10 October 2008

တောင်ကြီး (၃)

အင်းထဲမဆင်းခင် ညောင်ရွှေက အန်တီချိုတို့ဆီအလည်သွားဖြစ်တယ်။ ကျိုင်းတုံမှာ မိသားစုတဝက်လောက်ရောက်နေကြတာလေ။ အမေရိကားက အမျိုးတွေလာပြီး အလှူလုပ်မှာမို့ တောင်ကြီးကို စျေးဝယ်ထွက်ကြတာ အိမ်လုံးကျွတ်။ တအိမ်လုံးကို ဘယ်သူမှမရှိတော့။ အညာက ဧည့်သည်တွေလာသွားတယ်ပြောပြီး နောက်တစ်အိမ်ပြောင်းကြပြန်ရော။ ပညာရေးမှူးအပျိုကြီးတွေ အိမ်ဆိုပဲ။ ကြွေမုန့်ကင်နေတာနဲ့ အတော်ပဲဖြစ်သွားတယ်။ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ ခရမ်းချဉ်သီးတွေကို ကြွေမုန့်နဲ့ တို့စား၊ အသားပက်လို့ ကွဲအက်နေတဲ့ ပါးနှစ်ဖက်နဲ့မို့ နင်တော့ အင်းသားဖြစ်နေပြီလို့စနေတဲ့ ဒေါ်လေးနီကို သတိရမိတယ်။ အင်းသူလေးတစ်ယောက်လောက် ကောက်ခဲ့ရအကောင်းသားနော်။


စီစဉ်ထားတဲ့ စက်လှေနဲ့ အင်းထဲကိုထွက်ခဲ့ကြတယ်။ သိပ်ကိုလှတဲ့ ကုန်းတွင်းကန်တစ်ခုပါပဲ။ တွင်းတောင်ကိုမရောက်ဖူးပေမယ့် အင်းလေးလှတယ်ဆိုတာ တကယ်ရောက်တော့ ပိုသေချာသွားပြီ။ ဇင်ယော်တွေအစာကျွေးရင်း ကိုယ်တိုင်လည်းခိုးစားနေမိတယ်။ လက်မြှောက်ပစ်ရတာ ကြာတော့ညောင်းတာကိုးဗျ။ လှေဦးမှာမတ်တပ်ရပ်ပြီး ကောင်းကင်ပြာနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့သေးတယ်။


ရောက်ပါပြီ ဖောင်တော်ဦးစေတီ။ ရွှေသင်္ကန်းတွေ အပြေးအလွှား လာရောင်းကြပြန်ရော။ အပေါ်က ဂေါပကဆီက ရွှေနဲ့ သူတို့ရွှေဘာကွာတယ်တော့မသိ။ ညီလေးအားပေးအုံးနော်ဆိုတဲ့ အသံတွေကြားမှာ တကယ်ကိုဘာလုပ်ရမှန်းမသိတော့။ သနားတဲ့စိတ်ရယ် အကျင့်မပါအောင်လုပ်ရမယ်ဆိုတဲ့ စိတ်တွေကြားမှာ ဒွိဟဖြစ်နေခဲ့တာပါ။

အရင်ကမျက်နှာတော် ဘယ်လိုရှိလေတယ် မသိရတော့အောင် ရွှေတုံးကြီးတွေဖြစ်နေတဲ့ ဘုရားငါးဆူကို ဖူးရပါတယ်။ မန္တလေးက ဘုရားကြီးလို မျက်နှာကို ရွှေချခြင်းကန့်သတ်ခဲ့ရင်ကောင်းမယ်လို့စဉ်းစားမိတယ်။ တန်ခိုးကြီးတဲ့ ဘုရားငါးဆူပါ။ ဘုရားလှည့်တဲ့အချိန်ရောက်လို့ ဘုရားငါးဆူလုံးများပင့်မိခဲ့ရင် တစ်ဆူက ရေထဲမှာ ပြုတ်ကျပြီး မူလကျောင်းဆောင်ပေါ်ပြန်ရောက်ရောက်နေတတ်တယ်တဲ့။ အကယ်၍ ဧည့်ဘုရားဖူးများ မူလကျောင်းဆောင်လာရောက်ဖူးမျှော်ရင် မဖူးရမရှိလေအောင် ပြန်လည်ကြွချီတာလို့ ဘုရားအံံံ့ချီးဖွယ်အဖြစ် ဒေသခံတွေက ပြောကြတယ်။



