07 December 2008

ကဗျာတစ်ပုဒ်တဲ့လား



ကဗျာဆိုတဲ့စကားလုံးကို ကဗျာလွတ်ကတယ်ဆိုတာကနေ စပြီးကြားဖူးတာ။ မေက ကဗျာလွတ်အကတွေ သူ့ကျောင်းသူတွေကိုသင်တယ်။ ငယ်တုန်းကတည်းက ကြားဖူးတာလေ။ ကဗျာဆိုတာ ဘာပါလိမ့်။ အနက်ကိုဘယ်လိုဖွင့်ဆိုရမလဲ။ ကဗျာတဲ့…….တကယ်ဆိုတော့ လူ့ဘ၀ကြီးက ကဗျာတစ်ပုဒ်ပဲထင်မိတယ်။ ကိုယ်တိုင်ပါဝင်နေရတဲ့ ကဗျာတစ်ပုဒ်ဆိုတော့ နှလုံးသားနဲ့ ပိုနီးစပ်သလိုပဲ။ အပိုဒ်စုံ ရတုစုံ ကာရန်စုံတယ်လေနော်။ တစ်ခါတစ်ခါတော့လည်း မော်ဒန်ဆန်နေသလားပဲ…..

ညအခါလသာသာ ကစားမလား နားမလား၊ စာတွေဆိုပေမယ့် က…ကလေးငယ်ချစ်စဖွယ်ဆိုပြီး ဆိုလို့ကောင်းတဲ့ စာလေးတွေ ကဗျာလေးတွေလိုပါပဲ။ အ.. အမေတို့တိုင်းပြည် ငါတို့ချစ်တဲ့မြေဆိုရင် ကြက်သီးထအောင် အားရပါးရဆိုလိုက်မိတတ်တယ်။ အခုတော့ ကစာမလားနားမလား အစား တစ်ခြားကဗျာ တွေဖြစ်နေပြီပေါ့။

ဖိုးသာထူး ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး ဖိုးသာထူးဝမ်းပူပူဆို အတန်းထဲက ဗိုက်ပူသူငယ်ချင်းလေးတွေကို စပြီးဆိုပြနေကြ။ ပြီးတော့မှ ဖိုးတောင်သူ့တဲ ဘာမှန်းမသိသေးဘဲ ချိုးနှစ်ကောင်ကူတာနဲ့လွမ်းစရာဖြစ်နေရော။ ပင်ဝါးရုံဆိုတဲ့ ကဗျာလေးကိုလည်း ချစ်တာပဲ။ တစ်တောင်ပေါ်တစ်တောင်ဆင့် တောင်အမြင့် ပတ်ကာရံ အင်း လူ့ဘ၀ကလည်း အဲလိုဆိုတာ သိချိန်ရောက်မှ ဒီကဗျာကို ကောင်းကောင်းခံစားတတ်တာလေ။

နောက်တော့ မ၀ယ်ဖူးမယ်ခူးတဲ့ဖက်စို မီးမကူ နေပူမှာမကင်အားလို့ ထားရတယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို ဆိုတဲ့ ခံစားမှု ကဗျာလေးတွေ။ အစ်ကိုက ကဗျာစာအုပ်တွေ ၀ယ်နေပြီဆိုတော့ ဟိုစမ်းဒီစမ်း မြေစမ်းခရမ်းပျိုးပြီ။ အိမ်က တစ်ယောက်တည်း ဖိခိုင်းတယ်ဆိုပြီး ကဗျာတစ်ပုဒ်နဲ့ ပြန်ပြောမိသေးတယ်။ ငကျားမပါ ငထွားသာလျင် ခံရ၏ဆိုပြီးစပ်မိတဲ့ ကဗျာ အခုတော့ ပျောက်နေပြီ။

ချုပ်ညရီတွင်ရုပ်ချည်းမြင်သည် ရှင်သာရခိုင်တန်ဆောင်လောတဲ့ နူးညံ့တဲ့အဖွဲ့တွေ။ စကားပွင့်နှင့် နှိုင်းတင့်နှိုးသည် မောင်ကြီးညီမ ညက်လှပြာစင်တဲ့ ဘယ်လောက် ညက်ညောလိုက်သလဲ။ မြင်းစိုင်းဟူသည် ရွှေပြည်ပြည်ဆိုပြန်တော့လည်း ဒိုင်းတွေကာပြီး ကနေမယ့် မြင်းစိုင်းသားတွေကို မြင်ယောင်မိပြန်ရော။

နောက်တော့ နောက်တော့ကော…….

ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင် အလှကြည့်ခံချင်လို့ ပန်ဆင်ပါလေ ဒီလိုရွယ်စူးပြီး ဖူးပွင့်ခဲ့အစဉ်တဲ့ အိုး ကဗျာတွေကို သီချင်းဆိုလို့ရတာပဲကော။ ဒီကဗျာစာအုပ်တစ်အုပ်လုံးက တကယ်ကို ကြိုက်နှစ်သက်စရာ ကဗျာတွေချည်းလေ။ ငယ်ရွယ်တဲ့နှလုံးသားတွေ အတွက်တကယ့်ကို ချစ်စရာကဗျာလေးတွေပေါ့။

ကျောင်းတက်ပြန်တော့ စာခြောက်ရုပ်ကဗျာများဆိုတဲ့ ကဗျာစာအုပ်လေးနဲ့မိတ်ဆက်။ ပြီးတော့ စာကြည့်တိုက်လေးတည်ထောင်ပေးပြီး နံရံကပ်စာစောင်လေးတွေ တင်ပေးကြတယ်။ ကိုမင်းတစေတို့ ကိုမင်းခက်ရဲတို့ပေါ့။ ကျောင်းကြီးက ကာတွန်းပုံးလေးလို စာတွေဖတ်ချင်လိုက်တာ။ မဖြစ်မှမဖြစ်နိုင်ပဲ။ စာတွေလုံးချာလည်ရင်း ကဗျာတွေ စာတွေကြက်ပျောက်ငှက်ပျောက်။

ကျောင်းပြီးလို့ ဘ၀ဆိုတဲ့လမ်းကိုလျှောက်ရပြန်တော့ ဘ၀ကဗျာတွေကို အနီးကပ်မိပြန်ရော။ တစ်ချို့ကဗျာတွေက သိမ်မွေ့နူးညံ့ကြတယ်။ တစ်ချို့ကဗျာတွေကတော့ ကြမ်းတမ်းအေးစက်တတ်တယ်။ တစ်ချို့ကဗျာတွေက သိပ်ကြောက်မက်ဖို့ကောင်းတယ်။ တစ်ချို့ကဗျာတွေက နက်နဲ့လျှို့ဝှက်တယ်လေ။

တကယ်တမ်းကဗျာဆိုတာကို နှစ်သက်တယ်ဆိုပေမယ့် ကဗျာဆိုတာကို အခုချိန်ထိ လုံးစေ့ပတ်စေ့နားမလည်သေး။ ကိုယ်တိုင်လည်း စာတွေရေးမိတယ် ခံစားချက်ဆိုပြီးစာတိုလေးတွေ ရေရွတ်မိတတ်တယ်။ ကဗျာလို့ခေါင်းစဉ်တစ်ခါမှ မတတ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာဆိုတာကို နားမလည်တဲ့နောက်မှာ ကဗျာရေးလို့ဘယ်ဖြစ်နိုင်မှာလဲနော်။

ကဗျာ…ကဗျာ ဘ၀ဆိုတဲ့ကဗျာကိုကော ဘယ်လိုသုံးသပ်ရမလဲ။ ကြိုက်နှစ်သက်လားလို့မေးရင် ဘာဖြေရမလဲ။ ဒီကဗျာကို စပ်တဲ့သူကကောဘယ်သူလဲ။ တစ်ခါတစ်ခါလည်း ကိုယ်ကိုတိုင်ပဲ။ တစ်ခါတစ်ခါတော့ ကိုယ်မဟုတ်တဲ့ တစ်ခြားအရာတွေ။ ဘေးလူတွေကလည်း ၀င်စပ်သေးတယ်ထင်တယ်။

ကိုလင်းဒီပရေ ခင်ဗျားရဲ့ ကဗျာဆိုတဲ့အရာက ကျနော့ကို ဖြေရခက်စေတယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ကိုယ်တိုင်က ကဗျာတစ်ပုဒ် ဖြစ်နေလို့ပါ…..






13 comments:

ThuHninSee said...

ချုပ်ညရီမှာ ဖြုတ်ချည်းမြင်တာမဟုတ်ဘူးလား။
:P

လင်းဒီပ said...

ကျေးဇူးပါဗျို့..တဂ်ထားတဲ့ လေးယောက်မှာ ဒုတိယမြောက်ရေးပေးတဲ့ အတွက် ဒုတိယဆု ယူရန်ကြွပါ...:P...

ဘဝကြီးတစ်ခုလုံးက ကဗျာစာအုပ်ကြီး တစ်အုပ်လို့ မြင်တယ်..ကဗျာလေးတွေကတော့ အများကြီး အများကြီး ပေါင်းစပ်ထားတာ...
ဆွတ်ပျံ့ကြည်နူးရတာတွေ.. ကြေကွဲဆွေးမြေ့ရတာတွေ..
ရယ်မောပျော်ရွှင်ရတာတွေ..
ကဗျာတွေကတော့ အများကြီးပါပဲ...

ရေးပြီးသမျှတွေကို ကျွန်တော်တို့ သက္ကရာဇ်နံရံမှာ ချိတ်ချိတ် ထားခဲ့ပြီး...ပြန်ပြန်ဖတ်နေကြရတာပေါ့..

ကိုယ့်ကိုကိုယ် ကဗျာတစ်ပုဒ်လို့ဆိုရင်..
ခက်ဆစ်တွေ ပေးမထားတဲ့ ဘဝစာအုပ်ထဲမှာ
ကျွန်တော်တို့ အနက်ဖွင့်ဖို့ ခက်နေဦးမှာပါပဲ..

:P said...

