06 December 2008

တိမ်ပျိုးသူတစ်ယောက်ရဲ့ ဆန္ဒ



ကျနော်က တိမ်တွေကို သိပ်ချစ်တာ။ အဲဒီတော့ သူများတွေအလုပ်များသလို ကျနော်လုပ်မိတဲ့အလုပ်ကလည်း တိမ်ပျိုးတဲ့အလုပ်ပေါ့။ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးနော်။ ပြီးတော့ လွယ်လွယ်နဲ့လည်း မရတတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိမ်တွေက တိမ်တွေဖြစ်နေလို့ပေါ့……..

တိမ်တွေဆိုတာ အစုလိုက် တအုပ်တမရခဲဘိခြင်း။ ပြေးလွှားနေတတ်ကြတာလေ။ မထင်ရင်မထင်သလို လေလွင့်တတ်တဲ့အမျိုး။ စုထားဆောင်းထားသမျှ မြောက်လေလာရင် မြော တောင်လေပါရင်လွင့်နဲ့ ဒုက္ခရောက်နေကျ။ ဟိုဘက်ကိုပြေးကောက်ရင်း ဒီဘက်ကလွတ်ကျ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာကိုမှ အပြစ်မဆိုသာ။

တစ်ချို့တိမ်တွေကျတော့ ကျနော့လက်ငါးချောင်းထဲမှာ ကိုမနေချင်ကြဘူးဗျ။ ရသမျှ လက်ချောင်းတွေကြားကနေ ထိုးထွက်သွားတတ်ကြတယ်။ ကိုယ်နဲ့မထိုက်လို့ထင်ပါရဲ့။ သူတို့က ကျနော့ကို ဆော့ကစားဖို့လောက်သာ သတိရကြတတ်တာလေ။ မာနကြီးတဲ့တိမ်တိုက်တွေပေါ့ဗျာ။

အစုမတော်တဲ့အခိုက်များကြတော့ လေမတိုက်ပင်မယ့် တိမ်မည်းတွေ ဖြစ်ဖြစ်သွားကြတယ်။ ပြီးတော့ သူုတို့တွေပျောက်ပြယ်သွားတတ်ကြလေရဲ့။ သူတို့တွေအတွက် ကျနော့ရင်ဘတ်တွေကြေကွဲလို့ မျက်ရည်တွေဖြိုင်ဖြိုင်ကျ အာခေါင်ခြစ်အော်နေကြလေ။ မကြောက်ကြပါနဲ့ ကျနော့ ၀မ်းနည်းမှုတွေအတွက် ခံစားနားလည်ပေးကြပါဗျာ။

တိမ်တိုက်တစ်ချို့ကိုတော့ ကျနော်လွှတ်ချရတတ်ပါတယ်။ မလွှတ်ချရင် ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် ဆုံးရှုံးမှုဆိုတာကိုမေ့ထားပြီး ပျိုးထောင်ခြင်းကို ဦးစားပေးမိတယ်။ စိုက်ခင်းထဲမှာ မြက်ပင်တွေ ပေါင်းသင်သလိုပေါ့ဗျာ။

လက်ဗလာဖြစ်ဖြစ်သွားတဲ့ အချိန်တွေတိုင်း မျောလွင့်သွားတဲ့ တိမ်တွေကို နှမြောမနေအားပါဘူး။ ရသခိုက်လေး ပြန်စုဖို့ကြိုးစားရတတ်တာ။ ဘာဖြစ်လို့လည်းဆိုတော့ တိမ်ပျိုးသူတစ်ယောက်အနေနဲ့ တိမ်တွေကို အရမ်းချစ်တတ်လို့ပါ။