ဖောင်တော်ဦးပြီးတော့ ပေါ်တော်မူ ရန်အောင်မြင်ဘက်ကို လှည့်ဖြစ်တယ်။ တကယ့်ကိုပုဂံက ဘုရားတွေ အတိုင်းပဲ။ ဒီဘုရားရဲ့ထူးခြားချက်က နားတောင်းကအရှင်နဲ့။ နားတောင်းအစစ်ကို သိမ်းဆည်းထားတယ်လို့ပြောပါတယ်။ ပဲခူးငလျင်ဒဏ်ကြောင့် ကွယ်သွားရာကနေ အိပ်မက်ပေးပြီး ပြန်ပေါ်လာတယ်လို့ပြောပါတယ်။ ရေပေါ်စျေးကို မရောက်ဖြစ်ပင်မယ့် ဒီဘုရားဝန်းကျင်မှာ အသီးအနှံတွေလာရောင်းတဲ့ လှေတွေဝိုင်းနေတာမို့ ရေပေါ်စျေးလေးလိုပါပဲ။


ကျွန်းမြောတွေပေါ်က အသီးအနှံတွေစိုက်ထားတာ အောင်မြင်မယ်ထင်ပါတယ်။ အပြင်မှာမမြင်ဖူးတဲ့ လက်နဲ့မလှော်ခြေနဲ့လှော်တဲ့ အင်းသားတို့ရဲ့ရိုးရာကိုလည်း လေ့လာခဲ့မိပြန်တယ်။ ကျနော်သာဆို လှေပေါ်ကနေ အခေါက်တရာလောက်ပြုတ်ကျတောင် လှော်တတ်မယ်မထင်ဘူး။ အင်းလေးမှာရွာတဲ့ မိုးဆိုတဲ့ ဇာတ်ကားကိုပြန်လွမ်းနေမိလိုက်တာ ရေတွေစင်မှ သတိရမိတယ် မကြာခင်ညောင်ရွှေပြန်ရောက်တော့မယ်။

ညောင်ရွှေကနေ တောင်ကြီးကို ပြန်တက်တော့ နေခဲ့ချင်မိတယ်။ အင်းလေးက သိပ်ဆွဲဆောင်ထားတာပါလား။ နောက်တခေါက် နောက်တခေါက်နဲ့ အခေါက်ပေါင်းများစွာ လာလည်ချင်တဲ့အထိပါ။

တောင်ကြီးကိုရောက်တော့ မှောင်စပြုနေပြီ။ ဒီနေ့တော့ မောခမ်းကို မှီလိုက်တယ်။ လူ ၈ယောက်စားတာကို ၄၀၀၀ လောက်ပဲကျတာမို့ အားလုံးအံ့အားသင့်နေကြတာ။ လိုက်လာတဲ့ ဖေ့တပည့်ကျော်တွေက မုန့်ဟင်းခါ ၂ပိဿာလောက်ကို တစ်ထိုင်တည်းစားနိုင်ကြတာဆိုတော့ သူတို့ စားအားကိုစဉ်းစားကြည့်ပေါ့ဗျာ။

ဧည့်ဂေဟာပြန်ရောက်တော့ အခန်းရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ အမှောင်ထဲမှာမို့ မသဲကွဲဘူးဖြစ်နေတာ။ နောက်တော့ ကျနော့ဆီလျှောက်လာတယ်။ ကျနော့နာမည်ကိုခေါ်တော့ သေချာသွားပြီ ဒါကျနော့ ကလေးဘဝတုန်းက သူငယ်ချင်း စိုးမိုး။ ၆တန်းလောက်ကတည်းက ကွဲသွားကြတာ။ ပိန်သွားတယ်သူငယ်ချင်း။ ညောင်ရွှေမှာ အသံကြားလို့ တောင်ကြီးထိတက်လာတဲ့ သူငယ်ချင်း တသက်တာ ပြန်မတွေ့တော့ဘူးထင်ထားတာ တခေါက်တော့ တွေ့ဖြစ်ကြသေးတယ်ကွာ။

