21 October 2008

အိုဘယ့် တီးလှည့် စောင်းသခင်


စောင်းကြိုးကိုညှိပြီး မတီးခဲ့ရင်တော့ သာယာချိုမြိန်တဲ့ စောင်းသံကိုကြားရလိမ့်မည်မဟုတ်။ မထိတထိ ထိရန်ကြိုးစားခဲ့ပါတယ်ဆိုပေမယ့် စောင်းသံမှ ပီပီပြင်ပြင်မကြားရတာနော်။ တစ်ပုဒ်လောက်တော့ ပြီးဆုံးအောင်တီးကြည့်ပါလား………..

စောင်းဆိုတာ ရင်ခွင်မှာတစ်ချက်ပိုက်တာနဲ့စောင်းတီးတာမှမဟုတ်တာ။ ထိစပ်မှုတွေရှိနေတတ်ပေမယ့် စောင်းတီးနေတာလို့ မဆိုနိုင်ပြန်ဘူး။ လေတိုက်ရုံလောက်နဲ့ စောင်းသံကိုကြားရလိမ့်မယ် ထင်နေတယ်ဟုတ်လား။

စောင်းကြိုးဘယ်နှစ်ကြိုးရှိသလဲ။ ဘယ်ကြိုးက အသံအချိုဆုံးလဲ။ စောင်းကြိုးတွေကိုညှိခဲ့တယ်ဆိုရင်လည်း ကြိုးတွေကုန်စင်အောင် ညှိသင့်ပါတယ်။ နောက်ဆုံးတစ်ကြိုးကျမှ အားမထည့်ပဲထားခဲ့ရက်တယ်။ အင်း အဆုံးထိ မညှိခဲ့ဘူးဆိုရင်လည်း အစတည်းက ဒီစောင်းကိုမထိပါနဲ့လား။

ပြန်ချလိုက် ကောက်ကိုင်လိုက်နဲ့ ဘာတွေ ချီတုံချတုံဖြစ်နေတာပါလိမ့်။ စောင်းသံကိုကြားချင်တာ မဟုတ်လားဟင်။ ဒီ့အတွက် ဘာတွေများပူပန်ကြောင့်ကျနေပါလိမ့်။ ရဲရဲရင့်ရင့် တင်ပုလ္လင်ထိုင်ပြီး ရင်ခွင်က ဒီစောင်းကို အချိုဆုံးဆိုတဲ့ တေးတွေနဲ့ ထွေးသိပ်သင့်ပါတယ်လေ။ တစ်လောကလုံးလည်း ကြားရတာပေါ့။

စောင်းက အိုနေလို့။ စောင်းက…… စောင်းက…..အို ဆင်ခြေတွေပေးမနေပါနဲ့လေ။ မတီးချင် တီးချင်ဖြစ်နေတာတဲ့လား။ အင်း တကယ်တမ်းက အာရုံက စောင်းဆီမှာမှ မဟုတ်ခဲ့တာ။ အထီးကျန်ဖြစ်နေတဲ့ အခိုက်အတန့်အတွက် အဖျော်ဖြေခံ ပစ္စည်းတစ်ခုအဖြစ်သဘောထားခဲ့တာမဟုတ်လား။

စောင်းဆိုတာ စားပွဲပေါ်မှာချထားလဲ စောင်းပါပဲ။ ကြမ်းပြင်ပေါ်ချထားလဲစောင်းပါပဲ။ ဘယ်လိုပဲပြောင်းပြောင်း စောင်းရဲ့အနှစ်သာရက စောင်းသံချိုတွေပေးဖို့ပါ။ တီးမယ့်သူက ခံစားချက်အပြည့်နဲ့ စောင်းကြိုးတွေကို တို့ထိခဲ့ရင် ရင်ဘတ်ထဲက အသံတွေကို မိုးတွေရွာသလို ပြန်လည်ရွာချပေးမယ့် စောင်းပါ။

တီးသူမရှိလို့ မမြည်တဲ့အခါ စားပွဲပေါ်မှာတင်ထားတဲ့ တစ်ခြားအရုပ်တွေလို အလှပြရုံသက်သက် တန်ဖိုးဖျက်တော့ မခံချင်ဘူး။ တန်ရာတန်ဖိုးပေးစွမ်းမယ့် စောင်းသခင် ဆီမှာ အိုဘယ့် တီးလှည့်စောင်းသခင်လို့ ပြောဖို့ကိုလည်း ၀န်မလေးတော့ပါဘူး။ ကဲ…တီးမယ်မဟုတ်လားဟင်……………


ဒီအတွေးကို ပြီးခဲ့တဲ့ သောကြာနေ့ ညစာစားပွဲက ရပါတယ်။ စောင်းကို ညှိသွားပြီး မတီးသွားခဲ့ဘူးဆိုတဲ့ စကားလေးကို ပြောပေးသွားတဲ့ အစ်မကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

13 comments:

လင်းဒီပ said...

ကျွန်တော်လည်း တီးချင်တာ ကြာပြီဗျ...
ဒါပေမယ့် တီးရဲဘူး...
စောင်းကြီး ပိုက်ပြီး တီးနေရင် ဦးရှင်ကြီးနဲ့တူနေမှာစိုးလို့..
ဟီး..စတာနော်...
ကောင်းတယ်ဗျ..တီးရင် ပိုကောင်းမယ်...နားထောင်ရတာပေါ့လေ.....