ဒီတစ်ခါ ကျနော်ပျိုးမိတဲ့ တိမ်တစ်အုပ်က ချစ်စရာကြည်ပြာရောင်လေးပါ။ သူတို့ကို မနက်နေမထွက်ခင်တိုင်းမှာ ခဏဖြန့်ခင်းထားတတ်တယ်။ ကြည့်ရင်းကြည်နူးနေမိတတ်တယ်။ နေမလာခင် ကမန်းကတန်းပြန်သိမ်း ဂရုစိုက်ခြင်းတွေ ယုယခြင်းတွေ အပြည့်နဲ့ပေါ့။ အခုလို သိပ်လှတဲ့ တိမ်တိုက်တွေကို အမြဲမြင်နေရရင် ကျနော်ကြည်နူးမိပါတယ်။ တိမ်ပျိုးသူတစ်ယောက် အဖြစ်ကို ကျေနပ်နှစ်သက်နေမိတော့တာ။ တိမ်တွေကသာ ပျိုးသူတစ်ယောက်ရဲ့ ရင်ထဲကို ၀င်ခဲ့မယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့ဗျာ………


ဒါပေမယ့် တိမ်တွေက တိမ်တွေပဲလေ




11 comments:

Saing Khan Tun said...

ဟေးဟေး အဆုံးသတ်မှ ဖောက်သွားတယ် .... ပျိုးတာကတိမ် .... လိုချင်တာက ကောင်မလေး ..... သိနေတယ်နော်........

khin oo may said...

ခေါင်းစဉ်ကို (မျော်လင့်ခြင်း ) လို့ ပြောင်းလိုက်ပါ. :P

khin oo may said...

(နောက်တာနော်. တကယ်ထင်မနေနဲ့ဦး. )

khin oo may said...

ဘယ်သူလဲကွ. တို့ အရှေ့ကနေ.ပြီး.မဖတ်ဘဲ ဆိုင်းထိုးသွားတာ။

khin oo may said...

ဝင်မလာရင် ကားတင်ပြေးဗျာ.။

Anonymous said...

ဒီလိုလေးလား ကောင်းပါ့ တိမ်ပျိုးသူလေးရေ့ တိမ်ပြာတွေ ဖမ်းဆုပ်နိုင်ပါစေ။

ဂရေစ့် said...

တိမ်ပျိုးပြန်သတဲ့လား။ ထူးထူးဆန်းဆန်းပဲ။ သိကြားမင်း လားမသိဘူးနော်။

ရွှေပြည်သူ (ShwePyiThu) said...

တိမ်တွေကြားထဲ ခဏလေးရောက်သွားတယ် ကိုရွာသားလေးရေ... ငါ့အစ်ကို ကိုယ်ပျိုးတဲ့တိမ်တွေကို တကယ် ဖမ်းဆုပ်ပိုင်ဆိုင်နိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်း)

လင်းဒီပ said...

ဟေးဟေး အဆုံးသတ်မှ ဖောက်သွားတယ် .... ပျိုးတာကတိမ် .... လိုချင်တာက ကောင်မလေး ..... သိနေတယ်နော်........

သူပြောတာ ဖြစ်နိုင်တယ်...

တိမ်ပြိုမိုးနဲ့တွေ့ပြီး တကယ်လုံး ရွှဲစိုလာရင်တော့ မငိုနဲ့နော်..ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ..

RePublic said...

မမဂွိ က တိမ်တွေ အကြောင်းမှ မသိပဲလေ ၊၊ ညီရွာသားလေး ခံစားချက်တွေကို သူတို့ မှနားမလည်နိုင်တာ ၊၊ ကိုကြီးဝီ နားလည်တယ်ဗျာ ..တိမ်တွေအကြောင်း ကို ၊၊

Unknown said...

အော် တိမ်ပျိုးသူတယောက်ရဲ့  ဆန္ဒ တဲ့လားဗျာ
လှပသိမ်မွေ့ တဲ့ အရေးအသားလေးပဲ
အတွေးလေးတွေ သိပ်နူးညံ့တာပဲကိုး
တိမ်လေးတွေ ပျိုးသူ့ ရင်ထဲကို ၀င်လာပါစေလို့ 
ဆုတောင်းပေးပါတယ်ဗျာ