13 October 2008

နမ္ပဒါချောင်းနဲ့အတူ


ရစ်၍ခွေ၍စီးလေသည်။ အေးမြသည်။ ကြည်လင်သည်။ ဒီချောင်းရေသည် ဘေးကင်းသည်တဲ့။ တောင်ကျချောင်းမို့ ဒေါသမာန်ဟုန်ကြီးတတ်သည်လည်း ရှိသည်။ သို့သော် ဒေသခံတို့အာလုံးချစ်ကြသည် နမ္ပဒါချောင်းရေကြည်။

တပေါင်းလပြည့်နေ့တွင် ဘုရားပွဲစတင်ပါပြီ။ နှစ်ဆန်းတစ်ရက်နေ့အထိရှည်ကြာသော ပွဲတော်စပြီ။ သဘာဝဘေးအန္တရာယ် အမျိုးမျိုးသော ရန်စွယ်များမှ ကာကွယ်ထားသော သံကွန်ခြာတို့ပွင့်လေပြီ။ အထဲတွင်မတော့ ဘုရားခြေတော်ရာ အဆူရှိသည်။ ခြေတော်ရာခွက််တွင်ကျန်ခဲ့လေသော ရွှံ့ရေ များကို အားပါးတရ ယူငင်ပူဇော်ကြသည်။ အောက်စက်တော်ရာ ဖွင့်ပြီးလျှင် အထက်စက်တော်ရာ ဖြစ်မည်။ အောက်စက်တော်ရာ အောက်ခြေတွင်လည်း ချောင်းရေက ကွေ့ဝိုက်၍ ပူဇော်သည်။

အောက်စက်တော်ရာမှသည် ထိုးထားသော ဝါးတံတားကိုကူးရမည်။ ထိုမှတစ်ဖန်မတ်လေသော စောင်းတန်းကို အားခဲ၍တက်ဖို့ပြင်။ သံတန်းတွေ ထိုးထားတာမို့ အားယူရန် အရှိန်ရပါသည်။ စောင်းတန်းတစ်လျှောက် လက်ဆောင်ဝယ်လိုက ဝယ်နိုင်သည်။ စိတ်ပုတီးမှသည် ခေတ်ပေါ် လက်ကောက်မျိုးစုံရှိသည်။ အမှတ်တရဖြစ်ချင်စရာသည် ဗောစကိုင်းစိများကို အလှထိုးထားသော ပိုက်ဆံအိပ်ငယ်များဖြစ်သည်။ စောင်းတန်းတဝက်ဆုံးပြန်တော့ ကျယ်လွင့်တဲ့ ဇရပ်နဲ့ ဘုရားတစ်ဆူကိုဖူးရမည်။ တကယ်တမ်းတော့ ကားနဲ့ဒီခရီးကို တက်၍ရသည်။ နောက်ထပ်အမော့မှာ အအေးဆိုင်လည်းရှိသည်။ အညာကလာဖွင့်သော ကရမက်ဆိုင်တွေရှိသည်။ မွှေးသည် အီသည်။ ဝယ်မှဖြစ်မည်ဆိုသောသူများ ဝယ်ကြသည်။

အားမာန်ဖြင့်ပြန်တက်သည်။ တစ်ထစ် နှစ်ထစ်ပြီးတော့ တစ်ချိုးနှစ်ချိုးရောက်ပါပြီ အထက်စက်တော်ရာဆီ။ ခြေတော်ရာပုံစံတူကို ဖူးအပြီး ခြေတော်ရာကို ငုံ၍တည်ထားသော ကိုးတောင်ပြည့်စေတီကို ဦးချသည်။ လေကလည်းတဖွဲဖွဲ နဲ့ ပင့်၍ပင့်၍တိုက်ပါသည်။ ရွှေစက္ကူတွေ လွှင့်နေသည်လေ။ အောက်ကိုငုံ့ကြည့်မိသည်။ လှပသော ချောင်းအဝှေ့အဝိုက်အတိုင်း တဲကျောင်းတွေက အစီအရီ ဆိုင်ခန်းတွေက တသီတတန်း။ ဟိုရွှေ့ဒီရွှေ့ ဆော့လေတဲ့ မျောက်တွေလည်း တွေ့ရတတ်သည်။ ပုပ္ပားနဲ့ဖိုးဝင်းတောင်က မျောက်တွေလိုမဆိုး။

အားပြည့်လာတော့ အရှေ့ဘက်ကိုလျှောက်မိပြန်ရော။ ညောင်ထောက်သူတွေ ဝါးလုံးကိုစီကိုင်ထားပြန်ပြီ။ ဆိုင်ရှင်က ခဏနေတော့ ဝါးလုံးတွေသိမ်းသွားရော။ အင်းတစ်ပတ်လည်နေတာပေါ့။ ဇီးကွက်ရုပ်ကလေး ခြေထောက်ကြားမှာလည်း ဘုရားတစ်ဆူရှိပြန်သည်။

လှေကားမြင်ပြန်တော့ တမော့ ထပ်တက်မိပြန်ရော။ ကျပ်တန်အုပ်လဲထားသမျှ ဒီလှေကားမဆုံးမချင်းထည့်မည်။ လှေကားဘေးတစ်ဖက်ကတော့ ဗေဒင်ခန်းတွေကြီး။ မေးချင်သူများ မေးချင်ရာမေးနိုင်သည်။ ပိုက်ဆံမတတ်နိုင်ပါက ကြွေဗေဒင်ပစ်နိုင်ပြန်သေးသည်။ သောက်ရေအိုးတွေကတော့ အတော်အေးပါသည်။ မုဆိုးဒူးထောက်ကြီးသည် လူအမျိုးမျိုးလဲသော်လည်း သူ့မော်ဒယ်အခန်းက မပြီးသေး။ အောက်ထပ်ကားရပ်နားစခန်းမှာလည်း ကျနော့ညီရှိပါသေးတယ်ဆိုလည်း မရ။