လူကြီးတွေပင်ပန်းလို့နားပြီဆိုတော့ ကျနော်နဲ့စိုးမိုးက ဆိုင်ကယ်တစ်စင်းနဲ့ မီးပုံပျံပွဲဆီကိုပါ။ ဘောလုံးကွင်းထဲမှာလွင့်လွင့်ကျယ်ကျယ် ပျော်ဖို့လည်း ကောင်းသလို စိုးထိတ်စရာလည်းကောင်းပါတယ်။ ညမီးကျည်တွေက မတော်ရင်အန္တရာယ်ဖြစ်စေနိုင်တယ်။ မီးလောင်သွားလေတဲ့ ညမီးကျည်ကြောင့် ဂျူးရဲ့ ညမီးကျည် ၀တ္ထုကို သတိရမိပြန်ရော။ အင်းတကယ်ငိုကြတာပါ။ အားထည့်ပြီးလုပ်ထားကြတာဆိုတော့လေ။ တကယ်အောင်မြင်သွားပြီဆိုရင်လည်း အရမ်းကို တက်ကြွပျော်ရွှင်စရာကောင်းပါတယ်။ အားလုံးစိတ်လွတ်ကိုယ််လွတ် ပျော်ကြရတာ။ နတ်သမီးကို ဘာဖြစ်မယ်မီးပုံးပျံဆိုလား အော်ကြသေးတယ်။ အိမ်ကမိုးမချုပ်စေနဲ့လို့မှာလိုက်တာမို့ ၁၂နာရီမထိုးခင်မှာ ပြန်ပို့ပေးကြတယ်။ တကယ်တန်းတော့ မပြန်ချင်သေးဘူး။ စိတ်ကူးကောင်းတဲ့လူတွေရဲ့ မိုးပေါ်ကျမှ နောက်ထပ်မီးပုံးလေးတွေ အောက်ကို ပွင့်ထွက်ကျလာတာမျိုးတွေ အထိ တီထွင်ဉာဏ်ကောင်းကြပါပေတယ်။ သူ့ထက်သူလူစွမ်းကောင်းတွေရဲ့ တစ်လုံးပြီးတစ်လုံးအတက်ကို ဖြစ်နိုင်ရင်မိုးလင်းပေါက် ကြည့်လိုက်ချင်တယ်။ ဒါပေမယ့် အချိန်တန်ရင် အိမ်ပြန်ရတယ်မဟုတ်လား။ ခရီးက ဆက်ရဦးမယ်လေနော့။

နောက်နေ့အထိ တောင်ကြီးစျေးက မဖွင့်သေးဘူး။ ရက်ရှည်ပိတ်ထားတာကိုး။ ဘေးနားပတ်ပတ်လည်က ဆိုင်တွေမှာပဲ လိုတာတွေဝယ်ပြီး တောင်ကြီးကို ခွာခဲ့တယ်။ သိပ်ကြိုက်တဲ့လိမ္မော်သီးကိုတော့ တစ်ခြင်းပါအောင်ဝယ်ခဲ့တယ်။ စျေးဝယ်တဲ့ခြင်းတောင်းသေးသေးလေး မဟုတ်ပါဘူး။ ခါးတဝက်လောက် ခြင်းတောင်းရယ်ပါ။


တောင်ကြီးကနေစျေးဝယ်ပြီး ပြန်ဆင်းသာဆင်းခဲ့ရတယ်။ စိတ်က မီးပုံပျံတွေကို မပြတ်သေးဘူး။ အောင်ပန်းစျေးနေ့ကြုံလို့ တခါတခေါက် ဝင်နွှဲဖြစ်သေးတယ်။ အသွားတုန်းက နှုတ်ဆက်ထားခဲ့တဲ့ ကလောကို ပြန်တောင်းပန်ရသေးတယ်။ နှစ်တွေကြာပေမယ့် မပျက်စီးသေးတဲ့ နှီးဘုရားရဲ့ အံ့သြဖွယ်ကိုလည်း ဖူးခဲ့ပါသေးတယ်။ နောက်တော့ မြင်းမထိဂူ။ သာသနာပြုနေတဲ့ ဘကြီးကို တွေ့ရတာ ကျက်သရေရှိလိုက်တာ။ အေးချမ်းနေတဲ့ သူ့မျက်နှာရိပ်က သိပ်နှစ်လိုဖွယ်ကောင်းတာပါပဲ။ ဓါတ်မီးလေး ထိုးရင်းအသေအချာလိုက်ရှင်းပြနေလေရဲ့။ အကြိုက်ဆုံးနေရာကတော့ မောင်းတွေ တီးလို့ရတဲ့ ကျောက်ခက်ဆွဲတွေလေ။ သူ့ဟာနဲ့သူကို ဟုတ်လို့။ အသံစုံသားဗျ။ သဘာဝတရားပဲလား ဆန်းကြယ်သားနော်။ သေချာလိုက်ပြပေးတဲ့ အဘကို အမေက ငွေကန်တော့ ရင်း တစ်မိသားစုလုံး ဝိုင်းကန်တော့ကြတော့ ပေးလိုက်တဲ့ဆုတွေ မနည်းမနော။ နေ့လည်စာထမင်းကိုတော့ ကလောက သုမောင်ထမင်းဆိုင်မှာပါ။

