဂိုက ရှိနေတဲ့ အရှိတရားကို လှုပ်နှိုးလိုက်သလိုပါပဲ ....
ဖတ်ရင်းနဲ့ ရင်ထဲမှာ သူတို့လူမျိုးတွေရဲ့ မိတ်ဆွေသူငယ်ချင်းကို အချိန်ပေးပြီး အသိအမှတ်ပြု၊ လေးစား ဂရုပြုတဲ့ စိတ်ကို လေးစားမိပါတယ် ... သိပ်ကို ကောင်းမွန်တဲ့ပိုစ့်ကလေးပါ ဒီပိုစ့်ကလေးအတွက်... အထူးကျေးဇူးပါ ညီရေ ...

ဗီလိန် said...

ကျနော်လည်း စာရေးရမှာပျင်းတယ်ဗျ။ ဖုန်းဆက်တော့ ဖုန်းခကုန်တယ်။ :D ဟီးဟီး။ လက်သံတွေက ပြောင်သထက်ပြောင်ပဲဗျာ။ လိုက်လို့ကိုမမီဘူး။

Sonata Cantata said...

နိစ္စဒူဝ ဖြတ်သန်းနေရတာတွေက လူနဲ့ မတူတော့ဘူးလို့ တွေးနေမိချိန်မှာ လူတစ်ဦးတစ်ယောက် ရှိသင့် ဖြစ်သင့်တဲ့ အရာလေး မီးမောင်းထိုးပြလို့ ကျေးဇူးပါ။

မသီတာ

sait phay yar said...

ရွာစားရာ ကောင်းစတော် စာရေးရတာတော့မပျင်းဘူးတော့
စဉ်းစားရတာပျင်းတယ်
အလကားစတာပါ ၇ွာစားရေးတာ တော်တော်မှန်ပါတယ် တစ်ခါတစ်လေ မိတ်ဆွေတွေဆီဆက်သွယ်ဖို့ အားကြီးပျင်းလို့သေမှဝမ်းနည်းရတာတွေ မနည်းဘူးတော့
မှတ်သားသွားပါတယ် ရွာစားရေ..

RePublic said...

ညီရွှာသား .. ကျနော့်ကိုလည်း စာလေး တစောင်လောက်ပို့ပေးပါလားဗျာ ၊၊ အားရှိအောင် ၊၊

Anonymous said...

စာရေးပျင်းတာ ယုံပါတယ် ။ တစ်ခါခါ မေးလ် ၀င်လာလို့ကြည့်လိုက်မိရင် တစ်ကြောင်းထဲရယ် လက်အနာဖြစ်နေသလား ထင်ရတယ် ။

ဝေလေး said...

ဟုတ်တယ်နော်။ စာတစ်ကြောင်းပဲဖြစ်ဖြစ် အားတော့ရှိသွားတာပဲ။

Anonymous said...

ဟုတ်တယ်အစ်ကို.. သူများအတွက် အချိန်လေးနည်းနည်းဖဲ့ပေးလိုက်လို့လည်း ကိုယ့်မှာဆုံးရှုံးနစ်နာသွားတယ်ဆိုတာ ရှားပါတယ်။ ဒီအချိန်လေးတွေအတွက်ပေးလိုက်ရတဲ့၊ ပြန်ရလိုက်တဲ့ ဂရုစိုက်မှု၊ နွေးထွေးမှုနဲ့မေတ္တာတွေက တန်ဖိုးဖြတ်လို့မရပါဘူး။

Unknown said...

စာလေးတစ်စောင်မရေးလည်း email လေတော့ ပို့ပေးပေါ့

Unknown said...

ဒီပိုစ့်လေးဖတ်ပြီး သင်ခန်းစာယူသွားတယ် ဒါလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လေးတခုပဲ (ကောင်းတဲ့ အလေ့အကျင့်လေးတခုပဲ) တို့ လည်း စာရေးသိပ်ပျင်းတာ သတိယရင် အိမ်ကို ဖုန်းပဲလှမ်းခေါ်လိုက်တာပဲ အိမ်ကများ စာလေးရေးလာ ရင်တော့ သိပ်ပျော်တာပဲ (ကဲ မောင်ရွာသားလေးလည်း ဘလော့ပေါ်တင်မဟုတ်ပဲ အိမ်အတွက်ပါ စာလေးဘာလေးရေးဖို့  အချိန်ရှိပါစေ)

သက်ဝေ said...

ရှပ်ပြာ ရှပ်ပြာနိုင်လွန်းတော့ စာကလေး တကောင်လို့ ဖတ်မိတယ်... ဆောရီးပါ...
ရည်ရွယ်ချက်ကောင်းတဲ့ ချစ်စရာ ပိုစ့်လေး...း))