04 January 2009

တတိယ အကြိမ်သို့ ပထမဆုံးအခေါက်

မနှစ်ကရည်ရွယ်ထားပြီးမလုပ်ဖြစ်ခဲ့တဲ့ အလုပ်တစ်ခုကိုဒီနှစ်ထဲမှာ လုပ်ဖြစ်ခဲ့ပါတယ်။ ဒီအလုပ်ကို လုပ်ဖြစ်ဖို့ ကိုပင်ပုကျစ်ဂွရဲ့ စာတွေက တွန်းအားပေးခဲ့တာပါ။ ဒီတစ်ခါတော့ တစ်ကယ်လုပ်ဖြစ်ခဲ့ပါတယ် ကိုပင်ပုကျစ်ဂွရေ……

ဒီဇင်ဘာထဲက ညနေခင်းတစ်ခုအတွက်ပါ။ ကျနော်လုပ်သင့်တယ်လို့ အမြဲခံယူထားခဲ့တယ်။ ဒီဇင်ဘာလတစ်လလုံးက အဆင်မပြေခဲ့ဘူး။ ကြိုတင်စီမံထားရင် ဖြစ်နေကြအတိုင်း အဖျက်တွေအမျိုးမျိုး၊ အဆင်မပြေတာတွေ တစ်ခုပြီးတစ်ခုပေါ့။ မနေ့ကစနေနေ့မှာတော့ ဗြုန်းစားကြီးစီစဉ်ပြီး ၁၀နာရီ ၁၀နာရီကနေ ၁၀နာရီခွဲ။ နောက်တော့ ရောက်ကိုရောက်ဖြစ်ခဲ့တယ်။ ဘူတာကထွက်တာနဲ့ သွေးလှူဘဏ်။ စနစ်တကျတည်ဆောက်ထားတာပါ။ အရာအားလုံးက တစ်ကယ့်ကိုစနစ်တကျ။

ပထမဆုံး အခေါက်က မဖြစ်မနေဖြစ်သွားခဲ့တာ။ ရုံးမှာ Social & Recreation Club ဆိုတဲ့အသင်းရှိပါတယ်။ ကျနော့အထက်က စီနီယာတစ်ယောက်အထွက်မှာ ကျနော်က အလိုလို အသင်းဝင်ဖြစ်သွားခဲ့တာ။ အသင်းက ဦးစီးကျင်းပတဲ့ ဝန်ထမ်းများသွေးလှူပွဲဆိုတော့ အသင်းဝင်တွေက နာမည်စာရင်းထိပ်ဆုံးကပါ။ လှူတာတော့ အလယ်လောက်ကပေါ့။ သူတို့တွေက မှတ်တမ်းတင် ဗွီဒီယိုတွေရိုက် အင်တာတွေဗျူးဆိုတော့ နဂိုက ကင်မရာကြောက်တတ်တဲ့ကျနော်က နောက်ကပေါ့။ အရေးထဲ မြဝတီက ကင်မရာမန်းတွေကို သွားခေါ်ဖို့တာဝန်ပေးတာမို့ မြဝတီကို အပြေးအလွှား။ မြဝတီကျမှ တာဝန်ကျကင်မရာမန်းကိုရှာပြီး ပြန်ပြေးလာရတာလေ။ သွေးစစ်ရင်းမနေနိုင်တဲ့အကျင့်နဲ့ သွေးအုပ်စုဘယ်လိုခွဲခြားလဲဆိုတာ မေးရင်း ရောက်လာသမျှနောက်လူတွေကို လေ့ကျင့်စစ်ဆေးပေးခဲ့သေးတယ်။ သွေးလှူပြီးတော့လည်း ငြိမ်ငြိမ်ထိုင်မနေနိုင်ပြန်ဘူး။ လှူပြီးတဲ့လူတိုင်း မုန့်တွေ နို့ပုလင်းတွေ လက်ဆောင်တွေ မရမရှိရလေအောင် ဆော်သြရပြန်ရော။ တစ်ဖွဲဖွဲရောက်လာတဲ့ ကျနော့်ဌာနက ဝန်ထမ်းတွေကို စပြီး ဖောင်ဖြည့်တဲ့စီကနေ သွေးလှူကုတင်ပေါ်ရောက်တဲ့အထိ ရွှေကြိုလည်းလုပ်မိပြန်တယ်။ အကြောင်းကြောင်းကြောင့် မလှူလိုက်ရတဲ့လူတွေကိုလည်း နောက်တစ်ခေါက်လှူလို့ရပါတယ််ဆိုတာကို အားပေးရပြန်ပါတယ်။ ဘယ်လောက်တောင်မျက်စိနောက်သွားလဲမသိဘူး ဆရာမဒေါ်သီတာအောင်က နင်ငါတို့ဆီမှာအလုပ်လာလုပ်ပါလားလို့ ပြောတဲ့အထိ ဖြစ်သွားခဲ့တာ။