ဟိုးဘက်ကတောင်တွေကိုလည်း ငေးကြည့်နိုင်သေးသည်။ သို့သော်ခရီးတာရှည်နေပြီ။ ဒူးကိုမညှာပါက ညကျ ဒုက္ခလှလှတွေ့မည်။ တဖြည်းဖြည်းခြင်းပြန်ဆင်းရင်း စျေးတန်းဖက် ဦးလှည့်ရပြန်သေးသည်။

မျှစ်ခြောက်တွေစျေးပေါသည်။ မြေဇာဥတစ်ပြည်လောက်တော့ ဝယ်ရမည်။ မုံရွာစောင်တွေနဲ့ စတီးပစ္စည်းဆိုင်တွေ ရှိသေး။ ပခုက္ကူသနပ်ခါးသည်တွေလည်း တွေ့ရတတ်ပြန်သည်။ မကွေးက ကြေးထည်တွေလည်း လာရောင်းသည်။ ချင်းပစ္စည်းတွေလည်း ရနိုင်သလောက် သယ်ရမည်။ မေ့တော့မလို့ တစ်ခါ တစ်ခါ ရွှေသမင်တွေလည်း အလှပြထားတတ်သည်ကော။ သွားကြည့်ရဦးမည်။ ရန်ကုန်က လာဖွင့်သော ဆိုင်မှ ကြေးအိုးဆိုသော ထူးဆန်းသော အရာကိုလည်း မြည်းစမ်းရဦးမည်။

ချွေးစို့လာတော့ ချောင်းရေကို ပြန်စိမ်မိပြန်ရော။ အေးမြတဲ့ ရေအလျဉ်မှာ ငါးလေးတွေကို လိုက်ဖမ်းမိတတ်ပြန်သေးသည်။ ကျောက်စရစ်တွေမြင်ရတဲ့ အထိ ကြည်လင်နေတဲ့ရေဖြစ်သည်။ ဒီချောင်းရေသည် အထက်စက်တော်ရာအထိ တက်ခဲ့သည်ဆိုတာ ယုံနိုင်ဖွယ်ပင်မရှိ။ သို့သော် တကယ်ဖြစ်ခဲ့သည်က အမှန်။

၀ုန်းဝုန်းဆိုတဲ့ အသံတွေကြားသည်။ နောက်ထပ်ဧည့်သည်တွေ လာပြန်ပြီပေါ့။ မျောက်ကလေးတွေလိုဖြစ်နေတဲ့ သူတို့မျက်နှာသူတို့ကြည့်ရင်း ပြက်ရယ်ပြုနေကြသည်ပဲ။ ဖုန်တွေကလည်း ပေါ , ပေါနိုင်လွန်း။ ဒါပေမယ့် ချောင်းထဲဆင်းလိုက်တာနဲ့ အဲဒီပင်ပန်းမှုတွေ မေ့သွားရောလေ။

ညဖက်ဆိုရင်တော့ တိတ်ဆိတ်တဲ့ လှပတဲ့ညဖြစ်မည်။ လေတအေးအေးနဲ့ ဝါးကပ်တဲတွေမှာတည်းရသည်လေ။ မနက်ဆွမ်းတော်ကပ်ဖို့ ဆွမ်းချက် အပ်ရမည်။ တဲကျောင်တွေနားမှာ တန်းစီဆွမ်းခံကြွမယ့် ကိုယ်တော်တွေကို မနက်ဆွမ်းလောင်းလှူမည်။ အောက်စက်တော်ရာမှာ ဆွမ်းတော်ကပ်မည်။

တစ်ရေးဆိုပြီးအိပ်လိုက်သည်။ စိတ်ကတော့ စီးနေတဲ့ နမ္ပဒါချောင်းနဲ့အတူ……………….

5 comments:

ကိုရုပ်ဆိုး said...

ရွာသားရေ ... နမ္ပဒါချောင်းနဲ့အတူ ပို့စ်တွေ တသွင်သွင် စီးဆင်းနေပါလားဟရို့။ ကွန်မန့်ပေးပြီးလို့ ပြန်ထွက်ရုံရှိသေးတယ် နောက်ပို့စ်တစ်ခု .... ရေးနိုင်တယ်၊ ရေးပါ .. ရေးသမျှ ဖတ်မယ်။

လင်းဒီပ said...

ရွှေစက်တော်ကိုလာသွားပါတယ်...

khin oo may said...

အတော်မှတ်ဥာဏ်ကောင်းတယ်နော်။။ အစွဲ အလန်း ကြီးမဲ့ သဘော ရှိတယ်။ ပညာရှိများတွေးရင် ဘယ်တော.မှ မလွဲပါ။

Phyo Evergreen said...

ကိုရွာသားရေး အရေးအသား အဖွဲ့အနွဲ့ကောင်းလို့ နမ္ပဒါချောင်းနဲ့အတူ စာဖတ်ရင်းစီးမျောလိုက်ပါသွားတယ်.။
ဆက်ရေးပါ ..ခရီးသွားပို့စ်လေးတွေ အားပေးနေပါတယ်။

Unknown said...

ရွှေစက်တော်သွား တောလားပိုစ့်လေးပေါ့
ဗဟုသုတရသွားတယ် မန်းချောင်းလို့ ပဲတို့ သိတာ
ရေးထားတာလေးက သိပ်ကောင်းတာပဲ
ဖတ်ရင်းဖတ်ရင်းနဲ့  သိပ်ချီးကျူးမိတာပဲ
(မိသားစုနဲ့ သွားခဲ့တာလေးကို သတိယမိတယ်)