ဒါ ကဗျာ တစ်ပုဒ်ပေါ့ ဘယ်သူငြင်းမလဲ.....
ကိုငှက်ကြီးသီချင်း ၀င်ဆိုသွားတာ...:P:P

WWKM said...

အယ်..ဒါတက်ဂ်ပို့စ်လေးလား. သိဘူးရယ်.
ကဗျာလဲမတွေ့ဘူးလားလို့။း)
စည်းကမ်းချက် မကိုက်ဖူးဗျို့..
အခုမှ အကဲဖြတ်ဒိုင်လူကြီးရောက်တာလေ..ဟဟား

စတာနော်.အဆင်ပြေပါစေ. :D

ဇင်ယော် said...

ကိုရွာသားရေ ကိုယ်တိုင်က ကဗျာတစ်ပုဒ်ဖြစ်နေတယ် ဆိုပါ့လား။ ကာရံညီပြီး သံစဉ်လှတဲ့ ဘ၀ကဗျာ တစ်ပုဒ်ကို ကိုယ်တိုင်ရေး တေးလုပ်လို့  သီဆိုနိုင်ပါစေဗျာ။

khin oo may said...

ကျွန်တော် ကိုယ်တိုင်က ကဗျာတပုဒ် ။ ခွိ…

WWKM said...

ဟတ်ဟတ်..
စသွားတာနော်. တွေ့ပုချိပါ. အစ်မက ခင်ရင်နောက်တတ်တယ်. ဝေါင်ဝေါင်ရွှေးးးး
ဝေးဝေးရှောင်..ဟဟ :D

"ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ကိုယ်တိုင်က ကဗျာတစ်ပုဒ် ဖြစ်နေလို့ပါ….." တဲ့..ဒီစာကြောင်းလေး
ဖတ်ပြီး နားလည်သွားခဲ့ပါတယ်. ( ps. နားလည်ချင်
ယောင်ဆောင်သွားတာ) :D

အဆင်ပြေပါစေ.

Anonymous said...

ဟုတ်ပါတယ် ကိုယ်တိုင်ကပဲ ကဗျာတစ်ပုဒ်ပါတဲ့း)

mirror said...

ဒီပိုစ့်ကိုက ကဗျာရှည်တစ်ပုဒ်လိုပါပဲ...။
ဖန်တီးသမျှ ကဗျာဖြစ်နေတာ...။

ခင်မင်လျက်

ကိုရုပ်ဆိုး said...

ဘ၀ကဗျာမှာ
အလှမရှာနိုင်ပဲ
ချိုမိုင်မိုင်တေးသွားနဲ့
ကဗျာလွတ်ကနေရတဲ့
ကိုရုပ်ဆိုးကြီး လာဖတ်သွားတယ် ဗျို့ ...။

Moe Myint Tane said...

ဝါး သိပ်ကောင်းတဲ့ အတွေးပါလား။ ချီးကျူးတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင်က ကဗျာတစ်ပုဒ်ဖြစ်နေတယ်လေတဲ့။
ကောင်းလိုက်တာဗျာ အဲဒီ့စကားလုံးရဲ့ နောက်ကွယ်မှာ နက်နဲတဲ့ ဘ၀ အဓိပ္ပါယ်ကို ဖော်ကြူးမှုတွေအများကြီးပါနေတယ်။ အတွေးကို ကြိုက်တယ်ဗျာ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ပန်းချစ်သူ said...

ကိုရွာသားရဲ. ကဗျာတပုဒ်ကို ဖတ်ပြီး...သူငယ်တန်းတုန်း ပြိုင်တူရွတ်ခဲ့တဲ့ ဘယ်သွားနေလဲ မောင်ရေခဲ နဲ. မရွှေဖဲ ...ကဗျာလေးကို ပြန်အောင်းမေ့ သတိရမိပါတယ်ရှင်....။

Unknown said...

ကျနော်ကိုယ်တိုင်က ကဗျာတပုဒ်တဲ့လားဗျာ
သဘောကျသွားတယ် ရေးတတ်လိုက်တဲ့ ကဗျာဆရာရေ
ငယ်ဘ၀ကစလို့ ခုထက်ထိ ကဗျာလေးတွေကို ခုလို ရေးဖွဲ့ သွားတာလေးကို နှစ်သက်မိတယ်
(အဲဒီ့ထဲက တတောင်ပေါ် တတောင်ဆင့် တောင်အမြင့် ပတ်ကာရံ တတောင်ဆုံးပြန်တော့ ---- ဆိုတဲ့ ကဗျာလေးကိုတော့ ခုချိန်ထိ တခုခုလုပ်လို့ မပြီးသေးရင် စခဲ့ မိတာမို့  တနေ့ မှာ ဆုံးရာရောက် လိမ့်မယ့် --- ချစ်ဖွယ့်လူသားဆိုပြီး ကိုယ်တိုင် အားတင်းနေရတာပါပဲ) ကဗျာလေးတွေကပေးတဲ့ ခွန်အားတွေပေါ့
ကဲ တို့ ကဗျာလေးလည်း လူတွေကို ခွန်အားပေးနိုင်တဲ့သူ ဖြစ်ပါစေနော့