ဒုတိယအခေါက်ကတော့ စတိုဌာနက ကိုဘုရားဒါယကာ (တရားအကြောင်းဘုရားအကြောင်း ပြောတတ်လွန်းလို့ ဒီနာမည်ပေးထားတာ) အစာအိမ်ပေါက်လို့ အရေးတကြီးသွေးလိုခဲ့ပါတယ်။ ရုံးကသွေးလှူစာရင်းကနေ သွေးအုပ်စုတူတဲ့လူတွေစာရင်းတောင်း သူတို့ကို နိုးဆော်ခဲ့တယ်။ မြောက်ဥက္ကလာပဆေးရုံကြီးမှာ သွေးပုလင်းမရှိတော့အောင်ပြတ်လပ်ခဲ့တဲ့အချိန်ပါ။ အဲဒီတော့ အားလုံးကို မေးလ်ပို့ လှူနိုင်မယ့်လူတွေကိုစုပြီး ရုံးကအပြန်မှာသွားရောက်လှူဒါန်းခဲ့တာပါ။ သွေးလိုတဲ့လူနာရှင်တွေကလည်း ကျနော်တို့ကိုကြည့်ပြီး ဘာသွေးလှူမှာလဲဆိုတာ တတွတ်တွတ်မေးနေတာ။ သိပ်ကိုလိုအပ်နေပုံပါပဲ။ သွေးတစ်ပုလင်းမှမရှိဘူးဆိုတော့ တကယ့်အရေးပေါ်ဆို ဘယ်လိုလုပ်ကြမလဲ ကျနော်တွေးပူမိပါသေးတယ်။ လူ့အသက်တစ်ချောင်းက ဒီလိုကိစ္စတွေအတွက်နဲ့ ဆုံးရှံူးရမယ်ဆိုရင် မထိုက်တန်ဖူးလေနော်။

အခုတတိယအကြိမ်ကိုတော့ မနေ့ကလှူဖြစ်ခဲ့တာ။ ကျနော်တို့မြန်မာတွေ လာရောက်လှူဒါန်းပုံရှိဟန်တူပါရဲ့။ နပ်စ်မလေးက မြန်မာလို နေကောင်းလား မင်္ဂလာပါလို့ နှုတ်ဆက်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်ဆိုတဲ့ စာတမ်းလေးကပ်ပေးလိုက်တာကြောင့် အားလုံးက အဆင်ပြေလား ခေါင်းမူးလား ဘာဖြစ်သလဲလာမေးနေကြပြန်တယ်။ အိုကေပါတယ်ဆိုတာကို ခဏခဏပြန်ပြောဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ အရင်အခါတွေလို လှုပ်ခွင့်မရလိုက်ပါဘူး နာရီတွေ မိနစ်တွေ တိကျစွာမှတ်သားပြီး ၁၀မိနစ်အတိမှ ကုတင်ပေါ်ကထခွင့်ပေးလို့ပါ။

