28 December 2008

အခန်းပြောင်းခြင်း




အခန်းတစ်ခုမှာ သင်ဘယ်လောက်ကြာကြာနေဖူးပါသလဲ။ အခန်းထဲမှာ နေရတဲ့ခံစားမှုကို နှစ်သက်ပါသလား။ အခန်းထဲက တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရှိပါသလား။ အခန်းတစ်ခုမှာအနေကြာလာတဲ့ ကိုယ့်ကိုကိုယ် ထုတ်နေမိတဲ့မေးခွန်းတွေပါ။ ဘာပြုလို့လဲဆိုတော့ ကျနော်အခန်းပြောင်းရပါတော့မယ်။

အခန်းဒီအခန်းကို ကျနော်နှစ်သက်သလား မနှစ်သက်သလားသေချာမသိပါ။ အဆင်ပြေတယ်လို့တော့ ပြောလို့ဖြစ်ပါတယ်။ ဒီအခန်းက နေဖို့ သင့်တော်တယ်လေ။ အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ဒီအခန်းကို ကျနော်ပဲရွေးချယ်လိုက်တာပါ။ နေအုံးဗျ ကျနော်မှားသွားတယ် ကျနော်ရွေးချယ်တာက အခန်းထဲက အပြင်အဆင်ပါ။ တကယ်က အခန်းက ကျနော့ကို ရွေးချယ်လိုက်တာပါ။ ဘာပြုလို့လဲဆိုတော့ ဒီအခန်းကို ဘယ်သူမှရွေးချယ်ခွင့်မရှိလို့ပါ။

ဒီအခန်းထဲမှာ ကျနော့အတွက် သိပ်နှစ်သက်စရာတွေဖြစ်တည်ခဲ့သလို စိတ်ပျက်စရာ အားလျော့စရာ သိမ်ငယ်စရာ ရှက်ရွံ့စရာတွေလည်း တည်ရှိနေခဲ့တယ်။ လေသိပ်တိုက်တဲ့အခန်းလို့ တစ်ခါတစ်ခါ ရေရွတ်မိသလို သိပ်အိုက်တာပဲ တစ်ချက်လေးတောင်တိုက်ဖော်မရဘူးလို့လည်း ညည်းတွားဖူးတယ်။ ခံစားမှုတွေပေးစွမ်းတဲ့ အခန်းတစ်ခုအဖြစ်တော့ အမြဲအမှတ်ရနေတော့မှာ။ ဒီအခန်းမှာ ကျနော့ဘ၀အတွက် ပထမဆုံးဆိုတာတွေ အများကြီး လုပ်ခဲ့မိတယ်ထင်တယ်။ နောက်ဆုံးဆိုတာကို လုပ်ဖြစ်မဖြစ် သိပ်မရေရာသေးဘူး။ ဆုံးဖြတ်ပြီးမလုပ်ဖြစ်မှာစိုးလို့။ ကတိဆိုတဲ့ ကြိုးကို ချည်ပြီးရင်လွယ်လွယ်ဖြည်တတ်တဲ့ အကျင့်ကို မုန်းလို့ပါ။

ဒီအခန်းကနေပြောင်းဖို့ ၃ရက်ပဲလိုတော့တယ်ဆိုမှ အပြေးအလွှား စဉ်းစားမိတယ်။ ဒီအခန်းထဲမှာ လုပ်ဖြစ်ခဲ့သမျှကိုပေါ့။ အကောင်းအဆိုးရောထွေးနေသည်။ မှောင်တစ်လှည့် လင်းတစ်လှည့်နေသည်။ မီးလာသည့်အခါ လင်း၍ မီးမှိတ်သည့်အခါ မှောင်သည် ဖြစ်ဟန်တူသည်။ မီးခလုပ်ကို ဖွင့်ပိတ်သူသည် ကျနော်ကိုယ်တိုင်ပင်ဖြစ်ပါသည်။

အခန်းအသစ်ကို ရွှေ့ရန် တံခါးပေါက်အပြင်ဖက်ကို ကြည့်မိတယ်။ အလင်းရောင်ကိုတော့ ပြတ်ပြတ်သားသားမြင်ရတယ်။ ဒါပေမယ့် အလင်းရောင်ဘယ်အချိန်အထိ ရှိမလဲ ကျနော်မခန့်မှန်းနိုင်ပါ။ အခန်းအသစ်နှင့် အခန်းအဟောင်းသည် ကျနော်နဲ့ပတ်သတ်၍ လွှဲပြောင်းစရာရှိသည်များကို သူတို့ချင်းလက်ဆွဲနှုတ်ဆက်၍ လွှဲပြောင်းကြပါလိမ့်မည်။ အခန်းအဟောင်းမှ အခန်းအသစ်ကို ဆောင်ရန်ရှောင်ရန်များ တိုးတိုးတိတ်တိတ် မှာကြားထားမည်ထင်ပါသည်။