မေငြိမ်း said...

အင်းး အတွေးလေး ဆန်းတယ်..။
ဒါပေမဲ့ တခါတလေတော့လည်း ပတ်ဝန်းကျင် အနေအထားကြောင့် မတီးဖြစ်လိုက်တာလည်း ရှိမယ်ထင်တယ်နော်။

RePublic said...

"ကဲ…တီးမယ်မဟုတ်လားဟင်…… " ဆိုတော့ ကိုရွှာသားလေး က တစ်ယောက်ယောက် ကိုရည်စူးပြီး မေးနေပုံရတယ် ၊၊ ဘယ်သူလဲဗျ ၊၊

ကိုကြီးဝီ

ဇနိ said...

သာယာတဲ့အသံတွေ စီရရီထွက်လာအောင် တီးနိုင်ပါစေ..

ဇင်ယော် said...

လုပ်လိုက်ပြန်ပြီ။ အတွေးအရေး ကောင်းကောင်းလေး တစ်ပုဒ်။ ဒါနဲ့ စကားမစပ် ဘယ်သူ့ ကိုမေးနေတာလဲဗျ။ ဟဲဟဲ စောင်းကြိုးညှိလို့  မြန်မြန်လာတီးပါတော့ဗျို.။ ကိုယ်စားဝင်အော်ပေးသွားတယ်နော်။ :P

မယ် said...

ကိုရွာသားရေ...
စောင်းတီးမဲ့သူက အချိန်အခါနဲ့ အခြေအနေကို စောင့်နေတယ်ထင်ပါရက်....
သာယာတဲ့စောင်းသံလေးမြန်မြန်ထွက်လာပါစေလို့ ...
(မယ်(Ejournal))

capricorn said...

အစ်ကို...ညီမဆီမှာ
စောင်းတီးတဲ့ ကဗျာတစ်ပုဒ်ရှိတယ်
အစ်ကို့ကိုပေးရမလိုတောင်ဖြစ်နေပြီ :)
အကူအညီလိုရင်...
ပြောပါ :P

Taungoo said...

စောင်းအိုရှင် မြင်းညိုကြီးကော စီးအုံးမှာလား

ပန်းခရမ်းပြာ said...

စောင်းကောက်လေးက သူ့ကိုလှည့်စားသွားတာကို မကျေနပ်လို့ ရန်တွေ့နေတဲ့ အတိုင်းပဲ။

တန်ခူး said...

စောင်းနဲ့ တူတဲ့ ပို့ စ်လေးတွေကို အသေအချာဖတ်လို့ ကြိုးညှိတီးခတ်လိုက်တော့ ကော်မန့် ဆိုတဲ့ ညိမ့်ညောင်းတဲ့ ဂီတသံလေးထွက်ရော… ရွာသားလေးရေ… တို့ ဂီတသံလေးနားထောင်ကြည့်လိုက်နော်…

ဂရေစ့် said...

စောင်းကြိုးကိုညှိပြီးမတီးဘဲထားခဲ့တာမတီးတတ်လို့ နေမှာပေါ့။
အားမငယ်ပါနဲ့ စောင်းကောက်ငယ်လေးရယ်။
အဲဒီလူဟာစောင်းကောက်ငယ်ရဲ့ သာယာညိမ့်ညောင်းတဲ့သံစင်နဲ့ ဖျော်ဖြေခံဖို့ မထိုက်တန်လို့ ပါ။
စောင်းသံကိုမြတ်နိုးပြီး စောင်းတီးဖို့ နှစ်သက်တဲ့သူမှသာ စောင်းရဲ့ တန်ဖိုးကိုနားလည်မှာပါ၊
ိုတန်ဖိုးနားလည်တဲ့သူမှသာတန်ဖိုးထားတတ်မှာလေ။ တန်ဖိုးမထားတတ်တဲ့သူအတွက်တော့ဝမ်းမနည်းပါနဲ့ ၊ တန်ဖိုးထားတတ်သူအတွက်ပဲ တန်ဖိုးရှိအောင်ဝန်ဆောင်ပါလေ။ ဒီလောကကြီးမှာ စောင်းတန်ဖိုးကိုနားလည်တဲ့ စောင်းမြတ်နိုးသူဆိုတာလဲရှိမှာပါလေ။

Unknown said...

ကောင်းပ အထီးကျန်ဖြစ်နေတဲ့ အခိုက်အတန့်မှာ အဖျော်ဖြေခံ အဖြစ် သဘောထားခဲ့ တယ်ဆိုတာကိုတော့ ခိုက်တယ်

Unknown said...

အင်း ဖတ်ပြီး တော်တော်လေးကို တွေးသွားတယ်
တွေးစရာလေးတခုရသွားတယ်
အထပ်ထပ်ဖတ်တယ်
ပြန်ပြောပြဖို့ တော့ နည်းနည်းခက်တယ်
ကိုယ်တိုင်ဆိုရင်လည်း တချို့ ကိစ္စတွေမှာ
ဒီလိုပဲ ဖြစ်လေမလား??????????