ဘာပဲဖြစ်ဖြစ် မနှစ်ကမလုပ်ဖြစ်ခဲ့တာကို ဒီနှစ်မှာတော့ လုပ်ဖြစ်ခဲ့ပါပြီ။ ဒုတိယတစ်ခေါက်က မတ်လ ၂၈ရက်နေ့ဆိုတော့ နောက်တစ်ခေါက်ဘယ်တော့ဖြစ်နိုင်မလဲဆိုတာတော့ ကျနော်လည်း သေချာမသိပြန်ဘူး။ အနည်းဆုံးတစ်နှစ်တစ်ခေါက်တော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီစာလေးကနေ စာဖတ်သူတွေပါ လှူဒါန်းချင်စိတ်ပေါက်သွားခဲ့မယ်ဆိုရင်တော့ ကျနော့အတွက် အခေါက်ပေါင်းများစွာ ဖြစ်သွားမှာပါဗျာ။ ဟုတ်တယ်ဟုတ်…..

14 comments:

:P said...

နှစ်သစ်ဦးမှာ မွန်မြတ်တဲ့ အလှူအတွက် သာဓု ၃ ကြိမ်ခေါ်ပါတယ်။

Anonymous said...

လေးစားပါတယ် လုပ်ချင်ပေမယ့် လုပ်ဖို့ အခွင့်ရေးမရသေးတဲ့ အရာတစ်ခုပဲ ။ သွေးပေါင်ချိန်ကမပြည့်နေတာနဲ့ ။ အင်းး သွေးတွေဖောက်ထုတ်လိုက်တယ်ဆိုတော့ စိတ်ညစ်စရာတွေလည်းနည်းနည်းတော့ ပျောက်သွားမယ်ထင်တယ် အဆင်ပြေပါစေ ။

khin oo may said...

အားနည်းတတ်တယ်။သတိထားပါ။ တကယ်ပြောတာပါ။ အားဆေးသောက်။အနားယူ။ အားရှိအောင်စား။ အိပ်ရေးဝအောင်အိပ်။။ ခဏခဏတော့ မလူစေချင်ဘူး။ အားပြတ်မှာစိုးလို့။

khin oo may said...

ဒုတိယအရွယ်၏ ပထမဝေဒနာ များလားလို့လာဖတ်ပါတယ်။

khin oo may said...

လက်မှတ်ဝယ်ပြီးပြီပေါ့။ ပျော်စရာဘဲ။ ပျော်ရွင်ပါစေ..အဆင်ပြေတဲ့အခါသတိရပါ။

khin oo may said...

မောင်မျိုးက body weight ပါမပြည့်တာ ကို ဒိုင်လျှိုထားတယ်။ အချင်းချင်းမသိတာ ကျနေတာဘဲ။

RePublic said...

ကျနော်လည်း စလုံးမှာ သွေး ၂ခါ လှူဖူးပါတယ်၊၊
ဆိုင်မဆိုင်တော့ မသိပါ ၊၊ပြောချင်တာ ကိုပဲပြောသွားတာ ၊၊ အဲဒါကို ဇွတ် လို့ခေါ်မယ်ထင်တယ် ၊၊
ဟုတ်တယ်ဟုတ် ... ဆိုလို့ .. ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊၊

Anonymous said...

မခင်ဦးမေ - body weight မပြည့်တာဟုတ်ဘူးဗျ ခုခေတ်စားနေတဲ့ A နဲ့စ S နဲ့ဆုံးဆိုလားပဲ သေချာတော့မသိသေးဘူးး စစ်ဆေးနေတုန်း အနည်းဆုံး ၅ နှစ်လောက်တော့ ခံမယ်ထင်တယ် :P

မီယာ said...

သာဓု သာဓု သာဓု။ သွေးလှုနိုင်တဲ့ အလှုမျိုးကို ပိုက်ဆံရှိတိုင်း လှုချင်တိုင်း လှုမရနိုင်တာမို့ အားကျမိပါတယ်။

ကိုရုပ်ဆိုး said...