အခန်းအသစ် တွင် မည်သို့မည်ပုံနေရမည်ကို ကျနော်မသိသေးပါ။ အခန်းသစ်ကို ပြောင်းရန်မကြာတော့ပြီဖြစ်သည်မို့ သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းနေရင်း အခန်းအဟောင်းကို အောက်မေ့မိပြန်သည်။ ဒီနေရာမှာ ဒီလိုလုပ်ခဲ့တာဆိုပြီး စဉ်းစားရင် တွေးတောနေမိပြန်သည်။

အခန်းအသစ်သည် ကမ်းလင့်နေသည်.....လှမ်းသင့်မလှမ်းသင့်

11 comments:

ThuHninSee said...

ဒီတိုင်းပဲ ဆင်းလာခဲ့။ ဗဒင်သီချင်း

RePublic said...

ညီရွှာသား အားလုံးအဆင်ပြေတယ်ဟုတ် ၊၊ ပုံ က marriott hotel နဲ့ဆင်တယ် ၊၊ တိုင်လုံး တွေက ၊၊ ဖီးကြည့်တာ ၊၊ ယောင်ယမ်းမှန်းလိုက်တာ ဗျာ ၊၊

Anonymous said...

ကွိကွိ.. ခပ်မိုက်မိုက်နဲ့ မတ်တပ်ရပ်နေပုံ။းD

Rita said...

သိပ်ကောင်းတဲ့ Essay !!!
ဒါနဲ့ ပြောင်းမှာက ပုံထဲက နေရာကိုလားဟင် ???

khin oo may said...

စဉ်းစားနေတယ်။ အိမ်ပြောင်းမှာလား။ အက်ဆေးရေးနေတာလားလို့။ အရေးအသားတွေ ကတော့ ညက်နေတာဘဲ။ အချင်းချင်း မျြောက်နေတယ် လို့ထင်မှာလဲ စိုးသေး။ တကယ် ပြောတာပါ။

Anonymous said...

နေရာလေးက ရှယ်ပဲ တွယ်တာမနေပါနဲ့ နေရာသစ်တွေ့ရင် နေရာဟောင်းကို စွန့်ရမှာ ဓမ္မတာပါ ဒါတွေဟာ မမြဲခြင်းတရားတွေ အသက်ကိုရှူ ရှူ မှန် တူမောင်ရေ့ ဘကြီး ဂလောက်ပဲပြောမယ် =)

ဖိုးဂျယ် said...

အခန်းပြောင်းတာလားဟင်

:P said...

အိမ်ပြောင်းမယ်လို့ ထင်မိပါသည်။

ရွှန်းမီ said...

အခန်းသစ်မှာ ပျော်ရွှင်ပါစေ

ဝေလေး said...

လှမ်းသင့်မလှမ်းသင့်တဲ့.....
သင့်သင့်မသင့်သင့် လှမ်းရမှာပဲမဟုတ်လား။ နောက်တော့လည်း နေသားကျသွားတာပဲလေ....
ဝေလေးတို့လည်း ပြောင်းရဦးမယ်....

Unknown said...

ဖြစ်နိုင်ရင် မရေးချင်ဘူး (အခန်းဟောင်းရော အခန်းသစ်ကပါ ကိုယ့်အတွက် ပြန်လှည့်ကြည့်ချင်စရာ ကောင်းမနေခဲ့ဖူး)
ဒါပေမယ့် ရေးခဲ့မယ်
အခန်းသစ်ကိုပြောင်းမှဖြစ်မယ်ဆိုရင်တော့ အခန်းဟောင်းကို မေ့ကိုမေ့ပြစ်ရမှာပဲ ပြန်လည်လွမ်းမောတသနေတော့ရော စိတ်ပဲပင်ပန်းတော့မပေါ့ ရွာသားရေ ဒါ့ကြောင့် လှမ်းသင့် မလှမ်းသင့်လို့ တွေဝေမနေပဲ ------------