ကလောကပြန်လာအပြီးမှာတော့ တလမ်းလုံး မလှုပ်နိုင်ကြတော့။ ညစာထမင်းစားအပြီးမှာ ကားအပြင်းမောင်းရင်း ပြန်လာကြတယ်။ အိမ်ပြန်ရောက်တော့ ည ၁၂နာရီထိုးနေခဲ့ပြီ။ ဖေက မနက်ဆိုရုံးပြန်တက်ရမယ်။ သားအမိနှစ်ယောက်တော့ လိမ္မော်သီးဝေခြမ်းရေးလုပ်တုန်း။ တွက်ရေးက စက်သူဌေး တွက်ကြည့်တော့ စက်မရှိဆိုသလို အိမ််အတွက်သိပ်မကျန်တော့ဘူးလေ။

လူကသာအိမ်ရောက်နေတာ တစ်အိမ်လုံးက နောက်တစ်လလောက်ထိ တောင်ကြီးမှာ ကျန်နေတုန်း။ တောင်ကြီးကဘယ်လို ကလောက ဘယ်ပုံ ပင်းတယက ဘယ်သို့ဆိုပြီးလေ……

တောင်ကြီး ပထမခရီးစဉ် အပြီး….

9 comments:

Phyo Evergreen said...

လာလည်ဖတ်ရှုသွားပါတယ်ဗျာ..။ တော်တော်လေးပြည့်
ပြည့်စုံစုံရေးထားတဲ့အပြင်..ရသစုံပေးနိုင်တဲ့ ပို့စ်ပါ...။
အားပေးနေပါတယ်ဗျာ...။ ရှမ်းပြည်ကိုထပ်လွမ်းသွားပြန်ပြီ..။

May Moe said...

တောင်ကြီး အကြောင်းသေသေချာချာ ဖတ်သွားပါတယ် ။ ရောက်ဘူးပေမဲ့ မမှတ်မိတော့ဘူး ငယ်သေးလို့ :D

ဇင်ယော် said...

ကိုရွာသား ခရီးသွားနေသည် တောင်ကြီးခရီးစဉ်လေး ကောင်းလိုက်တာဗျာ။ ဒီလို ပို့ စ်လေးတွေ မျှော်နေမယ်ဗျို.။

RePublic said...

ကိုရွှာသားလေး ရဲ့ တောင်ကြီး ပို့စ်တွေ ကိုတစ်ဝ ကြီးထိုင်ဖတ်သွားတယ်ဗျာ ၊၊ တော်တော် စုံအောင် ပြန်ရေးပြနိုင်တာပဲဗျာ ၊၊ အရောက်အပေါက်နည်းတဲ့ ကျနော့်အတွက် အားလုံးဗဟုသုတရစရာပါဗျာ ၊၊

ခင်မင်တဲ့
ကိုကြီးဝီ

ဂျူနို said...

ကောင်းလိုက်တာ။ ဘုရားလည်းဖူးလိုက်ရတယ်။ မြန်မာပြည် ပြန်ရောက်ရင်သွားလည်အုန်းမယ်။
vcd ထုတ်ရင်ရပြီ။ ရွာသားခရီးသွားနေသည်ပေါ့။

ပန်းချစ်သူ said...

အင်းလေးကို .. ကိုယ်တိုင်ရောက်သွားသလိုမျိုး ခံစားရအောင် ရေးသွားနိုင်ပါတယ်..။ အသွားချင်ဆုံးနေရာ တစ်ခုဖြစ်ပြီး မရောက်ဖြစ်ခဲ့ သော ဒေသလေးပါ..။ မြန်မာပြည်ပြန်ရင်တော့ သွားဖြစ်အောင် သွားလိုက်ပါအုံးမယ် ကိုရွာသားလေး ရေ. ...။

Phyo Evergreen said...

ဒီပို့စ်အတွဲကို ခဏခဏလာဖတ်တယ်.. လွမ်းထှာ။

Unknown said...

ခရီးစဉ်လေးက ရက်တိုသလိုပေမယ့် တိုတိုလေးကို စုံတာပဲ ပြန်လည်ခံစားတင်ပြတာလေးက ကောင်းလွန်းလို့  ကိုယ်တိုင်လိုက်ပါသွားတာ မောသွားတယ် (အပြင်မှာ တကယ်ရောက်ဖူးချင်တယ်) ဘုရားပုံလေး ၂ ပုံရယ် အင်းလေးထဲက ပုံလေး၂ ပုံရယ် ယူသွားတယ်နော့

ကောင်းကင်ပြာ said...

လှေဦးမှာ ကောင်းကင်ပြာနဲ့ တွဲရိုက်ထားတဲ့ ပုံလေး ပြစမ်းပါ၊ တို့လဲ ရိုက်ထားဒယ်