သာဓု ... သာဓု ... သာဓု ပါဗျာ ...။
မွန်မြတ်သော အလှူပေါ့ကွာ။ ကိုယ့်ရဲ့အသွေး၊ အသားတွေကို လှူဒါန်းတယ်ဆိုတာ တကယ် မွန်မြတ်တယ်။ လှူနေတုန်းအချိန်မှာ ငါ့ရဲ့ သွေးတွေဟာ တခြားလိုအပ်နေတဲ့ လူတစ်ယောက်ဆီမှာ အသက်ဆက်ဖို့အတွက် စီးဆင်းနေတော့မှာပါလားဆိုတဲ့ ပီတိကို မွေးမြူပြီး ကြည်နူးနေခဲ့မယ်ဆိုရင် .... ဘယ်ဟာနဲ့မှ နှိုင်းလို့မရတဲ့ ပီတိဇောအဟုန်ကို ခံစားရမှာပါ။
သင့် သွေးဖြင့် အသက်ကယ်ပါတဲ့။

JulyDream said...

မြန်မာပြည်မှာတော့ ၁ နှစ်ကို သုံးခေါက်တောင် လှူလို့ရပါတယ်။ ဒီမှာတော့ ၁ နှစ်ကို ၄ ခါ လှူခွင့်ပြုပါတယ်။ ၁ နှစ် တစ်ခေါက်ကတော့ နည်းလွန်းလှပါတယ်။

အနည်းဆုံး ၂ ခေါက်တော့ ဖြစ်သင့်ပါတယ်။ ကိုယ်ရဲ့ နေ့တစ်ဝက်စာတောင် မရှိတဲ့ အချိန်လေးက တခြားသူအတွက် တစ်ဘ၀စာ ဖြစ်နေတတ်ပါတယ်။

ယောကျာ်းသားဖြစ်တဲ့အတွက် လစဉ်လစဉ် ရာသီဓမ္မတာ လာစရာလည်း မရှိပါဘူး။ ဒါကြောင့် ဟေမိုဂလိုဗင်လို့ ခေါ်တဲ့ သံဓါတ်အားနည်းတာမျိုး ဖြစ်စရာ မရှိပါဘူး။ ဒါဟာ သွေးလှူဒါန်းမှုမှာ ယောကျာ်းဖြစ်ခြင်းရဲ့ အားသာချက်တစ်ခုပါ။ အာဟာရတော့ ပြည့်ဝအောင် စားသောက်ပေါ့။

ဒါကြောင့် ကိုကို ယောကျာ်း မဟုတ်ဘူးလို့ တစ်ယောက်သောသူရဲ့ အထင်လွဲခြင်း ခံရမှာကို လုံးဝဥသုံ မလိုလားပါကြောင်း... စေတနာနဲ့ တိုက်တွန်းလိုက်ပါရစေ...

ငှဲငှဲ...

tututha said...

ပင်ပုကျစ်ကွပြောတာ ဟုတ်မယ်ထင်တယ် :)

ဇင်ယော် said...

သာဓုပါဗျ နှစ်ဦးမှာ မွန်မြတ်တဲ့ အလှူကို သာဓုခေါ်လိုက်ပါတယ်။ နောက်ဆုံးမှာ ကိုဂျူလိုင်ကြီး ရေးတာဖတ်ပြီး တခွိခွိနဲ့  ရယ်သွားပါတယ်။ :) :) :)

Unknown said...

ရွာသားလေးက သူများကိုကူညီတတ်သလို
မွန်မြတ်တဲ့ အလှူလည်းလုပ်တာကိုး
ကောင်းပါပေ့ရှင် တကယ့်ကို ချီးကျူးမိပါတယ်
အားကျပေမယ့် ကိုယ်ကမတတ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိသွားတယ် (စကားမစပ် A သွေးပိုင်ရှင်များလားမသိ) လှူပြီးရင်တော့ အားရှိတာများများစားပေးပါရှင်